Fasting Before Surgery (ခွဲစိတ်မှုမပြုလုပ်မီ အစာနှင့်အရည် ကြိုတင်ရှောင်ခြင်း)

Fasting Before Surgery (ခွဲစိတ်မှုမပြုလုပ်မီ အစာနှင့်အရည် ကြိုတင်ရှောင်ခြင်း)

ခွဲစိတ်မှုမပြုလုပ်မီ အစာနှင့်အရည် ကြိုတင်ရှောင်ခြင်း (Fasting before surgery) ဆိုသည်မှာ ကြိုတင်စီစဥ်ထားသော ခွဲစိတ်ကုသမှု လိုအပ်သည့် လူနာများတွင် ခွဲစိတ်မှုမပြုလုပ်မီ အချိန်အတိုင်းအတာတစ်ခုအတွင်း အစာနှင့်အရည်များကို မစားမသောက်ဘဲ နေရခြင်းဖြစ်သည်။

ခွဲစိတ်မှုမပြုလုပ်မီ အစာ၊ အရည်ရှောင်ရန် လိုအပ်သောအခြေအနေများ
  1. မေ့ဆေးဖြင့်ပြုလုပ်သော ခွဲစိတ်ကုခြင်းများ
  2. ထုံဆေးဖြင့်ပြုလုပ်သော ခွဲစိတ်ကုခြင်းများတွင် အိပ်ဆေး၊ မှိန်းဆေး တွဲဖက်အသုံးပြုရန် လိုအပ်သည့် အခြေအနေများ
  3. ထုံဆေးဖြင့် ခွဲစိတ်ကုခြင်းမှ မေ့ဆေးသို့ ပြောင်းလဲအသုံးပြုရနိုင်သော ခွဲစိတ်ကုနည်းလမ်းများ
  4. အစာအိမ်အူလမ်းကြောင်း မှန်ပြောင်းကြည့်စစ်ဆေးခြင်းနှင့် အသားစနမူနာယူခြင်း
ခွဲစိတ်မှုမပြုလုပ်မီ အစာနှင့် အရည်ရှောင်ရန် လိုအပ်သောအကြောင်းရင်း

မေ့ဆေး၊ အိပ်ဆေးပေးချိန်တွင် အောက်ပါအခြေအနေများ ဖြစ်ပေါ်နိုင်သည်။

  • သိစိတ်နှင့်သတိ လျော့ကျခြင်း
  • အစာရေမျိုပြွန်နှင့်အစာအိမ်ကြား ကြွက်သားများ ပြေလျော့ခြင်းကြောင့် အစာနှင့်အရည်များ အပေါ်ပြန်တက်ကာ အသက်ရှူလမ်းကြောင်းနှင့် အဆုတ်အတွင်းသို့ ဝင်ရောက်နိုင်ခြင်း
  • ကာကွယ်မှုဆိုင်ရာ တုံ့ပြန်မှုများ (Protective reflexes) ပျောက်ဆုံးခြင်း
  • ချောင်းဆိုးခြင်း၊ မျိုချခြင်းစွမ်းရည်များ လျော့နည်းခြင်း
  • အလိုအလျောက် အသက်ရှူရပ်ခြင်းနှင့် လေပြွန်ကြွက်သားများ ကျုံ့ခြင်း

အထက်ပါအကြောင်းအရင်းများကြောင့် အစာအိမ်ထဲတွင် အစာ၊ အရည်များရှိပါက အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်းနှင့် အဆုတ်ရောင်ခြင်းများ ဖြစ်နိုင်ပြီး အသက်သေဆုံးသည်အထိ အန္တရာယ်ရှိသည်။

ကြိုတင်သိရှိထားရမည့်အချက်များ

ခွဲစိတ်မှုမပြုလုပ်မီ မေ့ဆေးဆရာဝန် သို့မဟုတ် ခွဲစိတ်ဆရာဝန်မှ ညွှန်ကြားသည့် အစာနှင့်အရည်ရှောင်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များကို အတိအကျလိုက်နာရန် လိုအပ်သည်။

  • အစာ (အစိုင်အခဲ) _ ခွဲစိတ်မှုမပြုလုပ်မီ (၆) နာရီအလိုမှစ၍ ရှောင်ရမည် (ဥပမာ _ အသား၊ ထမင်း၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ)
  • နို့ သို့မဟုတ် နို့ထွက်ပစ္စည်း _ ခွဲစိတ်မှုမပြုလုပ်မီ (၆) နာရီအလိုမှစ၍ ရှောင်ရမည်
  • သစ်သီးဖျော်ရည်များ၊ နို့ပါဝင်သော အချိုရည်များနှင့် ကာဗွန်ထည့်သွင်းထားသော ဖျော်ရည်များ (Carbonated juice) _ ခွဲစိတ်မှုမပြုလုပ်မီ (၆) နာရီအလိုမှစ၍ ရှောင်ရမည်
  • ကြည်လင်သောအရည်များ _ ရေ၊ ဂလူးကို့စ်ဖျော်ရည်၊ နို့မပါသော လက်ဖက်ရည်၊ ကော်ဖီ၊ အဖတ်အနှစ်မပါသော ဖျော်ရည်အမျိုးမျိုးကို ခွဲစိတ်မှုမတိုင်မီ (၂) နာရီ ကြိုတင်ရှောင်ရန်လိုသည်၊ ကလေးများအတွက် အစာ၊ အရည်ရှောင်ရန် အချိန်သည် အသက်အရွယ်အလိုက် ကွဲပြားနိုင်သဖြင့် မေ့ဆေးဆရာဝန် သို့မဟုတ် ခွဲစိတ်ဆရာဝန်နှင့် တိုင်ပင်ပါ
အရေးကြီးသောအချက်များ
  • လူနာတွင် ဆီးချိုရောဂါ၊ အခြားသော ကျန်းမာရေးပြဿနာများ သို့မဟုတ် ပုံမှန်ဆေးဝါးများ သောက်သုံးနေရပါက ခွဲစိတ်ဆရာဝန်ကို အသိပေးပါ
  • ခွဲစိတ်မှုမပြုလုပ်မီ အစာ၊ အရည်ရှောင်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များကို သေချာစွာမေးမြန်း၍ တိကျစွာလိုက်နာပါ
  • အကယ်၍ အစာစားမိခြင်း၊ အရည်သောက်မိခြင်းရှိပါက ဆရာဝန်အား ချက်ချင်းအသိပေးပါ
အရေးပေါ်ခွဲစိတ်ကုသမှု လိုအပ်သောအ‌ခြေအနေများ

အချို့သော အခြေအနေများ (ဥပမာ _ ထိခိုက်ဒဏ်ရာရရှိခြင်း၊ အပြင်းအထန်ဗိုက်အောင့်ခြင်း၊ အူလမ်းကြောင်းပိတ်သဖြင့် ဝမ်းမသွားဘဲ ဝမ်းဗိုက်ဖောင်းကားလာခြင်း) တွင် အရေးပေါ်ခွဲစိတ်ကုသမှု လိုအပ်နိုင်သည်။ အထက်ပါအ‌ခြေအနေများတွင် ဆေးရုံသို့မရောက်မီ အစာနှင့် အရည်ရှောင်ထားပါက အရေးပေါ်ခွဲစိတ်ကုသရန် စောင့်ဆိုင်းရသောအချိန် တိုတောင်းပြီး မေ့ဆေး၊ ထုံဆေးပေးခြင်းကြောင့် ဖြစ်နိုင်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို လျှော့ချနိုင်သည်။

အစာနှင့်အရည်ရှောင်ရသော အချိန်ကို စောင့်၍မရနိုင်ဘဲ ချက်ချင်းခွဲစိတ်ရန် လိုအပ်သော အရေးပေါ်ခွဲစိတ်ကုသခြင်းများအတွက် သက်ဆိုင်ရာခွဲစိတ်ကုဆရာဝန်နှင့် မေ့ဆေးဆရာဝန်မှ အသင့်တော်ဆုံးဖြစ်သော ခွဲစိတ်ကုနည်းလမ်း၊ မေ့ဆေး၊ ထုံဆေးနည်းလမ်းနှင့် ဆေးဝါးများကို ရွေးချယ်အသုံးပြုမည်။ သို့ရာတွင် မေ့ဆေး၊ ထုံဆေးပေးခြင်းကြောင့် ဖြစ်နိုင်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို ခံစားရနိုင်သေးကြောင်း သိရှိထားရမည်။

ခွဲစိတ်မှုမပြုလုပ်မီ အစာ၊ အရည်ရှောင်ခြင်း လုပ်ငန်းစဥ်အဆင့်ဆင့်
  1. မခွဲစိတ်မီ တိုင်ပင်ဆွေးနွေးခြင်းနှင့် လမ်းညွှန်ချက်ပေးခြင်း
    • ခွဲစိတ်ဆရာဝန်နှင့် မေ့ဆေးဆရာဝန်မှ ခွဲစိတ်ကုသမည့်နည်းလမ်းနှင့် အသုံးပြုမည့် မေ့ဆေး၊ ထုံဆေး နည်းလမ်းပေါ်မူတည်၍ လိုအပ်သော အစာရှောင်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များပေးခြင်း
      (ဥပမာ _ အစာအစိုင်အခဲ၊ နို့နှင့်နို့ထွက်ပစ္စည်း၊ အရည်ကြည်တို့ကို မခွဲစိတ်မီ နောက်ဆုံးထား စားသောက်ရမည့် အချိန်သတ်မှတ်ပေးခြင်း)
    • ဆီးချိုရောဂါ ဝေဒနာရှင်များ၊ အဝလွန်သူများနှင့် ကလေးငယ်များအတွက် သီးခြားသင့်လျော်သော အစာရှောင်ခြင်း နည်းလမ်းများကို အသုံးပြုရသည်
  2. သောက်သုံးနေသည့် ဆေးများစိစစ်ခြင်း
    • ဆီးချိုရောဂါကုသဆေးအချို့၊ သွေးမခဲဆေးများနှင့် သွေးကျဲဆေးများကို ခွဲစိတ်မှုနှင့် အစာရှောင်ခြင်း မပြုလုပ်မီ ခေတ္တရပ်နားပြီး အခြားသင့်တော်သော ဆေးဝါးများဖြင့် ယာယီ ရောဂါထိန်းထားမည်ဖြစ်သည်၊ (ဥပမာ _ ဆီးချိုသောက်ဆေးအစား အင်ဆူလင်ထိုးဆေးဖြင့် ပြောင်းလဲခြင်း)
    • အတက်ရောဂါကုသဆေး (Anti-epileptic drugs) များ သောက်သုံးနေပါက ခွဲစိတ်ဆရာဝန်နှင့် မေ့ဆေးဆရာဝန်မှ ဆေးနောက်ဆုံး‌သောက်ရမည့်အချိန်ကို ညွှန်ကြားခြင်း၊ ထိုးဆေးဖြင့်အစားထိုးခြင်းနှင့် သင့်တော်သော မေ့ဆေးဆေးဝါးများ အသုံးပြုခြင်းတို့ကို ပြုလုပ်မည်
  3. ခွဲစိတ်မည့်နေ့တွင် ပြုလုပ်ရမည့် အချက်များ
    • သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများမှ နောက်ဆုံးအစာ သို့မဟုတ် အရည် စားသောက်ခဲ့သည့်အချိန်နှင့် သောက်သုံးထားသည့် ဆေးများကို ထပ်မံအတည်ပြုမေးမြန်းသည့်အခါ ခွဲစိတ်မှု အန္တရာယ်ကင်းစွာဖြင့် အဆင်ပြေချောမွေ့စွာပြီးစီးရန် အရေးကြီးသဖြင့် ရိုးသားမှန်ကန်စွာဖြေရန် လိုအပ်သည်
  4. ခွဲစိတ်ပြီး လုပ်ဆောင်ရမည့်အချက်များ
    • ယေဘုယျအားဖြင့် ခွဲစိတ်ကုသမှုပြုလုပ်ပြီး မေ့ဆေး၊ ထုံဆေးပြယ်၍ ကောင်းမွန်စွာနိုးလာသော အချိန်တွင် အရည်ကြည်၊ အစာပျော့၊ အစာအစိုင်အခဲများကို သတ်မှတ်ချိန်အတိုင်း အဆင့်ဆင့် ပြန်လည်စားသောက်နိုင်သည်
    • အချို့သော ခွဲစိတ်မှုများ (ဥပမာ _ အစာအိမ်၊ အူလမ်းကြောင်းဆိုင်ရာ ခွဲစိတ်ကုသမှုများ၊ ခွဲစိတ်ပြီးနောက် အချိန်အတိုင်းအတာတစ်ခုအထိ သွေးထွက်များနိုင်သော ခွဲစိတ်မှုများ)တွင် အချိန်အတိုင်းအတာတစ်ခုအထိ အစာ၊ အရည်ရှောင်ရန် လိုအပ်ကြောင်း ညွှန်ကြားနိုင်သည်
    • အချိန်ရှည်ကြာစွာ အစာရှောင်ရန် လိုအပ်ပါက သက်ဆိုင်ရာဆရာဝန်မှ လူနာအား လိုအပ်သော အာဟာရဓာတ် ဆေးရည်များကို သွေးကြောမှတစ်ဆင့် သွင်းပေးထားမည်ဖြစ်သည်
    • ခေတ္တရပ်နားထားသော ဆေးများအား ပြန်လည်သောက်သုံးရမည့်အချိန်ကို လူနာအခြေအနေပေါ်မူတည်၍ သက်ဆိုင်ရာ ဆရာဝန်၊ သူနာပြုမှ ညွှန်ကြားမည်ဖြစ်သည်
နောက်ဆက်တွဲပြဿနာများ

အ‌စာ၊ အရည်ရှောင်ခြင်းကြောင့် သွေးတွင်းသကြားဓာတ်၊ ရေဓာတ်ကျဆင်းပြီး မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်လှုပ်ရှားခြင်း၊ စိတ်ဖိစီးခြင်းနှင့် ရင်တုန်ခြင်းများဖြစ်ပေါ်တတ်သည်။ အထက်ပါဝေဒနာများ ခံစားရပါက သက်ဆိုင်ရာဆရာဝန်၊ သူနာပြုဆရာမများကို အမြန်ဆုံးအသိပေးရမည်။

References:

  1. Northern Lincolnshire and Goole NHS Foundation Trust. (n.d.). Adult fasting guidelines – When and what you are allowed to eat and drink before your operation. Retrieved April 26, 2026, from https://www.nlg.nhs.uk/resources/adult-fasting-guidelines-when-and-what-you-are-allowed-to-eat-and-drink-before-your-operation/
  2. Practice Plus Group. (n.d.). Medication review: Can I take medication before surgery? Retrieved April 26, 2026, from https://practiceplusgroup.com/knowledge-hub/medication-before-surgery/
  3. New Victoria Hospital. (n.d.). To drink or not to drink before surgery? Retrieved April 26, 2026, from https://www.newvictoria.co.uk/about-us/news-and-articles/drink-or-not-drink-surgery
  4. UCLA Health. (n.d.). When to stop eating and drinking. Retrieved April 26, 2026, from https://www.uclahealth.org/medical-services/anesthesiology/patient-resources/when-stop-eating-and-drinking

Published: 11 April 2025

Last updated: 8 May 2026

Share

26 April 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.