Joint Replacement Surgery (အဆစ်အစားထိုးခွဲစိတ်ကုသခြင်း)

Joint Replacement Surgery (အဆစ်အစားထိုးခွဲစိတ်ကုသခြင်း)

အဆစ်အစားထိုးခွဲစိတ်ကုသခြင်း (Joint repalcement surgery) ကို အဆစ်နာကျင်မှု သက်သာစေရန်နှင့် အဆစ်လှုပ်ရှားမှု ကောင်းမွန်စေရန် ပြုလုပ်သည်။ အဆစ်တစ်ခု၏ ပျက်စီးယိုယွင်းနေသော အရိုးနုများနှင့် အရိုးများကို ဖယ်ရှားကာ သတ္တုစပ်၊ ဖိအားဒဏ်ခံနိုင်သော ပလတ်စတစ် သို့မဟုတ် ကြွေသားဖြင့် ပြုလုပ်ထားသည့် အစားထိုးပစ္စည်းများဖြင့် ခွဲစိတ်ကုသခြင်းဖြစ်သည်။ တင်ပါးဆုံအဆစ်၊ ဒူးဆစ်၊ ပခုံးအဆစ်တို့တွင် အဆစ်အစားထိုးမှုကို အများဆုံးပြုလုပ်လေ့ရှိပြီး တံတောင်ဆစ်၊ လက်ကောက်ဝတ်အဆစ်၊ ခြေချင်းဝတ်အဆစ်တို့တွင်လည်း အဆစ်အစားထိုးခွဲစိတ်မှု ပြုလုပ်နိုင်သည်။ အဆစ်အစားထိုးခွဲစိတ်မှုတွင် အဆစ်တစ်ခုလုံး အစားထိုးခွဲစိတ်ခြင်းနှင့် အဆစ်၏ တစ်စိတ်တစ်ပိုင်း အစားထိုးခွဲစိတ်ခြင်းဟူ၍ နှစ်မျိုးရှိသည်။

Joint replacement surgery image
အဆစ်အစားထိုး ပြုလုပ်ရန်လိုအပ်သည့် ရောဂါနှင့်အခြေအနေများ

ဆေးဝါးဖြင့်ကုသသည့် နည်းလမ်း၊ ခန္ဓာကိုယ်ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများဖြင့် ကုသသည့် နည်းလမ်း၊ လူမှုဘဝ နေထိုင်မှုပုံစံပြောင်းလဲသည့် နည်းလမ်းများဖြင့် စနစ်တကျကုသသော်လည်း ပျောက်ကင်းသက်သာခြင်းမရှိဘဲ နာတာရှည်အဆစ်နာကျင်မှု ခံစားနေရခြင်း၊ လှုပ်ရှားသွားလာမှု ခက်ခဲနေခြင်းများ ဆက်လက်ဖြစ်ပေါ်နေပါက အဆစ်အစားထိုးခွဲစိတ်ကုသမှု ပြုလုပ်နိုင်သည်။ ဓာတ်မှန်တွင် အဆစ်အတွင်းရှိ အရိုးအချင်းချင်း ထိနေခြင်း၊ အရိုးများကြားရှိ ကြားခံကွက်လပ် ကျဉ်းမြောင်းနေခြင်း၊ အဆစ်ပုံသဏ္ဌာန် ပျက်ယွင်းနေခြင်းတို့တွင် အဆစ်အစားထိုးခွဲစိတ်မှု ပြုလုပ်ရန် လိုအပ်သည်။ အရိုးနုများ ပျက်စီးနေပြီး အရိုးအပိုများထွက်ခြင်း၊ အဆစ်အတွင်း အရိုးများအချင်းချင်း ပွတ်တိုက်နေခြင်းများ ဖြစ်နေသည့် အောက်ပါရောဂါများတွင် အဆစ်အစားထိုးကုသမှု ပြုနိုင်သည်။

  • အဆစ်ကျီးပေါင်းတက်ရောဂါ (Osteoarthritis)
  • ရူမတွိုက်အဆစ်ရောင်ရောဂါ (Rheumatoid arthritis)
  • ထိခိုက်ဒဏ်ရာရပြီးနောက် ဖြစ်သော အဆစ်ရောင်ရောဂါ (Post traumatic arthritis)
  • ပေါင်ထိပ်ရိုးခေါင်းသို့ လုံလောက်အောင် သွေးမရောက်သည့်ရောဂါ (Avascular necrosis of femoral head)
  • မွေးရာပါ တင်ပါးဆုံဆစ်ဖွံ့ဖြိုးမှု ပုံမှန်မဟုတ်သည့်ရောဂါ (Developmental dysplasia of hip)
  • သိသာထင်ရှားသည့် အဆစ်ပုံစံ ပျက်ယွင်းနေခြင်း (ဥပမာ _ ဒူးဆစ် အတွင်းခွင်ခြင်း၊ အပြင်ခွင်ခြင်း၊ ဒူးဆစ်အပြည့် ဆန့်မရခြင်း)
  • အဆစ်တွင်ဖြစ်သော အရိုးကင်ဆာရောဂါ (Malignant or Aggressive benign bone tumor )
  • အဆစ်လှုပ်ရှားမှု အပြည့်မရဘဲ အဆစ်တောင့်တင်းနေခြင်းတို့တွင် အဆစ်အစားထိုးခွဲစိတ်မှု လိုအပ်နိုင်သည်။
ကြိုတင်သိရှိထားရမည့်အချက်များ

မည်သည့်အချက်ကြောင့် အဆစ်အစားထိုးမှု ပြုလုပ်ရသည်ကို ရှင်းလင်းစွာသိရှိထားရန် လိုအပ်သည်။ အဆစ်အစားထိုးခြင်းကြောင့် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲဆိုးကျိုးများကို ကြိုတင်သိရှိရန် လိုအပ်သည်။ အစားထိုးထားသော အဆစ်သည် သဘာဝအဆစ်နှင့် အပြည့်အဝတူညီနိုင်မည် မဟုတ်ပေ။

အဆစ်အစားထိုးပစ္စည်းများကို တာရှည်ခံရန်၊ လူ့ကိုယ်ခန္ဓာနှင့် သဟဇာတဖြစ်စေရန် သတ္တုစပ်များ၊ ကြွေသားနှင့် ဖိအားဒဏ်ခံနိုင်သော ပလတ်စတစ်များဖြင့် ပြုလုပ်ထားသည်။ အဆစ်အစားထိုးပစ္စည်းများကို နိုင်ငံအမျိုးမျိုး၊ ကုမ္ပဏီအမျိုးမျိုးမှ ထုတ်လုပ်သည်။ မိမိနှင့်သင့်တော်သည့် ပစ္စည်းအကြောင်းကို သက်ဆိုင်ရာ ခွဲစိတ်ကုသမည့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးနိုင်သည်။ အဆစ်အစားထိုးပစ္စည်းများသည် နှစ်ပေါင်းများစွာအသုံးခံနိုင်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ အချို့လူနာများတွင် ပြန်လည်ခွဲစိတ်ရန် လိုအပ်နိုင်သည်။ အဆစ်အစားထိုးပစ္စည်းပေါ် သက်ရောက်သောဒဏ် နည်းပါးစေရန် မခွဲစိတ်မီအချိန်ကတည်းက ကိုယ်အလေးချိန်ကို ထိန်းသိမ်းသင့်သည်။

အဆစ်အစားထိုးခွဲစိတ်မှုသည် ပြင်ဆင်ချိန်မှ ပြီးဆုံးချိန်အထိ (၂-၃) နာရီခန့် ကြာနိုင်သည်။ ခွဲစိတ်ကုသမှု ခံယူအပြီး ဆေးရုံတွင် (၁-၃) ရက်ခန့် ဆေးရုံတက်ရနိုင်သည်။ သို့သော် အခြားကျန်းမာရေးပြဿနာများရှိလျှင် ဆေးရုံတက်ရက် ပိုကြာနိုင်သည်။ ခွဲစိတ်ကုသမှုအပြီး နာကျင်မှုသက်သာစေသော ဆေးဝါးများ၊ နည်းလမ်းများကို အသုံးပြုခြင်းဖြင့် လှုပ်ရှားသွားလာမှုကို ပိုမိုတိုးတက်စေသည်။ ခန္ဓာကိုယ်ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ရမည်။ ပုံမှန်လှုပ်ရှားသွားလာမှုနှင့် အရည်အသွေးပြည့်ဝသော လူမှုဘဝနေထိုင်မှု ရရှိရန် (၃) လခန့် ကြာမြင့်နိုင်သည်။

အဆစ်အစားထိုးကုသပုံအဆင့်ဆင့်

အစားထိုးမည့် အဆစ်အမျိုးအစားအလိုက် ခွဲစိတ်ကုသမှုနည်းလမ်း ကွာခြားနိုင်သည်။ ယေဘုယျအားဖြင့် ပျက်စီးယိုယွင်းနေသော အရိုးနုနှင့်အရိုးမာများကို ဖယ်ရှားပြီး အဆစ်အတုဖြင့် အစားထိုးခြင်းဖြစ်သည်။ တင်ပါးဆုံဆစ် အစားထိုးခွဲစိတ်မှုတွင် တင်ပါးဆုံခွက် (Acetabulum) အစားထိုးခြင်းနှင့် ပေါင်ရိုးထိပ် (Femoral head) အစားထိုးခြင်းတို့ပါဝင်သည်။ ဒူးဆစ်အစားထိုးခွဲစိတ်မှုတွင် ဒူးဆစ်အဖြစ် တည်ရှိနေသော ပေါင်ရိုးအောက်ဖက်စွန်း၊ ခြေသလုံးရိုးအပေါ်ဖက်စွန်းနှင့် ခုံညင်းရိုးတို့ရှိ ပျက်စီးနေသော အစိတ်အပိုင်းများကို ခွဲစိတ်ဖယ်ရှားပြီး အဆစ်အတုဖြင့် အစားထိုးခြင်းဖြစ်သည်။ ပခုံးအဆစ်အစားထိုးမှုတွင် လက်ပြင်ရိုးရှိ အချိုင့် (Glenoid cavity) နှင့် လက်မောင်းရိုးထိပ် (Humeral head) တို့ကို အဆစ်တုဖြင့် အစားထိုးခြင်းဖြစ်သည်။

မခွဲစိတ်မီ ကြိုတင်ပြင်ဆင်ခြင်း
  • အဆစ်အစားထိုးခွဲစိတ်ကုသမှု ခံယူရန် ဆုံးဖြတ်ပြီးပါက မခွဲစိတ်မီ အကောင်းဆုံးသော ကျန်းမာရေးအနေအထား ရရှိရန် အထွေထွေသမားတော်၊ နှလုံးအထူးကုသမားတော်များနှင့် တိုင်ပင်သင့်သည်၊ သက်ဆိုင်ရာဆရာဝန်မှ ရောဂါရာဇဝင်မေးခြင်း၊ စမ်းသပ်စစ်ဆေးခြင်း၊ လိုအပ်သော သွေးစစ်ဆေးခြင်း၊ အဆုတ်ဓာတ်မှန်ရိုက်ခြင်း၊ နှလုံးစစ်ဆေးခြင်းတို့ကို ကြိုတင်ပြုလုပ်ပြီး ကုသမှုပေးသည်
  • အစားထိုးခွဲစိတ်ကုသမှုပေးမည့် အရိုးခွဲစိတ်အထူးကုဆရာဝန်က ဓာတ်မှန်၊ ကွန်ပျူတာဓာတ်မှန် သို့မဟုတ် သံလိုက်ဓာတ်မှန်တို့ကို အသုံးပြုပြီး အဆစ်ပျက်စီးမှုအခြေအနေကို သုံးသပ်ခြင်းနှင့် အစားထိုးခွဲစိတ်ကုသမည့် ပစ္စည်း အရွယ်အစား၊ အနေအထားကို ကြိုတင်ခန့်မှန်းခြင်းတို့ ပြုလုပ်မည်
  • ခွဲစိတ်ကုသမှုခံယူမည့်သူအား ခွဲစိတ်ကုသမှုအကြောင်း၊ အကျိုးအပြစ်များ၊ ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းအစီအစဉ်များကို ရှင်းပြမည်
  • မေ့ဆေးဆရာဝန်အဖွဲ့မှ လူနာ၏ရောဂါအခြေအနေကို စစ်ဆေးသုံးသပ်ပြီး မေ့ဆေး သို့မဟုတ် ခါးရိုးထုံဆေး အသုံးပြုမည်ကို ရွေးချယ်မည်
  • လူနာကို ခွဲစိတ်ခံယူမည့်နေ့ သို့မဟုတ် တစ်ရက်ကြိုတင်၍ ဆေးရုံတက်ရောက်စေမည်ဖြစ်သည်
  • မခွဲစိတ်မီ ကြိုတင်၍ ပိုးသတ်ဆေးထိုးခြင်း၊ သွေးခဲခြင်းမှ ကာကွယ်နိုင်ရန် သွေးကျဲဆေးထိုးခြင်းတို့ဖြင့် လိုအပ်သလို ကုသမှုပေးထားမည်
အဆစ်အစားထိုးခွဲစိတ်ကုသခြင်း
  • အရေပြားကို ခွဲစိတ်သည့်လမ်းကြောင်းမှာ ခွဲစိတ်ကုသသည့်အဆစ်ပေါ် မူတည်၍ ကွဲပြားနိုင်သည်
  • ပျက်စီးနေသော အရိုးနှင့်အရိုးနုများကို ဖယ်ရှားမည်
  • အဆစ်အတွင်းရှိ အရိုးစွန်းများတွင် အစားထိုးပစ္စည်းနှင့် ကိုက်ညီမှုရှိစေရန် အရိုးကို ထွင်းခြင်း၊ လှီးဖြတ်ခြင်းတို့ကို ပြုလုပ်ရသည်
  • အစားထိုးအဆစ်အတုကို နေရာချထားမည်၊ အချို့ခွဲစိတ်မှုများတွင် အရိုးဆီးမန့်ကော် (Bone cement) ကို အသုံးပြုရန် လိုအပ်သည်
  • ခွဲစိတ်မှုပြီးသည်နှင့် အဆစ်၏ လှုပ်ရှားမှု၊ တည်ငြိမ်မှုနှင့် ခြေထောက် သို့မဟုတ် လက်၏ အနေအထားကို စမ်းသပ်မည်
  • ခွဲစိတ်ထားသည့်ဒဏ်ရာမှ သွေးမထွက်စေရန် လိုအပ်ပါက သွေးဆင်းပိုက် (Drainage tube) ကို အနာအတွင်း ထည့်ထားပေးမည်
  • ခွဲစိတ်ထားသည့်ဒဏ်ရာကို အလွှာလိုက် ပြန်ပိတ်သည်
ခွဲစိတ်မှုအပြီး ကုသမှုပေးခြင်း
  • ခွဲစိတ်ကုသမှုအပြီးတွင် ခွဲစိတ်ခန်းအတွင်းရှိ စောင့်ကြည့်လူနာခန်း၌ တစ်နာရီခန့်ထားပြီးနောက် အတွင်းလူနာအခန်းသို့ ပို့ဆောင်မည်
  • သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်း၊ သွေးအတွင်း အောက်ဆီဂျင်ရာခိုင်နှုန်းကို လိုအပ်သလို တိုင်းတာမည်
  • နာကျင်မှုသက်သာစေသော ဆေးများပေးခြင်း၊ လိုအပ်သော ပိုးသတ်ဆေးများပေးခြင်း၊ သွေးပြန်ကြောအတွင်း သွေးခဲခြင်းကို ကာကွယ်နိုင်ရန် သွေးလည်ပတ်မှု ကောင်းမွန်စေသည့် ကြွက်သားညှစ်အားသုံး ကိရိယာများ ဝတ်ဆင်ခြင်း၊ သွေးကျဲဆေးများပေး၍ ကုသခြင်းများကို ပြုလုပ်ပေးမည်
  • မေ့ဆေး၊ ထုံဆေးပေးထားရာမှ ပြန်လည်ကောင်းမွန်လာပါက အဆစ်လေ့ကျင့်ခန်း၊ ကြွက်သားလေ့ကျင့်ခန်းများ ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆောလျင်စွာ ပြုလုပ်ရမည်
  • ခွဲစိတ်ပြီးနောက်တစ်ရက်တွင် ခွဲစိတ်ထားသည့် အဆစ်ကို ဓာတ်မှန်ပြန်ရိုက်ပြီးနောက် ကောင်းမွန်ပါက အဆစ်လှုပ်ရှားမှုလေ့ကျင့်ခန်း၊ မတ်တတ်ရပ်လေ့ကျင့်ခန်း၊ လမ်းလျှောက်လေ့ကျင့်ခန်းစသည့် ခန္ဓာကိုယ်ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများကို ဆက်လက်ပြုလုပ်ရမည်
  • အနာအတွင်း ထည့်ထားသော သွေးဆင်းပိုက် (Drainage tube) ကို ခွဲစိတ်အပြီး (၂-၃) ရက်အကြာတွင် ပြန်ဖြုတ်လေ့ရှိသည်
  • ခွဲစိတ်ပြီးနောက် (၁၀-၁၄) ရက်ခန့်တွင် ချုပ်ရိုးဖြည်ရန် လိုအပ်သည်
အဆစ်အစားထိုးခွဲစိတ်ကုသမှု၏ ကောင်းကျိုးများ
  • အဆစ်နာကျင်မှု သိသိသာသာ သက်သာလာစေသည်
  • နေ့စဉ် လှုပ်ရှားသွားလာဆောင်ရွက်မှုများ ပိုမိုအဆင်ပြေစေသည်
  • လူမှုဘဝနေထိုင်မှု အရည်အသွေးကို ပြည့်စုံစေသည်
နောက်ဆက်တွဲဆိုးကျိုးများ
မေ့ဆေးနှင့်ပတ်သက်သော ဆိုးကျိုးများ
  • မူးဝေအော့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ချမ်းတုန်ခြင်း၊ ဆီးအိမ်တင်းခြင်းတို့သည် အဖြစ်များသော်လည်း ယာယီသာ ခံစားရနိုင်သည်
  • မေ့ဆေးနှင့် ဓာတ်မတည့်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ ရုတ်တရက် နှလုံးဖောက်ခြင်း၊ သွေးပေါင်ချိန်ကျခြင်းတို့သည် အဖြစ်နည်းသော်လည်း ပြင်းထန်နိုင်သည်
  • မေ့ဆေးနှင့် ပတ်သက်သော ဆိုးကျိုးများဖြစ်ပေါ်မှု လျော့ကျစေရန် မေ့ဆေးဆရာဝန်မှ မခွဲစိတ်မီ ကြိုတင်၍ စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်ထားမည်
အနာပိုးဝင်ခြင်း
  • အပေါ်ယံအနာ ပိုးဝင်ခြင်းနှင့် အတွင်းပိုင်း အဆစ်အစားထိုးပစ္စည်းအထိ ပိုးဝင်ခြင်းများ ဖြစ်နိုင်သည်
  • ပိုးသတ်ဆေးထိုးရန် လိုအပ်နိုင်ပြီး အချို့ပြင်းထန်လူနာများတွင် ပြန်လည်ခွဲစိတ်မှု လိုအပ်နိုင်သည်
  • မခွဲစိတ်မီ ပိုးသတ်ဆေးကြိုတင်ပေးခြင်းနှင့် ခွဲစိတ်ကုသမှုတွင် ရောဂါပိုးမွှားဝင်ရောက်မှု မရှိစေရန် စနစ်ကျသည့် အစီအမံများရှိရမည်
သွေးခဲခြင်း
  • အတွင်းပိုင်း သွေးပြန်ကြော သွေးခဲခြင်းမှတစ်ဆင့် သွေးခဲသည် အဆုတ်သို့ ရောက်ရှိသွားပါက အသက်အန္တရာယ်ရှိနိုင်သည်
  • ရင်ဘတ်တင်းကြပ်ကြပ်ဖြစ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူရခက်ခဲခြင်းရှိပါက သတိထားသင့်သည်
  • ထိုသို့မဖြစ်စေရန် ခွဲစိတ်ပြီးနောက် ဆောလျင်စွာ အဆစ်လှုပ်ရှားမှု ပြုလုပ်ခြင်း၊ ကြွက်သားညှစ်အားသုံး ကိရိယာများတပ်၍ သွေးလည်ပတ်မှု ကောင်းမွန်စေခြင်း၊ သွေးကျဲဆေးများ ကြိုတင်ပေး၍ ကုသခြင်းဖြင့် ကာကွယ်နိုင်သည်
အဆစ်လွဲခြင်း
  • အစားထိုးအဆစ်အတုသည် တည်နေရာမှန်ကန်မှုမရှိဘဲ နေရာလွဲမှားစွာရှိနေခြင်းကို ခွဲစိတ်ပြီး အစောပိုင်းကာလများတွင် တွေ့နိုင်သည်
  • တင်ပါးဆုံဆစ်နှင့် ပခုံးဆစ် အစားထိုးခွဲစိတ်မှုတွင် အဆစ်လွဲခြင်းကို အများဆုံးတွေ့ရနိုင်သည်
  • အဆစ်လွဲခြင်းမဖြစ်စေရန် အချို့လှုပ်ရှားမှုများကို ရှောင်ကြဉ်ခြင်းဖြင့် ကာကွယ်နိုင်သည်
အာရုံကြောနှင့်သွေးကြော ထိခိုက်ခြင်း
  • ခွဲစိတ်ကုသမှုခံယူနေချိန်အတွင်း အာရုံကြောနှင့် သွေးကြောထိခိုက်မှုမှာ ဖြစ်နိုင်ခြေ နည်းပါးသည်
ခြေထောက်အနိမ့်အမြင့် မတူညီခြင်း
  • တင်ပါးဆုံဆစ် အစားထိုးကုသမှုတွင် တွေ့ရနိုင်ပြီး အနည်းငယ်သာ ကွာခြားမှုရှိပါက ဖိနပ်အောက်ခံပြားအား မြှင့်ပေးခြင်း၊ ခြေဖနောင့်အောက်၌ အခုအခံ ထည့်ပေးခြင်း၊ ပြန်လည်သန်စွမ်းရေးကာယကုထုံးဖြင့် ကုသခြင်းတို့ဖြင့် အဆင်ပြေနိုင်သည်
အဆစ်တင်းတောင့်ခြင်း
  • ခွဲစိတ်ပြီး ပြန်လည်သန်စွမ်းရေး ကာယကုထုံးများကို စောစီးစွာပြုလုပ်ခြင်းဖြင့် အဆစ်တင်းတောင့်ခြင်းကို ကာကွယ်နိုင်သည်
ခွဲစိတ်နေစဉ်အရိုးကျိုးခြင်း
  • အဆစ်အစားထိုးပစ္စည်း နေရာတကျရှိစေရန် ခွဲစိတ်နေစဉ်အတွင်း အဆစ်တစ်ဝိုက်ရှိ အရိုးများကျိုးနိုင်သည်
  • အရိုးပွရောဂါ ခံစားနေရသူများ၊ ပြန်လည်ခွဲစိတ်မှု ခံယူရသူများတွင် ဖြစ်နိုင်သည်
  • ခွဲစိတ်နေစဉ် အရိုးကျိုးသည်ကို သတိထားမိပါက သင့်တော်သည့်နည်းလမ်းဖြင့် ကုသမှုကို ပြုလုပ်ပေးမည်
အရိုးတစ်ရှူးများပျက်စီးခြင်း (Osteolysis)
  • အဆစ်အစားထိုးပစ္စည်းများ (ဥပမာ _ ပလတ်စတစ်၊ သတ္တု) ပွန်းပဲ့ခြင်းကြောင့် ထွက်လာသော အမှုန်အမွှားများသည် ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များကို လှုံ့ဆော်ပြီး အရိုးပျက်စီးခြင်းကို ဖြစ်စေနိုင်သည်
အစားထိုးခွဲစိတ်ပစ္စည်းနှင့် ဓာတ်မတည့်ခြင်း
  • အချို့လူနာများသည် အဆစ်အစားထိုးပစ္စည်းတွင် ပါဝင်သည့်သတ္တုနှင့် ဓာတ်မတည့်မှု ရှိနိုင်သော်လည်း ဖြစ်နိုင်ခြေနည်းပါးသည်
အဆစ်အစားထိုးပစ္စည်းများ ပျက်စီးလာခြင်း
  • အဆစ်အတုကို နှစ်ပေါင်းများစွာ အသုံးပြုပြီး အချိန်ကြာလာသည်နှင့်အမျှ အဆစ်အစားထိုးပစ္စည်းများ ချောင်လာခြင်း၊ ပျက်စီးလာခြင်းများရှိပါက အဆစ်နာကျင်ခြင်း၊ အဆစ်ခိုင်ခံ့မှု မရှိခြင်း၊ ပြုတ်ထွက်ခြင်းများ ခံစားရနိုင်သည်၊ ထိုအခါ အဆစ်ပြန်လည်ခွဲစိတ်မှု လိုအပ်နိုင်သည်
လိုက်နာဆောင်ရွက်ရမည့်အချက်များ

အဆစ်အစားထိုးခွဲစိတ်ကုသမှု ခံယူပြီးနောက် လိုက်နာဆောင်ရွက်ရမည့် အချက်များတွင် ပြန်လည်သက်သာမှုကို မြန်ဆန်စေပြီး နောက်ဆက်တွဲပြဿနာများကို ကာကွယ်နိုင်ရန် အရေးကြီးသည်။ အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ရမည်။

  • ဆရာဝန်ညွှန်ကြားထားသော ပဋိဇီဝပိုးသတ်ဆေးများနှင့် အကိုက်အခဲပျောက်ဆေးများကို သောက်ပါ
  • နာကျင်မှုနှင့် ရောင်ရမ်းမှုကို လျှော့ချရန် ရေခဲကပ်နိုင်သည်
  • ခွဲစိတ်ထားသော ဒဏ်ရာကို သန့်ရှင်းစွာထားပါ
  • နောက်ဆက်တွဲပြဿနာများ ရှိမရှိ စောင့်ကြည့်ပါ
  • ဒဏ်ရာတွင် နီရဲခြင်း၊ ရောင်ရမ်းခြင်း၊ ပြည်ထွက်ခြင်း၊ ဖျားခြင်း စသည့် လက္ခဏာများရှိပါက ဆရာဝန်ကို အမြန်အကြောင်းကြားပါ
  • အဆစ်တွင် နာကျင်မှု၊ တောင့်တင်းမှု သို့မဟုတ် ပုံမှန်မဟုတ်သော အသံများ ကြားရပါက ဆရာဝန်နှင့် တိုင်ပင်ပါ
  • အစားထိုးသည့် အဆစ်ပေါ်မူတည်၍ အဆစ်လွဲနိုင်သည့် ကိုယ်ဟန်အနေအထားနှင့် လှုပ်ရှားမှုများကို သတိထားရှောင်ကြဉ်ပါ
  • အဆစ်များကို ဒဏ်မပိစေရန် ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ
  • ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများစားပါ
  • ကြွက်သားများကို သန်မာစေရန် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများကို ညွှန်ကြားထားသည့်အတိုင်း ပုံမှန်ပြုလုပ်ပါ
  • ခွဲစိတ်ပြီးစအချိန် လှုပ်ရှားလမ်းလျှောက်ရာတွင် ချိုင်းထောက် (Crutches) သို့မဟုတ် လမ်းလျှောက်တုတ် (Walker) ကို အသုံးပြုပါ
  • အားကစား ပုံမှန်လုပ်ပါ၊ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်းကဲ့သို့ အနည်းငယ်သာ အားစိုက်ရသော လှုပ်ရှားမှုများကို ပြုလုပ်ပါ
  • ခွဲစိတ်ပြီးနောက် ဆရာဝန် ညွှန်ကြားထားသောရက်များတွင် ရက်ချိန်းပုံမှန်ပြသပါ

References:

  1. Cleveland Clinic. (n.d.). Arthroplasty (joint replacement). Retrieved March 26, 2026, from https://my.clevelandclinic.org/health/treatments/21649-arthroplasty-joint-replacement
  2. Mayo Clinic. (n.d.). Hip replacement. Retrieved March 26, 2026, from https://www.mayoclinic.org/tests-procedures/hip-replacement/about/pac-20385042
  3. Mayo Clinic. (n.d.). Knee replacement. Retrieved March 26, 2026, from https://www.mayoclinic.org/tests-procedures/knee-replacement/about/pac-20385276
  4. Mayo Clinic. (n.d.). Shoulder replacement. Retrieved March 26, 2026, from https://www.mayoclinic.org/tests-procedures/shoulder-replacement/about/pac-20519121

Published: 22 March 2025

Last updated: 19 April 2026

Share

26 March 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.