Pap Smear (သားအိမ်ခေါင်း အချွဲမြှေးစစ်ခြင်း)

Pap Smear (သားအိမ်ခေါင်း အချွဲမြှေးစစ်ခြင်း)

သားအိမ်ခေါင်း အချွဲမြှေးစစ်ခြင်း (Pap smear) ဆိုသည်မှာ ‌သားအိမ်ခေါင်းရှိ ဆဲလ်များ ပုံမှန်အတိုင်း ရှိမရှိ စစ်ဆေးခြင်းဖြစ်သည်။ သားအိမ်ခေါင်း အချွဲမြှေးစစ်ဆေးခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာကို စောစီးစွာ တွေ့ရှိနိုင်သောကြောင့် ပျောက်ကင်းအောင် ကုသနိုင်ခြေများသည်။ ကင်ဆာဆဲလ်များအဖြစ် မပြောင်းလဲသေးသော ပုံမှန်မဟုတ်သည့်ဆဲလ်များကို တွေ့လျှင်လည်း ကုသနိုင်သဖြင့် ကင်ဆာဖြစ်ပေါ်မှုကိုလည်း ကာကွယ်နိုင်သည်။

ပြုလုပ်ရန်လိုအပ်သော အခြေအနေများ

သားအိမ်ထုတ်ထားခြင်းမရှိသည့် အရွယ်ရောက်ပြီးသူ၊ လိင်ဆက်ဆံဖူးသူ မည်သူမဆို သားအိမ်ခေါင်း အချွဲမြှေးစစ်ခြင်းကို ပြုလုပ်သင့်သည်။ သားအိမ်ခေါင်း အချွဲမြှေးစစ်ဆေးခြင်းနှင့်အတူ ကြွက်နို့ဗိုင်းရပ်စ်ပိုး (Human Papillomavirus – HPV) ရှိမရှိကိုပါ တစ်ပါတည်း စစ်ဆေးနိုင်သည်။ ကြွက်နို့ဗိုင်းရပ်စ်ပိုးသည် လိင်ဆက်ဆံရာမှ ကူးစက်နိုင်ပြီး သားအိမ်ခေါင်းကင်ဆာအများစုကို ဖြစ်စေသည်။

သားအိမ်ခေါင်း အချွဲမြှေးစစ်ဆေးခြင်းသည် အမျိုးသမီးများ၏ အသက်အရွယ်ပေါ် မူတည်သည်။

  • အသက် (၂၁)နှစ် အရွယ်ရောက်လျှင် သားအိမ်ခေါင်း အချွဲမြှေးစစ်ဆေးခြင်းကို စတင်နိုင်ပြီး အဖြေပုံမှန်ဖြစ်ပါက (၃) နှစ်ခြားပြီးတိုင်း ထပ်မံစစ်ဆေးရသည်
  • သားအိမ်ခေါင်း အချွဲမြှေးစစ်ဆေးခြင်းနှင့်အတူ ကြွက်နို့ဗိုင်းရပ်စ်ပိုး (Human Papillomavirus – HPV) ရှိမရှိ စစ်ဆေးခြင်းကို အသက် (၃၀) နှစ်အရွယ်မှစ၍ အတူတကွ တွဲ၍စစ်ဆေးနိုင်သည်၊ အဖြေပုံမှန်ဖြစ်ပါက (၅) နှစ်ခြားပြီးတိုင်း ထပ်မံစစ်ဆေးရသည်
  • သားအိမ်ခေါင်း အချွဲမြှေးစစ်ဆေးမှု (၃) နှစ်ခြား ပုံမှန်အဖြေ (၃) ကြိမ်ရှိလျှင် သို့မဟုတ် သားအိမ်ခေါင်း အချွဲမြှေးစစ်ဆေးခြင်းနှင့်အတူ ကြွက်နို့ဗိုင်းရပ်စ်ပိုး ရှိမရှိ စစ်ဆေးခြင်း (၅) နှစ်ခြား ပုံမှန်အဖြေ (၂) ကြိမ်ရှိလျှင် အသက် (၆၅) နှစ် ကျော်လွန်ပါက သားအိမ်ခေါင်းကင်ဆာ ကြိုတင်စစ်ဆေးခြင်းကို ရပ်နိုင်သည်
  • သားအိမ်နှင့်သားအိမ်ခေါင်း ခွဲစိတ်ဖယ်ရှားထားရသော အမျိုးသမီးများတွင် ကင်ဆာကြောင့် ဖယ်ရှားထားခြင်းမဟုတ်လျှင် သားအိမ်ခေါင်း အချွဲမြှေးစစ်ဆေးခြင်း ပြုလုပ်ရန် မလိုအပ်ပါ
  • သားအိမ်ခေါင်း အချွဲမြှေးစစ်ဆေးခြင်းကို ပုံမှန်ထက် မကြာခဏပြုလုပ်ရန် လိုအပ်သော အခြေအနေများမှာ_
    • သားအိမ်ခေါင်းကင်ဆာကြောင့် ခွဲစိတ်ထားဖူးသူများ
    • သားအိမ်ခေါင်း အချွဲမြှေးစစ်ဆေးခြင်းတွင် ကင်ဆာမတိုင်မီအဆင့်ရှိ ဆဲလ်များပါရှိသူများ
    • အိတ်ချ်အိုင်ဗွီရောဂါပိုးရှိသူများ
    • ခန္ဓာကိုယ်ခုခံအားကျဆင်းနေသောသူများ စသည်တို့ဖြစ်သည်။
ကြိုတင်သိထားရမည့်အချက်များ
  • သားအိမ်ခေါင်း အချွဲမြှေးစစ်ဆေးခြင်းသည် သားအိမ်ခေါင်းကင်ဆာနှင့် ကင်ဆာမတိုင်မီ အကြိုဖြစ်ပေါ်နေသော အခြေအနေကို သိရှိရန် စိတ်ချရသော စစ်ဆေးမှုတစ်ခုဖြစ်သော်လည်း တစ်ခါတစ်ရံ သားအိမ်ခေါင်းတွင် ကင်ဆာဆဲလ်များရှိနေပြီး၊ စစ်ဆေးရန် ယူလိုက်သော အချွဲမြှေးတွင် ကင်ဆာဆဲလ်မပါလာတတ်သည်လည်း ရှိနိုင်သည်၊ အောက်ပါအခြေအနေများတွင် ထိုသို့တွေ့ရတတ်သည်
    • အချွဲမြှေးတွင် ဆဲလ်များ အလွန်နည်းပါးစွာ ပါရှိခြင်း
    • အချွဲမြှေးတွင် ဆဲလ်များ ပါရှိသော်လည်း ရောဂါရှိကြောင်းပြသသော ဆဲလ်များ အလွန်နည်းပါးစွာ ပါရှိခြင်း
    • မိန်းမကိုယ်ကို ဆေးရည်ဖြင့် သန့်ရှင်းရေးပြုလုပ်တတ်သော အလေ့အကျင့်ရှိသည့် အမျိုးသမီးများတွင် ရောဂါရှိသောဆဲလ်များကို ဆေးကြောလိုက်သကဲ့သို့ ဖြစ်သွားခြင်း
  • သားအိမ်ခေါင်းကင်ဆာဖြစ်ပေါ်ရန် နှစ်ပေါင်းများစွာ အချိန်ယူလေ့ရှိသည်၊ တစ်ကြိမ်စစ်ဆေးမှုတွင် ရောဂါလဏ္ခာမတွေ့သော်လည်း နောက်တစ်ကြိမ်စစ်ဆေးမှုတွင် တွေ့ရနိုင်သည်၊ တစ်ကြိမ်စစ်ဆေးရုံဖြင့် ရောဂါမရှိဟု အမြဲတမ်းမသတ်မှတ်နိုင်သောကြောင့် ပုံမှန်စစ်ဆေးရန်လိုသည်
  • သားအိမ်ခေါင်း အချွဲမြှေးစစ်ဆေးရန်အတွက် လိင်ဆက်ဆံခြင်း၊ မိန်းမကိုယ်ကို ဆေးဖြင့်သန့်ရှင်း‌ရေးပြုလုပ်ခြင်း၊ မိန်းမကိုယ်တွင်းထည့်သော ဆေးပြားများ၊ သုက်ပိုးသေစေသော ဆေးများ၊ အရည်အပျစ်များ၊ ဂျယ်လီများအသုံးပြုခြင်းကို (၂) ရက် ရှောင်ကြဥ်ရမည်
  • ပုံမှန်ရာသီသွေးပေါ်နေသည့်အချိန်တွင် သားအိမ်ခေါင်း အချွဲမြှေးစစ်ဆေးခြင်းကို ရှောင်ကြဥ်ရမည် ဖြစ်သော်လည်း ပုံမှန်မဟုတ်ဘဲ သွေးဆင်းခြင်းများတွင် သားအိမ်ခေါင်း အချွဲမြှေးစစ်ဆေးခြင်းကို ပြုလုပ်နိုင်သည်
စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်
  • သားအိမ်ခေါင်း အချွဲမြှေးစစ်ဆေးခြင်းကို ပြင်ပလူနာစမ်းသပ်စစ်ဆေးခန်းတွင် ပြုလုပ်နိုင်ပြီး နာကျင်မှုမရှိစေဘဲ စစ်ဆေးချိန်မှာလည်း မိနစ်အနည်းငယ်သာ ကြာတတ်သည်၊ စစ်ဆေးမှုပြုရန်အတွက် အတွင်းခံဝတ်ဆင်ထားခြင်း မပြုရပါ
  • အမျိုးသမီးရောဂါအတွက် စမ်းသပ်စစ်ဆေးရန် အထူးပြုလုပ်ထားသော ခုတင်ပေါ်တွင် ဒူးကွေးပေါင်ကား အနေအထားဖြင့် လဲလျောင်းနေရမည်
  • သက်ဆိုင်ရာဆရာဝန်မှ ဘဲနှုတ်သီးဟုခေါ်သော စမ်းသပ်ကိရိယာ (Speculum) ဖြင့် မိန်းမကိုယ်အတွင်းသို့ ညင်သာစွာထည့်၍ သားအိမ်ခေါင်းကို ကြည့်မည်
  • ထို့နောက် အမွှေးနုနုပါသော အတံ သို့မဟုတ် သစ်သားတံဖြင့် သားအိမ်ခေါင်းရှိ ဆဲလ်များပါအောင် အချွဲမြှေးကို ယူမည်၊ ထိုသို့ယူသည့်အခါ သွေးအနည်းငယ် ဆင်းတတ်သည်
  • အချွဲမြှေး ယူလိုက်သောအတံကို အထူးပြုလုပ်ထားသော အရည်ပါသည့် ခွက်ထဲသို့ထည့်၍ ဓာတ်ခွဲခန်းသို့ပို့မည်
  • ဓာတ်ခွဲခန်းတွင် အဏုကြည့်မှန်ဘီလူးအောက်၌ သားအိမ်ခေါင်းကင်ဆာဆဲလ် သို့မဟုတ် ကင်ဆာဖြစ်စေနိုင်သောဆဲလ်များ ပါမပါ စစ်ဆေးမည်ဖြစ်သည်။
Pap smear image1
သိရှိနိုင်သောအဖြေများ

စစ်ဆေးထားသော သားအိမ်ခေါင်း အချွဲမြှေး အဖြေရရန် အချိန်တစ်ပတ်ခန့်ကြာနိုင်သည်။ ထွက်ပေါ်လာနိုင်သောအဖြေများမှာ_

  1. ရောဂါကင်းစင်သောသားအိမ်ခေါင်း (negative result)
    • သားအိမ်ခေါင်း အချွဲမြှေးစစ်ဆေးရာတွင် ပုံမှန်ကျန်းမာသန်စွမ်းသော ဆဲလ်များသာ တွေ့ရသည်၊ နောက်တစ်ကြိမ်ထပ်မံ စစ်ဆေးသည်အထိ ဆေးကုသရန်မလိုပါ
  2. ပုံမှန်မဟုတ်သော သားအိမ်ခေါင်းမျက်နှာပြင်ဆဲလ်များ တွေ့ရှိခြင်း [atypical squamous cells of undetermined significance (ASC-US)]
    • သားအိမ်ခေါင်း အချွဲမြှေးစစ်ဆေးရာတွင် သားအိမ်ခေါင်းမျက်နှာပြင်မှ ဖြစ်ပေါ်လာသော၊ ပုံမှန်နှင့်မတူသည့် ဆဲလ်များတွေ့ရလျှင် ကြွက်နို့ဗိုင်းရပ်စ်ပိုး (Human papilloma virus infection) ကို စစ်ဆေးသင့်သည်၊ သားအိမ်‌ခေါင်းကင်ဆာ ဖြစ်စေနိုင်သော အန္တရာယ်ရှိသည့် ကြွက်နို့ဗိုင်းရပ်စ်ပိုးတွေ့ရှိရပါက နောက်ထပ်စစ်ဆေးမှု ပြုလုပ်ရန် လိုအပ်ပြီး၊ အန္တရာယ်မရှိသည့် ကြွက်နို့ ဗိုင်းရပ်စ်ပိုးတွေ့ရှိလျှင်မူ ဆက်လက်စောင့်ကြည့်ရန်သာ လိုအပ်သည်
  3. ကင်ဆာအကြိုဆဲလ်များတွေ့ရှိခြင်း (squamous intraepithelial lesion – SIL)
    • သားအိမ်ခေါင်း အချွဲမြှေးစစ်ဆေးရာတွင် တွေ့ရှိရသည့် ကင်ဆာအကြိုဆဲလ်များသည် ကင်ဆာဖြစ်နိုင်ခြေများသော ဆဲလ်သော်လည်းကောင်း၊ ကင်ဆာဖြစ်နိုင်ခြေနည်းသော ဆဲလ်သော်လည်းကောင်း ဖြစ်နိုင်သည်
    • ကင်ဆာဖြစ်နိုင်ခြေနည်းသော ဆဲလ်များသည် ကြွက်နို့ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်နိုင်သဖြင့် ပုံမှန်ဆဲလ်အဖြစ်သို့ ပြန်ရောက်နိုင်သည်၊ ကင်ဆာဖြစ်နိုင်ခြေများသော ဆဲလ်များတွေ့ရှိရပါက နောက်ထပ်စစ်ဆေးမှု ပြုလုပ်ရန် လိုအပ်သည်
  4. ပုံမှန်မဟုတ်သော အကျိတ်ဆဲလ်များတွေ့ရှိခြင်း (atypical glandular cells)
    • အကျိတ်ဆဲလ်များသည် သားအိမ်ခေါင်းတွင်တွေ့ရသည့် အခြားသောဆဲလ်တစ်မျိုးဖြစ်သည်၊ ပုံမှန်မဟုတ်သော အကျိတ်ဆဲလ်များတွေ့ရှိရပါက နောက်ထပ်စစ်ဆေးမှုပြုလုပ်ရန် လိုအပ်သည်
  5. ကင်ဆာဆဲလ်တွေ့ရှိခြင်း (squamous cell cancer or adenocarcinoma cells)
    • သားအိမ်ခေါင်း အချွဲမြှေးစစ်ဆေးရာတွင် သားအိမ်ခေါင်းမျက်နှာပြင်မှ ဖြစ်ပေါ်လာသော ကင်ဆာဆဲလ် (squamous cell cancer) သို့မဟုတ် အကျိတ်ဆဲလ်မှ ပြောင်းလဲလာသော ကင်ဆာဆဲလ် (adenocarcinoma cells) ဟူ၍ (၂) မျိုးတွေ့နိုင်သည်၊ မည်သည့်ကင်ဆာဆဲလ် အမျိုးအစား တွေ့နေသည်ဖြစ်စေ ကင်ဆာဖြစ်ကြောင်း သေချာစေရန် နောက်ထပ်စစ်ဆေးမှုအနေဖြင့် သားအိမ်ခေါင်းကို မှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးခြင်း (colposcopy) ပြုလုပ်ရန် လိုအပ်သည်
နောက်ဆက်တွဲဆိုးကျိုးများ

သားအိမ်ခေါင်း အချွဲမြှေး စစ်ဆေးခြင်းကြောင့် သွေးအနည်းငယ် ဆင်းတတ်သည်မှလွဲ၍ နောက်ဆက်တွဲဆိုးကျိုးများ မရှိပါ။

ဆက်လက်ဖတ်ရှုရန်

Reference:

  1. Mayo Clinic. (n.d.). Pap smear: About the test. Retrieved December 26, 2025, from https://www.mayoclinic.org/tests-procedures/pap-smear/about/pac-20394841

Published: 16 December 2024

Last updated: 14 January 2026

Share

26 December 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.