Joint injections (အဆစ်တွင်းသို့ ဆေးထိုးခြင်း)

Joint injections (အဆစ်တွင်းသို့ ဆေးထိုးခြင်း)

အဆစ်ရောင်ရောဂါ အမျိုးမျိုးနှင့် အဆစ်ကျီးပေါင်းရောဂါများအတွက် နာကျင်မှု သက်သာစေရန်နှင့် အရောင်ကျစေရန် အဆစ်တွင်းသို့ ဆေးထိုးသည့်ကုသနည်းကို အသုံးပြုသည်။ ဒူးဆစ်၊ ပခုံးဆစ်၊ ခါးရိုးဆစ်၊ လက်ချောင်းဆစ်များတွင် အများဆုံးထိုးလေ့ရှိသည်။ အဆစ်တွင်းဆေးထိုးခြင်းသည် ခွဲစိတ်ရန်မလိုဘဲ ပြင်ပလူနာအဖြစ် ကုသမှု ခံယူနိုင်ပြီး လျင်မြန်စွာ နာကျင်မှုသက်သာသဖြင့် လူကြိုက်များသော်လည်း လိုအပ်မှုရှိမှ ထိုးခြင်း၊ ခွဲစိတ်ခန်းကဲ့သို့ ပိုးကင်းစင်သည့်နေရာတွင် စနစ်တကျထိုးခြင်းဖြစ်မှသာ နောက်ဆက်တွဲပြဿနာများ ကင်းစင်မည်ဖြစ်သည်။

ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ

အဆစ်တွင်းသို့ ဆေးထိုးခြင်းကို

  • အဆစ်ကျီးပေါင်းရောဂါ (Osteoarthritis)
  • ရူမတွိုက် အဆစ်ရောင်ရောဂါ (Rheumatoid Arthritis)
  • ဆိုရီရေးစစ် အဆစ်ရောင်ရောဂါ (Psoriatic Arthritis)
  • ဂေါက်ရောဂါ (Gout)
  • အရွတ်ကြောများရောင်ခြင်း (Tendinitis)
  • အဆစ်အရည်အိတ်ယောင်ခြင်း (Bursitis) တို့တွင် လိုအပ်သည်။
အဆစ်တွင်းသို့ထိုးသည့် ဆေးအမျိုးအစားများ

လိုအပ်သည့်အခြေအနေအလိုက် အဆစ်တွင်းသို့ထိုးသည့် ဆေးအမျိုးအစား (၄) မျိုးရှိသည်။

  1. စတီးရွိုက်ဆေး (Steroids)
    • အဆစ်ရောင်ရောဂါများအတွက် အသုံးအများဆုံးဆေးဖြစ်သည်
    • ခန္ဓာကိုယ်တွင်း သဘာဝအလျောက်ထုတ်သည့် စတီးရွိုက်ဓာတ်အတိုင်း ထုတ်လုပ်ထားပြီး အရောင်ကျခြင်းကြောင့် နာကျင်မှု သက်သာစေသည်
    • တစ်နှစ်လျှင် (၃-၄) ကြိမ်ထက်ပို၍ မထိုးသင့်ပေ
  2. ချောဆီ (ဟိုင်ယာလူရိုးနစ်အက်စစ် – hyaluronic acid)
    • အဆစ်ရိုးများ ပွတ်တိုက်မှု နည်းစေရန် သဘာဝချောဆီအတိုင်း ထုတ်လုပ်သည့် ထိုးဆေးဖြစ်သည်
    • တစ်ပတ်လျှင် တစ်ကြိမ်ဖြင့် (၃)ကြိမ် မှ (၅)ကြိမ်အထိ ထိုးရန်လိုသည်
    • လိုအပ်လျှင် ချောဆီနှင့် စတီးရွိုက်ဆေး တွဲ၍သုံးနိုင်သည်
  3. သွေးရည်ကြည်ထိုးခြင်း
    • လူနာ၏သွေးကိုယူပြီးသွေးနီဥ၊ သွေးဖြူဥများကို ဖယ်ထုတ်ကာ သွေးရည်ကြည်နှင့် သွေးခဲဓာတ်များကို အဆစ်တွင်းသို့ ပြန်လည်ထိုးပေးခြင်းဖြစ်သည်
    • တစ်ကြိမ်တည်းသော်လည်းကောင်း၊ တစ်ပတ် တစ်ကြိမ်ဖြင့် သုံးကြိမ်သော်လည်းကောင်း ထိုးနိုင်သည်
  4. Placental tissue Matrix-Stem cells
    • သန္ဓေသားအချင်းတိုင်မှရသည့် ပင်မဆဲလ်များဖြင့် ထုတ်လုပ်သည့်ဆေးရည်ကို အဆစ်တွင်းသို့ ထိုးခြင်းဖြစ်သည်
ကုသပုံအဆင့်ဆင့်

အဆစ်တွင်းဆေးထိုးရန်အတွက် ကြိုတင်ပြင်ဆင်မှု များများစားစား မလိုအပ်ပါ။ သို့သော် သွေးမတိတ်သည့်ရောဂါရှိခြင်း၊ သွေးကျဲဆေးသောက်နေခြင်း၊ ဆီးချိုမထိန်းနိုင်ခြင်း၊ ဖျားခြင်း၊ ထိုးမည့်အဆစ်အနီးရှိ အရေပြားတွင် အနာရှိခြင်းရှိပါက အဆစ်တွင်းသို့ ဆေးထိုးခြင်း ပြုလုပ်၍မရပေ။

ဆရာဝန်မှ ပိုးသတ်ထားသည့် အဝတ်ကိုလဲစေမည်။ ဆေးထိုးမည့်အဆစ်နေရာကို ကိုင်တွယ်ရန် လိုအပ်သည့် ခန္ဓာကိုယ်အနေအထားဖြင့် နေစေမည်။ ထိုးမည့်နေရာ သို့မဟုတ် အဆစ်ပတ်လည်ကို ပိုးသတ်ဆေးရည်ဖြင့် သန့်ရှင်းဆေးကြောမည်။ ထို့နောက် ထုံဆေးဖျန်းခြင်း သို့မဟုတ် ထိုးခြင်း ပြုလုပ်မည်။ လိုအပ်လျှင် အဆစ်တွင်းသို့ဝင်သည့် အပ်၏တည်နေရာကိုသိရန် အာထရာဆောင်းစက်ကို သုံးမည်။ ထို့နောက် ဆေးကို အဆစ်တွင်းသို့ ထိုးထည့်မည်။ ထုံဆေးကိုအသုံးပြုထားသဖြင့် နာကျင်မှုသိသာစွာရှိမည် မဟုတ်ပေ။ ဆေးထိုးပြီးသည်နှင့် အပ်ပေါက်ရာနေရာကို သွေးတိတ်သည်အထိ မိနစ်ပိုင်းမျှဖိထားပြီး ပလတ်စတာဖြင့် ကပ်ပေးထားမည်။

အများအားဖြင့် စတီးရွိုက်ဆေးများထိုးလျှင် ထုံဆေးနှင့်တွဲသုံးသဖြင့် ဆေးထိုးပြီးသည်နှင့် အဆစ်နာကျင်မှု ချက်ချင်းသက်သာသွားတတ်သည်။ အဆစ်တွင်းဆေးထိုးခြင်းသည် မိနစ်ပိုင်းသာ ကြာနိုင်သည်။

Joint Injections IMG 1
နောက်ဆက်တွဲဆိုးကျိုးများနှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များ
  • အဆစ်ဆေးထိုးပြီးလျှင် (၂၄) နာရီခန့် အနားယူရန်လိုသည်၊ ရေနွေးဖြင့် ရေချိုးခြင်း မပြုလုပ်ရ
  • နာကျင်လျှင် ရေခဲအိတ်ကပ်နိုင်သည်၊ ရေနွေးအိတ်မကပ်ရ
  • နီရဲလာခြင်း၊ ရောင်ခြင်း၊ အလွန်နာကျင်ခြင်း၊ ဖျားခြင်းများကို စောင့်ကြည့်ရမည်၊ လိုအပ်ပါက ဆရာဝန်နှင့် ပြန်ပြရန်လိုသည်
  • စတီးရွိုက်‌ဆေးကြောင့် ဆီးချိုတက်ခြင်းရှိနိုင်သည်၊ အရိုးနုပါးခြင်း၊ အရိုးပါးခြင်း၊ အဆစ်ပိုးဝင်ခြင်း ဖြစ်တတ်သည်၊ ချောဆီကမူ ဆိုးကျိုးနည်းသည်
  • အဆစ်တွင်းသို့ ဆေးထိုးခြင်းသည် ရောဂါအမည်အတည်ပြုပြီး၊ လိုအပ်ချက်ရှိမှသာ ကုသသည့်နည်းဖြစ်သည်။ ဆေးထိုးရာတွင် ပိုးကင်းစင်သည့်အခြေအနေတွင် လုပ်ဆောင်မှသာ အောင်မြင်မှုရှိနိုင်သည်
ပြောင်းလဲတိုးတက်မှုများ

သမရိုးကျ စတီးရွိုက် (Steroid) ဆေးထိုးခြင်းသည် နာကျင်မှုနှင့် ရောင်ရမ်းမှုကို လျှင်မြန်စွာ သက်သာစေသော်လည်း ပိုမိုကောင်းမွန်ထိရောက်စွာ ကုသနိုင်ရန် ကုထုံးသစ်များ ရှာဖွေဖော်ထုတ်လျက်ရှိသည်။ အဆစ်တွင်းဆေးထိုးရာတွင်လည်း လိုအပ်သည့်နေရာကို ထိရောက်စွာ ထိုးနိုင်ရန် ပုံရိပ်ဖော်နည်းပညာများနှင့် တွဲဖက်တီထွင် အသုံးပြုလျက်ရှိသည်။

  • Autologous Conditioned Serum (ACS) / Orthokine
    • သွေးရည်ကြည်ထိုးခြင်း (Platelet-Rich Plasma – PRP) နှင့် ဆင်တူသည်
    • လူနာ၏သွေးရည်ကြည်မှ ရောင်ရမ်းမှု ဆန့်ကျင်သော ဓာတ်များ (Anti-inflammatory cytokines) နှင့် ကြီးထွားစေသော ဓာတ်များ (Growth factors) အဆစ်တွင်းသို့ ထိုးသွင်းခြင်းဖြစ်သည်
  • Microfragmented Adipose Tissue (MFAT) Injection
    • လူနာ၏ ကိုယ်ခန္ဓာမှ အဆီတစ်ရှူးအနည်းငယ် (ဥပမာ _ ဝမ်းဗိုက် သို့မဟုတ် တင်ပါးမှ) ထုတ်ယူပြီး သေးငယ်သောအစများအဖြစ် အဆစ်တွင်းသို့ ထိုးသွင်းခြင်းဖြစ်သည်
    • ရောင်ရမ်းမှု လျော့ကျစေခြင်း၊ နာကျင်မှု သက်သာစေခြင်းနှင့် တစ်ရှူးပြန်လည်ပြုပြင်ခြင်းတို့ကို အထောက်အကူပြုသည်ဟု ယူဆကြသည်

References:

  1. Johnson, W. (2023). Injection therapy for nonoperative joint pain relief. Mayo Clinic Health System. Retrieved October 12, 2025, from https://www.mayoclinichealthsystem.org/hometown-health/speaking-of-health/injection-therapy-for-nonoperative-joint-pain-relief
  2. American College of Rheumatology. (n.d.). Joint injections (Joint aspirations). Retrieved October 12, 2025, from https://rheumatology.org/patients/joint-injections-joint-aspirations
  3. NHS. (2024). Steroid injections. Retrieved October 12, 2025, from https://www.nhs.uk/conditions/steroid-injections/
  4. Kunze, K. N., Ferguson, D., Pareek, A., & Colyvas, N. (2025). Robotic-assisted arthroscopy promises enhanced procedural efficiency, visualization, and control but must overcome barriers to adoption. HSS Journal, 1–7. https://doi.org/10.1177/15563316251340983
  5. Ruan, D., Sun, C., Yang, D., Huang, Y., Lu, K., & Zhou, H. (2022). Application of biological treatments for cartilage repair in the knee joint: A narrative review. Annals of Palliative Medicine, 11(2), 630–642
  6. Wagels, M. (2024). Targeting lasting osteoarthritis relief with injectable biolubricant. Australian Institute for Bioengineering and Nanotechnology – The University of Queensland
  7. Kon, E., Ronga, M., D’Ambrosi, E., et al. (2023). A single-dose, non-degradable hydrogel in knee osteoarthritis: A 52-week clinical study. Journal of Clinical Medicine, 12(10), 3451
  8. Sheth, U., & Jain, A. (2024). Platelet-rich plasma versus autologous conditioned serum in the treatment of knee osteoarthritis: A randomized controlled trial. Journal of Clinical Orthopaedics and Trauma, 45, 102293
  9. Hernigou, P., Homma, Y., & Tchou, F. (2023). Ultrasound-guided intra-articular injection: A gold standard for hip and ankle osteoarthritis. Journal of the American Academy of Orthopaedic Surgeons, 31(1), 34–42
  10. Levy, O., & Efrati, A. (2023). Adipose tissue-derived stem cells (ADSC) and microfragmented fat (MFAT) for the treatment of knee osteoarthritis. Clinics in Sports Medicine, 42(1), 159–174

ဆက်လက်ဖတ်ရှုရန်

Published: 30 August 2024

Last updated: 25 November 2025

Share

26 October 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.