ကလေးငယ်အတွက် ဖွံ့ဖြိုးမှုမှတ်တိုင်များ ပုံမှန်စစ်ဆေးခြင်း (developmental screening) ဆိုသည်မှာ ကလေးငယ်တစ်ဦးသည် မွေးကင်းစမှစ၍ အထူးသဖြင့် အသက်ငါးနှစ်ခန့်အထိ ခန္ဓာကိုယ် လျင်မြန်စွာ ကြီးထွားဖွံ့ဖြိုးရုံမက အခြားဖွံ့ဖြိုးမှုများဖြစ်သော ခန္ဓာကိုယ် ရွေ့လျားလှုပ်ရှားခြင်း၊ အနုစိတ် ကိုင်တွယ်တတ်ခြင်း၊ အမြင်အာရုံနှင့် အကြားအာရုံများ ဖွံ့ဖြိုးလာခြင်း၊ စကားပြောခြင်း၊ ပေါင်းသင်းဆက်ဆံတတ်ခြင်း၊ ကစားခြင်း၊ မိမိကိုယ်မိမိ ပြန်လည်ပြုစုစောင့်ရှောက်နိုင်ခြင်း စသည်တို့လည်း တစ်ပြိုင်နက် လျင်မြန်စွာ ဖွံ့ဖြိုးလာသည်။ အဆိုပါ ဖွံ့ဖြိုးမှုများသည် ကလေးတစ်ဦးနှင့်တစ်ဦး အနည်းငယ်ကွာခြားသော်လည်း ကလေးအများစုသည် သတ်မှတ်ထားသော အသက်အရွယ် အပိုင်းအခြားအတွင်းတွင် ပုံမှန်ဖွံ့ဖြိုးလေ့ရှိသည်။ ထိုသို့ အသက်အရွယ်အလိုက် တစ်ဆင့်ချင်း ပုံမှန်ဖွံ့ဖြိုးလာသည်များကို “ဖွံ့ဖြိုးမှုမှတ်တိုင်များ” (developmental milestones) ဟုခေါ် ပြီး အဆိုပါဖွံ့ဖြိုးမှုများ နောက်ကျခြင်း (developmental delay) ရှိမရှိ စစ်ဆေးခြင်းကို “ဖွံ့ဖြိုးမှုမှတ်တိုင်များ ပုံမှန်စစ်ဆေးခြင်း” (developmental screening) ဟုခေါ်သည်။

ဖွံ့ဖြိုးမှုမှတ်တိုင်များ စစ်ဆေးရန် လိုအပ်သော အခြေအနေများ
ဖွံ့ဖြိုးမှုမှတ်တိုင်များ ပုံမှန်စစ်ဆေးခြင်းသည် အသက်ငါးနှစ်အောက်ကလေးများအားလုံးအတွက် လိုအပ်သည်။ အသက်အရွယ်အလိုက် တစ်ဆင့်ချင်း ပုံမှန်ဖွံ့ဖြိုးလာသည့် “ဖွံ့ဖြိုးမှုမှတ်တိုင်များ”သည် အသက်အရွယ်နှင့် မလိုက်ဘဲ ဖွံ့ဖြိုးမှုနောက်ကျခြင်းများ ရှိမရှိ အဓိကစစ်ဆေးခြင်းဖြစ်သည်။
ဖွံ့ဖြိုးမှုမှတ်တိုင်များ ပုံမှန်စစ်ဆေးခြင်း (developmental screening) အရေးကြီးပုံ
ကလေးငယ်များတွင် ဦးနှောက်အာရုံကြောရောဂါများနှင့် အခြားအရေးကြီးသည့် နာတာရှည်ရောဂါများ ဖြစ်လာလျှင် အဆိုပါဖွံ့ဖြိုးမှုများကို ထိခိုက်နောက်ကျစေနိုင်သည်။ ထိုသို့ ဖွံ့ဖြိုးမှုနောက်ကျခြင်းသည် အချို့ရောဂါလက္ခဏာများ မပေါ်ခင် သိသာစွာ ပေါ်လွင်နေတတ်သည်။ အော်တစ်ဇင် (Autism) နှင့် အာရုံစူးစိုက်မှုအားနည်း တက်ကြွမှုလွန်ကဲတတ်သည့် ADHD ကလေးများတွင်လည်း ဖွံ့ဖြိုးမှုနယ်ပယ်တစ်ခုခု နောက်ကျခြင်းများကို စတင်တွေ့ရှိရတတ်သည်။ ထို့ကြောင့် ဖွံ့ဖြိုးမှုမှတ်တိုင်များကို ပုံမှန်စစ်ဆေးပေးနေခြင်းသည် အဆိုပါ ဖွံ့ဖြိုးမှုများအတွက်သာမက နောက်ကွယ်မှ တခြားရောဂါများအတွက်လည်း အရေးကြီးသည်။ အဆိုပါရောဂါများကို ကြိုတင်ရှာဖွေသိရှိ ကုသနိုင်သကဲ့သို့ နောက်ကျနေသော ဖွံ့ဖြိုးမှုတစ်ခုချင်းအတွက်လည်း ကြိုတင်လေ့ကျင့် သင်ကြားပေးနိုင်သည်။ ထို့ကြောင့် “ဖွံ့ဖြိုးမှုမှတ်တိုင်များ ပုံမှန်စစ်ဆေးခြင်း”သည် အရေးကြီးသော ရောဂါကာကွယ်ခြင်းတစ်မျိုးဖြစ်သည်။
ဖွံ့ဖြိုးမှုမှတ်တိုင်များ စစ်ဆေးရာတွင် ကာလအပိုင်းအခြားတစ်ခုစီအလိုက် ပုံမှန်စစ်ဆေးသင့်သည်။ ကလေးငယ်များတွင် ရောဂါအခြေအနေများသည် တိုတောင်းသောအချိန်အတွင်း လျင်မြန်စွာ ပေါ်ပေါက်ပြောင်းလဲတတ်ခြင်းကြောင့် ပုံမှန်စစ်ဆေးခြင်းမပြုလုပ်လျှင် အဆိုပါရောဂါအခြေအနေများကို လွတ်သွားနိုင်သည်။
အထူးသဖြင့် ကလေးအသက် (၉) လ၊ (၁၈) လ (တစ်နှစ်ခွဲ) နှင့် (၃၀) လ (နှစ်နှစ်ခွဲ) တို့တွင် ဖွံ့ဖြိုးမှုကို အသေးစိတ် မဖြစ်မနေ စစ်ဆေးသင့်သည်။ ထို့ပြင် အော်တစ်ဇင်လက္ခဏာများအတွက် ကလေး အသက် (၁၈) လနှင့် (၂၄) လ (နှစ်နှစ်) အရွယ်တွင် စစ်ဆေးသင့်ကြောင်း အမေရိကန် ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေး ဗဟိုဌာန (Centers for Disease Control and Prevention – CDC) မှ လမ်းညွှန်ထားသည်။ ကိုယ်အလေးချိန်မပြည့် ကိုယ်ဝန်ပတ်မစေ့ဘဲ မွေးဖွားလာသော ကလေးငယ်များ၊ မွေးကင်းစကာလတွင် ကျန်းမာရေးပြဿနာရှိခဲ့သော ကလေးငယ်များကို ပို၍ စောစီးစွာ (ဥပမာ _ အသက် ၂ လ၊ ၄ လ၊ ၆ လ စသည်ဖြင့်) စစ်ဆေးသင့်သည်။
စမ်းသပ်စစ်ဆေးပုံ
ကလေးအထူးကုဆရာဝန်များ၊ မိသားစုဆရာဝန်များ၊ ဖွံ့ဖြိုးမှုမှတ်တိုင်များ စစ်ဆေးနည်း လေ့ကျင့်ပေးထားသော သူနာပြုများမှ စစ်ဆေးပေးနိုင်သည်။ အသက်အရွယ်အလိုက် ပုံမှန်ရှိရမည့် ဖွံ့ဖြိုးမှု အခြေအနေများနှင့် ပတ်သက်၍ လိုအပ်သည်များကို မေးမြန်းခြင်း၊ ကလေးငယ်များကို စစ်ဆေးခြင်းများ ပြုလုပ်ရသည်။ စစ်ဆေးသည်ဆိုရာတွင် ကလေးငယ်များကို သာမန်စောင့်ကြည့် ကြည့်ရှုခြင်းနှင့် ကလေးငယ်များ ကြိုက်နှစ်သက်သည့် အရုပ်၊ ကစားစရာများသုံး၍ ကလေးများနှင့်ကစားသည်ကို စစ်ဆေးခြင်းမျိုးဖြစ်သည်။ သွေးစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်းစသည်တို့ မပါဝင်ပါ။ ကလေးများသည်လည်း အဆိုပါစစ်ဆေးခြင်းမျိုးကို ပျော်ရွှင်နှစ်သက်ကြသည်။

သိရှိနိုင်သောအဖြေများ
- စစ်ဆေးသည့်အဖြေများအရ ကလေးသည် ပုံမှန်ဖွံ့ဖြိုးတိုးတက်နေလျှင် မှန်ကန်သော ပြုစုစောင့်ရှောက်မှုကြောင့် ဘက်စုံဖွံဖြိုးတိုးတက်နေသော ကလေးငယ်အတွက် ဂုဏ်ယူဝင့်ကြွားနိုင်ပြီး ယခုအတိုင်း ဆက်လက်ပြုစုစောင့်ရှောက်ပါ၊ ဖွံ့ဖြိုးမှုမှတ်တိုင်များကို ဆက်လက်ပုံမှန်စစ်ဆေးပါ
- ကလေး၏ဖွံ့ဖြိုးမှုသည် အနည်းငယ်နောက်ကျနေလျှင် လိုအပ်သော လေ့ကျင့်ပြုစုမှုများကို သင်ကြားပေးနိုင်သည်၊ အကြံဉာဏ်ပေးနိုင်သည်၊ ဖွံ့ဖြိုးမှုမှတ်တိုင်များကိုမူ ဆက်လက်ပုံမှန်စစ်ဆေးပါ။
- မိဘများအနေဖြင့် ကလေးများကို နွေးထွေးကြင်နာစွာ တုံ့ပြန်ပေးခြင်း၊ ကလေး၏ စွမ်းရည်များနှင့် သင်ယူနိုင်စွမ်းတို့ကို ချီးကျူးပေးခြင်း၊ ကလေးအတွက် အသက်အရွယ်အလိုက် လမ်းညွှန်မှုများနှင့် စည်းမျဥ်းစည်းကမ်းများချမှတ်ပေးခြင်းနှင့် ကလေးနှင့် အိမ်မှုကိစ္စများ အတူလုပ်ဆောင်စေခြင်းဖြင့် ပျော်ရွှင်စွာ အချိန်ကုန်ဆုံးခြင်းစသည့် အပြုသဘောဆောင်သော အုပ်ထိန်းမှုများ (Parenting tips) ဖြင့် ကလေးဖွံ့ဖြိုးတိုးတက်မှုများအတွက် တစ်စိတ်တစ်ပိုင်း ကူညီထောက်ပံ့ပေးနိုင်သည်
- ကလေး၏ဖွံ့ဖြိုးမှုသည် သိသိသာသာနောက်ကျနေလျှင် သင့်လျော်သော အထူးကုဆရာဝန်များ၊ ပညာရှင်များ (ဥပမာ _ ကလေးဦးနှောက်အာရုံကြော အထူးကု၊ နားနှာခေါင်းလည်ချောင်း အထူးကု၊ မျက်စိအထူးကု၊ အရိုးအထူးကု၊ ပြန်လည်သန်စွမ်းရေးဆေးပညာ အထူးကု စသည့်) ဆရာဝန်များနှင့် ကိုယ်ခန္ဓာပိုင်း၊ အမူအကျင့်ပိုင်းနှင့် စကားပြောဆို ဆက်သွယ်ရေးပိုင်းဆိုင်ရာ လေ့ကျင့်ရေးပညာရှင်များ ထံလွှဲပြောင်းကုသပေးနိုင်သည်၊ ဖွံ့ဖြိုးမှုမှတ်တိုင်များကိုမူ ဆက်လက်ပုံမှန်စစ်ဆေးပါ
ဆက်လက်စစ်ဆေးကုသခြင်း
ဖွံ့ဖြိုးမှုစစ်ဆေးမှုများအရ ကလေးတွင် ပြဿနာတစ်ခုခုကို တွေ့ရှိပါက စနစ်တကျ ဆက်လက်စစ်ဆေးကုသမှုများ ပေးရသည်။
ပိုမိုအဆင့်မြင့်သော ဖွံ့ဖြိုးမှုဆိုင်ရာ အကဲဖြတ်စစ်ဆေးခြင်းများ
ဖွံ့ဖြိုးမှုနောက်ကျခြင်းကို အသေးစိတ်သိရှိရန်အတွက် ပိုမိုနက်နဲသော စစ်ဆေးမှုများ လိုအပ်သည်။ ဤစစ်ဆေးမှုများသည် ဖွံ့ဖြိုးမှုမှတ်တိုင်များ ပုံမှန်စစ်ဆေးခြင်း (Developmental Screening) ထက် ပိုမိုပြည့်စုံသည်။
- ဖွံ့ဖြိုးမှုဆိုင်ရာ အကဲဖြတ်စစ်ဆေးခြင်း (Developmental Assessment)
ဤစစ်ဆေးမှုမျိုးကို ကလေး၏ ဖွံ့ဖြိုးမှုဆိုင်ရာ ကျွမ်းကျင်သူများ (ဥပမာ _ ကလေးဦးနှောက်အာရုံကြော အထူးကု သို့မဟုတ် ဖွံ့ဖြိုးမှုဆိုင်ရာ ကလေးအထူးကု) မှပြုလုပ်သည်။ Griffiths Scales of Child Development သို့မဟုတ် Schedule of Growing Skills (SGS) ကဲ့သို့သော အဆင့်မြင့် စမ်းသပ်မှုနည်းလမ်းများကို အသုံးပြု၍ ကလေး၏ ဖွံ့ဖြိုးမှုနယ်ပယ်တစ်ခုချင်းစီကို အသေးစိတ်အကဲဖြတ်သည်။ ၎င်းသည် ကလေး၏ တိကျသောအားနည်းချက်များနှင့် အားသာချက်များကို ဖော်ထုတ်ပေးပြီး သင့်တော်သော ကုသမှုအစီအစဉ် ချမှတ်ရာတွင် အထောက်အကူပြုသည်။
အကြောင်းရင်းကို ရှာဖွေစစ်ဆေးခြင်း
ဖွံ့ဖြိုးမှုနောက်ကျခြင်းကို ဖြစ်စေနိုင်သည့် အရင်းခံအကြောင်းတရားများကို အတိအကျသိရှိရန်အတွက် အောက်ပါစစ်ဆေးမှုများကို ထပ်မံပြုလုပ်သည်။
- အကြားအာရုံနှင့် အမြင်အာရုံ စစ်ဆေးခြင်း
ကလေး၏ အကြားအာရုံနှင့် အမြင်အာရုံတွင် ပြဿနာရှိနေခြင်းသည် စကားပြောဆိုမှုနှင့် သင်ယူနိုင်စွမ်းကို ထိခိုက်စေနိုင်သည်။ ထို့ကြောင့် နားကြားစက်နှင့် ပုံရိပ်ဖော်နည်းပညာများ အသုံးပြု၍ နားကိုစစ်ဆေးခြင်းနှင့် မျက်စိအထူးကုဆရာဝန်နှင့် ပြသ၍ မျက်စိကို စစ်ဆေးခြင်းများ ပြုလုပ်ရသည်။ - မျိုးဗီဇဆိုင်ရာ စစ်ဆေးခြင်း
မျိုးရိုးလိုက်ရောဂါများကြောင့် ဖွံ့ဖြိုးမှုနောက်ကျခြင်း ရှိမရှိသိရှိရန် မျိုးဗီဇစစ်ဆေးမှုများ ပြုလုပ်နိုင်သည်။ - ဦးနှောက် ပုံရိပ်ဖော်စစ်ဆေးခြင်း
ဦးနှောက်ဖွဲ့စည်းပုံတွင် ပုံမမှန်မှုရှိမရှိ သိရှိရန် MRI သို့မဟုတ် CT scan ရိုက်ခြင်းဖြင့် စစ်ဆေးသည်။ ၎င်းသည် ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ပြဿနာများကို ဖော်ထုတ်ပေးနိုင်သည်။
ကုသခြင်းနှင့် ကုထုံးများ
ဖွံ့ဖြိုးမှုနောက်ကျသောကလေးငယ်များအတွက် သက်ဆိုင်ရာ ဆေးပညာရှင်များ စုပေါင်းညှိုနှိုင်းကုသခြင်း (Multidisciplinary Team – MDT) လိုအပ်သည်။ ဤအဖွဲ့တွင် အောက်ပါကဲ့သို့သော ကျန်းမာရေးပညာရှင်များ ပါဝင်သည်။
- ကလေးအထူးကုဆရာဝန် (Paediatrician)
- ဦးနှောက်အာရုံကြောအထူးကုဆရာဝန် (Neurologist)
- မျိုးဗီဇဆိုင်ရာ အထူးကု (Geneticist)
- မျက်စိအထူးကုဆရာဝန် (Ophthalmologist)
- နားနှာခေါင်းလည်ချောင်း အထူးကုဆရာဝန် (ENT specialist)
- အရိုးအထူးကုဆရာဝန် (Orthopaedic surgeon)
- ရုပ်ပိုင်းဆိုင်ရာကုထုံး၊ နေ့စဉ်လှုပ်ရှားမှု စွမ်းရည်ကုထုံး၊ စကားပြောနှင့် ဘာသာစကားဆိုင်ရာကုထုံး လေ့ကျင့်ရေးပညာရှင်များ
ရောဂါအကြောင်းရင်းနှင့် ဖွံ့ဖြိုးမှုနောက်ကျနေသော နယ်ပယ်ပေါ်မူတည်၍ အထက်ပါအထူးကုဆရာဝန်များနှင့် ပညာရှင်များက စနစ်တကျ ကုသမှုများ ပေးရသည်။
- ရုပ်ပိုင်းဆိုင်ရာကုထုံး (Physical Therapy) – လမ်းလျှောက်ခြင်း၊ ထိုင်ခြင်း၊ လှုပ်ရှားခြင်းစသည့် ကိုယ်ခန္ဓာဆိုင်ရာ လှုပ်ရှားမှုများ တိုးတက်လာစေရန် လေ့ကျင့်ပေးသည်
- နေ့စဉ်လှုပ်ရှားမှု စွမ်းရည်ကုထုံး(Occupational Therapy) – လက်ဖြင့် အနုစိတ်ကိုင်တွယ်ခြင်း၊ မိမိကိုယ်မိမိ ပြုစုစောင့်ရှောက်ခြင်း (အဝတ်အစားဝတ်ခြင်း၊ အစားအစာစားခြင်း) စသည့် ကျွမ်းကျင်မှုများအတွက် လေ့ကျင့်ပေးသည်
- စကားပြောနှင့် ဘာသာစကားဆိုင်ရာကုထုံး (Speech and Language Therapy) – ကလေးများ စကားပြောဆိုဆက်သွယ်မှုနှင့် နားလည်နိုင်စွမ်း တိုးတက်လာစေရန် လေ့ကျင့်ပေးသည်
- အထူးပညာသင်ကြားရေး (Special Education) – သင်ယူမှုဆိုင်ရာအခက်အခဲရှိသော ကလေးများအတွက် သင့်လျော်သော ပညာရေးအစီအစဉ်များ ချမှတ်ပေးပြီး ကူညီထောက်ပံ့ပေးသည်
- အမူအကျင့်ဆိုင်ရာ ကုထုံး (Behavioural Therapy) – အမူအကျင့်ဆိုင်ရာ ပြဿနာများရှိသော ကလေးများအတွက် အပြုသဘောဆောင်သည့် အမူအကျင့်များ ဖြစ်ပေါ်လာစေရန် လေ့ကျင့်ပေးသည်
မိဘများအနေဖြင့်လည်း ကလေး၏ စွမ်းရည်များနှင့် သင်ယူနိုင်စွမ်းတို့ကို ချီးကျူးပေးခြင်း၊ နွေးထွေးကြင်နာစွာ တုံ့ပြန်ပေးခြင်းဖြင့် ကလေး၏ ဖွံ့ဖြိုးတိုးတက်မှုများအတွက် တစ်စိတ်တစ်ပိုင်း ကူညီထောက်ပံ့ပေးနိုင်သည်။
References:
- Centers for Disease Control and Prevention. (n.d.). Screening. CDC. Retrieved July 17, 2025, from https://www.cdc.gov/ncbddd/actearly/screening.html
- Centers for Disease Control and Prevention. (n.d.). Milestones. CDC. Retrieved July 17, 2025, from https://www.cdc.gov/ncbddd/actearly/milestones/index.html
- Mayo Clinic. (n.d.). Developmental & behavioral pediatrics overview. Retrieved July 17, 2025, from https://www.mayoclinic.org/departments-centers/developmental-behavioral-pediatrics/overview/ovc-20559968
Published: 30 August 2024
Last updated: 11 November 2025
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.