ဘိုတောက်စ် (Botox) ထိုးခြင်းသည် အလှအပဆိုင်ရာ ကုသမှုများအပြင် အချို့သော ကြွက်သားရောဂါလက္ခဏာများကိုလည်း သက်သာစေရန် တွင်ကျယ်စွာ အသုံးပြုသော နည်းလမ်းတစ်မျိုးဖြစ်သည်။ ၎င်းသည် ရောဂါကို လုံးဝပျောက်ကင်းစေခြင်းမဟုတ်ဘဲ အချိန်ကာလတစ်ခုအထိ လက္ခဏာများကို သက်သာစေသည်။
ဘိုတောက်စ်ဆိုသည်မှာ Clostridium botulinum ဟုခေါ်သော ဘက်တီးရီးယားပိုးတစ်မျိုးမှ ရရှိသည့် ဘိုတျူလီနမ်အဆိပ် (botulinum toxin) ဖြင့် ထုတ်လုပ်ထားသော ဆေးအမည်ဖြစ်သည်။ အစာအဆိပ်သင့်ခြင်းကို ဖြစ်စေသည့်အဆိပ်နှင့် ဖွဲ့စည်းပုံဆင်တူသော်လည်း ဓာတ်ခွဲခန်းများတွင် စနစ်တကျထုတ်လုပ်ထားသောကြောင့် သတ်မှတ်ထားသော ပမာဏအတိုင်း အသုံးပြုလျှင် လူကိုဘေးအန္တရာယ် မဖြစ်စေနိုင်ပေ။
ဘိုတောက်စ်၏ အလုပ်လုပ်ပုံ
ဘိုတောက်စ်သည် လူ့ခန္ဓာကိုယ်ရှိ အာရုံကြောများမှ အာရုံကြောလှုံ့ဆော်ဓာတုပစ္စည်း (neurotransmitters) များ ကြွက်သားသို့ ရောက်ရှိခြင်းကို တားဆီးပေးသည်။ ထိုအခါ ကြွက်သားများသည် ကောင်းစွာ အလုပ်မလုပ်နိုင်တော့ဘဲ ပျော့ပျောင်းသွားကာ အရေပြားအရေးအကြောင်းများနှင့် ကြွက်သားတောင့်တင်းမှုများကို လျော့နည်းစေသည်။
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
ဘိုတောက်စ်ကို အလှအပရေးရာအပြင် အခြားရောဂါအခြေအနေများအတွက်လည်း အသုံးပြုနိုင်သည်။
- အလှအပရေးရာ
အသက်အရွယ်ရလာခြင်းကြောင့်ဖြစ်သော မျက်နှာမှ အရေးအကြောင်းများကို ဖယ်ရှားရန် အများဆုံးအသုံးပြုသည်။- နဖူး၊ မျက်ခုံးကြား၊ မျက်လုံးထောင့် (Crow’s feet)၊ နှုတ်ခမ်း၊ မေးစေ့နှင့် လည်ပင်းတို့တွင် ထိုးနှံကြသည်
- ကြွက်သားဆိုင်ရာရောဂါများ
- လည်ပင်းစောင်းခြင်း (cervical dystonia)
- ကြွက်သားများ အလွန်အမင်း တောင့်တင်းခြင်း (ဥပမာ – Cerebral palsy၊ လေဖြတ်ခြင်းနှင့် အခြားအာရုံကြောရောဂါများ)
- မျက်စိစွေခြင်း
- အခြားရောဂါလက္ခဏာများ
- ချွေးထွက်လွန်ခြင်း (hyperhidrosis)
- ခေါင်းတစ်ခြမ်းကိုက်ခြင်း (chronic migraine)
- ဆီးမထိန်းနိုင်ခြင်း
- ကြွက်သားများ ညှစ်ခြင်းကြောင့် ဖြစ်သော နာကျင်မှုများ

ကြိုတင်သိရှိထားရမည့်အချက်များ
ဘိုတောက်စ်မထိုးမီ ဆရာဝန်နှင့် ကြိုတင်တိုင်ပင်ဆွေးနွေးသင့်သော အချက်များမှာ_
- သွေးထွက်လွယ်သော ရောဂါများ သို့မဟုတ် သွေးကျဲဆေးများ သောက်သုံးနေခြင်း
- ကြွက်သားပျော့စေသော အာရုံကြောရောဂါများ ရှိခြင်း
- ကိုယ်ဝန်ရှိခြင်း သို့မဟုတ် မိခင်နို့တိုက်ကျွေးနေခြင်း
- လွန်ခဲ့သော (၄) လအတွင်း ဘိုတောက်စ်ထိုးဆေး ထိုးထားခြင်း စသည်တို့ဖြစ်သည်။
ဘိုတောက်စ်မထိုးမီ အနည်းဆုံး (၂၄) နာရီ ကြာအောင် အရက်သောက်ခြင်းကို ရှောင်ကြဉ်ရမည်။
ကုသပုံအဆင့်ဆင့်
ဘိုတောက်စ်ထိုးဆေးကို ဆရာဝန်၏ ညွှန်ကြားချက်ဖြင့်သာ သုံးစွဲရပြီး လေ့ကျင့်မှုရရှိထားသူများမှသာ ထိုးနှံပေးရမည်။ ဆရာဝန်မှ အလွန်သေးငယ်သော တစ်ခါသုံး ဆေးထိုးအပ်ဖြင့် သတ်မှတ်ပမာဏကို လိုအပ်သော ကြွက်သား သို့မဟုတ် အရေပြားအတွင်းသို့ ထိုးသွင်းပေးသည်။ ထိုးရသည့်အကြောင်းရင်းပေါ် မူတည်၍ နေရာအနှံ့အပြားတွင် ထိုးနှံမှုအများအပြား လိုအပ်နိုင်သည်။
ဆေးထိုးခံရသူ အများစုသည် ပြင်းထန်သော နာကျင်မှုကို မခံစားရဘဲ အနည်းငယ်စူးခြင်း၊ မအီမသာဖြစ်ခြင်းသာ ခံစားရသည်။ နာကျင်မှု သက်သာစေရန် ထုံဆေးလိမ်းခြင်း၊ ရေခဲကပ်ခြင်းတို့ ပြုလုပ်နိုင်သည်။ ဘိုတောက်စ်ထိုးရန်အတွက် ဆေးရုံတက်ရန် မလိုပေ။
နောက်ဆက်တွဲဆိုးကျိုးများ
ဘိုတောက်စ်ဆေးသည် ဘေးထွက်ဆိုးကျိုး ဖြစ်နိုင်ခြေ နည်းပါးသည်။ သို့သော် ဆေးသည် ရည်ရွယ်သည့်နေရာမဟုတ်ဘဲ အခြားနေရာများသို့ ပျံ့နှံ့သွားပါက ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သည်။ တစ်ခါတစ်ရံ ဆေးထိုးပြီး ရက်သတ္တပတ် အနည်းငယ်ကြာမှ ဘေးထွက်ဆိုးကျိုးများ ဖြစ်တတ်သည်။
အများအားဖြင့် ဆေးထိုးသည့်နေရာကိုမူတည်၍ မပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ တွေ့ရတတ်ပြီး ရက်အနည်းငယ်အတွင်း သက်သာသွားလေ့ရှိသည်။ ၎င်းတို့မှာ_
- ဆေးထိုးသည့်နေရာတွင် သွေးခြည်ဥခြင်း၊ ဖောင်းခြင်း သို့မဟုတ် နာကျင်ခြင်း
- ခေါင်းကိုက်ခြင်း၊ တုပ်ကွေးဖျားသကဲ့သို့ ခံစားရခြင်း
- မျက်ခွံတွဲကျခြင်း၊ ပါးရွဲ့ခြင်း
- မျက်ရည်အလွန်ကျခြင်း သို့မဟုတ် မျက်လုံးခြောက်ခြင်း
- ပိုးဝင်ခြင်း စသည်တို့ဖြစ်သည်။
လိုက်နာဆောင်ရွက်ရမည့်အချက်များ
ဘိုတောက်စ်ထိုးပြီးနောက် အောက်ပါလက္ခဏာများရှိပါက ဆရာဝန်နှင့် အမြန်ဆုံး ပြန်လည်ပြသရမည်။
- ကြွက်သားများ အလွန်အမင်းပျော့ခြင်း
- အမြင်အာရုံ ထိခိုက်ခြင်း
- စကားပြောခြင်း သို့မဟုတ် မျိုချခြင်း ခက်ခဲခြင်း
- လမ်းလျှောက်ခြင်း၊ လှုပ်ရှားခြင်းများ ပုံမမှန်ဖြစ်ခြင်း
- အသက်ရှူရခက်ခြင်း
- ဆီးမထိန်းနိုင်ခြင်း
ဆေးထိုးပြီး လိုက်နာရန်
ဆေးထိုးပြီး အနည်းဆုံး (၁၂) နာရီကြာမျှ အဆိုပါဆေးထိုးထားသောနေရာကို ပွတ်ခြေခြင်း မပြုရပါ။ အနည်းဆုံး (၃)နာရီ မှ (၄)နာရီကြာအောင် လှဲအိပ်ခြင်း မပြုရပါ။ ပြင်းထန်သောလှုပ်ရှားမှုများကို အနည်းဆုံး (၂၄) နာရီ ရှောင်ကြဉ်ရမည်။ ထိုးထားသောဆေးများ အခြားနေရာများသို့ ပျံ့နှံ့ခြင်းမမှ ကာကွယ်ရန်ဖြစ်သည်။ ထိုသို့ဖြစ်လျှင် ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်သည်။
နေပူဆာလှုံခြင်း၊ ရေနွေးငွေ့ဖြင့် ချွေးထုတ်ခြင်းများသည် အရေပြားရောင်ရမ်းစေခြင်း၊ အနာကျက် နှေးစေခြင်းကို ဖြစ်စေသောကြောင့် အနည်းဆုံး (၄၈) နာရီ ရှောင်ကြဉ်ရမည်။
ဘိုတောက်စ်ဆေးထိုးပြီးနောက် ဆေးအာနိသင်ပြရန် အနည်းဆုံး (၂)ရက် မှ (၃)ရက် စောင့်ဆိုင်းရမည်။ ဆေးထိုးပြီး အချိန် (၂)ပတ် – (၃)ပတ်ကြာမှ အာနိသင်အပြည့်အဝ ရနိုင်မည်။
အကြမ်းအားဖြင့် တစ်ကြိမ်ထိုးပြီးလျှင် ဆေးအာနိသင်သည် (၃)လ မှ (၆)လအထိ ခံနိုင်သည်။ ထို့ကြောင့် လိုအပ်သောရလဒ်ကို ထိန်းသိမ်းထားနိုင်ရေးအတွက် ဆေးပုံမှန်ထိုးရန် လိုအပ်သည်။ ကြွက်သားများ တောင့်တင်းသောရောဂါများအတွက် ဆေးထိုးပြီးလျှင် လေ့ကျင့်ခန်းပညာရှင်များနှင့် လေ့ကျင့်ခန်းဆက်လက်လုပ်ရန် လိုအပ်သည်။
ပြောင်းလဲတိုးတက်မှုများ
- ဆေးဖော်စပ်မှုအသစ်များနှင့် နည်းလမ်းများ
ဘိုတောက်စ် (botulinum toxin) အမျိုးအစားအမျိုးမျိုးကို စမ်းသပ်တီထွင်လာပြီး ၎င်းတို့ကို ပိုမိုတိကျသော ရည်ရွယ်ချက်များအတွက် အသုံးပြုလာနိုင်သည်။ (ဥပမာ _ Micro-Botox) - ကုသမှုနယ်ပယ် ချဲ့ထွင်လာခြင်း
အသစ်အသစ်သော နယ်ပယ်များတွင် ဘိုတောက်စ်ကို အသုံးပြုလာကြသည်။ ဥပမာ _- စိတ်ကျရောဂါ (Depression)
- နာတာရှည် နာကျင်မှုများ _ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ အချို့သော နာတာရှည် အာရုံကြောနာကျင်မှုများ၊ အဆစ်နာကျင်မှုများ
- ဆံပင်ကျွတ်ခြင်း (Alopecia)
References:
- Cleveland Clinic. (n.d.). Botulinum toxin injections. Retrieved September 26, 2025, from https://my.clevelandclinic.org/health/treatments/8312-botulinum-toxin-injections
- WebMD. (n.d.). Cosmetic procedures: Botox. Retrieved September 26, 2025, from https://www.webmd.com/beauty/cosmetic-procedures-botox
- Mayo Clinic. (n.d.). Botox injections. Retrieved September 26, 2025, from https://www.mayoclinic.org/tests-procedures/botox/about/pac-20384658
- Hassan, A., Saraceni, C., et al. (2022). Intradermal injection of botulinum toxin for skin rejuvenation and pore size reduction. Journal of Drugs in Dermatology, 21(6), 638–644.
- Finzi, E., & Rosenthal, N. E. (2021). Treatment of depression with botulinum toxin A: A randomized, double-blind, placebo-controlled trial. Journal of Clinical Psychiatry, 82(6), 21m14073.
- Müller-Vahl, H., & Dressler, D. (2023). Botulinum toxin in the treatment of chronic pain: A systematic review of the literature. Pain Practice, 23(3), 341–356.
- Leppik, G., Ghaffari, G., et al. (2023). A review of botulinum toxin in the treatment of hair disorders. Dermatology and Therapy, 13(4), 947–959.
- Carruthers, J. D. A., Carruthers, J. A., et al. (2022). The evolution of botulinum toxin type A in cosmetic applications. Dermatologic Surgery, 48(1), 101–109.
Published: 30 August 2024
Last updated: 28 November 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.