မျက်လုံးအတွင်းရှိ သဘာ၀မှန်ဘီလူးသည် ကြည်လင်မှုမရှိတော့ဘဲ တိမ်အစုအဝေးကဲ့သို့ နောက်ကျိလာခြင်းကို အတွင်းတိမ် (Cataract) ဟုခေါ်သည်။ အတွင်းတိမ်သည် အသက်ကြီးသူများတွင် အဖြစ်များသည့် မျက်စိရောဂါတစ်မျိုးဖြစ်သည်။ အသက်ငယ်စဥ်တွင် မှန်ဘီလူးများသည် မှန်အကြည်ကဲ့သို့ဖြစ်နေသောကြောင့် အရာဝတ္ထုများအား ကြည်လင်ပြတ်သားစွာ မြင်ရသည်။ အသက်ကြီးလာသည်နှင့်အမျှ မှန်ဘီလူးများသည် တဖြည်းဖြည်းနောက်လာပြီး အမြင်အာရုံ၌ ကန့်သတ်မှုများရှိလာသည်။
အတွင်းတိမ်များသည် အစောပိုင်းတွင် အမြင်အာရုံအား မထိခိုက်စေဘဲ အချိန်ကြာလာသည်နှင့်အမျှ အမြင်အာရုံထိခိုက်မှုများဖြစ်လာသည်။ အတွင်းတိမ်စွဲခြင်းအားဖယ်ရှားရန် တစ်ခုတည်းသောနည်းလမ်းမှာ ခွဲစိတ်ခြင်းဖြစ်သည်။ ခွဲစိတ်ခြင်းသည် နောက်ကျိနေသောမှန်ဘီလူးကို ဖယ်ရှား၍ အစားထိုးမှန်ဘီလူး (Intraoccular Lens – IOL) အသစ်ဖြင့် အစားထိုးခြင်းဖြစ်သည်။ ထိုခွဲစိတ်ခြင်းသည် အမြင်အာရုံအား ကောင်းမွန်အောင် လုပ်ဆောင်ရာတွင် အောင်မြင်မှုနှုန်းမြင့်မားသည်။
ပြုလုပ်ရန်လိုအပ်သောအခြေအနေများ
- အတွင်းတိမ်ရှိနေသောကြောင့် နေ့စဥ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရန်ခက်ခဲခြင်း (ဥပမာ_ကားမောင်းခြင်း၊ စာဖတ်ခြင်း၊ လှေကားတက်ခြင်း)
- အခြားမျက်စိပြဿနာများကို ကုသရာတွင် အနှောင့်အယှက်ဖြစ်စေခြင်း (ဥပမာ_အတွင်းတိမ်ရှိနေသဖြင့် အသက်အရွယ်နှင့်ဆိုင်သော အခြားမျက်စိပြဿနာများ၊ ဆီးချိုကြောင့်ဖြစ်သော မျက်စိရောဂါများအား စစ်ဆေးရန်ခက်ခဲခြင်း) စသည့်အခြေအနေများတွင် ခွဲစိတ်ခြင်းကို ပြုလုပ်သင့်သည်
ကြိုတင်သိရှိထားရမည့်အချက်များ
ခွဲစိတ်မှုမပြုလုပ်မီတွင် မျက်စိဆရာဝန်မှ ကြိုတင်စစ်ဆေးမှုများအား ပြုလုပ်မည်ဖြစ်သည်။ မျက်စိအခြေအနေစစ်ဆေးခြင်း၊ ခွဲစိတ်မှုမပြုလုပ်သင့်သည့် လက္ခဏာများ ရှိမရှိ စစ်ဆေးခြင်း၊ နောက်ဆက်တွဲပြဿနာများကို ပိုဆိုးစေမည့်အချက်များ ရှိမရှိ ဆုံးဖြတ်ခြင်း၊ သုံးရမည့်မှန်ဘီလူးအတွက် မှန်ကန်သောပါဝါဖြစ်စေရန် တိုင်းတာခြင်း၊ မျက်စဥ်းအသုံးပြုရန် လိုအပ်ခြင်း စသည်တို့ကို စစ်ဆေးမည်။
ထို့အပြင်လူနာအား ခွဲစိတ်နေစဥ်အတွင်း ဖြစ်နိုင်ခြေရှိသောပြဿနာများ (Intraoperative Complications)၊ ခွဲစိတ်ခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုးများ၊ ပြန်ကောင်းရန်ကြာချိန်နှင့် နေ့စဉ်လုပ်ငန်းများ ပြန်လုပ်နိုင်ရန်ကြာချိန် အစရှိသည်တို့ကိုလည်း ရှင်းပြပေး၍ ခွဲစိတ်ရန် သဘောတူညီမှု တောင်းမည်ဖြစ်သည်။
ကုသပုံအဆင့်ဆင့်
အတွင်းတိမ်ခွဲစိတ်မှုအား ပြင်ပလူနာအနေဖြင့် ပြုလုပ်နိုင်သည်။ အတွင်းတိမ်ခွဲစိတ်ကုသနိုင်သည့် အဓိကနည်းလမ်း (၂)မျိုး ရှိသည်။
အာထရာဆောင်းလှိုင်းများသုံး၍ အတွင်းတိမ်ခွဲစိတ်ကုသနည်း (Phacoemulsification)
- ထုံဆေးမျက်စဥ်းခတ်ခြင်းဖြင့် မျက်လုံးထုံကျဥ်စေရန် ပြုလုပ်သည်၊ ခွဲစိတ်နေစဥ်အတွင်း နိုးနေသောကြောင့် အလင်းရောင်နှင့် လှုပ်ရှားမှုများအား မြင်နေရမည်ဖြစ်သည်
- မျက်ကြည်လွှာတွင် ခွဲစိတ်ခန်းသုံးဓား (သို့မဟုတ်) လေဆာ အသုံးပြု၍ သေးငယ်သောခွဲကြောင်း ပြုလုပ်သည်၊ ယေဘုယျအားဖြင့် ထိုခွဲကြောင်းအား ပြန်ချုပ်ရန်မလိုပါ
- တိမ်စွဲနေသောမှန်ဘီလူးအား အာထရာဆောင်းလှိုင်းများသုံး၍ ချေဖျက်ပြီး စုပ်ထုတ်မည်ဖြစ်သည်
- ထို့နောက် ထိုခွဲကြောင်းမှပင် အစားထိုးမှန်ဘီလူးအသစ်အား ပြန်ထည့်မည်ဖြစ်သည်
- ခွဲစိတ်လဲလှယ်မှု ပြီးသွားသောအခါတွင် မျက်လုံးကို အကာဖြင့်ပြန်အုပ်ပေးရမည်
မှန်ဘီလူးအလုံးလိုက်ထုတ်၍ အတွင်းတိမ်ခွဲစိတ်ကုသနည်း (Manual Cataract Surgery)
- မျက်စိအဖြူသား (Sclera) ပေါ်တွင် ခွဲစိတ်ဓားဖြင့် ခွဲကြောင်းပေး၍ တိမ်စွဲနေသော မှန်ဘီလူးကို အလုံးလိုက် (in one piece) ထုတ်ခြင်းဖြစ်သည်
- မှန်ဘီလူးထုတ်ပြီးနောက် အစားထိုးမှန်ဘီလူးအမာ ပြန်ထည့်ပေးရသည်
- မျက်ဖြူသားပေါ်ရှိခွဲကြောင်းအား ချုပ်ကြိုးထည့်ရန်လိုအပ်သည်
- ဤနည်းဖြင့်ခွဲစိတ်ပါက မျက်လုံးတစ်ဝိုက် ထုံဆေးထိုးရန်လိုသည်
ဤနည်းသည် ခွဲကြောင်းဒဏ်ရာကြီးသောကြောင့် ခွဲစိတ်ပြီး ပိုမိုဂရုစိုက်ရန်လိုအပ်သည်။ အလွန်ရင့်သော အတွင်းတိမ်များကိုသာ ဤနည်းလမ်းဖြင့်ခွဲစိတ်သည်။
အထက်ပါခွဲစိတ်မှုများသည်ယေဘုယျအားဖြင့် မိနစ် (၃၀)ခန့် ကြာနိုင်သည်။ ခွဲစိတ်မှုပြီးသည့်နောက် မိနစ် (၃၀)ခန့် စောင့်ကြည့်၍ ပြဿနာမရှိလျှင် အိမ်သို့ ပြန်နိုင်သည်။ ခွဲစိတ်ပြီးနောက် အမြင်အာရုံသည် အနည်းငယ်ဝေဝါးနေနိုင်သည်။ ထိုသို့ဖြစ်ခြင်းသည် ပုံမှန်ပင်ဖြစ်သည်။ ရက်အနည်းငယ်ကြာပြီးနောက် အမြင်အာရုံ တဖြည်းဖြည်း တိုးတက်လာမည်ဖြစ်သည်။ ခဏတာခံစားရနိုင်သော ပြဿနာများမှာ_
- မျက်စိတွင် ခိုးလိုးခုလုဖြစ်နေခြင်း
- မျက်စိရဲခြင်း၊ မျက်ရည်ကျခြင်းတို့ ဖြစ်သည်
ခွဲစိတ်မှု၏ကောင်းကျိုးများ
ခွဲစိတ်ခြင်းသည်သာ တိမ်စွဲခြင်းကိုဖယ်ရှားနိုင်ပြီး အမြင်အာရုံပြတ်သားစေသည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ခွဲစိတ်ပြီးနောက်
- အမြင်အာရုံကြည်လင်ပြတ်သားလာခြင်း
- စူးရှသောအလင်းရောင်အားကြည့်နိုင်ခြင်း
- အရောင်များကို ပို၍ထင်ရှားစွာမြင်ရခြင်း
- အချို့တွင် မျက်မှန်အသုံးပြုရန် လိုအပ်ချက်နည်းသွားခြင်း စသည့် ကောင်းကျိုးများရရှိနိုင်သည်။
မျက်စိခွဲစိတ်နေစဥ်အတွင်း ဖြစ်နိုင်ခြေရှိသော ပြဿနာများ (Intraoperative Complication)
- မှန်ဘီလူးအမြှေးအိတ်ပေါက်ခြင်း (Posterior Capsule Rupture)၊ တိမ်စွဲနေသော မှန်ဘီလူးတစ်ခုလုံး (သို့မဟုတ်) အပိုင်းအစများ မျက်လုံးနောက်ခန်းအတွင်းသို့ ပြုတ်ကျခြင်း (Lens Drop) တို့ဖြစ်နိုင်သည်
- ဤအခြေအနေများတွင် ခွဲစိတ်နေစဥ်အတွင်း ပြုပြင်၍မရနိုင်ပါက နောက်တစ်ကြိမ် ပြန်လည်ခွဲစိတ် ကုသရနိုင်သည်၊ ဤပြဿနာများသည် ဖြစ်နိုင်ခြေအလွန်နည်းပါးပြီး အများစုမှာကုသ၍လည်း ပျောက်ကင်းနိုင်သည်။
နောက်ဆက်တွဲဆိုးကျိုးများ
ယေဘုယျအားဖြင့် နောက်ဆက်တွဲပြဿနာမရှိပါ။ အတွင်းတိမ်ခွဲစိတ်ခြင်းသည် ဘေးကင်းသော လုပ်ဆောင်မှု တစ်ခုဖြစ်သည်။ သို့သော် လူနာအနည်းစုတွင်
- မျက်လုံးရောင်ခြင်း၊ သွေးထွက်ခြင်း
- မျက်လုံးနာနေခြင်း
- မျက်လုံးပိုးဝင်ခြင်း
- အမြင်အာရုံဝေဝါးခြင်း
- ထည့်သည့်မှန်ဘီလူး နေရာရွေ့သွားခြင်း
- မြင်လွှာရောင်ရမ်းခြင်း၊ မြင်လွှာကွာခြင်းတို့ဖြစ်နိုင်သည်။ သို့သော် ပြဿနာအများစုသည် ကုသ၍ပျောက်ကင်းနိုင်သည်။
ခွဲစိတ်ပြီးပိုး၀င်သည့် လက္ခဏာများ
- မျက်စိခွဲစိတ်ပြီးနောက် မျက်လုံးအတွင်း ပိုး၀င်ခြင်းသည် ဖြစ်နိုင်ခြေအလွန်နည်းသည်
- မျက်စိခွဲစိတ်ပြီးနောက် မျက်စိနီခြင်း၊ ကိုက်ခြင်း၊ မှုန်ခြင်းစသည့် လက္ခဏာများ ခံစားရပါက မျက်စိဆရာ၀န်ထံ ချက်ခြင်းပြန်လည်ပြသရမည်
- ခွဲစိတ်ပြီးမျက်လုံးအတွင်း ပိုး၀င်ခြင်းဖြစ်ပါက အမြင်အာရုံမကွယ်စေရန် ချက်ချင်းဆေးကုသရန် လိုအပ်သည်။
လိုက်နာဆောင်ရွက်ရမည့် အချက်များ
ပြုလုပ်ရမည့်အချက်များ
- ခွဲစိတ်ပြီးနောက် မျက်စဥ်းဆေးများအား ညွှန်ကြားချက်အတိုင်း ခပ်ရန်လိုအပ်သည်၊ မျက်စဥ်းမခပ်ခင်တွင် ဆေးထည့်ပေးမည့်သူမှ လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောရမည်
- ခွဲစိတ်ပြီး (၃) ရက်ခန့်အထိ လှုပ်ရှားမှုများကို ဖြည်းဖြည်းသက်သာပြုမူရမည်
- လိုအပ်ပါက အကိုက်အခဲပျောက်ဆေးများ သောက်နိုင်သည်
- ညအိပ်ချိန်တွင် အနည်းဆုံး (၁) ပတ်ခန့် မျက်စိအကာတပ်ဆင်ရန် လိုအပ်သည်
- အပြင်ထွက်လျှင် မျက်လုံးအကာ၊ မျက်မှန်၊ နေကာမျက်မှန်များ အသုံးပြုရမည်
- မျက်စိခွဲစိတ်ပြီးနောက် ရက်ချိန်းအတိုင်း ဆရာ၀န်နှင့် ပြန်လည်ပြသရန်လိုသည်၊ ထို့ပြင် မျက်စိနီခြင်း၊ မှုန်ခြင်း၊ ကိုက်ခြင်း စသည်ဖြင့် ထူးခြားမှုတစ်ခုခုရှိပါက ချက်ခြင်းပြန်ပြရန်လိုသည်။
ရှောင်ကြဥ်ရမည့်အချက်များ
- မျက်လုံးပွတ်ခြင်း၊ ကုတ်ခြင်းများမပြုလုပ်ရပါ
- ခွဲစိတ်ပြီးနောက် (၂)ပတ် မှ (၄)ပတ်ခန့်အထိ မျက်လုံးအတွင်းသို့ ရေ၊ ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်များ တိုက်ရိုက်မဝင်စေရန် သတိထားရမည်၊ မျက်နှာသစ်ခြင်း၊ ခေါင်းရေလောင်းချိုးခြင်း၊ ခေါင်းလျှော်ခြင်းတို့ကို မျက်လုံးရေမထိရန် သတိထားပြုလုပ်ရမည်၊ မေးစေ့အောက်မှစ၍ ရေချိုးနိုင်သည်၊ မျက်နှာကို သန့်ရှင်းရေးလုပ်ရန် မျက်နှာသုတ်ပဝါကို အသုံးပြုနိုင်သည်
- ပြင်းထန်သောလေ့ကျင့်ခန်းများလုပ်ခြင်း၊ အလေးအပင်မခြင်းများအား ဆရာဝန်သတ်မှတ်ချိန်အထိ မပြုလုပ်ရပါ
- ဆရာဝန်၏ခွင့်ပြုချက်မရှိဘဲ ကားမောင်းခြင်း၊ လေယာဥ်စီးခြင်း မပြုလုပ်ရပါ
- ဆံပင်ဆေးဆိုးခြင်း၊ မျက်လုံးတွင် မိတ်ကပ်လိမ်းခြင်းအား အနည်းဆုံး (၁)လခန့် ရှောင်ကြည်ရမည်
- ရေကူးခြင်းအား အနည်းဆုံး (၁)လခန့် ရှောင်ကြဥ်ရမည်
References:
- Cataract surgery – Mayo Clinic. (n.d.). Retrieved June 27, 2024, from https://www.mayoclinic.org/tests-procedures/cataract-surgery/about/pac-20384765
- McMillen, M. (2024). What to Expect From Cataract Surgery. WebMD. Retrieved June 27, 2024, from https://www.webmd.com/eye-health/cataracts/what-to-expect-from-cataract-surgery
- Cataract Surgery: Risks, Recovery, Costs. (2024). American Academy of Ophthalmology. Retrieved June 27, 2024, from https://www.aao.org/eye-health/diseases/what-is-cataract-surgery
- Professional, C. C. M. (2024). Cataract Surgery. Cleveland Clinic. Retrieved June 27, 2024, from https://my.clevelandclinic.org/health/treatments/21472-cataract-surgery
- Sissons, B. (2023). What to do and what to avoid after cataract surgery. Retrieved June 27, 2024, from https://www.medicalnewstoday.com/articles/do-and-don-t-after-cataract-surgery
Published Date: 11 January 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.