Cardiopulmonary resuscitation-CPR (ရင်ခေါင်းဖိနှိပ် နှလုံးနှိုးဆွခြင်း)

Cardiopulmonary resuscitation-CPR (ရင်ခေါင်းဖိနှိပ် နှလုံးနှိုးဆွခြင်း)

ရင်ခေါင်းဖိနှိပ်နှလုံးနှိုးဆွခြင်း (CPR) သည် လူတိုင်းတတ်မြောက်သင့်သော အရေးပေါ် အသက်ကယ်နိုင်သည့် အတတ်ပညာတစ်ခုဖြစ်သည်။ လူတစ်ဦး သတိလစ်လဲကျပြီး အသက်ရှူခြင်း၊ သွေးခုန်ခြင်းမရှိလျှင် မည်သည့်အကြောင်းရင်းကြောင့် ဖြစ်သည်ဖြစ်စေ တွေ့ရှိသည်နှင့် ပထမဆုံးပြုလုပ်ရမည်မှာ ရင်ခေါင်းဖိနှိပ်နှလုံးနိုးဆွခြင်း (စီ-ပီ-အာ CPR) ပင်ဖြစ်သည်။ စီပီအာပြုလုပ်ရန် တစ်မိနစ်နောက်ကျလျှင် လူနာအသက်ရှင်နိုင်မှု (၁၀%) လျော့နည်းနိုင်သည်။ စီပီအာကို အချိန်မီပြုလုပ်ခြင်းဖြင့် လူနာ၏အသက်ရှင်နိုင်စွမ်းကို နှစ်ဆ မှ သုံးဆအထိ တိုးတက်စေသည်။

နှလုံးခုန်ရပ်တန့်သည်နှင့် အောက်ဆီဂျင်ပါဝင်သောသွေးကို ဦးနှောက်နှင့် အခြားအရေးကြီးအင်္ဂါများသို့ ပို့ဆောင်နိုင်ခြင်းမရှိတော့ပေ။ ဦးနှောက်သို့ သွေးပို့ခြင်းပြတ်တောက်မှု မိနစ်ပိုင်းမျှကြာလျှင်ပင် ဦးနှောက်သေဆုံးသွားနိုင်သည်။ စီပီအာ ပြုလုပ်ပေးခြင်းဖြင့် ဦးနှောက်သို့သွေးပို့ခြင်းကို ပြတ်တောက်မသွားစေရန် ကူညီပေးနိုင်သည်။

ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ

အောက်ပါအခြေအနေ (၃)မျိုးကို စစ်ဆေးတွေ့ ရှိလျှင် စီပီအာကို အချိန်မဆိုင်း ပြုလုပ်ခြင်းဖြင့် အသက်ကယ်တင်ပါ။

  1. ရုတ်တရက် လဲကျသွားခြင်း
  2. သတိလစ်နေခြင်း (No Response)
  3. အသက်ရှူရပ်နေခြင်း (No Breathing)
  4. နှလုံးခုန်ရပ်နေခြင်း (No Pulse)

စီပီအာပြုလုပ်ရန် ကြောက်ရွံ့ခြင်း၊ မည်သို့ပြုလုပ်ရမည်ကို မသိခြင်းကြောင့် နှောင့်နှေးမှု မဖြစ်ပါစေနှင့်။ ရင်ခေါင်းဖိခြင်း တစ်မျိုးတည်းကိုသာ ပြုလုပ်ပေးနိုင်ခြင်းသည် ဘာမျှပြုလုပ်မပေးခြင်းထက် ပို၍အကျိုးရှိသည်။

စီပီအာ၏ အကျိုးကျေးဇူး

ရုတ်တရက် နှလုံးခုန်ရပ်သည့်လူနာအား စီပီအာ အချိန်မီ စနစ်တကျ ပြုလုပ်ပေးခြင်းဖြင့် ဆေးရုံတွင်းဖြစ်ပါက လူနာ (၂၅%) နှင့် ဆေးရုံပြင်ပတွင် ပြုလုပ်ပါက (၁၁%) အသက်ရှင်နိုင်သည်။ အင်္ဂလန်ဆေးပညာအဖွဲ့၏ လေ့လာချက်များအရ လူနာ၏နှလုံး ပြန်လည်ခုန်သည့်အချိန်သည် စီပီအာ ပြုလုပ်ပေးပြီး မိနစ် (၄၀) ခန့်တွင် အများဆုံးဖြစ်သောကြောင့် လူနာတစ်ဦး အသက်ရှင်နိုင်ရေးအတွက် စီပီအာကို (၄၀) မိနစ်အထိ အနည်းဆုံး ပြုလုပ်ပေးသင့်သည်ဟုဆိုသည်။ ရုတ်တရက် နှလုံးခုန်ရပ်သည့် လူနာသည် စီပီအာ ပြုလုပ်ပြီးနောက် ဆေးရုံအရေးပေါ်ဌာနနှင့် အထူးကြပ်မတ်ကုသဆောင်တွင် ဆက်လက်ကုသမှု ခံယူရန် လိုအပ်သည်။

ကုသပုံအဆင့်ဆင့်
စီပီအာမပြုလုပ်မီ ပြင်ဆင်ရန်အချက်များ
  1. လဲကျနေသောသူ၏ ပတ်ဝန်းကျင်တွင် အန္တရာယ် ရှိမရှိ စစ်ဆေးပါ၊ (ပြတ်ကျနေသော ဓာတ်ကြိုး၊ ပြိုကျနိုင်သည့် အဆောက်အဦး) ရှိပါက လူနာကို ဘေးကင်းရာသို့ ချက်ချင်းရွှေ့ပါ
  2. သတိလစ်နေခြင်း ရှိမရှိ စစ်ဆေးပါ၊ သတိလစ်နေလျှင် လူနာ၏ ပခုံးကိုလှုပ်၍ “အဆင်ပြေလား၊ ဘာဖြစ်တာလဲ” ဟု အသံကျယ်ကျယ်ဖြင့် အော်ဟစ်မေးပါ
  3. တုံ့ပြန်ခြင်းမရှိလျှင် အသက်ရှူခြင်း ရှိမရှိနှင့် နှလုံးခုန်ခြင်း (သွေးခုန်ခြင်း) ရှိမရှိ စစ်ဆေးပါ၊ မရှိပါက စီပီအာ စတင်ပြုလုပ်ပါ၊ တစ်ပြိုင်တည်းတွင် အနီးပတ်ဝန်းကျင်မှ လူများကို အော်ဟစ်အကူညီတောင်းပါ၊ အရေးပေါ်လူနာတင်ယာဉ် (သို့မဟုတ်) ယာဉ်တစ်မျိုးမျိုးဖြင့် လူနာကို ဆေးရုံသို့ပို့ရန် စီစဉ်ခိုင်းပါ အလိုအလျောက်နှလုံးနှိုးဆွစက် (Automated Electrical Defibrillator-AED) ရနိုင်လျှင် အလျင်အမြန် ယူဆောင်ခိုင်းပါ
  4. လူနာအား မာကြောသည့် မျက်နှာပြင်ပေါ်တွင် ပက်လက်အနေအထားဖြင့် ထားပါ၊ ထို့နောက် စီ-အေ-ဘီ (C-A-B) အစဉ်အတိုင်း ပြုလုပ်ပါ၊ သင်တစ်ဦးတည်းရှိနေလျှင် ရင်ခေါင်းဖိခြင်းနှင့် အသက်ရှူအားကူခြင်းကို တစ်လှည့်စီ ပြုလုပ်ရမည်ဖြစ်ပြီး ပတ်ဝန်းကျင်မှ ကူညီသူတစ်ဦးရှိလျှင် ရင်ခေါင်းဖိခြင်းနှင့် အသက်ရှူအားကူခြင်းကို သီးခြားခွဲ၍ လုပ်နိုင်သည်
C – Compression (ရင်ခေါင်းဖိနှိပ်ခြင်း)
  • သင်၏ လက်ဖနောင့်တစ်ဖက်ကို လူနာ၏ ရင်ဘတ်အလယ်တွင် တင်ပါ
  • ကျန်လက်တစ်ဖက်ကို ပထမလက်ပေါ်တွင် တင်ပါ
  • တံတောင်ဆစ်ကို ဆန့်တန်း၍ ခါးကို တည့်မတ်စွာထားပါ
  • လူနာ၏ခန္ဓာကိုယ်ပေါ်မှမိုး၍ လူနာ၏ရင်ဘတ်ကို နှစ်လက်မခန့် နစ်ဝင်သည်အထိ ဖိပါ
  • (ရင်ခေါင်းဖိရာတွင် လက်၏ဖိအားထက် ခန္ဓာကိုယ်၏ဖိအားကို အသုံးပြုပါ)
  • တစ်မိနစ်လျှင် အကြိမ် (၁၀၀-၁၂၀) ရသည်အထိ ပြင်းပြင်းဖိပေးပါ၊ ပါးစပ်မှ (၁-၂-၃-၄) အသံထွက်၍ ရွတ်ဆိုပါ၊ စီပီအာပြုလုပ်ခြင်း သင်တန်းတက်ရောက်ထားသူ မဟုတ်လျှင် ဤရင်ခေါင်းဖိနှိပ်ခြင်းကိုပင် သက်ဆိုင်ရာဆေးအဖွဲ့များ ရောက်ရှိလာမည့်အချိန် (သို့မဟုတ်) ဆေးရုံသို့ ရောက်ရှိမည့်အချိန်အထိ ရင်ခေါင်းဖိခြင်းကိုသာ ဆက်တိုက်ပြုလုပ်ပါ၊ စီပီအာ တတ်မြောက်သူဖြစ်လျှင် အောက်ပါ အသက်ရှူအားကူခြင်းကို ဆက်လုပ်ပါ
A – Airway (အသက်ရှူလမ်းကြောင်း ဖွင့်ခြင်း)
  • ရင်ခေါင်းဖိခြင်း အကြိမ် (၃၀) ပြည့်လျှင် ရပ်တန့်၍ လူနာ၏အသက်ရှူလမ်းကြောင်းကို ဖွင့်ရမည်
  • လက်တစ်ဖက်ဖြင့် လူနာ၏မေးစေ့အောက်မှ မတင်ပြီး အခြားလက်တစ်ဖက်ဖြင့် လူနာ၏ဦးခေါင်းကို မော့ပေးပါ၊ လူနာ၏လည်ပင်းသည် အနောက်သို့ ကော့နေသည့်ပုံစံဖြစ်လျှင် လျှာခေါက်ဝင်နေခြင်း လွတ်သွားသဖြင့် အသက်ရှူလမ်းကြောင်းကို ဖွင့်ပြီးဖြစ်သည်
  • သို့သော် ထိခိုက်ဒဏ်ရာရရှိထားသူဖြစ်လျှင် ဤနည်းကို အသုံးမပြုသင့်ပေ။
B – Breathing (အသက်ရှူအားကူခြင်း)
  • အသက်ရှူလမ်းကြောင်းပွင့်လျှင် လူနာ၏နှာခေါင်းကို လက်တစ်ဖက်ဖြင့်ပိတ်၍ လူနာ၏ပါးစပ်မှတစ်ဆင့် လေကို မှုတ်သွင်းပါ၊ လေမှုတ်သွင်းနေစဉ် လူနာ၏ရင်ဘတ် ဖောင်းတက်လာခြင်း ရှိမရှိ ကြည့်ပါ၊ ဖောင်းတက်လာခြင်းမရှိလျှင် အသက်ရှူလမ်းကြောင်းဖွင့်ခြင်း ပြန်လည်လုပ်ဆောင်ပါ
  • ဤနေရာတွင် လူနာနှင့်ပါးစပ်ချင်းတေ့၍ လေမှုတ်သွင်းရသည်ကို စိုးရိမ်လျှင် လက်သုတ်တစ်ရှူး (သို့မဟုတ်) အဝတ်စခံ၍ ပြုလုပ်နိုင်သည်၊ အလွယ်တကူရနိုင်လျှင် အသင့်အသုံးပြုနိုင်သော လေမှုတ်သွင်းကိရိယာ (mouth piece) ကို သုံးနိုင်သည်၊ တိုးတက်သည့်နိုင်ငံများတွင် လူစည်ကားရာနေရာများတွင် အများပြည်သူအသုံးပြုနိုင်ရန် အသင့်ပြင်ပေးထားလေ့ရှိသည်
  • လေမှုတ်သွင်းခြင်းကို (၂) ကြိမ်ပြုလုပ်ပြီးလျှင် ရင်ခေါင်းဖိခြင်း အကြိမ် (၃၀) ကို ဆက်လုပ်ရမည်
  • ရင်ခေါင်းဖိခြင်း အကြိမ် (၃၀) နှင့် လေမှုတ်သွင်းခြင်း (၂) ကြိမ်တို့ကို (၂) မိနစ်ဆက်တိုက် ပြုလုပ်ပြီးတိုင်း စီပီအာကို စက္ကန့်ပိုင်းမျှရပ်၍ လူနာ၏လည်ပင်းသွေးခုန်နှုန်း ရှိမရှိ စမ်းသပ်ရမည်၊ မရရှိလျှင် တုံ့ဆိုင်းခြင်းမရှိဘဲ လည်ပင်းသွေးခုန်နှုန်း ပြန်လည်ရရှိသည်အထိ စီပီအာကို ဆက်လုပ်ရမည်

စီပီအာ ပြုလုပ်နေစဉ်အတွင်း အလိုအလျောက် လျှပ်စစ်နှလုံးနှိုးဆွစက် (AED) ရရှိလျှင် လူနာ၏ရင်ဘတ်တွင် တပ်ဆင်ပြီး ရှော့ခ်ရိုက် ကုသနိုင်သည်။ AED စက်သည် လူနာအား ရှော့ခ်ရိုက်ကုသရန် လိုအပ်ခြင်း ရှိမရှိ အသံထွက်၍ အမိန့်ပေးနိုင်သည်။ AED စက်သည် ရှော့ခ်ရိုက်ကုသရန် လိုအပ်သည့်လူနာများအတွက် မဖြစ်မနေ လိုအပ်သည့် ကိရိယာတစ်ခုဖြစ်သည်။ AED စက်ကိုမရနိုင်လျှင် သို့မဟုတ် အသုံးမပြုတတ်လျှင် စိုးရိမ်စရာမရှိပါ။ မူလပြုလုပ်နေသော စီပီအာကို ဆေးရုံမရောက်မီအထိ ဆက်တိုက်ပြုလုပ်ပေးခြင်းဖြင့်လည်း လူနာ၏အသက်ကို ကယ်တင်နိုင်သည်။

CPR IMG1
ကလေးများတွင် စီပီအာ ပြုလုပ်ခြင်း

ကလေးအသက် (၁)နှစ် မှ အရွယ်ရောက်သည့်အသက်အထိ စီပီအာ ပြုလုပ်ပုံမှာ လူကြီးများတွင် စီပီအာ ပြုလုပ်ပုံနှင့် တူညီသည်။ သို့ရာတွင် ကလေးများတွင် ခန္ဓာကိုယ်အရွယ်အစားသေးငယ်သည့်အတွက် လူကြီးကဲ့သို့ အင်အားသုံးဖိနှိပ်ရန် မလိုအပ်ပေ။

C – Compression ရင်ခေါင်းဖိခြင်း
A – Airway အသက်ရှူလမ်းကြောင်းဖွင့်ခြင်း
B – Breathing အသက်ရှူအားကူခြင်း
အစီအစဉ်အတိုင်း ဆောင်ရွက်ပါ။

  • ကလေး၏ဘေးတွင် ဒူးထောက်၍ထိုင်ပါ
  • လက်နှစ်ဖက် (သို့မဟုတ်) ကလေးသေးငယ်လျှင် လက်ဖနောင့်တစ်ဖက်ကို ကလေး၏ရင်ညွန့်ရိုးအောက်ပိုင်းတွင် တင်ပါ၊ ကလေး၏ရင်ဘတ် (၁/၃)ခန့် ချိုင့်ဝင်သွားသည်အထိ ဖိနှိပ်ပေးပါ၊ ကလေးတွင် စီပီအာပြုလုပ်သူ၏ ခန္ဓာကိုယ်အားကို မသုံးဘဲ လက်၏အားကိုသာ သုံးပါ၊ တစ်မိနစ်လျှင် အကြိမ် (၁၀၀ – ၁၂၀) နှုန်းဖြင့် အကြိမ် (၃၀) ဖိနှိပ်ပေးပါ
  • ထို့နောက် အသက်ရှူလမ်းကြောင်းဖွင့်ခြင်းနှင့် အသက်ရှူအားကူခြင်းကို (၂) ကြိမ်ပြုလုပ်ပါ
  • အသက်ရှူအားကူရာတွင် ကလေးရင်ဘတ်ဖောင်းတက်လာခြင်းကို စစ်ဆေးပါ
  • လေမှုတ်သွင်းရာတွင် အခေါက်ပေါင်းများစွာ မှုတ်ခြင်း၊ အားဖြင့် မှုတ်သွင်းခြင်း မပြုလုပ်ရပါ (ကလေးငယ်များတွင် အဆုတ်တွင်း လေအိတ်ငယ်များ ပေါက်နိုင်သဖြင့်)
တစ်နှစ်အောက်နှင့် မွေးကင်းစကလေးငယ်များတွင် စီပီအာ ပြုလုပ်ခြင်း

တစ်နှစ်အောက်နှင့် မွေးကင်းစကလေးငယ်များတွင်လည်း CAB နည်းလမ်းအတိုင်းပင်ဖြစ်သည်။

  • ရင်ခေါင်းဖိခြင်း ပြုလုပ်ရာတွင် လက်ညှိုးနှင့်လက်ခလယ် နှစ်ချောင်းဖြင့်သာ ဖိနှိပ်ရန်ဖြစ်သည်
  • မွေးကင်းစကလေးများတွင် ကလေးအား ပွေ့ချီမ၍ လက်မနှစ်ဖက်ဖြင့် ဖိနှိပ်ခြင်းလည်း ပြုလုပ်နိုင်သည်၊ အဓိကအရေးကြီးသည်မှာ ကလေးရင်ခေါင်း၏ (၁/၃) ခန့် ချိုင့်ဝင်သည်အထိ အင်အားသုံးရန်လိုပြီး ပြန်လည်လွှတ်လိုက်သည့်အခါ ရင်ခေါင်းအပြည့်အဝ ပြန်ဖောင်းလာရန် လိုအပ်ခြင်းဖြစ်သည်
  • အသက်ရှူအားကူရာတွင် ရင်ခေါင်းအားဖြင့် မမှုတ်ဘဲ ပါးဖောင်းစေရန် လိုအပ်သောအားဖြင့်သာ မှုတ်သွင်းပါ
  • စီပီအာကို
    • တစ်ဦးတည်းပြုလုပ်ရလျှင် ရင်ခေါင်းဖိခြင်းအကြိမ် (၃၀) နှင့် အသက်ရှူအားကူခြင်း (၂) ကြိမ်
    • စီပီအာပြုလုပ်သူ (၂) ဦးရှိလျှင် ရင်ခေါင်းဖိခြင်း (၁၅) ကြိမ်နှင့် အသက်ရှူအားကူခြင်း (၂) ကြိမ် ပြုလုပ်နိုင်သည်

စီပီအာပြုလုပ်ခြင်း ရပ်တန့်ရမည့်အချိန်
စီပီအာပြုလုပ်ခြင်းသည် ကိုယ်ကာယပင်ပန်းခြင်း ဖြစ်နိုင်သဖြင့် ကူညီသူ တစ်ဦးပြီးတစ်ဦး ပြောင်း၍လုပ်ရန် လိုအပ်သည်။ အောက်ပါအခြေအနေများတွင် စီပီအာ ပြုလုပ်ခြင်းကို ရပ်နိုင်သည်။

  • လူနာတွင် နှလုံးခုန်ခြင်းပြန်ရလျှင်
  • လူနာသေဆုံးပြီဟု ဆေးအဖွဲ့မှသတ်မှတ်လျှင် (မိနစ်၂၀ မှ ၄၀ အထိ စီပီအာပြုလုပ်ပြီးလျှင်)

စီပီအာ ပြုလုပ်ခြင်းသည် အသက်ကယ်ကုသပေးခြင်း ဖြစ်သောကြောင့် မည်သူမဆို လေ့ကျင့်သင်ကြား တတ်မြောက်သင့်သည်။

နောက်ဆက်တွဲဆိုးကျိုးများ

စီပီအာပြုလုပ်ခြင်းကြောင့် လူနာတွင် နံရိုးများကျိုးခြင်း၊ ရင်ခေါင်းတွင်းကလီစာများ ထိခိုက်ခြင်းရှိနိုင်သည်။ သို့သော် ထိုပြဿနာများသည် လူနာ၏အသက်ရှင်ခွင့်နှင့် နှိုင်းစာလျှင် မပြောပလောက်ပေ။

CPR ဆိုင်ရာ တိုးတက်ပြောင်းလဲမှုများ
  • လက်တွေ့ကျသော လေ့ကျင့်ရေးများ (Hands-On Training)
    CPR သင်တန်းများကို ယခုအခါ ပိုမိုလက်တွေ့ကျပြီး အပြန်အလှန်ဆက်သွယ်နိုင်သည့် နည်းလမ်းများ (ဥပမာ _ စမတ်ဖုန်း အက်ပလီကေးရှင်းများပါဝင်သော လက်တွေ့လေ့ကျင့်စက်များ) ကို အသုံးပြုလာကြသည်။ ၎င်းသည် လေ့ကျင့်သူ၏ လုပ်ဆောင်ချက်များကို အချိန်နှင့်တပြေးညီ စစ်ဆေးတိုင်းတာပေးနိုင်ပြီး စီပီအာကို ပိုမိုထိရောက်စွာ လေ့ကျင့်နိုင်စေသည်။
  • မိုဘိုင်းလ်ဖုန်း အက်ပလီကေးရှင်းများ
    အချို့နိုင်ငံများတွင် CPR သင်တန်းရရှိထားသူများကို အနီးအနားတွင် နှလုံးခုန်ရပ်သွားသောလူနာရှိပါက ဖုန်းမှတစ်ဆင့် အကြောင်းကြားပေးသည့် စနစ်များ အသုံးပြုလာကြသည်။ ၎င်းသည် ပထမဆုံးတုံ့ပြန်သူများ အမြန်ဆုံးရောက်ရှိပြီး အရေးပေါ်အကူအညီပေးနိုင်ရန် များစွာအထောက်အကူပြုသည်။
  • ခေတ်မီ CPR စက်များ (Mechanical CPR Devices)
    လူအင်အားသုံး၍ နှလုံးနှိုးဆွရန် မလိုအပ်တော့ဘဲ ပိုမိုထိရောက်သော ဖိအားဖြင့် ရင်ဘတ်ကို နှိပ်နယ်ပေးနိုင်သည့် အလိုအလျောက် ရင်ခေါင်းဖိစက်များ ပေါ်လာသည်။ ဤစက်များသည် လူနာကို ဆေးရုံသို့ ပို့ဆောင်နေစဉ်အတွင်း အသက်ရှူစက်နှင့် အခြားကိရိယာများ တပ်ဆင်ရန်လည်း လွယ်ကူစေသည်။

References:

  1. Mayo Clinic. (n.d.). Cardiopulmonary resuscitation (CPR): First aid. Mayo Clinic. Retrieved July 26, 2025, from https://www.mayoclinic.org/first-aid/first-aid-cpr/basics/art-20056600
  2. Cleveland Clinic. (2024). CPR. Cleveland Clinic. Retrieved July 26, 2025, from https://my.clevelandclinic.org/health/treatments/17680-cardiopulmonary-resuscitation-cpr
  3. eMedicineHealth. (2022). How to do CPR: 7 steps of cardiopulmonary resuscitation. eMedicineHealth. Retrieved July 26, 2025, from https://www.emedicinehealth.com/what_are_the_seven_steps_of_cpr/article_em.htm

Published: 30 August 2024

Last updated: 13 October 2025

Share

26 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.