မွေးကင်းစကလေး သွေးလဲကုသခြင်း (Neonatal exchange transfusion) ဆိုသည်မှာ မွေးကင်းစကလေး၏ ခန္ဓာကိုယ်မှသွေးကို အလှူရှင်၏သန့်စင်သောသွေးဖြင့် လဲလှယ်ကုသခြင်းဖြစ်သည်။
သွေးကို သွေးဆဲလ်များ၊ သွေးရည်ကြည်များဖြင့် ဖွဲ့စည်းထားသည်။ သွေးဆဲလ်များတွင် သွေးဖြူဥ၊ သွေးနီဥနှင့် သွေးဥမွှားများ ပါဝင်သည်။ သွေးရည်ကြည်တွင် အသားဓာတ်၊ ဓာတ်ဆားဓာတ်များ၊ ကိုယ်ခံအားနှင့် သွေးခဲပစ္စည်းများပါရှိသည်။ သွေးထဲ၌ ကိုယ်ခန္ဓာထဲသို့ ဝင်ရောက်လာသော ပိုးမွှားများ၊ ကပ်ပါးပိုးများ၊ ၎င်းတို့မှထွက်လာသော အဆိပ်အတောက်များနှင့် အသားဝါဓာတ်ကဲ့သို့သော ဓာတ်ပစ္စည်းများလည်း တစ်ခါတစ်ရံ ရှိနေတတ်သည်။ အဆိုပါ ဓာတ်ပစ္စည်းများနှင့် အဆိပ်အတောက်များကို ခန္ဓာကိုယ်အတွင်းမှ အမြန်ဖယ်ရှားလိုလျှင် သွေးလဲကုသခြင်း ပြုလုပ်လေ့ရှိသည်။
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
မွေးကင်းစကလေးငယ်များ အသားဝါလျှင် မီးချောင်းပြကုသနည်း (phototherapy) ဖြင့် စတင်ကုသလေ့ရှိသည်။ သို့သော် အသားဝါဓာတ် အလွန်များလွန်းပြီး မီးချောင်းပြကုသနည်းဖြင့် မလုံလောက်ပါက သွေးလဲကုသခြင်းကို လုပ်ဆောင်ရသည်။ အထူးသဖြင့် မွေးကင်းစကလေးငယ်များတွင် ဦးနှောက်အတွင်းသို့ အသားဝါဓာတ် ဝင်ရောက်သည့် လက္ခဏာများရှိလျှင် သွေးလဲခြင်းဖြင့် အရေးပေါ် အသက်ကယ်ကုသရတတ်သည်။
သွေးလဲကုသခြင်း အသုံးပြုနိုင်သော တစ်ခြားရောဂါအခြေအနေများမှာ_
- သွေးပျစ်ခြင်း (Polycythemia)
- သွေးတွင်း ပိုတက်ဆီယမ်ဓာတ် များနေခြင်း (Hyperkalaemia)
- သွေးရည်ကြည် လဲလှယ်ခြင်းကုထုံး (Therapeutic plasma exchange)
- ကိုယ်ခံအားစနစ်တုံ့ပြန်ခြင်းကြောင့် ဖြစ်သောရောဂါများ (Autoimmune disease) တို့ဖြစ်သည်။
ကြိုတင်သိရှိထားရမည့်အချက်များ
သက်ဆိုင်ရာဆရာဝန်မှ လူနာရှင်ကို ကလေး၏ရောဂါအခြေအနေ၊ သွေးလဲကုသရန် လိုအပ်သည့်အကြောင်းရင်း၊ သွေးလဲကုသစဥ် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲအခြေအနေများကို ရှင်းပြကာ သဘောတူညီချက် ယူရသည်။
ထို့နောက် လိုအပ်သောဆေးစစ်ချက်များ (ဥပမာ _ သွေးအုပ်စု အမျိုးအစား၊ အသည်းရောင်အသားဝါ ဘီ ပိုး၊ စီ ပိုး၊ HIV ပိုးစသောရောဂါပိုးများ စစ်ဆေးခြင်း) ကို စစ်ဆေးရသည်။ သွေးလဲကုသမည်ဟု ဆုံးဖြတ်သည်နှင့် ကလေးငယ်အားနို့မတိုက်ဘဲ အကြောဆေးရည် သွင်းထားရသည်။ လိုအပ်ပါက ပဋိဇီဝပိုးသတ်ဆေးများ ကြိုတင်ထိုးပေးထားရသည်။ ကလေး၏အခြေအနေ၊ သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်း၊ ကိုယ်အပူချိန် စသည်တို့ကို တိုင်းတာမှတ်သားထားရသည်။
ကလေး၏အသက်အရွယ်၊ ကိုယ်အလေးချိန်များအရ သွေးလဲရန် လိုအပ်သော စုစုပေါင်းပမာဏ၊ တစ်ကြိမ်လျှင် ထုတ်ယူမည့်၊ ထည့်သွင်းမည့် သွေးပမာဏ၊ ပြုလုပ်ရမည့် အကြိမ်အရေအတွက် စသည်တို့ကို ကြိုတင်တွက်ချက် မှတ်သားထားရသည်။ သွေးလဲရန် အသုံးပြုမည့်သွေးသည် သွေးလှူဘဏ်တွင် နည်းစနစ်မှန်ကန်စွာ စနစ်တကျ ထုတ်ယူထားသော သွေးဖြစ်ရမည်။ ကလေး၏ သွေးအုပ်စုနှင့် ကိုက်ညီရန်၊ ရောဂါပိုးကင်းစင်ရန်သာမက လတ်တလောထုတ်ယူထားသော လတ်ဆတ်သည့်သွေးဖြစ်ရန် အရေးကြီးသည်။
သွေးလဲကုသခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်
သွေးလဲကုသခြင်း (Exchange Transfusion) ကို များသောအားဖြင့် ဆေးရုံများရှိ ပိုးသတ်ထားသော သီးသန့်အခန်းတွင်သာ လုပ်ဆောင်သည်။ ဤကုသမှုသည် ကလေးငယ်များတွင် ဖြစ်ပွါးသော အသားဝါခြင်း (Jaundice) သို့မဟုတ် သွေးပျစ်ခြင်း (Polycythemia) ကဲ့သို့သော အခြေအနေများတွင် လိုအပ်သည့် အဓိကလုပ်ငန်းစဉ် ဖြစ်သည်။
- ကြိုတင်ပြင်ဆင်ခြင်းနှင့် ကိရိယာတပ်ဆင်ခြင်း
- ရောဂါပိုးမွှားကူးစက်မှုမှ ကာကွယ်ခြင်း
ဆရာဝန်နှင့် သူနာပြုများသည် ပိုးသတ်ထားသော အဝတ်အထည်များ (Sterile Gowns) ကို ဝတ်ဆင်ရသည်။ ကလေးငယ်ကိုလည်း ပိုးသတ်ထားသော အနှီး (Swaddling cloth) ကို အသုံးပြု၍ ပြင်ဆင်ရသည်။ - ပိုက်ထည့်သွင်းခြင်း (Catheter Insertion)
သွေးလဲပိုက် (Exchange Transfusion Catheter) ထည့်သွင်းမည့်နေရာကို စနစ်တကျ ပိုးသတ်ပြီးနောက် အများအားဖြင့် မွေးကင်းစကလေး၏ ချက်ရှိ သွေးကြောများမှတစ်ဆင့် ပိုက်ကို ထည့်သွင်းသည်။ တစ်ခါတစ်ရံတွင်မူ ပေါင်ရင်းရှိ သွေးကြောမကြီးမှတစ်ဆင့် ထည့်ရသည်။ - နို့ခေတ္တဖြတ်ထားခြင်း
သွေးလဲစဉ်ကာလ တစ်လျှောက်လုံးတွင် ကလေးငယ်ကို နို့လုံးဝမတိုက်ရပါ။
- ရောဂါပိုးမွှားကူးစက်မှုမှ ကာကွယ်ခြင်း
- သွေးလဲလှယ်ခြင်းလုပ်ငန်းစဉ်
သွေးလဲကုသခြင်းကို ဖြည်းဖြည်းချင်း စနစ်တကျ ပြုလုပ်ရသည်။- သွေးထုတ်ယူခြင်း
ပိုက်မှတစ်ဆင့် ကလေးငယ်၏သွေးကို သတ်မှတ်ပမာဏအတိုင်း [ဥပမာ _ (၅) မီလီလီတာ မှ (၂၀) မီလီလီတာခန့်] ဖြည်းညင်းစွာ ထုတ်ယူသည်။ - သွေးပြန်လည်ထည့်သွင်းခြင်း
ထို့နောက် ထုတ်ယူထားသော ပမာဏနှင့် တူညီသည့် ရောဂါပိုးကင်းစင်သည့် အလှူရှင်၏သွေး (Donor Blood) ကို ပမာဏတူ ဖြည်းညင်းစွာ ပြန်လည်ထည့်သွင်းသည်။ - မှတ်တမ်းတင်ခြင်း
ဤထုတ်ယူခြင်းနှင့် ပြန်ထည့်သွင်းခြင်း လုပ်ငန်းစဉ်ကို တွက်ချက်ထားသော စုစုပေါင်းပမာဏ ပြည့်မီသည်အထိ တစ်ကြိမ်ပြီးတစ်ကြိမ် ဆက်၍လုပ်ဆောင်ရသည်။ ထုတ်ယူသော၊ ထည့်သွင်းသော သွေးပမာဏနှင့် အကြိမ်ရေတို့ကိုလည်း အသေးစိတ် မှတ်တမ်းယူရသည်။
သွေးပျစ်ခြင်းအတွက် ကုသမှု
သွေးပျစ်ခြင်းကြောင့် သွေးလဲကုသလျှင်မူ ကလေး၏ကိုယ်မှ သွေးကို သတ်မှတ်ပမာဏအတိုင်း ထုတ်ယူပြီး အကြောဆေးရည် (Intravenous Fluid) ကို ပြန်လည်ထည့်သွင်း လဲလှယ်သည်။
- သွေးထုတ်ယူခြင်း
- ကုသမှုပြီးနောက် စောင့်ကြည့်စစ်ဆေးခြင်း
ပုံမှန်တစ်ကြိမ် သွေးလဲကုသခြင်းသည် ပျမ်းမျှအားဖြင့် (၂) နာရီခန့် ကြာမြင့်နိုင်သည်။ ကုသမှုပြီးဆုံးပြီးနောက်- အထူးကြပ်မတ် စောင့်ကြည့်ခြင်း
ကလေးငယ်ကို အထူးကြပ်မတ်ခန်း (NICU) သို့မဟုတ် သင့်လျော်သော အခန်းတွင် စိတ်ချရသည်အထိ စောင့်ကြည့်စစ်ဆေးရန် လိုအပ်သည်။ - အရေးကြီးလက္ခဏာများ စောင့်ကြည့်ခြင်း
သွေးလဲစဉ် ကာလတစ်လျှောက်တွင် ကလေး၏ နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်း၊ သွေးပေါင်ချိန်နှင့် ကိုယ်အပူချိန်စသည်တို့ကို အနီးကပ်စောင့်ကြည့်စစ်ဆေးနေရသည်။ - ရောဂါအခြေအနေ စောင့်ကြည့်စစ်ဆေးခြင်း
ရောဂါအခြေအနေ တိုးတက်လာမှုနှင့် နောက်ဆက်တွဲ ပြဿနာများ (ဥပမာ _ သွေးတွင်းသကြားဓာတ် လျော့ကျခြင်း) ရှိမရှိ သိနိုင်ရန်အတွက် ကလေးငယ်အား ပုံမှန်စစ်ဆေးခြင်း၊ သွေးစစ်ဆေးခြင်းများ ပြုလုပ်ရသည်။ - နောက်တစ်ကြိမ် လိုအပ်မှု
လိုအပ်ပါက သွေးလဲကုသခြင်းကို နောက်ထပ်တစ်ကြိမ် ထပ်မံဆောင်ရွက်ရနိုင်သည်။
- အထူးကြပ်မတ် စောင့်ကြည့်ခြင်း
နောက်ဆက်တွဲဆိုးကျိုးများ
ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲပြဿနာများမှာ_
- ရောဂါပိုးဝင်ခြင်း
- ကိုယ်အပူချိန် လျော့ကျခြင်း
- သွေးတွင်း အချိုဓာတ်၊ ဓာတ်ဆားဓာတ်များ မညီမမျှဖြစ်ခြင်း
- နှလုံးခုန်ခြင်း၊ အသက်ရှူခြင်းများ ပုံမမှန်ဖြစ်ခြင်း
- သွေးထွက်ခြင်း၊ သွေးပေါင်ကျခြင်း
- သွေးခဲပိတ်ခြင်းများ ဖြစ်နိုင်သည်။
ကလေး၏အသက်အန္တရာယ်၊ ဦးနှောက်ထိခိုက်နိုင်မည့် အန္တရာယ်များရှိသောကြောင့် ကောင်းစွာကြိုတင်ပြင်ဆင်ချိန်မရှိဘဲ အရေးပေါ် သွေးလဲကုသရသော ကလေးများတွင် နောက်ဆက်တွဲအန္တရာယ်များကို ပို၍တွေ့ရှိရသည်။
စနစ်တကျ ကိုယ်ဝန်အပ်ခြင်း၊ တတ်ကျွမ်းနားလည်သော ဆရာဝန်၊ ဆရာမများနှင့် မွေးဖွားခြင်း၊ အသားဝါခြင်းကို စောစီးစွာသိရှိခြင်း၊ ထိရောက်သော ကုသမှုများ အချိန်မီခံယူခြင်းများဖြင့် မွေးကင်းစ ကလေးငယ်များ၏ အသားဝါပြင်းထန်ခြင်းကို ထိရောက်စွာ လျှော့ချနိုင်သည်။ ဤနည်းအားဖြင့် သွေးလဲကုသရန် လိုအပ်ခြင်းမှ ရှောင်ရှားနိုင်သည်။
References:
- MedlinePlus. (n.d.). Exchange transfusion. Retrieved July 16, 2025, from https://medlineplus.gov/ency/article/002923.htm#:~:text=Exchange%20transfusion%20is%20a%20potentially%20life-saving%20procedure%20that%20is%20done
- Hall, C. P., & Lightfoot, J. K. (2025). Exchange transfusion. In StatPearls [Internet]. Treasure Island, FL: StatPearls Publishing. Retrieved July 16, 2025, from https://www.ncbi.nlm.nih.gov/books/NBK563179/
- Manchester University NHS Foundation Trust. (2019). Exchange transfusion. Retrieved July 16, 2025, from https://mft.nhs.uk/app/uploads/sites/4/2018/04/06-115-Exchange-transfusion-Nov-19.pdf#:~:text=Exchange%20transfusion%20aims%20to%20remove%20the%20bilirubin%20present%20in%20the
- East and North Hertfordshire NHS Trust. (2017). Exchange transfusion – Patient information leaflet. Retrieved July 16, 2025, from https://www.enherts-tr.nhs.uk/wp-content/uploads/2019/10/Exchange-Transfusion-Final-web.pdf#:~:text=What%20is%20an%20exchange%20transfusion%3F%20The%20procedure%20involves%20removing%20your
Published: 30 August 2024
Last updated: 11 November 2025
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.