ဦးခေါင်းအာထရာဆောင်းဆိုသည်မှာ ကြိမ်နှုန်းမြင့်အသံလှိုင်းများကို အသုံးပြု၍ ဦးနှောက်၏ပုံသဏ္ဌာန်နှင့် ဦးနှောက်အတွင်းပိုင်းမှ ပုံရိပ်များကို ဖမ်းယူစစ်ဆေးသည့် နည်းလမ်းဖြစ်သည်။ ဤစစ်ဆေးမှုဖြင့် ဦးနှောက်အတွင်းပတ်လည်ရှိ စီအက်စ်အက်ဖ်အရည် (CSF) နှင့် ထိုအရည်လှည့်လည်စီးဆင်းနေသော ဦးနှောက်အခန်းငယ်များ (Ventricles) ၏ ပုံရိပ်များကိုလည်း စစ်ဆေးနိုင်သည်။ သွေးဖောက်စစ်ဆေးရန်၊ ပုံရိပ်ဖော်ဆေးထိုးရန်နှင့် ဓာတ်ရောင်ခြည်သုံးရန် မလိုသောကြောင့် အန္တရာယ်ကင်းသည့် စစ်ဆေးမှုဖြစ်သည်။ ပုံမှန်အားဖြင့် အသက် (၆) လအောက်ကလေးများ (တနည်းအားဖြင့် ငယ်ထိပ် မပိတ်သေးသော ကလေးငယ်များ) တွင် လုပ်ဆောင်သည်။
ပုံရိပ်ဖြစ်ပေါ်ပုံ
ငယ်ထိပ်မှတစ်ဆင့် ကြိမ်နှုန်းမြင့်အသံလှိုင်းများသည် ဦးနှောက်အတွင်းသို့ ပြန့်သွားပြီး ပုံရိပ်များကို ဖြစ်ပေါ်စေသည်။ ဦးနှောက်၏ အတွင်းပိုင်းတည်ဆောက်ပုံများ၊ စီအက်စ်အက်ဖ်အရည် (CSF) စုနေသော ဦးနှောက်အခန်းငယ်များ (Ventricles) ကို အဖြူအမည်း ပုံရိပ်များအဖြစ် မြင်တွေ့ရသည်။
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
လသားကလေးငယ်များတွင် အောက်ပါကဲ့သို့သော ဦးနှောက်ဆိုင်ရာ ပြဿနာများကို သိရှိလိုပါက ဦးခေါင်းအာထရာဆောင်း ရိုက်နိုင်သည်။
- ဦးနှောက်အမြှေးအတွင်း သို့မဟုတ် အပြင်၌ အရည်များစုခြင်း (Hydrocephalus, Subdural/epidural effusion)
- ဦးနှောက်တစ်ရှူးများကြား သို့မဟုတ် ဦးနှောက်အခန်းတွင်း သွေးယိုခြင်း (Intracerebral or Intraventricular haemorrhage)
- ဦးနှောက်အခန်းပတ်လည်ရှိ တစ်ရှူးများ ထိခိုက်ခြင်း (Periventricular leukomalacia)
- မွေးရာပါ ဦးနှောက် ဖွဲ့စည်းတည်ဆောက်ပုံမမှန်ခြင်း
- ဦးနှောက်တွင်းပြည်တည်ခြင်း သို့မဟုတ် ဦးနှောက်အကျိတ်ရှိခြင်း
ပေါင်မပြည့်လမစေ့ဘဲ စောမွေးသော ကလေးများတွင် ဦးခေါင်းအာထရာဆောင်းရိုက်ခြင်းကို မဖြစ်မနေ ပြုလုပ်လေ့ရှိသည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် ဦးနှောက်အခန်းတွင်း သွေးယိုခြင်း၊ ဦးနှောက်အခန်းပတ်လည်ရှိ တစ်ရှူးများ ထိခိုက်ခြင်းစသည့် အဖြစ်များသော ပြဿနာများကို စောစီးစွာ သိရှိနိုင်ပြီး ကလေးငယ်တွင် ဖြစ်ပေါ်လာနိုင်မည့် ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာများကို အတိုင်းအတာတစ်ခုထိ ကြိုတင်မှန်းဆနိုင်သည်။ ပြဿနာတွေ့ရှိပါက သင့်လျော်သော ကုသမှုပေး၍ဖြစ်စေ၊ စောင့်ကြည့်၍ဖြစ်စေ အချိန်တစ်ခုခြားပြီး နောက်တစ်ကြိမ် ပြန်လည်ရိုက်ကြည့်ရန် လိုအပ်သည်။
အကျိုးကျေးဇူးများ
- ဆေးသွင်းဆေးထိုးရန်၊ အပ်ထိုးရန်၊ ဓာတ်ရောင်ခြည်သုံးရန် မလိုခြင်းကြောင့် နာကျင်မှုမရှိ၊ အန္တရာယ်ကင်းခြင်း
- အသုံးပြုရန် လွယ်ကူပြီး ရိုက်ကူးချိန်မြန်ခြင်း
- ဓာတ်မှန်တွင် မတွေ့ရသော တစ်ရှူးများ၏ ပုံရိပ်များကို တွေ့နိုင်ခြင်း
အားနည်းချက်များ
- ကလေး အရမ်းငိုနေလျှင် သို့မဟုတ် လှုပ်နေလျှင် စမ်းသပ်သည့်ဖြစ်စဉ်ကို နှေးကွေးစေသည်
- ရိုက်ကူးသူ၏ ကျွမ်းကျင်မှုအပေါ် မူတည်၍ အဖြေအနည်းငယ် အပြောင်းအလဲရှိနိုင်သည်
- သိသာထင်ရှားကြီးမားသော ရောဂါအခြေအနေများကိုသာ အဓိကသိရှိနိုင်ပြီး ပိုမိုအသေးစိတ်သိရှိလိုပါက အခြားဓာတ်မှန်များ [ဥပမာ _ ကွန်ပျူတာဓာတ်မှန် (CT scan)၊ သံလိုက်ဓာတ်မှန် (MRI)] များ လိုအပ်နိုင်သည်
စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်
- ကြိုတင်ပြင်ဆင်မှုများ – ယေဘုယျအားဖြင့် ကြိုတင်ပြင်ဆင်မှု မလိုအပ်ပါ
- စမ်းသပ်ခြင်း
ဦးခေါင်းအာထရာဆောင်းရိုက်ခြင်းကို မွေးကင်းစအဆောင်တွင် ကလေးအထူးကုဆရာဝန်မှလည်းကောင်း၊ ဓာတ်မှန်ဌာနတွင် ဓာတ်မှန်ဆရာဝန်မှလည်းကောင်း လုပ်ဆောင်နိုင်သည်။- ကလေးကို ပက်လက်ထား၍ မျက်နှာကို အနည်းငယ်မော့ထားရသည်
- ပုံရိပ်များ ပိုရှင်းလင်းစေရန် အခန်းကို အနည်းငယ် အမှောင်ချထားရသည်
- ရိုက်ကူးသူမှ ဂျယ်လီ (ultrasound gel) ကို လက်ကိုင် (probe) တွင် သုတ်၍ ကလေး၏ခေါင်းပေါ်တွင် ညင်သာစွာ လှုပ်ရှားကာ ရိုက်ကူးသည်
- ပုံမှန်အားဖြင့် (၁၅)မိနစ် မှ (၃၀)မိနစ်အထိ ကြာနိုင်သည်

အဖြေနှင့် ဆက်လက်ဆောင်ရွက်ရန်
- အာထရာဆောင်းအဖြေကို ဓာတ်မှန်ဆရာဝန်မှ ဖတ်ရှုအဖြေထုတ်ပေးမည်
- အဖြေကို ကလေးအထူးကုဆရာဝန် သို့မဟုတ် မိသားစုဆရာဝန်နှင့် ပြန်လည်ပြသတိုင်ပင်ရမည်
- အချို့အခြေအနေများတွင် အချိန်ကာလတစ်ခုခြား၍ နောက်တစ်ကြိမ် ပြန်လည်ရိုက်ရန် လိုအပ်သည်
- ခွဲစိတ်ကုသရန် လိုအပ်သော အခြေအနေများ တွေ့ရှိပါက သက်ဆိုင်ရာ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်အထူးကုဆရာဝန်များထံ လွှဲပြောင်း၍ ဆက်လက်ဆေးကုသမှု ခံယူရန်လိုသည်
နောက်ဆက်တွဲဆိုးကျိုးများ
ဦးခေါင်းအာထရာဆောင်းရိုက်ခြင်းတွင် ယေဘုယျအားဖြင့် နောက်ဆက်တွဲဆိုးကျိုးများမရှိပါ။
ပြောင်းလဲတိုးတက်မှုများ
- ပုံရိပ်အရည်အသွေး ပိုမိုမြင့်မားလာခြင်း (Higher Resolution Imaging)
ခေတ်မီ အာထရာဆောင်း ကိရိယာများနှင့် ပိုမိုစွမ်းအားမြင့်သည့် ထရန်စဂျူဆာများ (High-frequency transducers) ကို အသုံးပြုလာခြင်းကြောင့် ပုံရိပ်အရည်အသွေး (resolution) သိသိသာသာ တိုးတက်လာပြီး၊ သေးငယ်သည့် ဦးနှောက်ပြောင်းလဲမှုများကိုပင် စောစီးစွာ ရှာဖွေနိုင်စေသည်။ - သုံးဖက်မြင် (3D) နှင့် လေးဖက်မြင် (4D) ပုံရိပ်ဖော်ခြင်း
ဤနည်းပညာများသည် ဦးနှောက်ဖွဲ့စည်းပုံကို ပိုမိုပြည့်စုံစွာ မြင်နိုင်စေပြီး ဦးနှောက်အခန်းငယ်များ၏ ပုံသဏ္ဌာန်နှင့် အရွယ်အစား အပြောင်းအလဲများကို ပိုမိုတိကျစွာ တိုင်းတာနိုင်ပြီး ရောဂါရှာဖွေရာတွင် အထောက်အကူပြုသည်။ - Transcranial Doppler Ultrasound
Transcranial Doppler Ultrasound ဟုခေါ်သော အာထရာဆောင်းတစ်မျိုးကို အသုံးပြုခြင်းဖြင့် ဦးနှောက်အတွင်းရှိ သွေးလည်ပတ်မှုနှုန်း (blood flow velocity) ကို တိကျစွာ တိုင်းတာနိုင်သည်။ ၎င်းသည် သွေးကြောကျဉ်းခြင်း၊ သွေးကြောကျုံ့ခြင်း၊ သွေးကြောပိတ်ဆို့ခြင်း စသည့် ပြဿနာများကို စစ်ဆေးရာတွင် ယခင်ကထက် ပိုမိုအရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာသည်။
အသုံးပြုသည့်အပိုင်းတွင် ပြောင်းလဲတိုးတက်မှုများ
- အိတ်ဆောင် သယ်ဆောင်ရလွယ်သော စနစ်များ (Portable/Handheld Systems)
သေးငယ်ပြီး သယ်ဆောင်ရလွယ်ကူသော အာထရာဆောင်းကိရိယာများ ပေါ်ထွက်လာခြင်းကြောင့် မွေးကင်းစကလေးငယ်များကို ဓာတ်မှန်ဌာနသို့ ခေါ်ဆောင်စရာမလိုဘဲ မွေးကင်းစအဆောင် သို့မဟုတ် အရေးပေါ်ဌာနတွင်ပင် စစ်ဆေးနိုင်သဖြင့် အချိန်ကုန်သက်သာပြီး ဆုံးဖြတ်ချက်များကို ပိုမိုလျင်မြန်စွာ ချမှတ်နိုင်စေသည်။ - နည်းပညာများ ပေါင်းစပ်မှု (Fusion of Imaging Modalities)
သံလိုက်ဓာတ်မှန် (MRI) ပုံရိပ်များကဲ့သို့သော အခြား ပုံရိပ်ဖော်နည်းပညာများနှင့် ပေါင်းစပ်၍ ပုံရိပ်များခွဲခြမ်းစိတ်ဖြာလေ့လာခြင်းဖြင့် ရောဂါရှာဖွေရာတွင် တိကျမှုနှင့် ပြည့်စုံမှုကို ပိုမိုမြင့်မားစေသည်။
References:
- RadiologyInfo.org. (n.d.). Ultrasound — Cranial (head). Retrieved July 17, 2025, from https://www.radiologyinfo.org/en/info/ultrasound-cranial
- WebMD. (n.d.). What is a cranial ultrasound? Retrieved July 17, 2025, from https://www.webmd.com/brain/what-is-cranial-ultrasound
- KidsHealth. (n.d.). Ultrasound of the head [for parents]. Retrieved July 17, 2025, from https://kidshealth.org/en/parents/ultrasound-head.html
- Freeman, C. W., & Hwang, M. (2022). Advanced ultrasound techniques for neuroimaging in pediatric critical care: A review. Children, 9(2), 170. https://doi.org/10.3390/children9020170
- Lowe, L. H., & Bailey, Z. (2011). State-of-the-art cranial sonography: Part 1, modern techniques and image interpretation. AJR. American Journal of Roentgenology, 196(5), 1028–1033. https://doi.org/10.2214/AJR.10.6160
- Franco, A., & Lewis, K. N. (2013). Neonatal cranial ultrasound: Current perspectives. Reports in Medical Imaging, 6, 93–103. https://doi.org/10.2147/RMI.S46473
- Gupta, N., Hiremath, S. B., Gauthier, I., Wilson, N., & Miller, E. (2025). Pediatric neurosonography: Comprehensive review and systematic approach. Canadian Association of Radiologists Journal, 76(3), 519–533. https://doi.org/10.1177/08465371241308849
Published Date: 30 August 2024
Last updated: 11 November 2025
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.