နေအိမ်တွင် ကလေးမီးဖွားခြင်းကို စံနှုန်းတစ်ခုအနေဖြင့် ရာစုနှစ်ပေါင်းများစွာကတည်းက ပြုလုပ်ခဲ့ကြသည်။ (၁၉၀၀) ခုနှစ်မှစ၍ ဆေးရုံတွင် မွေးဖွားမှုနှုန်း ပိုများလာခဲ့သော်လည်း တိုးတက်လာသော ခန္ဓာဗေဒနားလည်မှု၊ ခေတ်မီဆေးဝါးများ ပေါ်ထွန်းလာမှု၊ မွေးဖွားမှုနည်းလမ်းများ တိုးတက်လာမှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး အများစုသည် အိမ်တွင်ကလေးမီးဖွားခြင်းကို ပို၍စဉ်းစားလာကြသည်။
ထည့်သွင်းစဉ်းစားရမည့် အချက်များ
- နေအိမ်တွင် ကလေးမီးဖွားလိုလျှင် ကောင်းကျိုး၊ ဆိုးကျိုးများကို ထည့်သွင်းစဉ်းစားရမည်၊ ဖြစ်နိုင်ခြေရှိသော အန္တရာယ်များကို နားလည်ပြီး အစီအစဉ်များ ရေးဆွဲ၍ ကြိုတင်ကာကွယ်ထားရမည်
- မိခင်နှင့်ကလေး နှစ်ဦးလုံး၏ အသက်အန္တရာယ် လုံခြုံစိတ်ချရသောနေရာ ဖြစ်ရမည်
- အသိအမှတ်ပြုထားသော သားဖွားဆရာမ/သူနာပြု (Certified Nurse-Midwife, Certified Midwife) သို့မဟုတ် နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီသော ပညာရပ်ပိုင်းဆိုင်ရာ လိုင်စင်ရရှိထားသည့် သားဖွားဆရာမဖြင့်သာ မီးဖွားရမည်
- လိုအပ်လျှင် မိခင်အား အချိန်မီ ဆေးရုံပို့ရန် ကြိုတင်စီစဉ်ထားရမည်။ အရေးပေါ် အခြေအနေအတွက် အချိန်မရွေး၊ အလွယ်တကူ သွားရောက်နိုင်သော ဆေးရုံ (၂၄ နာရီ သားဖွားမီးယပ်ဌာနပါရှိသော) သို့ အများဆုံး (၁၅) မိနစ်အတွင်း အရောက်သွားနိုင်သည့် အကွာအဝေးတွင် ရှိနေစေရန် စီစဉ်ထားခြင်းသည် အန္တရာယ်ကို လျှော့ချရာတွင် အရေးပါဆုံး အချက်တစ်ခုဖြစ်သည်
- သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးနှင့် ဆက်သွယ်နိုင်ပြီး ညွှန်ကြားချက်များ ချက်ချင်း ရယူနိုင်ရမည်
ရွေးချယ်ရသည့် အကြောင်းရင်းများ
- ဆေးဝါးနှင့်ဆေးပညာ အကူအညီမပါပဲ သဘာဝအတိုင်း ကလေးမီးဖွားလိုခြင်း
ဆေးဝါးနှင့်ဆေးပညာ အကူအညီ ဆိုသည်မှာ_- ဗိုက်နာသက်သာဆေး သုံးခြင်း
- ညှစ်အားကူသည့်ဆေး သုံးခြင်း
- ကလေးနှလုံးခုန်နှုန်း စောင့်ကြည့်စစ်ဆေးခြင်း
- မွေးဖွားစဉ် ညှပ်၊ လေစုပ်စက် အကူအညီသုံးခြင်းတို့ဖြစ်သည်။
- သက်သောင့်သက်သာ ရှိသော၊ ကျွမ်းဝင်သော နေရာတွင် မွေးလိုခြင်း
- ဆေးရုံ၏ စောင့်ရှောက်ပြုစုမှုကို ကြိုက်နှစ်သက်မှု မရှိခြင်း
- မွေးဖွားမှုဖြစ်စဉ်ကို မိမိဘာသာပို၍ ထိန်းချုပ်လိုခြင်း
- ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ စိုးရိမ်သောကများခြင်း
- သယ်ယူပို့ဆောင်မှု မလွယ်ကူခြင်း
- ဒေသတွင်း ဆေးရုံမရှိခြင်း
- ကုန်ကျစရိတ်နည်းခြင်း
နေအိမ်တွင် ကလေးမီးဖွားခြင်း မပြုသင့်သော အခြေအနေများ
- အမြွှာကိုယ်ဝန်
- ကလေးအနေအထားမမှန်ခြင်း
- ယခင်ကိုယ်ဝန်တွင် ဗိုက်ခွဲမွေးထားဖူးခြင်း
- ယခင်ကလေး မွေးဖွားခဲ့စဉ် မိခင် သို့မဟုတ် ကလေးပြဿနာရှိခဲ့သူများ
ဆေးရုံသို့သွားသင့်သော အကြောင်းခြင်းရာများ
အိမ်တွင် ကလေးမွေးဖွားစဉ် အောက်ဖော်ပြပါ ပြဿနာများ ကြုံလာပါက သားဖွားဆရာမမှ ဆေးရုံသို့သွားရန် ညွှန်ကြားရမည်။
- မွေးဖွားနေစဉ် မွေးဖွားခြင်းဖြစ်စဉ် တိုးတက်မှု မရှိခြင်း
- ကလေး၏ အသက်အန္တရာယ် စိုးရိမ်ဖွယ်လက္ခဏာ ပြသလာခြင်း
- ကလေးအနေအထားမမှန်ခြင်း
- နာကျင်မှုဝေဒနာမှ သက်သာလိုခြင်း
- သွေးပေါင်ချိန် မြင့်တက်ခြင်း
- မွေးလမ်းကြောင်းမှ သွေးဆင်းခြင်း
- အဖျားတက်လာခြင်း
ဖြစ်နိုင်ခြေရှိသော အန္တရာယ်များ
သုတေသနပြုချက်များအရ မွေးကင်းစသေနှုန်း (Infant death) မြင့်မားခြင်း၊ ဦးနှောက်အာရုံကြောများ ထိခိုက်ခြင်း (Hypoxic ischaemic encephalopathy)၊ ကလေး၏ဖွံ့ဖြိုးမှု နောက်ကျခြင်း (Developmental delay) အစရှိသည့် နောက်ဆက်တွဲပြဿနာများသည် ဆေးရုံနှင့်ယှဉ်လျှင် အိမ်တွင်မီးဖွားခြင်းနှင့် ပို၍ဆက်စပ်တွေ့ရှိရသည်။
အောက်ပါအချက်များကို ကြိုတင်စီစဥ်ဖြည့်ဆည်းထားခြင်းဖြင့် အထက်ပါပြဿနာများ၏ အန္တရာယ်ကို လျှော့ချနိုင်သည်။
- လက်မှတ်ရ သူနာပြု သို့မဟုတ် သားဖွားဆရာမ၏ အကူအအညီဖြင့်သာ မွေးဖွားခြင်း
- သားဖွားမီးယပ် အထူးကုဆရာဝန်များ၏ အကူအညီ အလျင်အမြန် ရရှိနိုင်ခြင်း
- လိုအပ်လျှင် အနီးအနားရှိဆေးရုံသို့ ပို့ဆောင်နိုင်ရန် စီစဉ်ထားခြင်း စသည်တို့ဖြစ်သည်။
အိမ်တွင်မီးဖွားမည့်အစီအစဉ်ကို ဆုံးဖြတ်ချက်မချမီ ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် ပြောဆိုဆွေးနွေးခြင်းသည် အရေးကြီးသည်။ ကျန်းမာရေးပြဿနာရှိသူနှင့် သားဦးကိုယ်ဝန်ရှိသူများသည် အိမ်တွင်မီးဖွားခြင်း၏ အန္တရာယ်ကို ပို၍တွေ့ကြုံရနိုင်သည်။
ပြင်ဆင်ထားသင့်သည့် အချက်များ
နေအိမ်တွင် မွေးဖွားရန် ပြင်ဆင်ထားသင့်သည့် အချက်များ
အရည်အချင်းပြည့် ကျန်းမာရေးစောင့်ရှောက်သူ၊ ကျွမ်းကျင်အတတ်ပညာရှင်ကို ရွေးချယ်ရမည်။ မိမိ ရွေးချယ်သင့်သူများမှာ များသောအားဖြင့် အိမ်တွင်မီးဖွားရန် သေချာစွာ လေ့ကျင့်သင်ကြားထားပြီး ဆေးကုသခွင့် လက်မှတ်ရရှိထားသော သူနာပြု-သားဖွားဆရာမ၊ သားဖွားဆရာမ၊ နိုင်ငံတကာအဆင့်စံနှုန်းနှင့် ခွင့်ပြုချက် ရရှိထားသော သားဖွားဆရာမတို့ဖြစ်သည်။
ထို့အပြင် ထိုသူများမှာ သက်ဆိုင်ရာ ဆရာဝန်များ သို့မဟုတ် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ လွယ်ကူစွာ ဆက်သွယ်နိုင်သောသူများ ဖြစ်ရမည်။ မွေးကင်းစကလေးကို ပြုစုစောင့်ရှောက်ရန် စနစ်တကျ လေ့ကျင့်ထားသောသူလည်း မီးဖွားနေစဉ်ရှိရမည်။
နေအိမ်တွင် ကလေးမီးဖွားရန် အစီအစဉ် ပြုလုပ်ခြင်း
မိမိအနေဖြင့်_
- မီးဖွားစဉ် အတူရှိနေစေချင်သူ
- မီးဖွားစဉ် ပတ်ဝန်းကျင် အပြင်အဆင်
- မီးဖွားစဉ် မိမိကို သက်တောင့်သက်သာ ဖြစ်စေမည့် နည်းလမ်းများ
- မီးဖွားစဉ် နာကျင်မှု သက်သာစေမည့် ကုသမှုများ
- မီးဖွားပြီးပြီးချင်း ကလေးနို့တိုက်ခြင်း စသည်တို့ကို ပြင်ဆင်ရမည်။
လိုအပ်ပါက ကလေးမွေးဖွားခြင်းဆိုင်ရာသင်တန်းများ၊ အတွေ့အကြုံရှိသော မိဘများနှင့်ဆွေးနွေးပြီး အကြံများ ရယူနိုင်သည်။
ထို့အပြင် မိမိကို ကလေးမွေးဖွားပေးမည့် ကျန်းမာရေးဝန်ထမ်းနှင့်လည်း မိမိဖြစ်စေလိုသည့် အချက်များကို တင်ပြ ဆွေးနွေးနိုင်သည်။ ထိုအချက်များကို မိမိ ကလေးမီးဖွားစဉ် အတူရှိနေမည့်သူများကို မျှဝေအသိပေးခြင်းဖြင့် မိမိသည်လည်း ကလေးမီးဖွားစဉ် လုံခြုံစိတ်ချမှုကို ခံစားရမည်ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းသွားရန် ပြင်ဆင်သင့်သောအချက်များ
- ဆေးရုံသို့သွားရန် လိုအပ်သည့် ရောဂါလက္ခဏာများကို မိမိကို မွေးဖွားပေးမည့် ကျန်းမာရေးဝန်ထမ်းနှင့် တိုင်ပင်ခြင်း
- ဆေးရုံသို့ အလွယ်တကူ အချိန်မရွေး သွားရောက်နိုင်ခြင်း (ယာဉ်၊ ကားများ အဆင်ပြေခြင်း)၊ ဖြစ်နိုင်လျှင် (၂၄) နာရီ အရေးပေါ်ဌာနရှိသော ဆေးရုံများသို့ (၁၅) မိနစ်အတွင်း အရောက်သွားနိုင်ခြင်း
- လိုအပ်ပါက ဆေးရုံသို့ချက်ချင်း သွားနိုင်ရန် မိမိကိုမီးဖွားပေးမည့် ကျန်းမာရေးဝန်ထမ်းနှင့် စီစဉ်ဆောင်ရွက်မှုများ ပြုလုပ်ထားခြင်းတို့ဖြစ်သည်။
ကလေးမွေးဖွားခြင်းသည် မိခင်ရောကလေးပါ အချိန်မရွေး အသက်အန္တရာယ် ရှိနိုင်သော အခြေအနေတစ်ခုဖြစ်သောကြောင့် ဆေးရုံ၊ သားဖွားဆေးခန်းများသည် ကလေးမွေးဖွားရန် ပို၍လုံခြုံစိတ်ချရသောနေရာများဖြစ်သည်။ အိမ်တွင်မီးဖွားစဥ် အခက်အခဲတစ်စုံတစ်ရာရှိလျှင် ဆေးရုံသို့ရောက်ရှိရန် ကြန့်ကြာနိုင်ပြီး မိခင်ရောကလေးပါ အသက်အန္တရာယ် ရှိနိုင်သည်။ ထို့ကြောင့် အိမ်တွင်မွေးဖွားခြင်းနှင့် ဆေးရုံ၊ ဆေးခန်းများတွင် မွေးဖွားခြင်းတို့၏ အကျိုးအပြစ်များကို သိရှိပြီး သေချာစွာ စဉ်းစားပြီးမှသာ ရွေးချယ်ရန် သင့်တော်မည်ဖြစ်သည်။
References:
- Mayo Clinic. (n.d.). Home birth: Know the pros and cons. Mayo Clinic. Retrieved October 15, 2025, from https://www.mayoclinic.org/healthy-lifestyle/labor-and-delivery/in-depth/home-birth/art-20046878
Published: 30 August 2024
Last updated: 4 November 2025
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.