မီးချောင်းပြကုထုံး (Phototherapy) သည် မွေးကင်းစအသားဝါကလေးများတွင် အသုံးပြုသော ကုသမှုဖြစ်သည်။ မွေးကင်းစကလေး အသားဝါခြင်း (Neonatal jaundice) သည် သွေးထဲတွင် ဘီလီရူဘင် (Bilirubin) အဝါရောင်ခြယ်ပစ္စည်းများ များပြားနေခြင်းကြောင့် အရေပြား၊ မျက်လုံး စသော နေရာများတွင် စုပုံလာပြီး အသားဝါခြင်းဖြစ်သည်။ လမစေ့ဘဲမွေးသော ကလေးများ၏ (၈၀%)၊ ပုံမှန်ကလေးများ၏ (၆၀%) သည် အသားဝါတတ်ကြသည်။
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
- ကလေး၏ အသားရောင်ကို အလင်းရောင်အောက်တွင် ကြည့်ရှုစစ်ဆေးပါက ဝမ်းဗိုက်နှင့် ခြေထောက်အထိ ဝါနေလျှင် (သို့သော် သွေးတွင်းအဝါဓာတ်အဖြေနှင့်မတူဘဲ တိကျမှုနည်းသည်)
- သွေးတွင်းအဝါဓာတ်စစ်ဆေးခြင်း အဖြေတွင် ကလေး၏ အသက်၊ ကိုယ်အလေးချိန်အလိုက် သက်ဆိုင်သော အဝါဓာတ်ပမာဏစံပြုဇယားတွင် ပုံမှန်ရှိသင့်သည့် ပမာဏထက်အလွန်များလျှင်
- သွေးတွင်းအဝါဓာတ်ကို (၄-၆) နာရီခြား အကြိမ်ကြိမ် စစ်ဆေးရာတွင် အဝါဓာတ် မြင့်တက်နှုန်း အလွန်မြန်လာလျှင် မီးချောင်းပြကုထုံးပေးရန် လိုအပ်နိုင်သည်။
အဝါဓာတ်များ အလွန်များပြားလာပါက ဦးနှောက်တွင် အဝါဓာတ်စွဲကာ ဦးနှောက်အာရုံကြောပြဿနာများ ဖြစ်နိုင်ရုံမက အသက်အန္တရာယ်ပါ ရှိနိုင်သဖြင့် အချိန်မီကုသမှု လိုအပ်သည်။ ထိုအချိန်တွင် မီးချောင်းပြကုထုံးကို အသုံးပြုရသည့်အပြင် လိုအပ်ပါက သွေးလဲကုသမှု (Exchange transfusion) ကိုပါ ဆက်လက်၍ ပူးတွဲပြုလုပ်ရသည်။
မီးချောင်းပြကုထုံး၏မူလရာဇဝင်
(၁၉၅၀) ပြည့်နှစ်နှောင်းပိုင်း ကာလများတွင် မွေးကင်းစကလေးများ အသားဝါခြင်း ဖြစ်ပွါးကြရာတွင် အလင်းစွမ်းအင်၏ သွေးတွင်းအဝါဓာတ်လျှော့ချနိုင်စွမ်းကို ပညာရှင်များ အမှတ်မထင်တွေ့ရှိခဲ့သည်။ ထိုအချိန်မှစ၍ ကုထုံးများ အဆင့်ဆင့် ပြောင်းလဲတိုးတက်လာခဲ့ပြီး၊ ယခုအခါတွင် မီးချောင်းပြကုထုံးသည် မွေးကင်းစကလေး အသားဝါခြင်းအတွက် ပထမဦးစားပေးကုထုံး ဖြစ်လာခဲ့သည်။ ကုန်ကျစရိတ်မများဘဲ ခွဲစိတ်နာကျင်ရမှုမရှိသော အစွမ်းထက်၊ စိတ်ချရသည့် ကုထုံးအဖြစ် လက်ခံအသုံးပြုကြသည်။
မီးချောင်းပြကုထုံး အလုပ်လုပ်ပုံ
မီးချောင်းပြကုထုံးသည် နေရောင်ခြည် သို့မဟုတ် ခရမ်းလွန်ရောင်ခြည် (UV) ပြ၍ ကုသခြင်းမဟုတ်ဘဲ စနစ်တကျ စမ်းသပ်ဖော်ထုတ်ထားသော မီးအလင်းရောင်ဖြင့် ပြသကုသခြင်းဖြစ်သည်။ မီးချောင်းပြကုသခြင်း၏ အဓိကလုပ်ဆောင်ချက်မှာ မီးအလင်းရောင်နှင့် အရေပြားထိတွေ့သည့်အခါ ဘီလီရူဘင်ဟုခေါ်သည့် အဝါရောင်ခြယ်ပစ္စည်းများသည် အလင်းစွမ်းအင်ကို စုပ်ယူပြီးနောက် ရေတွင် ပျော်ဝင်နိုင်သော ဒြပ်ပေါင်းများအဖြစ် အသွင်ပြောင်းသွားခြင်းဖြစ်သည်။ ၎င်းဒြပ်ပေါင်းများကို ဆီး၊ ဝမ်းအတွင်းသို့ စွန့်ထုတ်သည်။ ဤနည်းဖြင့် မီးချောင်းပြကုထုံးသည် မွေးကင်းစကလေးသွေးအတွင်းမှ အဝါဓာတ်များကို လျှော့ချပေးသည်။
မီးချောင်းပြကုထုံး၏ အဝါဓာတ်လျှော့ချနိုင်စွမ်းသည်
- အလင်းရောင်၏ ဖြာထွက်စွမ်းအင် (Spectral irradiance)
- မီးချောင်းနှင့် ကလေးအကြား အကွာအဝေး
- အလင်းနှင့် ထိတွေ့သည့် အရေပြားမျက်နှာပြင်ဧရိယာတို့အပေါ် မူတည်သည်။
မီးချောင်းပြကုသရာတွင် မီးအလင်းရောင်၏
- လှိုင်းအလျား
- ဖြာထွက်စွမ်းအင် (မျက်နှာပြင်တစ်ခုအပေါ် သက်ရောက်သည့် လှိုင်းအလျားတစ်ယူနစ်၏ သက်ရောက်နိုင်စွမ်း) တို့အပေါ် အခြေခံ၍ ရွေးချယ်သည်။
လှိုင်းအလျား [၄၃၀-၄၉၀ နာနိုမီတာ (nm – nanometre)] နှင့် ဖြာထွက်အလင်းစွမ်းအင် (spectral irradiance) [၈-၁၀ မိုက်ခရိုဝပ် (µW-microwatts)] အတွင်းရှိသော မီးအလင်းရောင်ကို အသုံးပြုသည်။ လှိုင်းအလျားအပေါ် မူတည်၍ အလင်းရောင်၏ အရေပြားကို ထိုးဖောက်နိုင်စွမ်းနှင့် ဘီလီရူဘင်ဓာတ်၏ အလင်းစုပ်ယူနိုင်စွမ်းများ ကွာခြားသွားသည်။
မီးချောင်းပြကုထုံးအမျိုးအစားများ
မီးချောင်းပြသည့်ပုံစံအပေါ်မူတည်၍
- သမရိုးကျ မီးချောင်းပြခြင်း (conventional phototherapy) နှင့်
- အလင်းဖန်ကြိုးမျှင်များဖြင့် မီးချောင်းပြခြင်း (fiber-optic phototherapy) ဟူ၍ ခွဲခြားနိုင်သည်။
သမရိုးကျ မီးချောင်းပြခြင်းတွင် ကလေးကို အပေါ်နှင့်အောက် နှစ်ဖက်လုံးမှ မီးပြသည်။ အသုံးပြုသော အလင်းထုတ် ကိရိယာအမျိုးအစားများမှာ_
- ဟေလိုဂျင်မီးလုံး (halogen lamps)
- ဖလော်ရဲင်းဆဲင့် မီးချောင်း (fluorescent tubes)
- LED မီးလုံး စသည်တို့ဖြစ်သည်။ ၎င်းတို့သည် သတ်မှတ်ထားသည့် လှိုင်းအလျားနှင့် အလင်းစွမ်းအင် အတိုင်းအတာ ပြည့်မီအောင် ထုတ်လုပ်ပေးနိုင်ကြသည်။ ထိုသို့ ထုတ်လုပ်နိုင်ရန် အလင်းစွမ်းအင်တိုင်းကိရိယာဖြင့် ပုံမှန်စစ်ဆေးပြုပြင်ရသည်။
ဟေလိုဂျင်မီးလုံးဖြင့် မီးပြခြင်း
စျေးကွက်တွင် အလွယ်တကူ ဝယ်ယူရနိုင်သော တန်စတင်-ဟေလိုဂျင်မီးလုံးများကို အသုံးပြု၍ အဖြူရောင် သို့မဟုတ် အဝါရောင်အလင်းများဖြင့် မီးပြခြင်းဖြစ်သည်။ သို့သော် ဤမီးလုံးများသည် ကိရိယာအားလုံးအနက် အပူစွမ်းအင်ထုတ်လွှင့်မှု အများဆုံးဖြစ်သောကြောင့် ကလေးနှင့် နီးကပ်စွာထား၍ မရချေ။ မီးပြထားသော ကလေး၏ခန္ဓာကိုယ်မှ ရေဓာတ်များ အငွေ့ပျံဆုံးရှုံးမှုကို များစွာဖြစ်ပေါ်စေသည်။
Fluorescent မီးချောင်းဖြင့် မီးပြခြင်း
Fluorescent မီးချောင်းများတွင် အဖြူရောင် (daylight)၊ အပြာရောင် (blue) နှင့် ပို၍အားကောင်းသော အပြာရောင် (special blue) ဟူ၍ အမျိုးအစားအမျိုးမျိုးရှိသည်။ ၎င်းတို့အနက် special blue မီးချောင်းသည် အပြာရောင်နှင့် အစိမ်းရောင်အကြားရှိသော လှိုင်းအလျား (၄၃၀-၄၉၀ နာနိုမီတာ) ကို ထုတ်ပေးနိုင်သော အားအကောင်းဆုံး အလင်းရောင်ဖြစ်သည်။ အလျား (၂) ပေခန့်ရှိသော Fluorescent မီးချောင်းများကို (၄)ချောင်း မှ (၆)ချောင်းအထိ စင်၌ချိတ်ဆွဲကာ မီးပြလေ့ရှိသည်။
LED မီးလုံးများဖြင့် မီးပြခြင်း
အလင်းထုတ်ကိရိယာ အမျိုးအစားအားလုံးတွင် LED မီးလုံးများသည် ဘီလီရူဘင်ဓာတ်၏ အလင်းစုပ်ယူနိုင်စွမ်း အကောင်းဆုံးဖြစ်သည့် လှိုင်းအလျားနီးပါးရှိသော အလင်းရောင်ကို ထုတ်လွှင့်နိုင်သည်။ ထို့အပြင် ၎င်းမီးလုံးများသည် ကျန်အမျိုးအစားများထက် အပူဓာတ်ထုတ်လွှင့်မှု များစွာလျော့နည်းသဖြင့် ကလေးနှင့် ပို၍နီးကပ်စွာထားပြီး မီးပြနိုင်သည်။ အပူလွန်ကဲမှုအန္တရာယ် နည်းပါးသည်။
အလင်းဖန်ကြိုးမျှင်များဖြင့် မီးပြခြင်း (Fibre-optic phototherapy)
အလင်းဖန်ကြိုးမျှင်များတစ်လျှောက် အားကောင်းသောမီးလုံးမှ အလင်းပို့လွှတ်ကာ မီးပြခြင်းဖြစ်သည်။ ၎င်းတို့၏ အဓိကအားသာချက်မှာ ကွေးဆန့်နိုင်သော ဖန်ကြိုးမျှင်များသည် ကလေး၏ခန္ဓာကိုယ်တစ်ခုလုံးကို ပတ်၍ မီးပြနိုင်ခြင်း ဖြစ်သည်။ အလင်းဖန်ကြိုးမျှင်များ၏ အားနည်းချက်မှာ ကျန်ကိရိယာများထက် အလင်းထိတွေ့သည့် မျက်နှာပြင်နည်းပါးခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ကို အခြားကိရိယာ အမျိုးအစားများနှင့် တွဲဖက်၍ အသုံးပြုလေ့ရှိသည်။ အထူးသဖြင့် မီးပြနေသောကလေးများ ခေတ္တနား၍ နို့တိုက်ချိန်တွင် အလင်းဖန်ကြိုးမျှင် ကိရိယာဖြင့် ဆက်လက်မီးပြနိုင်သည်။ ပို၍အားကောင်းသော မီးချောင်းပြကုထုံး (Intensive phototherapy) တွင်လည်း တွဲဖက်အသုံးပြုသည်။
အလင်းဖန်ကြိုးမျှင်ကိရိယာများကို ကလေးကိုယ်ကိုပတ်၍၊ အသိုက်တစ်ခုကဲ့သို့ လွှမ်းခြုံ၍ရသောစောင်များ (biliblanket)၊ အခင်းများ (bilicocoon)အဖြစ် ဖန်တီးထုတ်လုပ်ထားသည်။ အဝါဓာတ်မပြင်းထန်သော မွေးကင်းစကလေးများ နေအိမ်တွင် မီးချောင်းပြကုသခြင်း၌ အများဆုံး အသုံးပြုလေ့ရှိသည်။
တစ်ခါတစ်ရံတွင် တစ်ခုထက်ပိုသော အလင်းထုတ်ကိရိယာများကို သုံး၍မီးပြနိုင်သည်။ ကလေးတွင် အလင်းနှင့်ထိတွေ့သည့် မျက်နှာပြင်ဧရိယာပိုရရန် ရည်ရွယ်၍ အသုံးပြုခြင်းဖြစ်သည်။
အသားဝါသောကလေးများကို မီးချောင်းပြကုသရာ၌ လိုအပ်လျှင် ပို၍အားကောင်းသော မီးချောင်းပြကုထုံး (Intensive phototherapy)ဖြင့် ပြောင်းလဲကုသလေ့ရှိသည်။ ဖြာထွက်စွမ်းအင် (၃၀ မိုက်ခရိုဝပ်) ထက်ကျော်အောင် ထုတ်လွှင့်နိုင်သော မီးအလင်းရောင်အမျိုးအစားကို အသုံးပြုကုသသည်။ Intensive phototherapy ဖြင့် ကုသလျှင် တတ်နိုင်သမျှ မီးပြချိန်ကြာကြာရရန်၊ အလင်းထိတွေ့မှုဧရိယာ ပိုမိုရရှိရန် ဂရုပြု၍ မီးပြလေ့ရှိသည်။
ကုသပုံအဆင့်ဆင့်
မီးချောင်းပြကုထုံးမစတင်မီ
ကလေး၏ အခြေအနေ၊ အာရုံကြောတုံ့ပြန်မှု၊ အသားဝါစေသော နောက်ခံရောဂါအခြေအနေများကို မေးမြန်းစမ်းသပ်ခြင်း၊ သွေးတွင်းအဝါဓာတ်ကို အဝါဓာတ်ပမာဏစံပြုဇယား (phototherapy chart)နှင့် နှိုင်းယှဉ်စစ်ဆေးခြင်းတို့ ပြုလုပ်၍ မီးချောင်းပြကုသရန် ဆုံးဖြတ်သည်။ ထို့နောက် မိဘ (သို့မဟုတ်) အုပ်ထိန်းသူများကို ကလေး၏အခြေအနေ၊ မီးချောင်းပြကုသရန် လိုအပ်ပုံ၊ မီးချောင်းပြကုထုံးနှင့် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲပြဿနာများကို ရှင်းပြကာ ကုထုံးအတွက် ခွင့်ပြုချက်ရယူသည်။
မီးချောင်းပြကုထုံး အဆင့်များ
- ကလေးကို ပုခက် (baby cot) သို့မဟုတ် ဖန်ပေါင်းချောင် (incubator) ထဲတွင် သေးခံမှလွဲ၍ ဘာမျှမဝတ်ဘဲ ထားသည်၊ တတ်နိုင်သမျှ အလင်းထိတွေ့နိုင်မည့် မျက်နှာပြင်ဧရိယာ များများရှိစေရန် ထားခြင်းဖြစ်သည်
- ကလေး၏မျက်လုံးများကို မျက်လုံးအကာဖြင့် ကာကွယ်ထားသည်
- မီးချောင်းကို ကလေးနှင့် (၁၅) စင်တီမီတာ မှ (၃၅) စင်တီမီတာ အကွာတွင် ကိရိယာ၏ အညွှန်းအတိုင်းထား၍ မီးပြရသည် (သက်ဆိုင်ရာ ထုတ်လုပ်သူ၏ အညွှန်းကို လိုက်နာရမည်)
- အချိန်အပိုင်းအခြားအလိုက် မိနစ် (၂၀) မှ (၃၀) အထိနားပြီး နို့တိုက်ခြင်း၊ သေးခံလဲခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း၊ ကလေးကို ချော့ခြင်းများ ပြုလုပ်နိုင်သည်၊ တတ်နိုင်သမျှ မီးပြချိန် ကြာကြာရအောင် ထားရသည်
- ကလေးကို (၄) နာရီခြား တစ်ခါ ကိုယ်အပူချိန်၊ ရေဓာတ်ခမ်းခြောက်ခြင်းလက္ခဏာများ၊ အသက်ရှူနှုန်း၊ နှလုံးခုန်နှုန်း စသည်တို့ကို စမ်းသပ်စစ်ဆေးသည်၊ မျက်စိအကာကို ဖယ်ရှား၍ မျက်လုံးအခြေအနေကို ကြည့်ရှုစစ်ဆေးရသည်
- မီးချောင်းစပြသည့်အချိန်မှစ၍ သွေးတွင်းအဝါဓာတ်ကို (၄-၆) နာရီခြား ပုံမှန်စစ်ဆေးသည်၊ အဝါဓာတ်ထပ်မတက်လျှင် သို့မဟုတ် စ၍ကျလာလျှင် အချိန်ပိုခြား၍ စစ်ဆေးသည်
- လိုအပ်လျှင် ပို၍အားကောင်းသော မီးချောင်းပြကုထုံး ပြုလုပ်ရသည်၊ ထိုအချိန်တွင် မီးပြခြင်းကို ရပ်နား၍မရပေ၊ ထို့ကြောင့် မိခင်မှ တိုက်ရိုက်နို့တိုက်ခြင်း ခွင့်မပြုတော့ဘဲ မိခင်နို့ညှစ်၍တိုက်ခြင်း၊ အကြောဆေးသွင်းခြင်းများ လိုအပ်နိုင်သည်၊ လုံလောက်အောင် အဝါဓာတ်မကျလျှင်၊ ပို၍တက်လျှင်၊ ကလေးတွင် ဦးနှောက်၌ အဝါဓာတ်စွဲခြင်း လက္ခဏာများရှိလျှင် သွေးလဲကုသခြင်း လိုအပ်နိုင်သည်
- မီးချောင်းပြကုထုံးကို ကလေးအတွက် သွေးတွင်းအဝါဓာတ်သည် စိတ်ချရသော ပမာဏတစ်ခုရောက်သည်အထိ မီးပြရန်လိုသည် (ထိုသို့ရောက်ရန် အနည်းဆုံး တစ်ရက် – နှစ်ရက်ခန့် ကြာမြင့်နိုင်သည်)
နောက်ဆက်တွဲဆိုးကျိုးများ
ယေဘုယျအားဖြင့် မီးချောင်းပြကုထုံးသည် အလွန်အစွမ်းထက်ပြီး နောက်ဆက်တွဲပြဿနာ အလွန်နည်းပါးသည်။ ဖြစ်နိုင်သော ပြဿနာများမှာ_
- ကလေးအလွန်ငိုခြင်း
- အပူချိန်မြင့်တက်ခြင်း
- အရေပြား အကွက်ထခြင်း
- အူလှုပ်ရှားမှု လျော့ကျခြင်း (ileus)
- ဝမ်းလျှောခြင်း
- ရေဓာတ်ဆုံးရှုံးခြင်း
- မျက်စိမြင်လွှာကို ထိခိုက်နိုင်ခြင်း စသည်တို့ဖြစ်နိုင်သည်။
အချို့သော အသားဝါခြင်းများတွင် မီးချောင်းပြကုသသောအခါ ကလေး၏ အသားအရောင်ညိုရင့်ခြင်း (Bronze Baby Syndrome) ဖြစ်တတ်သည်။ ဖြစ်ပွါးရသောအကြောင်းရင်းကို အတိအကျမသိနိုင်သော်လည်း မီးချောင်းပြကုသမှုပြီးစီးပြီး အချိန်များစွာမကြာမြင့်မီ ပြန်လည်ပျောက်ကင်းသွားလေ့ရှိသည်။
References:
- NHS. (n.d.). Jaundice in newborn babies: Treatment. Retrieved July 15, 2025, from https://www.nhs.uk/conditions/jaundice-newborn/treatment/#:~:text=Phototherapy%20is%20treatment%20with%20a%20special%20type%20of%20light%20%28not
- Right Decisions. (n.d.). Phototherapy for neonatal jaundice (1047). Retrieved July 15, 2025, from https://rightdecisions.scot.nhs.uk/shared-content/ggc-clinical-guidelines/neonatology/phototherapy-for-neonatal-jaundice-1047/
- Royal Children’s Hospital. (n.d.). Phototherapy for neonatal jaundice. Retrieved July 15, 2025, from https://www.rch.org.au/rchcpg/hospital_clinical_guideline_index/Phototherapy_for_neonatal_jaundice/
Published: 30 August 2024
Last updated: 12 November 2025
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.