Induction of labour (IOL) (သားအိမ်ပွင့်အောင် လှုံ့ဆော်ခြင်းဖြင့် ကလေးမွေးဖွားမှု စတင်စေခြင်း)

Induction of labour (IOL) (သားအိမ်ပွင့်အောင် လှုံ့ဆော်ခြင်းဖြင့် ကလေးမွေးဖွားမှု စတင်စေခြင်း)

သားအိမ်ပွင့်အောင် လှုံ့ဆော်ခြင်း (Induction of labour) ဆိုသည်မှာ ကိုယ်ဝန်ဆောင်မိခင်များတွင် သဘာဝအလျောက် မွေးဖွားမှုမစတင်ဘဲ နာကျင်ခြင်းမဖြစ်ပေါ်လာသောကြောင့် သို့မဟုတ် မိခင်နှင့် သန္ဓေသားအတွက် အန္တရာယ်ဖြစ်နိုင်ခြေရှိသောကြောင့် ကလေးမွေးဖွားမှုစတင်စေရန် လှုံ့ဆော်ခြင်းဖြစ်သည်။ သဘာဝအတိုင်းမွေးဖွားမည့် မိခင်များအတွက် အချိန်မီကလေးမွေးဖွားရန် ပြုလုပ်လေ့ရှိသည်။ ကလေးမွေးဖွားမှုစတင်ရန် ဤသို့လှုံ့ဆော်ရခြင်း၏ အကြောင်းရင်းများ၊ မည်သို့ဆောင်ရွက်မည်၊ ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များနှင့် အကျိုးကျေးဇူးများကို ကိုယ်ဝန်ဆောင်မိခင်အား ရှင်းလင်းစွာရှင်းပြရန် လိုသည်။ သို့မှသာ မိခင်လောင်းအနေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းစဉ်ကို နားလည်ပြီး ဆုံးဖြတ်ချက်ချနိုင်မည်ဖြစ်သည်။

ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ

ကိုယ်ဝန်ဆောင်မိခင်နှင့် သန္ဓေသား၏ ကျန်းမာရေးကောင်းကျိုး ရရှိစေရန်၊ ဖြစ်ပေါ်လာနိုင်သော အန္တရာယ်ဆိုးကျိုးများမှ ကာကွယ်နိုင်ရန်အတွက် ကလေးမွေးဖွားမှုစတင်ရန် သားအိမ်ပွင့်အောင်လှုံ့ဆော်ခြင်းကို ပြုလုပ်သည်။ အောက်ဖော်ပြပါရောဂါနှင့် အခြေအနေများတွင် ပြုလုပ်လေ့ရှိသည်။

  • မွေးဖွားရန် သတ်မှတ်ထားသောရက်ကျော်ခြင်း
    ယေဘုယျအားဖြင့် ကိုယ်ဝန်ဆောင်မိခင် နောက်ဆုံးရာသီသွေးပေါ်ခဲ့သော ဓမ္မတာစက်ဝန်း၏ ပထမဆုံးရက်မှစ၍ နောက်ရက်ပေါင်း (၂၈၀) သို့မဟုတ် ရက်သတ္တပတ် (၄၀) တိတိကို ကလေးမွေးဖွားမည့်ရက်အဖြစ် သတ်မှတ်လေ့ရှိသည်။ ထိုသို့ခန့်မှန်းထားသောရက်ထက် (၁)ပတ်နှင့် အထက်ကျော်လွန်လာပါက ကိုယ်ဝန်ဆောင်မိခင်နှင့် သန္ဓေသားတွင် နောက်ဆက်တွဲ ပြဿနာများဖြစ်သည့် သန္ဓေသား ပုံမှန်ထက်ပို၍ ကြီးထွားလာခြင်း၊ ရေမြွှာရည်နည်းလာခြင်း၊ ရေမြွှာရည်အတွင်း သန္ဓေသား၏ ဝမ်းများပါဝင်လာမှုကြောင့် ရေမြွှာရည်နောက်လာခြင်း၊ အချင်းကောင်းစွာ အလုပ်မလုပ်နိုင်ခြင်းများတွင် သန္ဓေသားအတွက် လိုအပ်သောအာဟာရနှင့် အောက်ဆီဂျင် လုံလောက်စွာမရရှိတော့ဘဲ သန္ဓေသားသေဆုံးမှု ဖြစ်ပေါ်နိုင်ခြေမြင့်တက်လာခြင်း စသည်တို့ကြောင့် သားအိမ်ပွင့်အောင်လှုံ့ဆော်ခြင်းကို ပြုလုပ်လေ့ရှိသည်။
  • ကလေးမွေးဖွားရန် ဗိုက်မနာမီ ရေမြွှာရည်အိတ်ပေါက်ပြီး ရေမြွှာရည်စိမ့်ခြင်း (Premature rupture of membranes – PROM)
  • ရေမြွှာစိမ့်ပြီးနောက် ရောဂါပိုးဝင်သည့် လက္ခဏာများဖြစ်ပေါ်လာခြင်း (Chorioamnionitis)
  • ကိုယ်ဝန်ကြောင့် ဖြစ်ပေါ်တတ်သော ကျန်းမာရေးပြဿနာများရှိခြင်း _ ကိုယ်ဝန်ဆောင်ဆီးချိုရှိခြင်း၊ သွေးပေါင်ချိန်တက်ခြင်းနှင့် ကိုယ်ဝန်ဆိပ်တက်ခြင်း
  • ဆီးချိုရောဂါရှိသော ကိုယ်ဝန်ဆောင်မိခင်များ
  • နာတာရှည်သွေးတိုးရောဂါရှိသော ကိုယ်ဝန်ဆောင်မိခင်များ
  • သန္ဓေသား ကြီးထွားမှုနှေးသွားခြင်း (Intrauterine growth restriction – IUGR)
  • ရေမြွှာရည်ပမာဏနည်းခြင်း (Oligohydramnios)
  • သားအိမ်နံရံမှအချင်းကွာခြင်း (Placenta abruptio) စသည်တို့ဖြစ်သည်။
မပြုလုပ်သင့်သော အခြေအနေများ

အောက်ပါအခြေအနေများရှိသော ကိုယ်ဝန်ဆောင်မိခင်များတွင် ကလေးမွေးဖွားမှုစတင်ရန် သားအိမ်ပွင့်အောင်လှုံ့ဆော်ခြင်းကို မပြုလုပ်သင့်ပါ။

  • ယခင်က သားအိမ်တွင် အကြီးစားခွဲစိတ်မှုပြုလုပ်ဖူးခဲ့သည့် ကိုယ်ဝန်ဆောင်မိခင်များ
  • ယခင်ကိုယ်ဝန်တွင် သားအိမ်ကိုဒေါင်လိုက်ခွဲကြောင်းဖြင့် ခွဲစိတ်မွေးဖွားခဲ့ရသူများ (Classical caesarean section)
  • မွေးလမ်းကြောင်းအဝတွင် အချင်းကန့်လန့်ပိတ်နေသော ကိုယ်ဝန်များ၊ အချင်းသည် သားအိမ်၏ အောက်ပိုင်း၌တည်နေသော ကိုယ်ဝန်များ (Abnormal placental localization)
  • ကလေးမမွေးမီ ကိုယ်ဝန်ဆောင်မိခင်၏ ယောနိလမ်းကြောင်းအတွင်းထဲသို့ ကလေးချက်ကြိုးကျနေသော ကိုယ်ဝန်များ (Cord prolapse)
  • မွေးလမ်းကြောင်းအတွင်းသို့ သန္ဓေသား၏ ဦးခေါင်းပိုင်းမဟုတ်ဘဲ တင်ပါးဆုံပိုင်းနှင့် ဦးတိုက်နေသော အနေအထားမမှန်သည့် ကိုယ်ဝန်များ (Abnormal fetal presentation)
  • ကိုယ်ဝန်ဆောင်မိခင်တွင် ယခင်ဖြစ်ခဲ့ဖူးခြင်းမရှိဘဲ မွေးဖွားရက်မတိုင်မီ (၆)ပတ်အတွင်း မွေးလမ်းကြောင်းနေရာတွင် ရေယုန်ရောဂါရှိနေခြင်း (Active herpes infection)
ကြိုတင်သိထားရမည့်အချက်များ

သားအိမ်ပွင့်အောင်လှုံ့ဆော်ခြင်းကို ပြုလုပ်ရန်လိုအပ်နိုင်သောအခြေအနေများကို နားလည်ရန် အရေးကြီးသည်။ လှုံ့ဆော်ခြင်းပြုလုပ်ရန် အသုံးပြုသောနည်းလမ်းများသည် အကြောင်းရင်းပေါ် မူတည်၍ ကွဲပြားနိုင်သည်။ လှုံ့ဆော်ခြင်းနည်းလမ်းသည် သားအိမ်ခေါင်း၏ ပျော့ပျောင်းမှု၊ သားအိမ်ခေါင်းလည်တံ အတိုအရှည်နှင့် သားအိမ်ခေါင်းအဝ ပွင့်နေခြင်း သို့မဟုတ် ပိတ်နေခြင်းစသည့် အချက်များပေါ် မူတည်၍ ကွဲပြားနိုင်သည်။

သားအိမ်ပွင့်အောင် လှုံ့ဆော်ခြင်းနည်းလမ်းကို သားဖွားမီးယပ်အထူးကုဆရာဝန်မှ ရှင်းပြပြီး လူနာ၏အခြေအနေနှင့် ကိုက်ညီသောနည်းလမ်းကို တိုင်ပင်ဆွေးနွေးပေးမည်ဖြစ်သည်။ လှုံ့ဆော်ခြင်းလုပ်ငန်းစဉ် တစ်လျှောက်တွင် ကိုယ်ဝန်ဆောင်မိခင်၏ သားအိမ်ညှစ်အား၊ ၎င်း၏ ကြာချိန်နှင့် အကြိမ်အရေအတွက်၊ သန္ဓေသား၏ နှလုံးခုန်နှုန်းတို့ကို စောင့်ကြည့်ရန် အရေးကြီးသည်။

သားအိမ်ပွင့်အောင် လှုံ့ဆော်ခြင်း၏ ကြာချိန်သည် ကိုယ်ဝန်ဆောင်မိခင် တစ်ဦးနှင့်တစ်ဦး မတူညီနိုင်ပါ။ အများစုသော အခြေအနေများတွင် လှုံ့ဆော်ခြင်းပြုလုပ်ပြီး (၂၄) နာရီအတွင်း သားအိမ်ညှစ်အား ပိုမိုကောင်းမွန်လာကာ သားအိမ်ခေါင်း (၆) စင်တီမီတာအထိ ပွင့်လာနိုင်သည်။

သားအိမ်ပွင့်အောင် လှုံ့ဆော်နိုင်သောနည်းလမ်းများ

သားအိမ်လည်တံသည်မာ၍ အလျားရှည်ပြီး သားအိမ်လည်တံအဝ မပွင့်သေးသော ကိုယ်ဝန်ဆောင်မိခင်များတွင် အောက်ပါနည်းလမ်းများကို ဦးစွာအသုံးပြုသည်။

  • ရေမြွှာအိတ်ကို ကွာစေခြင်း (Sweeping or Stripping the membranes of the amniotic sac)
    • သားဖွားမီးယပ်အထူးကုဆရာဝန်မှ ပိုးသတ်ထားသော လက်အိတ်ဝတ်၍ သားအိမ်နံရံနှင့် ရေမြွှာအိတ်ကြားထဲသို့ လက်ချောင်းထည့်ပြီး ရေမြွှာအိတ်ကို ကွာစေခြင်းဖြင့် ပရိုစတာဂလင်ဒင် (Prostaglandins) ဓာတုပစ္စည်းထွက်စေကာ မွေးဖွားမှုဖြစ်စဉ်ကို စတင်စေသည်
  • ပရိုစတာဂလင်ဒင် (Prostaglandins) ဆေးကို အသုံးပြုခြင်း
    • ကိုယ်ဝန်ဆောင်မိခင်၏ ခန္ဓာကိုယ်မှထွက်သော သဘာဝဓာတုပစ္စည်းတစ်မျိုးဖြစ်သည့် ပရိုစတာဂလင်ဒင်၏ လုပ်ငန်းဆောင်တာများအတိုင်း သားအိမ်လည်တံကို ပျော့ပျောင်းလာစေပြီး ကလေးမွေးဖွားမှုကိုစတင်နိုင်ရန် ဆောင်ရွက်ပေးသည်
    • ထိုဆေးသည် ဆေးလုံး၊ ဆေးတောင့်၊ ဂျယ် (Gel) ပုံစံ အမျိုးမျိုးရှိပြီး ယောနိလမ်းကြောင်းထဲ ထည့်ရသည်
    • အသုံးများသော ဆေးများမှာ Misoprostol နှင့် Dinoprostoneတို့ ဖြစ်ကြသည်
  • ဘောလုံးကဲ့သို့ဖောင်းနိုင်သောပိုက် (Balloon Catheters) ကို အသုံးပြုခြင်း
    • ဘောလုံးဖောင်းနိုင်သောပိုက် (ဥပမာ _ ဆီးပိုက်) ကိုသားအိမ်လည်တံအဝထဲသို့ ထည့်၍ ပိုက်ထိပ်ရှိ ဘောလုံးကို ဆားရည် (Normal Saline) ဖြင့် ဖောင်းလိုက်ပြီး သားအိမ်လည်တံအဝကို ကျယ်စေသည်၊ ဤနည်းဖြင့် ကလေးမွေးဖွားရန် စတင်လှုံ့ဆော်နိုင်သည်

ထိုသို့သားအိမ်လည်တံကို ပွင့်ကျယ်စေပြီးနောက် အောက်ဖော်ပြပါနည်းလမ်းများဖြင့် သားအိမ်ညှစ်အားကောင်းလာစေပြီး ကလေးသည် မွေးလမ်းကြောင်းအတွင်း ဆင်းလာသည်။

  • ရေမြွှာအိတ်ကို ဖောက်ခြင်း (Amniotomy)
    • သားအိမ်လည်တံအဝမှတစ်ဆင့် ရေမြွှာအိတ်ဖောက်ရန် အထူးပြုလုပ်ထားသောကိရိယာကို ထည့်၍ ရေမြွှာအိတ်ကို ပေါက်စေသည်
    • ထိုသို့ပြုလုပ်ရန် သားအိမ်လည်တံသည် ပါး၍ ပွင့်ကျယ်နေရန် လိုအပ်သည်
    • ရေမြွာအိတ်ဖောက်ခြင်းကြောင့် မိခင်တွင် နာကျင်မှု မရှိပါ
  • အောက်ဆီတိုစင် (Oxytocin) ဆေးကို အသုံးပြုခြင်း
    • အောက်ဆီတိုစင်သည် သားအိမ်ညှစ်အားကို ဖြစ်စေသော သဘာဝဟော်မုန်းတစ်မျိုးဖြစ်သည်
    • ဓာတ်ခွဲခန်းတွင် ဖန်တီးထုတ်လုပ်ထားသော အောက်ဆီတိုစင်ဆေးကို သွေးကြောအတွင်းသွင်းပေးခြင်းဖြင့် သားအိမ်ညှစ်အားကိုစတင်စေခြင်း၊ သားအိမ်ညှစ်အားကို ပိုမိုကောင်းမွန်စေခြင်းတို့ကို ဖြစ်စေပြီး မွေးဖွားမှုဖြစ်စဉ်ကို ပိုမိုမြန်ဆန်စေသည်
သားအိမ်ပွင့်အောင်လှုံ့ဆော်ခြင်း၏ အကျိုးကျေးဇူးများ

ကိုယ်ဝန်ဆက်လက်တည်ရှိနေခြင်းကြောင့် ဖြစ်ပေါ်နိုင်သော ကိုယ်ဝန်ဆောင်မိခင်နှင့် သန္ဓေသား၏ အန္တရာယ်ဆိုးကျိုးများကို လျော့နည်းစေသည်

သားအိမ်ပွင့်အောင်လှုံ့ဆော်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများ

အသုံးပြုသော လှုံ့ဆော်ခြင်းနည်းလမ်းများပေါ် မူတည်၍ နောက်ဆက်တွဲဆိုးကျိုးများ ကွဲပြားသည်။

  • ကလေးမွေးဖွားမှုစတင်ရန် လှုံ့ဆော်မှုမအောင်မြင်ခြင်း (Failed induction)
    • လှုံ့ဆော်မှုစတင်ပြီး အချိန် (၂၄)နာရီ ကျော်သည်အထိ မည်သည့်တိုးတက်မှုမျှမရှိလျှင် လှုံ့ဆော်မှုမအောင်မြင်ခြင်းဟု သတ်မှတ်ပြီး ကလေးကို ခွဲစိတ်မွေးဖွားရသည်
  • သားအိမ်နှင့် မွေးလမ်းကြောင်းအတွင်း ပိုးဝင်ခြင်း (Infections)
  • သားအိမ်ညှစ်အား လိုအပ်သည်ထက်ပိုများလာခြင်း (Hyperstimulation)
    • သားအိမ်ညှစ်အား ပိုကောင်းစေရန် အောက်ဆီတိုစင်ဆေးကို အသုံးပြုသည့်အခါ သွေးကြောအတွင်းသို့ ဆေးဝင်သော ပမာဏများခြင်း၊ မြန်ခြင်းကြောင့် သားအိမ်ညှစ်အားလိုအပ်သည်ထက် ပို၍များလာနိုင်သည်
    • ထိုအခါ ကိရိယာအကူအညီဖြင့် ကလေးမွေးဖွားရခြင်း၊ ခွဲစိတ်မွေးဖွားရခြင်းရှိနိုင်သည်
  • သားအိမ်ကွဲခြင်း (Uterine rupture)
    • ဖြစ်နိုင်ခြေ အလွန်နည်းသော်လည်း ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးဖြစ်သည်
    • သားအိမ်ကွဲသော လက္ခဏာများရှိလာပါက အရေးပေါ်ခွဲစိတ်၍ ကလေးမွေးဖွားမှသာ မိခင်နှင့် သန္ဓေသား၏ အသက်အန္တရာယ်ကို ကယ်တင်နိုင်မည်ဖြစ်ပြီး လိုအပ်ပါက သားအိမ်ထုတ်ရသည်အထိ ဖြစ်နိုင်သည်
  • ကလေးမွေးဖွားပြီးနောက် သွေးသွန်ခြင်း (Bleeding after delivery)
    • ကလေးမွေးဖွားမှုစတင်ရန် လှုံ့ဆော်ခြင်းကြောင့် သားအိမ်ကြွက်သားများသည် မွေးဖွားပြီးနောက် ကောင်းစွာ အလုပ်မလုပ်တော့သည့်အတွက် သားအိမ်ကောင်းစွာ ပြန်မကျုံ့ခြင်းကြောင့် ကလေးမွေးပြီးနောက် သွေးသွန်ခြင်းကို ဖြစ်စေနိုင်သည်
လိုက်နာဆောင်ရွက်ရမည့်အချက်များ
  • ပြည့်စုံစွာရှင်းပြခြင်း _ ကိုယ်ဝန်ဆောင်မိခင်အား ကလေးမွေးဖွားမှုစတင်ရန် လှုံ့ဆော်ခြင်း၏ လိုအပ်ချက်၊ အသုံးပြုမည့် နည်းလမ်းများ၊ အကျိုးကျေးဇူးများ၊ ဖြစ်နိုင်ခြေရှိသော အန္တရာယ်များနှင့် ဘေးထွက်ဆိုးကျိုးများကို ပြည့်ပြည့်စုံစုံ ရှင်းလင်းပြောပြရမည်
  • အကျိုးကျေးဇူးနှင့် အန္တရာယ်များကို ချင့်ချိန်ခြင်း _ သားအိမ်ပွင့်အောင် လှုံ့ဆော်ခြင်း၏ အကျိုးကျေးဇူးများနှင့် ဖြစ်နိုင်ခြေရှိသောအန္တရာယ်များကို သေချာစွာချင့်ချိန်ဆွေးနွေးပြီး မိခင်လောင်းအား ဆုံးဖြတ်ချက်ချနိုင်စေရမည်
  • နာကျင်မှုကိုသက်သာစေခြင်း _ သားအိမ်ပွင့်အောင် လှုံ့ဆော်နေစဉ်အတွင်း နာကျင်မှုဖြစ်ပေါ်ပါက နာကျင်မှုသက်သာစေသည့် နည်းလမ်းများကို ရှင်းပြထားပြီး သင့်တော်သော နည်းလမ်းများကို မိခင်မှတောင်းဆိုလျှင် ခွင့်ပြုရမည်၊ ကုသမှုပေးရမည်ဖြစ်သည်
  • သတိပြုစောင့်ကြည့်ခြင်း _ မိခင်နှင့် သန္ဓေသား၏ ကျန်းမာရေးအခြေအနေများကို ဂရုတစိုက် စောင့်ကြည့်ရမည်၊ ကလေးမွေးဖွားနေစဉ် ကြန့်ကြာမှုများကို အချိန်မီသိရှိနိုင်ရန် သတိပြု စောင့်ကြည့်ရမည်
  • အောက်ဆီတိုစင်ဆေးပေးခြင်း _ အောက်ဆီတိုစင်ဆေးကို လိုအပ်သည့်ပမာဏအတိုင်း သွေးကြောထဲသို့ ‌ရောက်ရှိစေရန် သေချာစွာ စောင့်ကြည့်ပေးရမည်
  • နောက်ဆက်တွဲဆိုးကျိုးများအတွက် ကြိုတင်ပြင်ဆင်ခြင်း _ နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်လာလျှင် မိခင်နှင့် ကလေး၏အသက်အန္တရာယ်ကို ကာကွယ်ရန် ကြိုတင်ပြင်ဆင်ထားရမည်

References:

  1. Cleveland Clinic. (2023). Induced labor: Reasons, procedure, risks & results. Retrieved March 25, 2026, from https://my.clevelandclinic.org/health/treatments/17698-labor-induction
  2. Mayo Clinic. (n.d.). Labor induction. Retrieved March 25, 2026, from https://www.mayoclinic.org/tests-procedures/labor-induction/about/pac-20385141
  3. American College of Obstetricians and Gynecologists. (2025). Labor induction. Retrieved March 25, 2026, from https://www.acog.org/womens-health/faqs/labor-induction

Published: 18 March 2025

Last updated: 26 April 2026

Share

26 March 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.