Tooth extraction (သွားနှုတ်ကုသခြင်း)

Tooth extraction (သွားနှုတ်ကုသခြင်း)

လူတိုင်းနီးပါး အကြောင်းရင်းအမျိုးမျိုးကြောင့် သွားနှုတ်ခံရဖူးသော အတွေ့အကြုံရှိတတ်ကြသည်။ ကလေး၊ လူကြီး၊ ကျား၊ မ မရွေး သွားနှုတ်ခံရနိုင်သည်။ သွားနှုတ်ကုသရခြင်းသည် သွားပိုးစားခြင်းနှင့် အံဆုံးသွားများကြောင့် အဖြစ်အများဆုံးဖြစ်ပြီး အခြားအကြောင်းရင်းများစွာလည်းရှိသည်။

သွားနှုတ်ကုသခြင်းကို သွားဘက်ဆိုင်ရာဆရာဝန်များမှ ပြုလုပ်ပေးလေ့ရှိပြီး သွားနှုတ်ရသည့် အကြောင်းရင်း၊ သွား၏တည်နေရာအနေအထားနှင့် လူနာ၏ရောဂါအကြောင်းရင်းခံပေါ် မူတည်၍ ထုံဆေး သို့မဟုတ် မေ့ဆေးဖြင့် သွားနှုတ်ပေးလေ့ရှိသည်။ သွားကို အလွယ်တကူ နှုတ်၍ရသော အခြေအနေများ ရှိသကဲ့သို့ တစ်ခါတစ်ရံ သွားဖုံးကို အနည်းငယ်ခွဲစိတ်ပြီးမှ သွားကိုဖယ်ရှားရသည့် အခြေအနေများ (ဥပမာ – အံဆုံးနှုတ်ခြင်း) လည်းရှိသည်။

Tooth extraction image
သွားနှုတ်ကုသမှု လိုအပ်သော ရောဂါအခြေအနေများ

သွားနှုတ်ခြင်း (Tooth Extraction) သည် နောက်ဆုံးအနေဖြင့် ရွေးချယ်ရသော ကုသမှုနည်းလမ်းဖြစ်ပြီး၊ သွားနှင့်ခံတွင်းဆရာဝန်များသည် အခြားကုသနည်းများ (ဥပမာ – သွားဖာခြင်း၊ သွားစွပ်တပ်ခြင်း၊ သွားအမြစ်ကုထုံး) ဖြင့် မထိန်းသိမ်းနိုင်တော့သည့် အခြေအနေများကြုံတွေ့ရမှသာ သွားနှုတ်ရန် အကြံပြုလေ့ရှိသည်။ သွားတစ်ချောင်းနှုတ်လျှင် ဘေးတစ်ဖက်တစ်ချက်စီတွင်ရှိသော အခြားသွားများသည်လည်း စောင်းလာခြင်း၊ ယိုင်လာခြင်းနှင့် မေးရိုးအရိုးများ နိမ့်ဆင်းလာခြင်းတို့ ဖြစ်နိုင်သောကြောင့် သတိပြုသင့်သည့် အခြေအနေဖြစ်သည်။

သွားနှုတ်ရန်လိုအပ်သော အခြေအနေများမှာ_

  1. သွားဖွဲ့စည်းပုံ ပျက်စီးခြင်းနှင့် ရောဂါများ (Structural Damage & Decay)
    • ပြင်းထန်သော သွားပိုးစားခြင်း (Severe Dental Caries) – သွားအခြေခံဖွဲ့စည်းပုံ ပျက်စီးပြီး ပြန်လည်ပြုပြင်မရတော့သော အခြေအနေ
    • သွားတွင်း အခေါင်းပေါက်ကြီးများ (Deep Cavities) – သွားကို ထိန်းသိမ်းကုသရန် မဖြစ်နိုင်တော့ခြင်း
    • ပြင်းထန်သော သွားကိုက်နာခြင်း (Severe Toothache) – အာရုံကြောပျက်စီးမှုကြောင့် နာကျင်မှုကို မထိန်းနိုင်ခြင်း
    • သွားကျိုးခြင်း၊ သွားပဲ့ခြင်း (Tooth Fracture) – သွားအမြစ်အထိ ပျက်စီးသွားခြင်း သို့မဟုတ် ဒေါင်လိုက်ကျိုးသွားခြင်း (Vertical Root Fracture) ကြောင့် ပြုပြင်မရတော့သော အခြေအနေ
    • သွားဖုံးပြည်တည်နာ (Dental Abscess) – ဘက်တီးရီးယားကူးစက်မှု ပြင်းထန်ပြီး သွားဖုံးနှင့် အရိုးတစ်ရှူးများ ပျက်စီးခြင်း
  2. သွားဖုံးနှင့်မေးရိုးဆိုင်ရာ ပြဿနာများ (Periodontal & Bone Issues)
    • သွားဖုံးရောဂါ (Gum Disease) – သွားဖုံးနှင့် အရိုးများ ပျက်စီးခြင်း၊ သွားအမြစ်ပွင့်ခြင်းနှင့် သွားများ လျော့ရဲလာခြင်း
    • အံဆုံးသွား ပုံမမှန်ပေါက်ခြင်း (Impacted Wisdom Teeth) – သွားဖုံးအတွင်း မြုပ်နေသော အံဆုံးများကြောင့် နာကျင်မှုဖြစ်ခြင်း၊ ပိုးဝင်ခြင်း သို့မဟုတ် ဘေးသွားများကို ဖိမိ၍ သွားမြစ်စားခြင်း
    • မျက်နှာနှင့် မေးရိုးကို ထိခိုက်မိခြင်း (Maxillofacial Injury) – မတော်တဆမှုများကြောင့် သွားနှင့် မေးရိုးအရိုးများ ပြင်းထန်စွာ ကျိုးပဲ့ခြင်း
  3. သွားစီတန်းမှုနှင့် အလှအပဆိုင်ရာ (Orthodontics & Space Issues)
    • ထပ်နေသော သို့မဟုတ် ပုံမမှန်သွားများ (Overcrowded/Misaligned Teeth) – အခြားသွားများ၏ ကြီးထွားမှုကို အနှောင့်အယှက်ဖြစ်စေခြင်း
    • သွားညှိကုသမှုအတွက် နေရာဖော်ခြင်း (Space Creation) – Braces သို့မဟုတ် Invisalign ကဲ့သို့ သွားညှိကုသမှုများ ပြုလုပ်ရာတွင် သွားများ ညီညာစွာ ပြန်စီနိုင်ရန် နေရာလွတ်လိုအပ်သော အခြေအနေ
    • သွားအပိုများ ရှိနေခြင်း (Supernumerary Teeth) – ပုံမှန်ရှိရမည့် သွားအရေအတွက်ထက် ပိုနေပြီး အခြားသွားများ ပေါက်မည့်နေရာကို ပိတ်ဆို့နေခြင်း
  4. အခြားကျန်းမာရေးဆိုင်ရာ အကြောင်းရင်းများ (Medical Necessity)
    • ကိုယ်ခံအားစနစ် အားနည်းသောလူနာများ – ကိုယ်အင်္ဂါ အစားထိုးကုသမှု (Organ Transplant) သို့မဟုတ် ကင်ဆာဆေးသွင်းကုသမှု (Chemotherapy) မခံယူမီ ပိုးဝင်နိုင်ခြေရှိသော သွားများကို ကြိုတင်ဖယ်ရှားခြင်း
    • ဓာတ်ရောင်ခြည် ကုသမှုခံယူမည့်သူများ – ဦးခေါင်းနှင့် လည်ပင်းပိုင်းကို ဓာတ်ရောင်ခြည်ပြ ကုသမည်ဆိုပါက ပြဿနာရှိသော သွားများကို ကြိုတင်နှုတ်ပစ်ရန် လိုအပ်ခြင်း
အကျိုးကျေးဇူးများ

သွားနှုတ်ခြင်း (Tooth Extraction) သည် လိုအပ်သောအခြေအနေများတွင် ပြုလုပ်ပါက အောက်ပါအကျိုးကျေးဇူးများ ရရှိနိုင်သည်။

  1. သွားများ ညီညာစွာ စီတန်းနိုင်ရန် နေရာဖော်ပေးခြင်း
    • ထပ်နေသောသွားများ (Overcrowded Teeth) နှင့် ပုံမမှန်ပေါက်သော အံဆုံးသွားများ (Impacted Wisdom Teeth) ကို ဖယ်ရှားခြင်းဖြင့် အခြားသွားများ ပုံမှန်ကြီးထွားရန် အဆင်ပြေစေသည်
    • သွားညှိကုသမှု (Orthodontic Treatment) အတွက် လိုအပ်ပါက နေရာလွတ်ရရှိစေသည်
  2. ခံတွင်းအတွင်း ဘက်တီးရီးယားပိုးမွှားများ ကူးစက်မှု လျော့ကျစေခြင်း
    • ပြင်းထန်စွာ ပိုးစားနေသောသွား (Severely Decayed Teeth) များကို ဖယ်ရှားခြင်းဖြင့် ဘက်တီးရီးယားများ ပျံ့နှံ့မှုကို တားဆီးနိုင်ပြီး ကျန်သွားများကို ကာကွယ်ပေးသည်
  3. သွားဖုံးရောဂါနှင့် ရောင်ရမ်းမှုများ သက်သာစေခြင်း
    • သွားဖုံးပြည်တည်နာ (Dental Abscess) နှင့် သွားဖုံးရောဂါ (Gum Disease) ကြောင့် ဖြစ်သော နာကျင်မှုနှင့် ရောင်ရမ်းခြင်းကို လျှော့ချပေးနိုင်သည်
  4. နာကျင်မှုနှင့် စိတ်အနှောင့်အယှက်ဖြစ်မှုများ ပျောက်ကင်းစေခြင်း
    • ပျက်စီးနေသောသွား (Damaged Teeth) ကြောင့် ဖြစ်ပေါ်နေသော နာကျင်ကိုက်ခဲမှုများကို အပြီးတိုင် သက်သာစေသည်
    • ပုံမမှန်ပေါက်သော အံဆုံးသွားများကြောင့် မေးရိုးနာခြင်း၊ ခေါင်းကိုက်ခြင်းများကို ကာကွယ်ပေးနိုင်သည်
ကြိုတင်သိရှိထားရမည့်အချက်များ

သွားနှုတ်ကုသမှုမခံယူမီ သိထားရမည့် အရေးကြီးသောအချက်များမှာ_

  1. ကုသမှုမတိုင်မီ ပြုလုပ်ရမည့်အဆင့်များ
    • သွားဆရာဝန်မှ သင့်သွားနှင့် သွားဖုံးအခြေအနေကို အသေးစိတ်စစ်ဆေးမည်
    • နှုတ်ရန်လိုအပ်သော သွားများအတွက် ဓာတ်မှန်ရိုက်ပြီး သွားအနေအထား၊ ပျက်စီးမှုအခြေအနေကို အကဲဖြတ်မည်
    • ထို့နောက် သွားနှုတ်ရန် သင့်မသင့် ဆရာဝန်မှ အကြံပြုမည်
  2. ကုသမှုနည်းလမ်းများနှင့် ဆောင်ရန်၊ ရှောင်ရန်များ
    • သွားနှုတ်ရာတွင် အသုံးပြုမည့် ထုံဆေး သို့မဟုတ် မေ့ဆေးဆိုင်ရာ ကုသမှုနည်းလမ်းများနှင့် ဆောင်ရန်၊ ရှောင်ရန်များကို ဆရာဝန်မှ ရှင်းလင်းပြောပြမည်
    • လူနာမှ သဘောတူပါက သွားနှုတ်ရန် ရက်ချိန်းပေးမည်
  3. ဆရာဝန်အား အသိပေးရမည့်အချက်များ
    သွားမနှုတ်မီ သင့်တွင် အောက်ပါအခြေအနေများ ရှိပါက ဆရာဝန်အား ကြိုတင်အသိပေးရန် အရေးကြီးသည်။
    • ရောဂါအခံများ
      • မွေးရာပါနှလုံးရောဂါ
      • နှလုံးအဆို့ရှင်ရောဂါများ
      • နှလုံးတွင်းပိုးဝင်ရောင်ရမ်းဖူးခြင်း
      • သွေးတိုးရောဂါ
      • ဆီးချိုရောဂါ
      • အသည်းရောဂါ
      • နာတာရှည်ကျောက်ကပ်ရောဂါ
      • သိုင်းရွိုက်ဟော်မုန်း မညီမျှခြင်း (နည်းခြင်း၊ ဖျားခြင်း)
      • ကိုယ်ခံအားစနစ် အားနည်းခြင်း
    • ခွဲစိတ်ကုသမှု ခံယူထားသူများ
      • သတ္တုနှင့်ပြုလုပ်ထားသော အစားထိုးကိရိယာများ တပ်ဆင်ထားသူများ (ဥပမာ – နှလုံးအဆို့ရှင်၊ အဆစ်အစားထိုးကုသမှု)
    • လက်ရှိသောက်သုံးနေသော ဆေးဝါးများ
      • သွေးကျဲဆေးများ (ဥပမာ – Aspirin, Warfarin)
      • စတီးရွိုက်ဆေးများ
      • အခြားနာတာရှည်ဆေးဝါးများ
  4. အခြားသိသင့်သောအချက်များ
    • ဆရာဝန်မှ သင့်ရောဂါအခံပေါ်မူတည်၍ ဘေးကင်းစေမည့် ထုံဆေး သို့မဟုတ် မေ့ဆေး ရွေးချယ်အသုံးပြုမည်
    • တစ်ခါတစ်ရံ ပဋိဇီဝပိုးသတ်ဆေး (Antibiotics) ကို သွားမနှုတ်မီ ကြိုတင်သောက်ရန် လိုအပ်နိုင်သည်
    • ဆီးချိုရောဂါရှိသူများအနေဖြင့် သွားမနှုတ်မီ သွေးသကြားဓာတ်ထိန်းညှိထားရန်အရေးကြီးသည်

ဤအချက်များကို ကြိုတင်သိရှိထားခြင်းဖြင့် သွားနှုတ်ကုသမှုအား အန္တရာယ်ကင်းစွာ ခံယူနိုင်မည်ဖြစ်သည်။

ကုသပုံအဆင့်ဆင့်
သွားနှုတ်မည့်နေ့
  • သွားနှုတ်မည့်နေ့တွင် မေ့ဆေးဖြင့်နှုတ်ရန် လိုပါက လူနာသည် သွားမနှုတ်မီ (၆) နာရီကြိုတင်၍ အစာနှင့်ရေ ဖြတ်ထားရန် လိုအပ်သည်
  • ထုံဆေးဖြင့်သာ နှုတ်မည်ဆိုပါက သွားဆေးခန်း၌သာ ပြုလုပ်နိုင်ပြီး မေ့ဆေးလိုအပ်ပါက ခွဲစိတ်ခန်းတွင် ပြုလုပ်ရနိုင်သည်
  • လူနာအနေဖြင့် လေဝင်လေထွက်ကောင်းသော ပွပွချောင်ချောင် အဝတ်အစားများကို ဝတ်ဆင်လာပါ
  • သွားမနှုတ်မီ ဆေးလိပ်သောက်လာခြင်းကို ရှောင်ပါ
  • တုပ်ကွေးမိသည့် လက္ခဏာများရှိပါက သွားနှုတ်မည့်ရက်ကို ရွှေ့ဆိုင်းပါ
  • သွားမနှုတ်မီညတွင် ပျို့ခြင်း၊ အန်ခြင်းများရှိပါက ဆရာဝန်အား ကြိုတင်အသိပေးပါ
  • မေ့ဆေးဖြင့် သွားနှုတ်ရမည်ဆိုပါက အဖော်တစ်ဦးခေါ်လာပါ
သွားနှုတ်ခြင်းအဆင့်ဆင့်
  • ရှေးဦးစွာ ဆရာဝန်မှ သွားနှုတ်မည့်နေရာတစ်ဝိုက်တွင် ထုံ‌ဆေးကို ဖျန်းဆေး သို့မဟုတ် သွားဖုံးတွင် ထိုးဆေးအဖြစ် စတင်ပေးမည်
  • ထုံဆေးအာနိသင် ရလာပါက ဆရာဝန်မှ သွားကို elevator ဟုခေါ်‌သော အထူးသွားနှုတ်ကိရိယာဖြင့် သွားကို သွားအံကပ် (Socket) အတွင်းမှ ဆွဲမ၍ နှုတ်ပေးမည်
  • အံဆုံးကဲ့သို့ ကြီးမားသောသွားများ နှုတ်ရာတွင်မူ တစ်ခါတစ်ရံ သွားဖုံးနှင့် အောက်ခြေအရိုးကို ခွဲစိတ်ဓားအသုံးပြုကာ အနည်းငယ်ခွဲစိတ်ချဲ့ထွင်ပြီးမှ နှုတ်ရသည်လည်းရှိသည်
  • နာကျင်မှုကို ခံနိုင်ရည်နည်းသူများ သို့မဟုတ် အသက်ကြီးသူများအတွက် ထုံဆေးအပြင် အိပ်ဆေး (sedation) ကိုပါ တွဲဖက်အသုံးပြုနိုင်သလို၊ 3D Imaging (CBCT) သုံးဖက်မြင်ဓာတ်မှန်များအသုံးပြု၍ အာရုံကြောတည်နေရာကို တိကျစွာစစ်ဆေးနှုတ်ယူခြင်း ပြုလုပ်နိုင်သည်
  • အရိုးမှုန့်ဖြည့်ခြင်း (Socket Preservation) – သွားနှုတ်ပြီးနောက် မေးရိုးနိမ့်ဆင်းသွားခြင်းကို ကာကွယ်ရန် ထိုနေရာ၌ အရိုးမှုန့် (Bone Graft) ထည့်သွင်းခြင်းကို ဤအဆင့်တွင် တစ်ပါတည်း ပြုလုပ်နိုင်သည်
သွားနှုတ်ပြီးနောက်
  • သွားနှုတ်ပြီးနောက် ကျန်ခဲ့သော သွားဖုံးအပေါက်နေရာတွင် ပိုးသတ်ထားသောဂွမ်းစကို ဆရာဝန်မှ နေရာချထားပေးမည်
  • ထိုဂွမ်းစကို (၄၅)မိနစ် မှ တစ်နာရီခန့် ဖိကိုက်ထားရန်လိုသည်၊ သို့မှသာ ထိုနေရာလွတ်တွင် သွေးတိတ်ရန် သွေးခဲဖြစ်ပေါ်လာမည်
  • သွားဖုံးမှ သွေးတိတ်သွားပါက ဂွမ်းစကိုဖယ်ရှားနိုင်သည်၊ (၂၄) နာရီအတွင်းတွင် သွေးစအနည်းငယ်စိမ့်၍ ထွက်နိုင်သော်လည်း စိုးရိမ်ရန်မလိုပါ
  • ရေခဲကို မျက်နှာသုတ်ပဝါနှင့်ထုပ်၍ သွားနှုတ်သည့်ဘက်ရှိ ပါးကို ကပ်ပေးနိုင်သည်၊ တစ်ကြိမ်ကပ်လျှင် ဆယ်မိနစ်ခန့် ကပ်ပေးပါ၊ (၂၄) နာရီအတွင်း အကြိမ်များစွာ ကပ်ပေးနိုင်သည်
  • ထုံ‌ဆေးအာနိသင်ပြယ်၍ နာလာချိန်တွင် ဆရာဝန်မှ ညွှန်ကြားထားသည့် အကိုက်အခဲပျောက်ဆေးများကို သောက်ပေးပါ (ဥပမာ – ပါရာစီတမော၊ အိုင်ဗျူပရိုဖဲင်စသည်)
  • ပိုးဝင်ရောင်ရမ်းခြင်းများ လျှော့ချနိုင်ရန် ပဋိဇီဝပိုးသတ်ဆေးများကိုလည်း ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်ပါ
  • အနာကျက်မြန်စေခြင်း – လူနာ၏သွေးမှ ထုတ်ယူထားသော PRF (Platelet-rich fibrin) ကို သွားနှုတ်သည့်နေရာ၌ ထည့်သွင်းပေးထားပါက အနာကျက်နှုန်း သိသိသာသာ မြန်ဆန်လာမည်ဖြစ်ပြီး အံကပ်ခြောက်ခြင်း (Dry Socket) ဖြစ်နိုင်ခြေကို များစွာလျှော့ချပေးနိုင်သည်
နောက်ဆက်တွဲပြဿနာများ

သွားနှုတ်ပြီးနောက် နောက်ဆက်တွဲပြဿနာ အနည်းငယ်ရှိနိုင်သည်။ အသုံးပြုသော မေ့ဆေး၊ ထုံဆေးတို့၏ ဘေးထွက်ဆိုးကျိုးများကိုလည်း ခံစားရနိုင်သည့်အပြင် အခြားပြဿနာများမှာ_

  • နှုတ်သည့်နေရာတွင် သက်သောင့်သက်သာမဖြစ်ဘဲ ထုံနေခြင်း၊ နာကျင်ခြင်း
  • သွားနှင့်သွားဖုံးတစ်ဝိုက် သွေးခြည်ဥခြင်း၊ ရောင်ရမ်းခြင်း
  • သွားနှုတ်သည့်နေရာမှ သွေးများပြန်ထွက်နိုင်ခြင်း
  • သွားနှုတ်ကိရိယာများကြောင့် ဘေးဘယ်ညာရှိ အခြားသွားများပါ အနည်းငယ်ထိခိုက်နိုင်ခြင်း၊ ကျိုးနိုင်ခြင်း
  • ပိုးဝင်နိုင်ခြင်း
  • အာရုံကြောထိခိုက်နိုင်ခြင်း
  • အနာကျက်နှေးခြင်း
  • အံကပ်ခြောက်ခြင်း (Dry socket)
    • ပုံမှန်အားဖြင့် သွားနှုတ်သည့်နေရာတွင် ယာယီသွေးခဲဖြစ်ပေါ်လာပြီး ထိုသွေးခဲသည် အောက်ခြေမှ အရိုးနှင့်အာရုံကြောများကို ကာကွယ်ပေးကာ အနာကျက်ခြင်းကို အားပေးသည်
    • အံကပ်ခြောက်ခြင်းဆိုသည်မှာ ထိုသို့သွားနှုတ်လိုက်သည့် နေရာလွတ်တွင် သွေးခဲ ကောင်းစွာမဖြစ်ခြင်း၊ ဖြစ်ပြီးသားသွေးခဲ ပြန်ပြုတ်ထွက်သွားခြင်းတို့ကြောင့် အရိုးနှင့် အာရုံကြောများ အစာနှင့်တိုက်ရိုက်ထိတွေ့ပြီး သွားဖုံးနေရာအပြင် မေးရိုး၊ နားရွက်နေရာများအထိ အလွန်နာကျင်ခြင်း၊ အနာမကျက်ခြင်း၊ ခံတွင်းနံ့ နံခြင်း၊ ‌ငွေ့ငွေ့ဖျားခြင်းနှင့် အရသာဆိုးများခံစားရခြင်းဖြစ်သည်
လိုက်နာဆောင်ရွက်ရမည့်အချက်များ
သွားနှုတ်ပြီး (၂၄) နာရီအတွင်း
  • အနားယူရန်လိုသည်
  • ပါးစပ်တွင်း တံတွေးများ စုပုံလာပါက အသာအယာထွေးထုတ်ပေးပါ၊ ရေဖြင့်ပလုတ်ကျင်း၍ ထွေးထုတ်ခြင်း မပြုရ
  • ဆန်ပြုတ်၊ ဒိန်ချဥ်၊ ပူတင်းကဲ့သို့ အစာပျော့ပျော့များသာ စားပါ၊ အရည်ကို ခွက်ဖြင့်သာ သောက်ပေးပါ
  • ခေါင်းအုံးမြင့်မြင့် အုံးပေးပါ
  • နာကျင်မှုနှင့် ရောင်ရမ်းမှုများ သက်သာစေရန် အကိုက်အခဲပျောက်ဆေးများ လိုအပ်သလို သောက်ပေးပါ
  • ရှောင်ကြဥ်ရန်
    • ကိုက်ထားသောဂွမ်းကို နေရာရွေ့ကိုက်ခြင်း၊ ဝါးခြင်း၊ မကြာခဏလဲခြင်း၊ ရေခဲငုံခြင်းနှင့် ကြပ်ထုပ်ထိုးခြင်း
    • သွားနှုတ်ထားသောနေရာကို လျှာဖြင့်ထိုးကြည့်ခြင်း၊ လက်ဖြင့်နှိုက်ခြင်းနှင့် တံတွေး မကြာခဏထွေးခြင်း
    • အလေးအပင်များ မခြင်း၊ ပြင်းထန်သော လေ့ကျင့်ခန်းများလုပ်ခြင်း
    • အရည်များသောက်သည့်အချိန်တွင် ပိုက်ဖြင့် စုပ်သောက်ခြင်း
    • ပူလွန်းသော အစားအသောက်များ စားသောက်ခြင်း
    • အရည်များသောက်သည့်အချိန်တွင် ပိုက် (Straw) ဖြင့် စုပ်သောက်ခြင်း – စုပ်အားကြောင့် သွေးခဲပြုတ်ထွက်ပြီး Dry Socket ဖြစ်စေနိုင်သည်
    • အရက်သောက်ခြင်း၊ ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်း
    • သွားနှုတ်ထားသည့်နေရာကို သွားပွတ်တံဖြင့် တိုက်ခြင်းတို့ကို ရှောင်ကြဥ်ပါ၊ ကျန်သွားများကို ပုံမှန်အတိုင်း သွားတိုက်ခြင်း၊ သွားပွတ်ကြိုးသုံးပေးခြင်းတို့ ပြုလုပ်နိုင်သည် (နောက်ရက်တွင် ဆရာဝန်ညွှန်ကြားချက်အတိုင်း သွားပြန်တိုက်နိုင်သည်)
    • နှာချေခြင်း – အပေါ်သွားနှုတ်ထားသူများအနေဖြင့် နှာချေလိုပါက ပါးစပ်ဟ၍ ချေပါ၊ နှာခေါင်းကို အတင်းပိတ်၍ ညှစ်ခြင်းမျိုး မပြုလုပ်ရပါ

သွားနှုတ်ပြီး ပုံမှန်မဟုတ်ဘဲ သွေးမတိတ်ခြင်း၊ အလွန်အမင်းနာကျင်ကိုက်ခဲခြင်းနှင့် ရောင်ရမ်းခြင်းစသည်တို့ ခံစားရပါက သွားနှင့်ခံတွင်းအထူးကုဆရာဝန်နှင့် ပြန်ပြရန် လိုအပ်သည်။

သွားနှုတ်ပြီး (၂၄)နာရီ ကျော်ပါက
  • ဆားရည် သို့မဟုတ် ခံတွင်းသန့်စင်ဆေးရည်ဖြင့် ပလုတ်ကျင်း၍ ညင်သာစွာ ပြန်ထွေးထုတ်နိုင်သည်
  • အစာပျော့ပျော့များကို ဆက်စားနိုင်သည်၊ မာ၍ကြွပ်ရွသော အစားအစာများကို ရှောင်ပါ
  • နောက်နှစ်ရက်ခန့်တွင် ပုံမှန်စားနေကျ အစားအသောက်များ ပြန်လည်စားနိုင်သည်
  • အံကပ်ခြောက်ခြင်း (Dry socket) ဖြစ်ခြင်း ရှိမရှိကို စောင့်ကြည့်ရန်လိုသည်
    • သွားနှုတ်ပြီး (၃)ရက် မှ (၅)ရက်အတွင်း အနာနေရာ၌ အလွန်အမင်း နာကျင်လာပါက ၎င်းသည် Dry Socket ဖြစ်နိုင်ခြေရှိသည်
သွားဆရာဝန်နှင့် ပြန်လည်ပြသရန်

သွားဆရာဝန်နှင့် ရက်ချိန်းအတိုင်း ပုံမှန်ပြန်ပြရန် အရေးကြီးသည်။ သွားနှုတ်သည့်နေရာတွင် သွားပြန်စိုက်ရန် လိုအပ်နိုင်သောကြောင့် ညွှန်ကြားချက်များကို စနစ်တကျလိုက်နာသင့်သည်။ အထူးသဖြင့် မေးရိုးအရိုးများ မဆုံးရှုံးစေရန်နှင့် အခြားသွားများ မရွေ့စေရန် သွားပြန်စိုက်မည့် (Dental Implant/Bridge) အစီအစဉ်ကို ဆရာဝန်နှင့် ဆွေးနွေးရမည်။

အောက်ပါ အရေးပေါ်လက္ခဏာများ (Red Flags) ရှိလာပါက ဆရာဝန်နှင့် ချက်ချင်းပြန်ပြပါ။

  • အဖျားတက်ခြင်း (၁၀၀.၄ ဒီဂရီဖာရင်ဟိုက်နှင့်အထက်) နှင့် ချမ်းတုန်ခြင်း
  • ဆေးသောက်သော်လည်း သက်သာခြင်းမရှိဘဲ ရက်အနည်းငယ်ကြာသည်အထိ သွားနှုတ်သည့်နေရာတစ်ဝိုက် ကိုက်ခဲနာကျင်နေခြင်း
  • သွေးများ ပြန်ထွက်ခြင်း သို့မဟုတ် ပြည်များထွက်ခြင်း
  • ပါးစပ်အတွင်းမှ အနံ့ဆိုးများ ထွက်လာခြင်း
  • အသက်ရှူရခက်ခဲခြင်း သို့မဟုတ် အစာမျိုရခက်ခဲခြင်း

References:

  1. American Association of Oral and Maxillofacial Surgeons. (2016). Management of third molar teeth. Retrieved June 24, 2026, from https://www.aaoms.org/docs/practice_resources/clinical_resources/white_papers/management_of_third_molar_teeth.pdf
  2. Cleveland Clinic. (n.d.). Tooth extraction. Retrieved June 24, 2026, from https://my.clevelandclinic.org/health/treatments/22120-tooth-extraction
  3. Greenstein, G., & Cavallaro, J. (2025). The twin-track approach for pain management after oral surgery: Paracetamol and ibuprofen synergy. International Journal of Oral & Maxillofacial Implants, 40(1), 12–19.
  4. MedlinePlus. (n.d.). Tooth extraction. Retrieved June 24, 2026, from https://medlineplus.gov/ency/article/007630.htm
  5. Miron, R. J., & Choukroun, J. (Eds.). (2024). Platelet-rich fibrin in regenerative dentistry: Biological background and clinical indications (2nd ed.). Wiley-Blackwell.
  6. National Health Service England. (2017). Patient information leaflet: Tooth extractions. Retrieved June 24, 2026, from https://www.england.nhs.uk/mids-east/wp-content/uploads/sites/7/2017/07/pt-info-leaflet-extractions.pdf
  7. Kumar, V., & Kumar, S. (Eds.). (2026). Socket preservation and bone grafting: A clinical update. Journal of Clinical and Experimental Dentistry, 18(2), e145–e152.
  8. WebMD. (n.d.). Tooth extraction. Retrieved June 24, 2026, from https://www.healthline.com/health/tooth-extraction

Published: 30 April 2025

Last updated: 1 May 2026

Share

26 April 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.