Cataract Surgery (အတွင်းတိမ်ခွဲစိတ်ခြင်း)

Cataract Surgery (အတွင်းတိမ်ခွဲစိတ်ခြင်း)

မျက်လုံးအတွင်းရှိ သဘာ၀မှန်ဘီလူးသည် ကြည်လင်မှုမရှိတော့ဘဲ တိမ်အစုအဝေးကဲ့သို့ နောက်ကျိလာခြင်းကို အတွင်းတိမ် (Cataract) ဟုခေါ်သည်။ အတွင်းတိမ်သည် အသက်ကြီးသူများတွင် အဖြစ်များသည့် မျက်စိရောဂါတစ်မျိုးဖြစ်သည်။ အသက်ငယ်စဥ်တွင် မှန်ဘီလူးများသည် မှန်အကြည်ကဲ့သို့ဖြစ်နေသောကြောင့် အရာဝတ္ထုများအား ကြည်လင်ပြတ်သားစွာ မြင်ရသည်။ အသက်ကြီးလာသည်နှင့်အမျှ မှန်ဘီလူးများသည် တဖြည်းဖြည်းနောက်လာပြီး အမြင်အာရုံ၌ ကန့်သတ်မှုများရှိလာသည်။

အတွင်းတိမ်များသည် အစောပိုင်းတွင် အမြင်အာရုံအား မထိခိုက်စေဘဲ အချိန်ကြာလာသည်နှင့်အမျှ အမြင်အာရုံထိခိုက်မှုများ ဖြစ်လာသည်။ အတွင်းတိမ်စွဲခြင်းကို ဖယ်ရှားရန် တစ်ခုတည်းသော နည်းလမ်းမှာ ခွဲစိတ်ခြင်းဖြစ်သည်။ ခွဲစိတ်ခြင်းသည် နောက်ကျိနေသော မှန်ဘီလူးကို ဖယ်ရှား၍ အစားထိုးမှန်ဘီလူး (Intraocular Lens – IOL) အသစ်ဖြင့် အစားထိုးခြင်းဖြစ်သည်။ ထိုခွဲစိတ်ခြင်းသည် အမြင်အာရုံအား ကောင်းမွန်အောင် လုပ်‌ဆောင်ရာတွင် အောင်မြင်မှုနှုန်း မြင့်မားသည်။

ယခုအခါ လေဆာနည်းပညာသုံး အဆင့်မြင့်မျက်စိတိုင်းတာစက် (Optical Biometry) များကို အသုံးပြု၍ အစားထိုးမှန်ဘီလူးပါဝါကို အလွန်တိကျစွာ တိုင်းတာလာနိုင်သောကြောင့် ခွဲစိတ်ပြီးနောက် မျက်မှန်တပ်ရနိုင်ခြေကို လျှော့ချပေးနိုင်သည်။ လူနာ၏ လိုအပ်ချက်ပေါ်မူတည်၍ အနီး၊ အဝေး နှစ်မျိုးလုံး မြင်ရစေသော မှန်ဘီလူးများ (Multifocal IOLs) နှင့် သွားလာလှုပ်ရှားရာတွင် ပိုမိုအဆင်ပြေစေသော မှန်ဘီလူးများကို ရွေးချယ်လာနိုင်သည်။

ပြုလုပ်ရန်လိုအပ်သော အခြေအနေများ

အောက်ပါအခြေအနေများ ကြုံတွေ့ရပါက ခွဲစိတ်ကုသရန် စဉ်းစားသင့်သည်။

  • အတွင်းတိမ်ရှိနေသောကြောင့် နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရန် ခက်ခဲခြင်း
    (ဥပမာ _ ကားမောင်းခြင်း၊ စာဖတ်ခြင်း၊ လှေကားတက်ခြင်း)
  • အမြင်အာရုံ ဝေဝါးခြင်းကြောင့် ညဘက်တွင် ကားမောင်းရန် အလွန်ခက်ခဲလာခြင်း သို့မဟုတ် မီးရောင်များကို ကြည့်ပါက ဘေးတွင် အရောင်အဝါများ ဝိုင်းနေသကဲ့သို့ မြင်ရခြင်း
  • အခြားမျက်စိပြဿနာများကို ကုသရာတွင် အနှောင့်အယှက်ဖြစ်စေခြင်း
    (ဥပမာ _ အတွင်းတိမ်ရှိနေသဖြင့် အသက်အရွယ်နှင့်ဆိုင်သော အခြားမျက်စိပြဿနာများ၊ ဆီးချိုကြောင့်ဖြစ်သော မြင်လွှာရောဂါများအား စစ်ဆေးရန် ခက်ခဲခြင်း)
  • မျက်စိအတွင်း ရေတိမ်တက်လာနိုင်ခြေရှိခြင်း သို့မဟုတ် အတွင်းတိမ်ကြောင့် မျက်စိအတွင်း ရောင်ရမ်းမှုများ ဖြစ်ပေါ်လာခြင်း

ယခုအခါ ခေတ်မီနည်းပညာများအရ အလွန်နုသော အတွင်းတိမ်များကိုပင် ဘေးကင်းစွာ ခွဲစိတ်နိုင်ပြီ ဖြစ်သောကြောင့် လူနာ၏ လူမှုဘဝအရည်အသွေး (Quality of Life) ကို မူတည်၍ စောစီးစွာ အတွင်းတိမ်ခွဲစိတ်မှုကို ပြုလုပ်လာကြသည်။

ကြိုတင်သိရှိထားရမည့်အချက်များ

ခွဲစိတ်မှုမပြုလုပ်မီတွင် မျက်စိဆရာဝန်မှ ကြိုတင်စစ်ဆေးမှုများ ပြုလုပ်မည်။ မျက်စိအခြေအနေ စစ်ဆေးခြင်း၊ ခွဲစိတ်မှုမပြုလုပ်သင့်သည့် လက္ခဏာများ ရှိမရှိ စစ်ဆေးခြင်း၊ နောက်ဆက်တွဲပြဿနာများကို ပိုမိုဆိုးစေမည့်အချက်များ ရှိမရှိ ဆုံးဖြတ်ခြင်း၊ သုံးရမည့်မှန်ဘီလူးအတွက် မှန်ကန်သော ပါဝါဖြစ်‌စေရန် တိုင်းတာခြင်း၊ မျက်စဥ်းအသုံးပြုရန် လိုအပ်ခြင်း စသည်တို့ကို စစ်ဆေးမည်။

ထို့အပြင် လူနာအားခွဲစိတ်နေစဥ်အတွင်း ဖြစ်နိုင်ခြေရှိသော ပြဿနာများ (Intraoperative Complications)၊ ခွဲစိတ်ခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုးများ၊ ပြန်ကောင်းရန် ကြာချိန်နှင့် နေ့စဉ်လုပ်ငန်းများ ပြန်လုပ်နိုင်ရန် ကြာချိန် အစရှိသည်တို့ကိုလည်း ရှင်းပြပေး၍ ခွဲစိတ်ရန် သဘောတူညီမှု တောင်းမည်ဖြစ်သည်။

ကုသပုံအဆင့်ဆင့်

အတွင်းတိမ်ခွဲစိတ်မှုအား ပြင်ပလူနာအနေဖြင့် ပြုလုပ်နိုင်သည်။ အတွင်းတိမ် ခွဲစိတ်ကုသနိုင်သည့် အဓိကနည်းလမ်း (၂) မျိုးရှိသည်။

  1. အာထရာဆောင်းလှိုင်းများသုံး၍ အတွင်းတိမ်ခွဲစိတ်ကုသနည်း (Phacoemulsification)
    ထုံဆေးမျက်စဉ်းခတ်ခြင်းဖြင့် မျက်လုံးထုံကျဥ်စေရန် ပြုလုပ်သည်။ ခွဲစိတ်နေစဉ်အတွင်း နိုးနေသောကြောင့် အလင်းရောင်နှင့် လှုပ်ရှားမှုများအား မြင်နေရမည်ဖြစ်သည်။
    • မျက်ကြည်လွှာတွင် ခွဲစိတ်ခန်းသုံးဓား သို့မဟုတ် လေဆာ အသုံးပြု၍ သေးငယ်သောခွဲကြောင်း ပြုလုပ်သည်၊ ယေဘုယျအားဖြင့် ထိုခွဲကြောင်းအား ပြန်ချုပ်ရန်မလိုပါ
    • တိမ်စွဲနေသောမှန်ဘီလူးအား အာထရာဆောင်းလှိုင်းများသုံး၍ ချေဖျက်ပြီး စုပ်ထုတ်မည်
    • ထို့နောက် ထိုခွဲကြောင်းမှပင် ခေါက်၍ထည့်နိုင်သော အစားထိုးမှန်ဘီလူးအသစ် (Foldable IOL) အား ပြန်ထည့်မည်ဖြစ်သည်
    • ခွဲစိတ်လဲလှယ်မှု ပြီးသွားသောအခါတွင် မျက်လုံးကို အကာဖြင့် ပြန်အုပ်ပေးရမည်
  2. မှန်ဘီလူးအလုံးလိုက်ထုတ်၍ အတွင်းတိမ်ခွဲစိတ်ကုသနည်း (Manual Cataract Surgery)
    • မျက်စိအဖြူသား (Sclera) ပေါ်တွင် ခွဲစိတ်ဓားဖြင့် ခွဲကြောင်းပေး၍ တိမ်စွဲနေသော မှန်ဘီလူးကို အလုံးလိုက် (In one piece) ထုတ်ခြင်းဖြစ်သည်
    • မှန်ဘီလူးထုတ်ပြီးနောက် အစားထိုးမှန်ဘီလူးအမာ ပြန်ထည့်ပေးရသည်
    • မျက်ဖြူသားပေါ်ရှိ ခွဲကြောင်းအား ချုပ်ကြိုးထည့်ရန် လိုအပ်သည်
    • ဤနည်းဖြင့် ခွဲစိတ်ပါက မျက်လုံးတစ်ဝိုက် ထုံဆေးထိုးရန် လိုအပ်သည်
    • ဤနည်းသည် ခွဲကြောင်းဒဏ်ရာကြီးသောကြောင့် ခွဲစိတ်ပြီး ပိုမိုဂရုစိုက်ရန် လိုအပ်သည်၊ အလွန်ရင့်သော အတွင်းတိမ်များကိုသာ ဤနည်းလမ်းဖြင့် ခွဲစိတ်လေ့ရှိသည်
ခေတ်မီခွဲစိတ်နည်းပညာသစ်
  • Femtosecond Laser-Assisted Cataract Surgery (FLACS)
    ခွဲစိတ်ဓားကို အသုံးမပြုဘဲ လေဆာဖြင့် မျက်ကြည်လွှာကို ခွဲကြောင်းပေးခြင်းနှင့် အတွင်းတိမ်ကို ချေဖျက်ခြင်းဖြစ်သည်။ ၎င်းသည် ခွဲစိတ်မှုကို ပိုမိုတိကျစေပြီး တစ်ရှူးများ ထိခိုက်မှုကို အနည်းဆုံးဖြစ်စေသည်။

အထက်ပါခွဲစိတ်မှုများသည် ယေဘုယျအားဖြင့် မိနစ် (၃၀) ခန့် ကြာနိုင်သည်။ ခွဲစိတ်မှုပြီးသည့်နောက် မိနစ် (၃၀) ခန့် စောင့်ကြည့်၍ ပြဿနာမရှိလျှင် အိမ်သို့ ပြန်နိုင်သည်။ ခွဲစိတ်ပြီးနောက် အမြင်အာရုံသည် အနည်းငယ်ဝေဝါးနေနိုင်သည်၊ ထိုသို့ဖြစ်ခြင်းသည် ပုံမှန်ပင် ဖြစ်သည်။ ရက်အနည်းငယ်ကြာပြီးနောက် အမြင်အာရုံ တဖြည်းဖြည်း တိုးတက်လာမည်ဖြစ်သည်။

ခဏတာခံစားရနိုင်သော ပြဿနာများမှာ_

  • မျက်စိတွင် ခိုးလိုးခုလု ဖြစ်နေခြင်း
  • မျက်စိရဲခြင်း၊ မျက်ရည်ကျခြင်းတို့ဖြစ်သည်။
Cataract surgery image 1
ခွဲစိတ်မှု၏ ကောင်းကျိုးများ

ခွဲစိတ်ခြင်းသည်သာ တိမ်စွဲခြင်းကို ဖယ်ရှားနိုင်ပြီး အမြင်အာရုံပြတ်သားစေသည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ခွဲစိတ်ပြီးနောက် အောက်ပါကောင်းကျိုးများ ရရှိနိုင်သည်။

  • အမြင်အာရုံ ကြည်လင်ပြတ်သားလာခြင်း
  • စူးရှသောအလင်းရောင်ကို ပိုမိုခံနိုင်ရည်ရှိလာခြင်း
  • အရောင်များကို ပို၍ထင်ရှားစိုပြည်စွာ မြင်ရခြင်း
  • အချို့တွင် မျက်မှန်အသုံးပြုရန် လိုအပ်ချက် နည်းပါးသွားခြင်း
  • လူမှုဘဝအရည်အသွေး တိုးတက်လာပြီး နေ့စဉ်လုပ်ငန်းဆောင်တာများကို ကိုယ်တိုင် ယုံကြည်မှုရှိရှိ လုပ်ဆောင်နိုင်ခြင်း
ဖြစ်နိုင်ခြေရှိသော ပြဿနာများနှင့် နောက်ဆက်တွဲဆိုးကျိုးများ

အတွင်းတိမ်ခွဲစိတ်ခြင်းသည် ဘေးကင်းသော ကုသမှုတစ်ခုဖြစ်သော်လည်း အချို့သော လူနာများတွင် ခွဲစိတ်နေစဉ်အတွင်း သော်လည်းကောင်း၊ ခွဲစိတ်ပြီးနောက် သော်လည်းကောင်း အောက်ပါပြဿနာများ ကြုံတွေ့ရနိုင်သည်။

ခွဲစိတ်နေစဉ်အတွင်း ဖြစ်ပွါးနိုင်သော ပြဿနာများ

  • မှန်ဘီလူးအမြှေးအိတ်ပေါက်ခြင်း (Posterior Capsule Rupture)
  • တိမ်စွဲနေသော မှန်ဘီလူးတစ်ခုလုံး သို့မဟုတ် အပိုင်းအစများ မျက်လုံးနောက်ခန်းအတွင်းသို့ ပြုတ်ကျခြင်း (Lens Drop)
  • ဤအခြေအနေများတွင် ခွဲစိတ်နေစဉ်အတွင်း ချက်ချင်းပြုပြင်၍ မရနိုင်ပါက နောက်တစ်ကြိမ် ပြန်လည်ခွဲစိတ် ကုသရနိုင်သည်၊ သို့သော် ဤပြဿနာများသည် ဖြစ်နိုင်ခြေ အလွန်နည်းပါးသည်

ခွဲစိတ်ပြီးနောက် ခံစားရနိုင်သော ပြဿနာများ

  • မျက်လုံးရောင်ခြင်း၊ သွေးထွက်ခြင်းနှင့် မျက်လုံးနာခြင်း
  • မျက်လုံးပိုးဝင်ခြင်း
  • ထည့်ထားသည့် မှန်ဘီလူး နေရာရွေ့သွားခြင်း
  • မြင်လွှာရောင်ရမ်းခြင်း သို့မဟုတ် မြင်လွှာကွာခြင်း
  • အမြင်အာရုံ ပြန်လည်ဝေဝါးလာခြင်း (Posterior Capsule Opacification) – ၎င်းကို နောက်ပိုင်းတွင် လေဆာပစ်၍ လွယ်ကူစွာ ပြန်လည်ကုသနိုင်သည်။

ခွဲစိတ်ပြီးပိုး၀င်သည့် လက္ခဏာများ

  • မျက်စိခွဲစိတ်ပြီးနောက် မျက်လုံးအတွင်း ပိုး၀င်ခြင်းသည် ဖြစ်နိုင်ခြေ အလွန်နည်းသည်
  • မျက်စိခွဲစိတ်ပြီးနောက် မျက်စိနီခြင်း၊ ကိုက်ခြင်း၊ မှုန်ခြင်းစသည့် လက္ခဏာများ ခံစားရပါက မျက်စိဆရာ၀န်ထံ ချက်ခြင်းပြန်လည်ပြသရမည်
  • ခွဲစိတ်ပြီး မျက်လုံးအတွင်း ပိုး၀င်ခြင်းဖြစ်ပါက အမြင်အာရုံမကွယ်စေရန် ချက်ချင်းဆေးကုသရန် လိုအပ်သည်။
လိုက်နာဆောင်ရွက်ရမည့်အချက်များ
ဆောင်ရန်များ
  • မျက်စဉ်းဆေးများကို ဆရာဝန်ညွှန်ကြားချက်အတိုင်း တိကျစွာ ခပ်ရန်
  • မျက်စဉ်းမခပ်ခင်တွင် လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောရန်
  • ခွဲစိတ်ပြီး ပထမ (၃) ရက်ခန့်အထိ လှုပ်ရှားမှုများကို ဖြည်းဖြည်းသက်သာ ပြုမူရန်
  • ညအိပ်ချိန်တွင် အနည်းဆုံး (၁) ပတ်ခန့် မျက်စိအကာ (Eye Shield) တပ်ဆင်ရန်
  • အပြင်ထွက်လျှင် မျက်လုံးအကာ သို့မဟုတ် နေကာမျက်မှန် အသုံးပြုရန်
  • ဆရာဝန်နှင့် ရက်ချိန်းအတိုင်း ပုံမှန်ပြန်လည်ပြသရန်
  • မျက်စိနီခြင်း၊ မှုန်ခြင်း၊ ကိုက်ခြင်းစသည်ဖြင့် ထူးခြားမှုတစ်ခုခုရှိပါက ချက်ခြင်းပြန်ပြရန်
ရှောင်ရန်များ
  • မျက်လုံးကို ပွတ်ခြင်း၊ ကုတ်ခြင်း သို့မဟုတ် ဖိခြင်းများ လုံးဝမပြုလုပ်ရန်
  • ခွဲစိတ်ပြီးနောက် (၂) ပတ် မှ (၄) ပတ်ခန့်အထိ မျက်လုံးအတွင်းသို့ ရေ၊ ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်များ တိုက်ရိုက်မဝင်စေရန် သတိထားရန်
  • ပြင်းထန်သော လေ့ကျင့်ခန်းများလုပ်ခြင်းနှင့် အလေးအပင်မခြင်းများကို ရှောင်ကြဉ်ရန်
  • ဆရာဝန်၏ ခွင့်ပြုချက်မရှိဘဲ ကားမောင်းခြင်း၊ လေယာဉ်စီးခြင်း မပြုလုပ်ရန်
  • ဆံပင်ဆေးဆိုးခြင်း၊ မျက်လုံးတွင် မိတ်ကပ်လိမ်းခြင်းအား အနည်းဆုံး (၁) လခန့် ရှောင်ကြည်ရမည်
  • ရေကူးခြင်းအား အနည်းဆုံး (၁) လခန့် ရှောင်ကြဥ်ရမည် (၁) လခန့် ရှောင်ကြည်ရမည်
  • ရေကူးခြင်းအား အနည်းဆုံး (၁) လခန့် ရှောင်ကြဥ်ရမည်
ပြောင်းလဲတိုးတက်မှုများ
  • AI-Driven IOL Calculation
    အစားထိုးမှန်ဘီလူးပါဝါ ရွေးချယ်ရာတွင် Artificial Intelligence (AI) နည်းပညာကို အသုံးပြု၍ လူနာအတွက် အသင့်တော်ဆုံးနှင့် အတိကျဆုံး အမြင်အာရုံရရှိစေရန် အစားထိုးမှန်ဘီလူးပါဝါ တွက်ချက်ပေးနိုင်သည်။
  • Dropless Cataract Surgery
    အချို့သော ခေတ်မီခွဲစိတ်မှုများတွင် ခွဲစိတ်နေစဉ်အတွင်း မျက်လုံးအတွင်းသို့ ဆေးဝါးများ ကြိုတင်ထည့်သွင်းထားခြင်းကြောင့် ခွဲစိတ်ပြီးနောက် လူနာကိုယ်တိုင် မျက်စဉ်းခပ်ရန် လိုအပ်ချက်ကို လျှော့ချပေးနိုင်သည်။
    • Intracameral medications
      ခွဲစိတ်မှုအပြီးတွင် မျက်လုံးအတွင်းသို့ ပဋိဇီဝပိုးသတ်ဆေးများ (Intracameral antibiotics) တိုက်ရိုက်ထည့်သွင်းခြင်းဖြင့် ခွဲစိတ်ပြီးနောက် ပိုးဝင်နိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်သည်၊ ပိုးသတ်ဆေးများအပြင် အနာသက်သာဆေးများနှင့် စတီးရွိုက်ဆေးများပါ ပေါင်းစပ်ထားသော Compounded Formulations ဆေးဝါးများကိုပါ ပေးနိုင်သည်။

References:

  1. American Academy of Ophthalmology. (n.d.). What is cataract surgery? Retrieved January 9, 2025, from https://www.aao.org/eye-health/diseases/what-is-cataract-surgery
  2. American Academy of Ophthalmology. (n.d.). Dropless cataract surgery: Steps toward a new path. Retrieved January 9, 2025, from https://www.aao.org/young-ophthalmologists/yo-info/article/dropless-cataract-surgery-steps-toward-a-new-path
  3. Cleveland Clinic. (n.d.). Cataract surgery. Retrieved January 9, 2025, from https://my.clevelandclinic.org/health/treatments/21472-cataract-surgery
  4. EyeWiki. (n.d.). Intracameral medications following cataract surgery. Retrieved January 9, 2025, from https://eyewiki.org/Intracameral_Medications_Following_Cataract_Surgery
  5. Grzybowski, A. (2020). Recent developments in cataract surgery. Annals of Translational Medicine, 8(22), 1540. https://doi.org/10.21037/atm-2020-rcs-16
  6. Mayo Clinic. (n.d.). Cataract surgery. Retrieved January 9, 2025, from https://www.mayoclinic.org/tests-procedures/cataract-surgery/about/pac-20384765
  7. Medical News Today. (n.d.). Do’s and don’ts after cataract surgery. Retrieved January 9, 2025, from https://www.medicalnewstoday.com/articles/do-and-don-t-after-cataract-surgery
  8. Ophthalmology Advisor. (n.d.). AI outperforms traditional IOL calculation formulas in highly myopic eyes. Retrieved January 9, 2025, from https://www.ophthalmologyadvisor.com/news/ai-outperforms-traditional-iol-calculation-formulas-in-highly-myopic-eyes/
  9. Titiyal, J. S., & Kaur, M. (2020). Role of intracameral antibiotics in endophthalmitis prophylaxis following cataract surgery. Indian Journal of Ophthalmology, 68(5), 688–691. https://doi.org/10.4103/ijo.IJO_195_20
  10. WebMD. (n.d.). What to expect from cataract surgery. Retrieved January 9, 2025, from https://www.webmd.com/eye-health/cataracts/what-to-expect-from-cataract-surgery

Published: 11 January 2025

Last updated: 29 January 2026

Share

26 January 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.