ခွဲစိတ်မွေးဖွားခြင်းဆိုသည်မှာ မွေးလမ်းကြောင်းမှ သဘာဝအတိုင်း မွေးဖွားခြင်းမဟုတ်ဘဲ ဝမ်းဗိုက်နှင့်သားအိမ်ကို ခွဲစိတ်ပြီး ကလေးမွေးဖွားခြင်းကို ဆိုလိုသည်။ သဘာဝအတိုင်း မွေးဖွားပါက မိခင်နှင့်ကလေးအတွက် အသက်အန္တရာယ်ရှိနိုင်သည့် အခြေအနေများတွင် ကလေးကို ခွဲစိတ်မွေးဖွားရသည်။ ယေဘုယျအားဖြင့် ခွဲစိတ်မွေးဖွားခြင်းသည် သဘာဝအတိုင်း မွေးဖွားခြင်းထက် အန္တရာယ်ပိုများပြီး နာလန်ထူချိန် ပိုကြာတတ်သည်။
ခွဲစိတ်မွေးဖွားရသည့် အကြောင်းရင်းများ
မိခင်သည် ရောဂါအခံရှိလျှင်သော်လည်းကောင်း၊ သဘာဝအတိုင်း မွေးဖွားနေစဉ် မိခင် သို့မဟုတ် ကလေး အသက်အန္တရာယ် တစ်စုံတစ်ရာရှိလာလျှင်သော်လည်းကောင်း ကလေးကို ခွဲစိတ်မွေးဖွားရနိုင်သည်။ ခွဲစိတ်မွေးဖွားရာတွင်
- ခွဲမည့်ရက် ကြိုတင်သတ်မှတ်ပြီး ခွဲစိတ်မွေးဖွားခြင်း
 - အရေးပေါ်ခွဲစိတ်မွေးဖွားခြင်းဟူ၍ (၂) မျိုးရှိသည်။
 
ခွဲမည့်ရက်ကြိုတင်သတ်မှတ်ပြီး ခွဲစိတ်မွေးဖွားခြင်း အကြောင်းရင်းများ
- မိခင်တင်ပါးဆုံရိုးကွင်းနှင့် ကလေးအရွယ်အစား မမျှတခြင်း
 - သဘာဝအတိုင်းမွေးဖွားခြင်းအတွက် မိခင်တင်ပါးဆုံရိုးကွင်းအတွင်းမှ ဖြတ်သန်း၍မွေးဖွားရန် ကလေး၏ဦးခေါင်း သို့မဟုတ် ကိုယ်ခန္ဓာသည် အရွယ်ကြီးလွန်းနေလျှင် သို့မဟုတ် မိခင်တင်ပါးဆုံရိုးကွင်းသည် ပုံမှန်ထက်ကျဉ်းမြောင်းနေလျှင် ပုံမှန်အရွယ်အစားရှိကလေးကို သဘာဝအတိုင်း မွေးလမ်းကြောင်းမှ မွေးဖွားရန် မဖြစ်နိုင်သဖြင့် ခွဲစိတ်မွေးဖွားရနိုင်သည်
 - ယခင်ကိုယ်ဝန်ကို အကြောင်းတစ်ခုခုကြောင့် ဝမ်းဗိုက်မှခွဲစိတ်၍ ကလေးမွေးဖွားဖူးသူများသည် နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်ပါက သဘာဝအတိုင်း မွေးလမ်းကြောင်းမှ မွေးဖွားနိုင်သော်လည်း ထိုသို့မွေးဖွားရန် စိုးရိမ်ပူပန်တတ်ကြသည်၊ ယခင်ကိုယ်ဝန်ကို သဘာဝအတိုင်း မွေးဖွားရာ၌ အခက်အခဲရှိခဲ့ခြင်းကြောင့်ဖြစ်စေ၊ ယခုကိုယ်ဝန်ကို သဘာဝအတိုင်းမွေးစဥ် သားအိမ်ခွဲကြောင်းနေရာမှ ကွဲထွက်မည်ကို စိုးရိမ်ခြင်းကြောင့်ဖြစ်စေ ခွဲစိတ်မွေးဖွားရန် ပို၍အားသန်ကြသည်
 - ထို့အပြင် သားဖွားမီးယပ် အထူးကုဆရာဝန်အနေဖြင့် ယခင်ကိုယ်ဝန်ခွဲစိတ်မွေးဖွားထားသည့် သားအိမ်ပေါ်မှ ခွဲကြောင်းရာကို ထည့်သွင်းစဥ်းစား၍ ယခုကိုယ်ဝန်အတွက် သဘာဝအတိုင်း မွေးဖွားမည် သို့မဟုတ် ခွဲစိတ်မွေးဖွားမည်ကို ဆုံးဖြတ်ရသည်၊ Classical scar ဟုခေါ်သော သားအိမ်ပေါ် ဒေါင်လိုက်ခွဲကြောင်း ရှိလျှင်သော်လည်းကောင်း၊ သားအိမ်အသားလုံး ခွဲစိတ်ထုတ်ထားဖူးသည့် ရာဇဝင်ရှိလျှင်သော်လည်းကောင်း သဘာဝအတိုင်း မွေးဖွားသည့်အခါ သားအိမ်ကွဲနိုင်သည့်အတွက် ကလေးကို ခွဲစိတ်မွေးဖွားရသည်
 - အမြွှာကိုယ်ဝန်ဆောင်ထားပြီး ပထမကလေး၏ ဦးတိုက်ပိုင်းသည် တင်ပါးဆုံပိုင်း ဖြစ်နေလျှင်သော်လည်းကောင်း၊ နှစ်ယောက်ထက်ပိုသော အမြွှာကိုယ်ဝန်ဆောင်ထား လျှင်သော်လည်းကောင်း ကလေးကို ခွဲစိတ်မွေးဖွားရသည်
 - ယခုကိုယ်ဝန်တွင် အချင်းသည် ကလေး၏ ဦးတိုက်ထားသောအပိုင်း [ဦးခေါင်း (သို့မဟုတ်) တင်ပါးဆုံ] ၏အောက်ပိုင်းတွင် တည်ရှိပြီး ကလေးထွက်မည့်လမ်းကြောင်းကို ပိတ်ထားလျှင် ကလေးကို ခွဲစိတ်မွေးဖွားရသည်
 - ကလေး၏အနေအထားသည် သားအိမ်ထဲ၌ ကန့်လန့်ဖြတ်ဖြစ်နေလျှင် (Transverse lie) ကလေးကို ခွဲစိတ်မွေးဖွားရသည်
 - ကလေးသည် တင်ပါးဆုံပိုင်းဖြင့် ဦးတိုက်နေလျှင် ခွဲစိတ်မွေးဖွားရတတ်သည်
 - ကလေး၏ မွေးရာပါ ခန္ဓာကိုယ်ချို့ယွင်းချက်ကြောင့်သော်လည်းကောင်း၊ မိခင်၏သားအိမ်တွင် ကြီးမားသောအသားလုံးရှိနေပြီး ကလေးထွက်မည့်လမ်းကြောင်းကို အဟန့်အတား ဖြစ်နေလျှင်သော်လည်းကောင်း ကလေးကို ခွဲစိတ်မွေးဖွားရသည်
 
အရေးပေါ်ခွဲစိတ်မွေးဖွားခြင်း အကြောင်းရင်းများ
- မီးဖွားနေစဉ် ပုံမှန်မွေးဖွားချိန်ထက် ကြာမြင့်လာပြီး မွေးဖွားမှုဖြစ်စဉ် တိုးတက်မှုမရှိခြင်း
 - ကလေး၏ချက်ကြိုး မွေးလမ်းကြောင်းမှ ထွက်ကျလာခြင်း
 - ကလေး၏အချင်း မီးမဖွားမီ ကွာကျခြင်း
 - မီးဖွားနေစဉ် ကလေးနှလုံးခုန်သံများ ပုံမှန်မဟုတ်တော့သည့်အတွက် သဘာဝအတိုင်း ဆက်လက်မွေးဖွားရန် မဖြစ်နိုင်တော့ခြင်း
 
အကျိုးကျေးဇူးများ
- ခွဲမည့်ရက် ကြိုတင်သတ်မှတ်ပြီး ကလေးကို ခွဲစိတ်မွေးဖွားခြင်းသည် မိမိကလေးကို စီစဉ်ထားသောအချိန်၊ နေ့ရက်အတိုင်း မွေးဖွားနိုင်ခြင်း၊ အန္တရာယ်ပိုရှိသော အရေးပေါ် ခွဲစိတ်၍ ကလေးမွေးဖွားသည့်ဖြစ်စဉ်ကို ရှောင်လွှဲနိုင်ခြင်း
 - ကလေးကို ခွဲစိတ်မွေးဖွားခြင်းသည် သဘာဝအတိုင်း မွေးဖွားခြင်းကြောင့် မိန်းမကိုယ် ဒဏ်ရာရနိုင်သော အခြေအနေများကို ရှောင်ရှားနိုင်ခြင်း
 - ဆီးမထိန်းနိုင်သောဝေဒနာ ဖြစ်ပေါ်နိုင်မှုနည်းခြင်း [မွေးဖွားပြီးနောက် ဆီးမထိန်းနိုင်ခြင်းပြဿနာသည် သဘာဝအတိုင်း မွေးဖွားသူ (၂) ယောက်တွင် (၁) ယောက်ဖြစ်နိုင်ပြီး ခွဲစိတ်မွေးသူ (၄) ယောက်တွင် (၁) ယောက်သာ ဖြစ်နိုင်သည်]
 
ခွဲစိတ်မွေးဖွားပုံအဆင့်ဆင့်
မခွဲစိတ်မီ ကနဦးဆောင်ရွက်ချက်များ
- ခွဲစိတ်ပုံအဆင့်ဆင့်နှင့် ကောင်းကျိုးဆိုးကျိုးများကို ခွဲမွေးပေးမည့် သားဖွားမီးယပ် အထူးကုဆရာဝန်မှ ဆွေးနွေးရှင်းပြပေးပြီး မိခင်မှ ခွဲစိတ်မွေးဖွားရန် သဘောတူကြောင်း လက်မှတ်ထိုးပေးရမည်
 - ခွဲစိတ်မွေးဖွားမည့်နေ့တွင် မေ့ဆေးဆရာဝန်မှ နာကျင်မှုမရှိစေရန် ခါးထုံဆေး (Epidural or Spinal) ထိုးပေးသည့်အခါ ရင်သားအောက်ပိုင်းမှ ခြေဖျားထိ ထုံနေမည့်အကြောင်း ရှင်းပြဆွေးနွေးမည်
 - ခွဲစိတ်မည့်နေရာနားရှိ အမွေးအမှင်များကို ရိတ်ထားရမည်
 - ဆီးအိမ်တွင်း ဆီး မရှိနေစေရန် ဆီးပိုက်ထည့်ရမည်
 - မိခင်၏ နှလုံးခုန်နှုန်းနှင့် သွေးပေါင်ချိန်ကို Monitor စက်မှတစ်ဆင့် အစဉ်စောင့်ကြပ်ကြည့်ရှုနေရမည်
 - မိခင်၏လက်ခုံ သို့မဟုတ် လက်ကောက်ဝတ်တွင် သွေးကြောထဲသို့ ဆေးနှင့်ဆေးရည် ထည့်နိုင်ရန် အပ်စိုက်ထားမည်
 - အကယ်၍ မိခင် သို့မဟုတ် ကလေး၏ ကျန်းမာရေးလိုအပ်ချက်အရ အရေးပေါ် ခွဲစိတ်မွေးဖွားရလျှင် သက်ဆိုင်ရာ သားဖွားမီးယပ်အထူးကုဆရာဝန်မှ ကလေးကို အမြန်ဆုံးခွဲစိတ် မွေးဖွားပေးလိမ့်မည်၊ လိုအပ်ပါက မေ့ဆေးပေး၍ ကလေးကို လျင်မြန်စွာ ခွဲမွေးပေးလိမ့်မည်
 
ခွဲမွေးပုံ အဆင့်များ
- ကလေးကို ခွဲစိတ်မွေးဖွားလျှင် (planned C-section) ခါးထုံဆေးပေးထားသောကြောင့် မိခင်သည် နိုးနေလိမ့်မည်၊ မေ့ဆေးနှင့်ခွဲမှသာ အိပ်ပျော်နေလိမ့်မည်
 - ခွဲမည့်ဆရာဝန်မှ မိခင်၏ဝမ်းဗိုက်ကို ပိုးသတ်ဆေးရည်နှင့် ဆေးကြောခြင်း၊ ကလေးထံ အောက်ဆီဂျင်များစွာ ရောက်ရှိနေစေရန် မိခင်အား အောက်ဆီဂျင်ပေးထားခြင်း၊ ခွဲစိတ်မည့် ဝမ်းဗိုက်နေရာပတ်လည်၊ ရင်ခေါင်းနှင့် ခြေထောက်ပေါ်ပါ ပိုးသတ်ထားသော အဝတ်များဖြင့် ဖုံးအုပ်ထားခြင်းနှင့် လူနာ၏ ဦးခေါင်းနှင့် ခြေထောက်အကြားတွင် ပိုးသတ်ထားသောအဝတ်ဖြင့် ကာရံထားခြင်းများ ပြုလုပ်ပေးမည်
 - ထို့နောက် ဆရာဝန်မှ ဝမ်းဗိုက်တွင် bikini ပုံဟုသိထားကြသော ကန့်လန့်ခွဲကြောင်းရာပေးမည်၊ တစ်ခါတစ်ရံ လိုအပ်ချက်အရ ဗိုက်ကို ဒေါင်လိုက်ဖွင့်သည့်အခါလည်းရှိသည်
 - ပြီးလျှင် သားအိမ်နံရံကို (၃ – ၄) လက်မခန့် ကန့်လန့် (တစ်ခါတစ်ရံ လိုအပ်ပါက ဒေါင်လိုက်) ခွဲဖွင့်ပြီး ကလေးကို မွေးထုတ်မည်၊ ချက်ကြိုးဖြတ်ပြီးပါက အချင်းကို ခွာထုတ်၍ သားအိမ်ခွဲကြောင်းကို ပြန်ချုပ်ပြီးပိတ်ရသည်
 - အရေးပေါ် ခွဲစိတ်မွေးဖွားမှုတွင်လည်း ခွဲစိတ်ပုံအဆင့်ဆင့် တူညီသော်လည်း လျင်မြန်မှုရှိရမည်၊ ကလေးထုတ်ယူချိန် မကြာရပါ
 - မိခင်သည် နိုးနေပါက ကလေးမွေးပြီးမကြာမီ မိခင်အား ကလေးကိုပြ၍ ကိုင်တွယ်ခွင့်ပေးလိမ့်မည်
 - ခွဲစိတ်မွေးဖွားပြီးနောက် မိမိကလေးကို နို့တိုက်ကျွေးခြင်း၊ ပြုစုခြင်းတို့ ပြုလုပ်နိုင်ပြီး ခွဲစိတ်ထားခြင်းကြောင့် အနှောင့်အယှက် မဖြစ်စေနိုင်ပါ
 

နောက်ဆက်တွဲဆိုးကျိုးများ
- ပိုးဝင်ခြင်း
ကလေးကို ခွဲစိတ်မွေးဖွားပြီးနောက် သားအိမ်အတွင်းနံရံ ရောင်ခြင်း၊ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းနှင့် ဝမ်းဗိုက်ရှိခွဲကြောင်းအနာ ပိုးဝင်ခြင်းတို့ ဖြစ်တတ်သည် - သွေးဆင်းများခြင်း
ခွဲစိတ်မွေးဖွားခြင်းသည် ခွဲစိတ်မွေးနေစဉ်နှင့် မွေးဖွားပြီးနောက် သွေးဆင်း များတတ်သည် - မေ့ဆေး၊ ထုံဆေးတို့နှင့် ပတ်သက်သော အန္တရာယ်များရှိနိုင်သည်
 - သွေးပြန်ကြောတွင်းသွေးခဲခြင်း
ခွဲစိတ်မွေးဖွားခြင်းသည် ခြေထောက် သို့မဟုတ် တင်ပါးဆုံရိုးကွင်းအတွင်းရှိ သွေးပြန်ကြောများတွင်း သွေးခဲများ ဖြစ်ပေါ်စေနိုင်သည်၊ အကယ်၍ အဆိုပါသွေးခဲသည် ဖြစ်ပေါ်သည့်နေရာမှ ပြုတ်ထွက်ပြီး အဆုတ်ထဲရှိသွေးကြောတွင် ပိတ်မိပါက အသက်အန္တရာယ် စိုးရိမ်ရနိုင်သည် - ရှားပါးသော်လည်း ခွဲစိတ်မွေးဖွားနေစဉ်အတွင်း သားအိမ်အနီးတစ်ဝိုက်ရှိ ဆီးအိမ်နှင့်အူများ မတော်တဆ ထိခိုက်မိနိုင်သည်
 - နာကျင်ခြင်း
 - ကလေးခွဲစိတ်မွေးဖွားခြင်းသည် သဘာဝအတိုင်းမွေးခြင်းထက် မွေးဖွားပြီးနောက် နာကျင်မှု ပို၍ခံစားရတတ်သည်
 - ခွဲစိတ်မွေးဖွားရသောကလေးများတွင် ရက်အနည်းငယ်ထိ အသက်ရှူနှုန်းမြန်နိုင်သော ပြဿနာရှိနိုင်သည်
 - ခွဲစိတ်မွေးဖွားရာတွင် မရည်ရွယ်ဘဲ ကလေး၏အရေပြားကို ရှားရှားပါးပါး ဓားရှနိုင်သည်
 
လိုက်နာဆောင်ရွက်ရမည့် အချက်များ
ခွဲစိတ်မွေးဖွားပြီးနောက်
- ကလေးနှင့် နီးကပ်စွာထိတွေ့ထားရှိပြီး နို့တိုက်ကျွေးခြင်း စတင်နိုင်သည်
 - လှုပ်ရှားမှုကို အတတ်နိုင်ဆုံး စောလျင်စွာ ပြုလုပ်ပါ
 - အာဟာရရှိသောအစားအစာများကို စားပေးပါ၊ ရေများများသောက်ပါ
 - လွတ်လပ်ပေါ့ပါး၍ သက်သောင့်သက်သာရှိစေမည့် ချည်သားအင်္ကျီများ ဝတ်ဆင်ပါ
 - ခွဲစိတ်ထားသောအနာကို နေ့စဥ်ခြောက်သွေ့သန့်ရှင်းအောင်ထားပါ
 - ဆီးပိုက်ကို အနည်းဆုံး (၁၂) နာရီခန့် ထားရှိရမည်ဖြစ်ပြီး၊ ဆီးပိုက်ဖြုတ်ပြီးပါက ဆီးသွားချင်သည့်အခါ အောင့်မထားဘဲ ဆီးသွားပေးပါ
 - သွေးပြန်ကြောတွင်းသွေးခဲခြင်း မဖြစ်နိုင်ရန် နေ့စဥ်ပုံမှန်လှုပ်ရှားမှုများ ပြုလုပ်ပေးပါ
 - ကလေးပွေ့ချီခြင်းမှ လွဲ၍ အလေးအပင် မခြင်းကို ရှောင်ကြဥ်ပါ
 - အပေါ့စားလေ့ကျင့်ခန်း ပြုလုပ်ခြင်းကို (၆) ပတ်ပြည့်လျှင် စတင်နိုင်သော်လည်း ပြေးခြင်း၊ ခုန်ခြင်းအစရှိသော လေ့ကျင့်ခန်းများကိုမူ (၆) လအထိ ရှောင်ကြဥ်ပါ
 - ကားမောင်းခြင်းကို အနည်းဆုံး ရက်သတ္တသတ် (၂) ပတ်ခန့် ရှောင်ကြဥ်ပါ
 - အမျိုးသားနှင့် လိင်ဆက်ဆံမှုပြုခြင်းများကို (၆) ပတ်အထိ ရှောင်ကြဥ်ပါ
 
အောက်ပါလက္ခဏာများ ခံစားရလျှင် ချက်ချင်းပြန်ပြရန်လိုသည်။
- ဝမ်းဗိုက် ပြင်းထန်စွာနာကျင်ခြင်း
 - ဖျားခြင်း
 - ဆီးထွက်ကျခြင်း
 - ဆီးသွားလျှင် နာကျင်ခြင်း
 - သွေးဆင်းများခြင်း
 - ခွဲကြောင်းအနာ နီရဲ နာကျင် ရောင်ရမ်းခြင်း၊ ပြည် သို့မဟုတ် အနံ့နံသောအရည်များ ထွက်ခြင်း
 - ချောင်းဆိုးခြင်း၊ အသက်ရှူမြန်ခြင်း
 - ခြေသလုံးရောင်ရမ်းခြင်း၊ တင်းခြင်း၊ နာကျင်ခြင်း
 
ကလေးခွဲစိတ်မွေးဖွားခြင်း၏ နောက်ယူမည့်ကိုယ်ဝန်ပေါ် အကျိုးသက်ရောက်မှုများ
နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်ခဲ့လျှင်
- ကလေးကို ခွဲမွေးရနိုင်ခြေ များသည်
 - သဘာဝအတိုင်း မွေးဖွားရန် ရွေးချယ်နိုင်သော်လည်း မွေးဖွားရန် ဗိုက်နာချိန်တွင် ဖြစ်တောင့်ဖြစ်ခဲ သားအိမ်ကွဲနိုင်သည် [မွေးလူနာ (၁၀၀) တွင် (၁) ယောက်ခန့် ဖြစ်နိုင်ခြေရှိသည်]
 - အချင်းကပ်ခြင်း
အချင်းသည် သားအိမ်နံရံကို ဖောက်တွယ်နိုင်ခြင်းစသော ပြဿနာများဖြစ်နိုင်ပြီး သွေးထွက်များခြင်း၊ သွေးသွင်းရခြင်းနှင့် သားအိမ်ထုတ်ရခြင်း အန္တရာယ်များလည်း ရှိနိုင်သည်။ 
သို့ဖြစ်၍ မိခင်ရော ကလေးပါ ကျန်းမာစေရန် အန္တရာယ်ကင်းစေရန် ကလေးခွဲစိတ်မွေးဖွားဖူးသော ကိုယ်ဝန်ဆောင်မိခင်များသည် ကိုယ်ဝန်ရှိသည်ဟု သိသည်နှင့်တစ်ပြိုင်နက် သားဖွားမီးယပ် အထူးကုဆရာဝန်နှင့် ရက်ချိန်းယူ၍ ဆွေးနွေးအကြံဉာဏ်ရယူပြီး ကိုယ်ဝန်စောင့်ရှောက်မှု ခံယူရန် အရေးကြီးသည်။
References:
- Cleveland Clinic. (2022). Cesarean birth (C-section). Retrieved July 26, 2025, from https://my.clevelandclinic.org/health/treatments/7246-cesarean-birth-c-section
 - Mayo Clinic. (n.d.). C-section. Retrieved July 26, 2025, from https://www.mayoclinic.org/tests-procedures/c-section/about/pac-20393655
 - NHS (UK). (n.d.). Caesarean section. NHS. Retrieved July 26, 2025, from https://www.nhs.uk/conditions/caesarean-section/
 - National Health Service (NHS). (2023). Caesarean section — Recovery. Retrieved July 26, 2025, from https://www.nhs.uk/tests-and-treatments/caesarean-section/recovery/
 
Published: 30 August 2025
Last updated: 4 November 2025
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ်  တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.