Use of Automated External Defibrillator (AED) (အလိုအလျောက်နှလုံးနှိုးဆွစက် အသုံးပြုပုံ)

Use of Automated External Defibrillator (AED) (အလိုအလျောက်နှလုံးနှိုးဆွစက် အသုံးပြုပုံ)

အလိုအလျောက်နှလုံးနှိုးဆွစက် (Automated External Defibrillator/AED) ဆိုသည်မှာ အကြောင်းရင်းခံတစ်ခုခုကြောင့် ရုတ်တရက် နှလုံးခုန်ရပ်သွားခြင်း (Sudden cardiac arrest) ဖြစ်ပေါ်သူတွင် နှလုံးခုန်စည်းချက် မူမမှန်ခြင်း ရှိမရှိကို စစ်ဆေးပေး၍ လျှပ်စစ်လှိုင်း (Electric shock) ဖြင့် နှလုံးခုန်စည်းချက်ကို ပုံမှန်ပြန်ဖြစ်စေရန် အသုံးပြုသော ‌အရေးပေါ်အသက်ကယ်ခြင်းဆိုင်ရာ အီလက်ထရွန်းနစ် စက်ကိရိယာတစ်မျိုးဖြစ်သည်။

AED ကို နေရာမ‌ရွေး အလွယ်တကူသယ်ယူသွားနိုင်စေရန် သေးငယ်ပေါ့ပါးသည့် စက်ပုံစံများဖြင့် ထုတ်လုပ်ထားသည်။ လူတိုင်းအသုံးပြုနိုင်သောအလိုအလျောက်နှလုံးနှိုးဆွစက် (Public assess AED) နှင့် ကျွမ်းကျင်သူများသာ အသုံးပြုသည့် အလိုအလျောက်နှလုံးနှိုးဆွစက် (Professional use AED) ဟူ၍ အမျိုးအစားများရှိသည်။ လူတိုင်းအသုံးပြုနိုင်သောအလိုအလျောက်နှလုံးနှိုးဆွ စက်များကို အများပြည်သူနှင့် သက်ဆိုင်သောနေရာများ (ဥပမာ _ အစိုးရရုံးများ၊ ကျောင်းများ၊ လေဆိပ်များ၊ ဘူတာရုံများ) တွင် ထားရှိလေ့ရှိကြသည်။

AED စက်များသည် ဆေးရုံများ၌ အသုံးပြုသော နှလုံးနှိုးဆွစက် (Specialized Manual External Defibrillator/ MED) များနှင့် လုပ်ဆောင်ရည်အနည်းငယ် ကွာခြားသည်။ ဆေးရုံများတွင် အသုံးပြုသော နှလုံးနှိုးဆွစက်များသည် အများအားဖြင့် ပိုမိုကြီးမားလေးလံ၍ လုပ်ဆောင်ချက် (functions) များလည်း ပို၍ရှုပ်ထွေးသည်။

Use of automated external defibrillator image
ပြုလုပ်ရန်လိုအပ်သော အခြေအနေများ

ရုတ်တရက် သတိလစ်လဲကျပြီး နှလုံးခုန်ရပ်သွားသောလူနာများ (Sudden cardiac arrest) တွင် (CPR) ရင်ဘတ်ဖိနှိပ်နှလုံးနှိုးဆွခြင်းနှင့်တွဲ၍ AED စက်ကို အသုံးပြုနိုင်သည်။ နှလုံးခုန်စည်းချက် ပုံမမှန်သောအခြေအနေများ (Ventricular tachycardia, Ventricular arrhythmia) ရှိပါက AED စက်မှထုတ်သော လျှပ်စစ်လှိုင်းဖြင့် နှလုံးခုန်စည်းချက်ကို ပုံမှန်ပြန်ဖြစ်စေနိုင်သည်။

ကြိုတင်သိရှိထားရမည့်အချက်များ
  1. လူနာနှင့် ကယ်ဆယ်သူအားလုံးဘေးကင်းစေရန် ဆောင်ရွက်ခြင်း
    • လူနာနှင့် ကယ်ဆယ်သူအားလုံးဘေးကင်းသော နေရာတွင် ရှိရမည်၊ ဥပမာ – လမ်းမအလယ်တွင် သတိလစ်နေသူကို လမ်းဘေးပလက်ဖောင်းပေါ်သို့ အရင်ရွှေ့ပါ
    • AED သည် လျှပ်စစ်စက်ဖြစ်သောကြောင့် လူနာပတ်ဝန်းကျင်တွင် ရေ၊ စိုထိုင်းမှု မရှိစေရန် သတိပြုပါ
    • လူနာ၏ခန္ဓာကိုယ် ရေစို၊ ချွေးစိုနေပါက ခြောက်သွေ့အောင်သုတ်ပေးပါ
  2. ရင်ခေါင်းဖိနှိပ်နှလုံးနှိုးဆွခြင်း (CPR) စတင်ခြင်း
    • အရေးကြီးသတိပြုရန်မှာ လူတစ်ဦး ရုတ်တရက်နှလုံးခုန်ရပ်သွားပါက မည်သည့်အကြောင်းရင်းကြောင့် ဖြစ်သည်ဖြစ်စေ တွေ့ရှိသည်နှင့် ပထမဆုံးပြုလုပ်ရမည်မှာ ရင်ခေါင်းဖိနှိပ်နှလုံးနှိုးဆွခြင်း (စီ-ပီ-အာ CPR) ပင်ဖြစ်သည်
    • AED မရှိသောနေရာများတွင် CPR တစ်မျိုးတည်းသာလျှင် အဓိကအရေးပေါ်အသက်ကယ် နည်းဖြစ်သည်။ CPR ကို လူတစ်ဦးတည်းမှ လုပ်ဆောင်နိုင်သကဲ့သို့ လူနှစ်ယောက်တွဲ၍လည်း လုပ်ဆောင်နိုင်သည်
    • နှလုံးခုန်ရပ်တန့်သည်နှင့် အောက်ဆီဂျင်ပါဝင်သောသွေးကို ဦးနှောက်နှင့် အခြားအရေးကြီးအင်္ဂါများသို့ ပို့ဆောင်နိုင်ခြင်းမရှိတော့ပေ၊ ဦးနှောက်သို့ သွေးပို့ခြင်းပြတ်တောက်မှု မိနစ်ပိုင်းမျှကြာလျှင်ပင် ဦးနှောက်သေဆုံးသွားနိုင်သည်၊ CPR ပြုလုပ်ပေးခြင်းဖြင့် ဦးနှောက်သို့သွေးပို့ခြင်းကို ပြတ်တောက်မသွားစေရန် ကူညီပေးနိုင်သည်
    • CPR ပြုလုပ်ရန် တစ်မိနစ်နောက်ကျလျှင် လူနာအသက်ရှင်နိုင်မှု (၁၀%) လျော့နည်းနိုင်သည်၊ CPR အချိန်မီပြုလုပ်ခြင်းဖြင့် လူနာ၏အသက်ရှင်နိုင်စွမ်းကို နှစ်ဆမှ သုံးဆအထိ တိုးတက်စေနိုင်သည့် အကျိုးကျေးဇူးရှိသည်
  3. AED နှင့် CPR ကို တွဲဖက်အသုံးပြုခြင်း
    • CPR နှင့် AED ကို တွဲဖက်အသုံးပြုပါက အသက်ကယ်ရာတွင် အကောင်းဆုံးရလဒ်ရရှိမည်
    • AED ကို အသုံးပြုခြင်းဖြင့် အသက်ရှင်နှုန်း (၅၀ မှ ၇၀) ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်သည်
  4. AED ကပ်ခွာ (Pad) ကပ်ခြင်း
    • လူနာ၏ ရင်ဘတ်တွင် Pacemaker (နှလုံးခုန်စက်) တပ်ဆင်ထားသည့် ဖောင်းနေသောနေရာရှိပါက AED ကပ်ခွာ (Pad) ကို ထိုနေရာနှင့် တိုက်ရိုက်မထိမိစေရန် ဂရုပြုပါ
    • လူနာတွင် ဆေးကပ်ခွာ (ဥပမာ – အကိုက်အခဲပျောက်ဆေး Patch) ရှိပါက ထိုကပ်ခွာကိုဖယ်၍ အရေပြားကို ခြောက်သွေ့အောင်လုပ်ပြီးမှ AED Pad ကပ်ပါ
AED စက်အသုံးပြု၍ ကုသပုံအဆင့်ဆင့်

AED စက်အမျိုးအစားများစွာရှိသော်လည်း အခြေခံအသုံးပြုပုံနည်းလမ်းများ တူညီသည်။ AED စက်တိုင်းတွင် အသုံးပြုပုံအဆင့်ဆင့်အတွက် လမ်းညွှန်ချက်များ (Instructions) ပါဝင်လေ့ရှိသည်။ စက်အသုံးပြုပုံကို ကြိုတင်လေ့လာ လေ့ကျင့်ထားသည့် အတွေ့အကြုံရှိပါက အကောင်းဆုံးဖြစ်သော်လည်း အတွေ့အကြုံမရှိသူများလည်း လမ်းညွှန်ချက်များအတိုင်း လိုက်နာလုပ်‌ဆောင်နိုင်သည်။ လူတစ်ဦးတည်း လုပ်ဆောင်သည်ထက်စာလျှင် အနည်းဆုံး လူနှစ်ဦးရှိလျှင် ပိုမိုအဆင်ပြေ လျင်မြန်နိုင်သည်။

အဆင့်များ
  1. လူနာ၏အခြေအနေကို စစ်ဆေးပါ
    • လူနာသည် ရုတ်တရက် သတိလစ်လဲကျပြီး နှလုံးခုန်ရပ်သွားကြောင်း သေချာပါက အကူအညီခေါ်ပါ
    • အရေးပေါ်အသက်ကယ်ရန် တစ်ဦးမှ CPR စတင်လုပ်ဆောင်ပါ
    • နောက်တစ်ဦးသည် အနီးအနားတွင် AED စက်ရှိပါက ယူဆောင်လာပါ
  2. AED စက် ရောက်ရှိလာပါက ဖွင့်ပြီး စက်၏အသံညွှန်ကြားချက်များကို နားထောင်၍ လိုက်နာဆောင်ရွက်ပါ
  3. AED ကို တပ်ဆင်ရန် CPR ကို ခေတ္တရပ်ပါ
  4. လူနာ၏ အဝတ်အစားများကို အထူးသဖြင့် ရင်ဘတ်ကို ဖုံးအုပ်ထားသော အဝတ်အစားအားလုံးကို ဖယ်ရှားပါ၊ လိုအပ်ပါက ရင်ဘတ်ကို ခြောက်အောင်သုတ်ပါ
  5. ကပ်ခွာ (Pads) များကို လူနာရင်ဘတ်ပေါ်တွင် နေရာမှန်ကန်စွာ ကပ်ပါ
    • ပထမ Pad တစ်ခုကို ရင်ဘတ်၏ ညာဘက်အပေါ်ပိုင်းတွင် ကပ်ပါ
    • ဒုတိယ Pad ကို ရင်ဘတ်၏ ဘယ်ဘက်အောက်ပိုင်း၊ ချိုင်းအောက်မှ လက်မအနည်းငယ်အကွာတွင် ကပ်ပါ
    • ရင်ဘတ်အရွယ်အစားသေးငယ်၍ (ကလေးတွင်) Pad များ အချင်းချင်းထိနေပါက Pad တစ်ခုကို ရင်ဘတ်အလယ်တွင် ကပ်ပြီး၊ ကျန်တစ်ခုကို ကျောဘက် လက်ပြင်ရိုးနှစ်ခုကြားတွင် ကပ်ပါ
    • AED စက်များတွင် Pad ကပ်ရမည့်နေရာကို ပုံဖြင့်ပြသထားလေ့ရှိသည်
  6. Pad များမှ ကြိုးကို AED စက်သို့ ချိတ်ဆက်ပါ
  7. ထို့နောက် AED စက်မှ နှလုံးခုန်စည်းချက်ကို စတင်အကဲဖြတ်မည်ဖြစ်မည်၊ ထိုအချိန်တွင် လူနာကို မည်သူမျှ မထိမိစေရန် သေချာအောင် “နောက်ဆုတ်နေပါ” ဟု အသံကျယ်ကျယ်ဖြင့် ပြောပါ
  8. AED စက်မှ Shock ပေးရန် လိုအပ်သည်ဟု ယူဆပါက “Shock” ဟု အသံနှင့် စာတန်း ထွက်ပေါ်လာမည်ဖြစ်သည်၊ ထိုအချိန်တွင် “Shock” ခလုတ်ကို နှိပ်ပြီး Shock ပေးပါ
  9. AED စက်မှ Shock ပေးပြီးနောက် သို့မဟုတ် Shock ပေးရန်မလိုဟု ဆုံးဖြတ်ပါက CPR ဆက်လုပ်ရန် လိုအပ်ကြောင်း “Continue CPR” ဟု ပေါ်လာမည်၊ ထိုအခါ CPR ကို ပြန်လည်စတင်လုပ်ဆောင်ပါ
    • AED စက်မှ နှလုံးခုန်စည်းချက်အားစစ်ဆေးရန် သတိပေးချက် မပြောမချင်း CPR ပြုလုပ်ခြင်းကို ရပ်တန့်ခြင်း မပြုလုပ်ရ
    • CPR ပြုလုပ်၍ နှစ်မိနစ်ပြည့်ပြီးတိုင်း AED စက်မှ နှလုံးခုန်စည်းချက်ကို ပြန်လည်စစ်ဆေးမည်ဖြစ်သည်
နောက်ဆက်တွဲပြဿနာများ

AED စက်ကြောင့် ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများ ရှားပါးသည်။ ရုတ်တရက် နှလုံးခုန်ရပ်သွားသော လူနာတိုင်းတွင် အသုံးပြုနိုင်သော်လည်း လူနာတိုင်းတွင် Shock ပေးရန် မလိုအပ်သည်လည်း ရှိနိုင်သည်။ အသက်တစ်နှစ်အောက်ကလေးများတွင်မူ AED စက်ကို အသုံးမပြုသင့်ကြောင်း အကြံပြုထားသည်။

လိုက်နာဆောင်ရွက်သင့်သည့်အချက်များ

AED စက်သည် အရေးပေါ်အသက်ကယ်ခြင်းအတွက် အရေးပါသော စက်ကိရိယာဖြစ်သည့်အပြင် ဆေးဘက်ဆိုင်ရာပညာရှင်များသာမက အခြားသာမန်လူများပါ အလွယ်တကူအသုံးပြုနိုင်အောင် ထုတ်လုပ်ထားသောကြောင့် အများပြည်သူနှင့် သက်ဆိုင်သောနေရာများ (ဥပမာ _ အစိုးရရုံးများ၊ ကျောင်းများ၊ မီးသတ်ဌာနများ၊ ဆေးခန်းများ၊ လူနာတင်ယာဥ်များ၊ စျေးဝယ်စင်တာများ၊ အားကစားစင်တာများ၊ ဟိုတယ်များ၊ လေယာဥ်ကွင်းများနှင့် လေယာဥ်များစသည့်နေရာများ) တွင် တွင်ကျယ်စွာ ထားရှိသင့်သည်။ နှလုံးခုန်ရပ်ဖူးသော ရာဇဝင်ရှိသော သို့မဟုတ် ဖြစ်နိုင်ခြေရှိသော လူနာများ၏ အိမ်တွင်လည်း အရေးပေါ်အခြေအနေအတွက် ဆောင်ထားနိုင်သည်။ အရေးပေါ်အသက်ကယ်နည်း သင်တန်းများ တက်ရောက်၍ AED စက်အသုံးပြုပုံကို သင်ကြားလေ့ကျင့်ထားသင့်သည်။

References:

  1. American Heart Association. (2020). What is an automated external defibrillator (AED)? Retrieved April 4, 2026, from https://www.heart.org/-/media/files/health-topics/answers-by-heart/what-is-an-aed.pdf
  2. Food and Drug Administration. (n.d.). Automated external defibrillators (AEDs). Retrieved April 4, 2026, from https://www.fda.gov/medical-devices/cardiovascular-devices/automated-external-defibrillators-aeds#what
  3. Mayo Clinic. (2025). Automated external defibrillators: How to use an AED. Retrieved April 4, 2026, from https://www.mayoclinic.org/diseases-conditions/heart-arrhythmia/in-depth/automated-external-defibrillators/art-20043909
  4. American Red Cross. (n.d.). AED steps. Retrieved April 4, 2026, from https://www.redcross.org/take-a-class/aed/using-an-aed/aed-steps

Published: 23 April 2025

Last updated: 2 May 2026

Share

26 April 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.