အာထရာဆောင်း (Ultrasound – USG) ဆိုသည်မှာ ကြိမ်နှုန်းမြင့်အသံလှိုင်းကို အသုံးပြု၍ ခန္ဓာကိုယ်တွင်းရှိ အင်္ဂါများနှင့် တစ်ရှူးများကို စစ်ဆေးသော နည်းလမ်းတစ်ခုဖြစ်သည်။ တီဗီဓာတ်မှန် သို့မဟုတ် တယ်လီဗေးရှင်းဓာတ်မှန် ဟုလည်းခေါ်ကြသည်။ ထိုစစ်ဆေးမှုတွင် ဓာတ်ရောင်ခြည် X-ray ကို အသုံးမပြုသဖြင့် ဓာတ်ရောင်ခြည်သင့်ခြင်း အန္တရာယ်မရှိပါ။ အများအားဖြင့် ဝမ်းဗိုက်အတွင်း စစ်ဆေးရန် ရိုက်လေ့ရှိကြပြီး ကိုယ်ဝန်ဆောင်များတွင် သားအိမ်နှင့် သန္ဓေသားကို ကြည့်ရှုရန် သုံးကြသည်။ ဝမ်းဗိုက်အပြင် ခန္ဓာကိုယ်တွင် အာထရာဆောင်းဖြင့် ရောဂါရှာဖွေနိုင်သော နေရာများမှာ_
- ဦးခေါင်းအာထရာဆောင်း (Cranial ultrasound) (ငယ်ထိပ်မပိတ်သေးသော ကလေးငယ်များတွင် ရိုက်လေ့ရှိသည်)
- သိုင်းရွိုက်ဂလင်း
- ရင်သား
- အဆုတ်
- နှလုံး (အသံလှိုင်းကို အသုံးပြု၍ နှလုံးပုံရိပ်ဖော်စက် Echocardiogram ဟုခေါ်သည်)
- သွေးကြောများ (Doppler ultrasound)
- ခြေလက်တို့ရှိ အဆစ်နှင့် ကြွက်သားတို့တွင် အလုံးအကျိတ်နှင့် ရောဂါများ စစ်ဆေးရန် ရိုက်လေ့ရှိကြသည်။
ယနေ့ခေတ်တွင် အာထရာဆောင်းကို ဓာတ်မှန်ကျွမ်းကျင်ဆရာဝန်များသာမက ခွဲစိတ်ဆရာဝန်များ၊ သားဖွားမီးယပ် ဆရာဝန်များ၊ မွေးကင်းစကလေး အထူးကုဆရာဝန်များ၊ အရေးပေါ်ဆေးပညာဆရာဝန်များပါ ကိုယ်တိုင်အသုံးပြုနေကြပြီဖြစ်သည်။

ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
အောက်ပါ ရောဂါနှင့်အခြေအနေများတွင် အာထရာဆောင်းဖြင့် စစ်ဆေးရန် လိုအပ်နိုင်သည်။
- ကိုယ်ဝန်ဆောင်များတွင် ဝမ်းဗိုက်တွင်းရှိ သန္ဓေသားအခြေအနေ
- သားအိမ်၊ သားဥအိမ်နှင့် တင်ပါးဆုံရိုးကွင်းအတွင်းရှိ မျိုးပွါးအင်္ဂါများ၏ အခြေအနေ၊ အကျိတ် ရှိမရှိနှင့် အကျိတ်၏ သဘာဝ
- မွေးကင်းစနှင့် ငယ်ထိပ်မပိတ်သေးသော ကလေးများတွင် ဦးနှောက်တွင်းရေအိတ် ကျယ်မကျယ်၊ သွေး ယိုမယို
- အသည်းကြီးခြင်း၊ အဆီဖုံးခြင်း၊ အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်း၊ အကျိတ် ရှိမရှိနှင့် အကျိတ်၏ သဘာဝ
- သည်းခြေအိတ်ရောင်ခြင်း၊ ကျုံ့ခြင်း၊ ဖောင်းခြင်းနှင့် သည်းခြေကျောက်တည်ခြင်း
- ဘေလုံးကြီးခြင်း ရှိမရှိ၊ အကျိတ်များ ရှိမရှိနှင့် အကျိတ်၏ သဘာဝ
- ကျောက်ကပ်ရောင်ခြင်း၊ ကျုံ့ခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်း၊ အကျိတ် ရှိမရှိနှင့် အကျိတ်၏ သဘာဝ
- ဆီးကျိတ်ကြီးခြင်း၊ ရောင်ခြင်းရောဂါများ၊ အကျိတ် ရှိမရှိနှင့် အကျိတ်၏ သဘာဝ
- အမျိုးသားဝှေးစေ့ ရောင်ခြင်း၊ အကျိတ် ရှိမရှိနှင့် အကျိတ်၏ သဘာဝ
- ရင်သားတွင် အကျိတ် ရှိမရှိနှင့် အကျိတ်၏ သဘာဝ
- သိုင်းရွိုက်ဂလင်းတွင် အကျိတ် ရှိမရှိနှင့် အကျိတ်၏ သဘာဝ၊ ရောင်ရမ်းခြင်း ရှိမရှိ
- အဆုတ်အမြှေးပါးတွင်း ရေဝင်ခြင်း၊ လေစိမ့်နေခြင်း ရှိမရှိ
- သွေးစီးဆင်းမှုအခြေအနေ၊ သွေးကြောပိတ်ခြင်း ရှိမရှိ၊ သွေးကြောများဖောင်းနေခြင်း ရှိမရှိ
- အဆစ်များတွင် ရေဝင်နေခြင်း ရှိမရှိ
- နှလုံးကြွက်သား၊ နှလုံးညှစ်အား၊ အဆို့ရှင်များ၏ အခြေအနေနှင့် သွေးစီးဆင်းမှုအခြေအနေ
- ကြွက်သားကြားတွင် အကျိတ် ရှိမရှိနှင့် အကျိတ်၏ သဘာဝ
ထို့အပြင်
- အာထရာဆောင်းအသုံးပြု၍ အသားစယူခြင်း
- အာထရာဆောင်းအသုံးပြု၍ အဆုတ်အမြှေးပါးတွင်းရှိ ရေဖောက်ထုတ်ခြင်းများလည်း ပြုလုပ်နိုင်သည်။
ကြိုတင်သိရှိထားရမည့်အချက်များ
အာထရာဆောင်း (USG) စစ်ဆေးခြင်းသည် အသံလှိုင်းဖြင့် စစ်ဆေးခြင်းဖြစ်သဖြင့် အန္တရာယ်မရှိသော စစ်ဆေးမှုတစ်ခုဖြစ်သည်။ အာထရာဆောင်း အသံလှိုင်းသည် လေရှိသည့်နေရာကို ဖြတ်သန်းမသွားနိုင်သောကြောင့် အဆုတ်အတွင်းပိုင်းကို မမြင်ရပါ။ အရိုးကို ထွင်းဖောက်မသွားနိုင်၍ အရိုးအတွင်းပိုင်းနှင့် ဦးခေါင်းခွံအတွင်းပိုင်းကို မမြင်ရပါ။ ခန္ဓာကိုယ်အတွင်း အလွန်အတွင်းကျသော နေရာများရှိ အခြေအနေကို မမြင်နိုင်ပါ။ အဝလွန်သောသူများတွင်လည်း ပုံရိပ်ထင်ရှားရန် ခက်ခဲနိုင်သည်။ ထိုအခြေအနေများအတွက် ဆရာဝန်မှ ဓာတ်မှန် (X-ray)၊ ကွန်ပြူတာဓာတ်မှန်(CT scan)၊ သံလိုက်ဓာတ်မှန် (MRI) တို့ကိုရိုက်ရန် ညွှန်ကြားလိမ့်မည်။
မစစ်ဆေးမီ ပြင်ဆင်ခြင်း
အများအားဖြင့် အာထရာဆောင်း စစ်ဆေးရန် မည်သည့်ပြင်ဆင်မှုမှ မလိုအပ်ပါ။ သို့သော် အမျိုးသားများတွင် ဆီးကျိတ်ကိုလည်းကောင်း၊ အမျိုးသမီးများတွင် သားအိမ်နှင့် သားဥအိမ်တစ်ဝိုက်ကိုလည်းကောင်း စစ်ဆေးရန်အတွက် ဆီးအိမ်တင်းစေရန် ရေသောက်၍ ဆီးအောင့်ခိုင်းထားလေ့ရှိသည်။ သည်းခြေအိတ်ကို စစ်ဆေးရန် အစာမစားခြင်း၊ ရေမသောက်ခြင်းများ လိုအပ်နိုင်သည်။ ကလေးငယ်များကို စစ်ဆေးရန် ဓာတ်မှန်ဆရာဝန်မှ သီးသန့်ညွှန်ကြားချက်များ ပေးလေ့ရှိသည်။
အာထရာဆောင်း ရိုက်ကူးမည့် နေရာသို့ သွားရောက်ပါက အင်္ကျီပွပွ ဝတ်ဆင်သွားသင့်သည်။ အာထရာဆောင်းခန်းထဲသို့ မဝင်ရောက်ခင် စမ်းသပ်အင်္ကျီလဲပြီး ကုတင်ပေါ်တွင် လှဲလျက်အနေအထားဖြင့် လူနာကိုထားရှိလိမ့်မည်။
စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်
အာထရာဆောင်းပုံရိပ်များ ကြည်လင်စေရန် ဓာတ်မှန်ဆရာဝန်မှ ရိုက်မည့်နေရာသို့ ဂျယ်လီရည်တစ်မျိုးကို သုတ်လိမ်းမည်ဖြစ်သည်။ ထိုဂျယ်လီရည်သည် ရေဖြင့်ပြုလုပ်ထားသဖြင့် အန္တရာယ်မရှိပါ။ စမ်းသပ်မှုပြီးပါက ပြန်လည်သန့်ရှင်းရန် လွယ်ကူသည်။
ထို့နောက် ဆရာဝန်မှ ပုံရိပ်များကို စမ်းသပ်စစ်ဆေးရမည့် နေရာအလိုက် တစ်နေရာပြီးတစ်နေရာ ရှာဖွေစစ်ဆေးလိမ့်မည်။ စမ်းသပ်စစ်ဆေးချိန်သည် ရောဂါအခြေအနေပေါ် မူတည်၍ ပျမ်းမျှနာရီဝက်ခန့် ကြာနိုင်သည်။ လိုအပ်လျှင် ဆီးအိမ်အတွင်း ဆီးကျန်သည့် ပမာဏကို စစ်ဆေးရန် လူနာကိုဆီးသွားခိုင်း၍ ပြန်လည်စစ်ဆေးခြင်းလည်း ရှိနိုင်သည်။
ခန္ဓာကိုယ်ပြင်ပမှ အလွယ်တကူ စစ်ဆေး၍ မရနိုင်သော နေရာများတွင် အတွင်းပိုင်းအထိ စစ်ဆေးနိုင်သည့် အာထရာဆောင်းကိရိယာကို ထည့်သွင်း၍ စစ်ဆေးလေ့ရှိသည်။ အသုံးအများဆုံးမှာ မိန်းမကိုယ်အတွင်းပိုင်းသို့ ထည့်သွင်းစစ်ဆေးသည့် အာထရာဆောင်း (Transvaginal ultrasound)၊ စအိုမှတစ်ဆင့် ထည့်သွင်းစစ်ဆေးသည့် အာထရာဆောင်း (Transrectal ultrasound) နှင့် အစာရေမျိုပြွန်မှတစ်ဆင့် ထည့်သွင်းစစ်ဆေးသည့် အာထရာဆောင်း (Transoesophageal ultrasound) များဖြစ်သည်။
အာထရာဆောင်း ရိုက်ကူးခြင်းသည် နာကျင်ခြင်းမရှိပါ။ များသောအားဖြင့် ဂျယ်လီရည် သုတ်လိမ်းစဉ်တွင် အနည်းငယ်အေးသည့် ခံစားချက်နှင့် အာထရာဆောင်းတုတ်တံ (Probe) ထောက်သည့်အတွက် အနည်းငယ် ကသိကအောက် ဖြစ်ရုံသာဖြစ်သည်။ ရိုက်ကူးပြီးသည်နှင့် အနားယူရန်မလိုဘဲ မိမိနေ့စဉ်လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နိုင်သည်။

သိရှိနိုင်သောအဖြေများ
ရိုက်ကူးနေစဉ်အတွင်း အာထရာဆောင်းပုံရိပ်များကို မိမိကိုယ်တိုင်လည်း မြင်နိုင်သည်။ တစ်ခါတစ်ရံ ဓာတ်မှန်ဆရာဝန်မှ လူနာအား ရောဂါရာဇဝင်အချို့ကို မေးမြန်းခြင်းနှင့် ပုံရိပ်များကို ရှင်းပြခြင်းများ ပြုလုပ်နိုင် သည်။ ရိုက်ကူးပြီးသည်နှင့် တစ်ပြိုင်နက် အဖြေကိုချက်ချင်း သိရှိနိုင်သည်။ ထို့နောက် အဖြေကို မှတ်တမ်းတင်ရန် အချိန်ခဏစောင့်ပြီးသည်နှင့် ဓာတ်မှန်ဆရာဝန်မှ အဖြေမှတ်တမ်း (report) ကို ထုတ်ပေးလိမ့်မည်။ အာထရာဆောင်းအဖြေသည် စမ်းသပ်မှုပြုလုပ်သည့် ဓာတ်မှန်ဆရာဝန်၏တွေ့ရှိချက်သာ ဖြစ်သောကြောင့် လူနာ၏ ရောဂါလက္ခဏာများနှင့် တိုက်ဆိုင်စစ်ဆေးပြီးမှ လိုအပ်သောကုသမှုကို ဆက်လက်ပြုလုပ်လေ့ရှိသည်။
အာထရာဆောင်းအဖြေရရှိပါက လူနာအနေနှင့် ရိုက်ကူးရန် ညွှန်ကြားထားသည့် ဆရာဝန် သို့မဟုတ် မိမိ၏ မိသားစုဆရာဝန်နှင့် အဖြေမှတ်တမ်းကို ပြန်လည်ပြသ၍ ဆက်လက်ဆွေးနွေးရန်၊ ကုသမှုခံယူရန် လိုအပ်သည်။
နောက်ဆက်တွဲဆိုးကျိုးများ
အာထရာဆောင်းရိုက်ခြင်းတွင် နောက်ဆက်တွဲဆိုးကျိုးမရှိပါ။
ပြောင်းလဲတိုးတက်မှုများ
- အိတ်ဆောင် အာထရာဆောင်းများ (Portable Ultrasound)
ယခုအခါ အာထရာဆောင်းစက်များသည် ခေတ်မီလာပြီး လက်တစ်ဖက်ဖြင့် ကိုင်တွယ်နိုင်သည့် အိတ်ဆောင်အရွယ်အစားအထိ သေးငယ်လာသည်။ ၎င်းတို့သည် မိုဘိုင်းဖုန်းနှင့် တက်ဘလက်များဖြင့် ချိတ်ဆက်အသုံးပြုနိုင်သောကြောင့် ဆေးရုံ၊ ဆေးခန်းပြင်ပ၌ပင် အရေးပေါ်ဆေးပညာအတွက် အလွယ်တကူ အသုံးပြုနိုင်ပြီ ဖြစ်သည်။ - ဉာဏ်ရည်တု (AI) အသုံးပြုခြင်း
AI နည်းပညာကို အသုံးပြု၍ အာထရာဆောင်းပုံရိပ်များကို ပိုမိုတိကျစွာ ခွဲခြမ်းစိတ်ဖြာ လာကြသည်။ AI သည် ဆရာဝန်များအား ပုံရိပ်များကို လမ်းညွှန်ပေးခြင်း၊ အကျိတ်နှင့် အခြားရောဂါလက္ခဏာများကို အလိုအလျောက် တိုင်းတာရှာဖွေပေးခြင်းတို့ဖြင့် ရောဂါရှာဖွေမှုကို ပိုမိုမြန်ဆန်တိကျစေသည်။
References:
- Cleveland Clinic. (2022). Ultrasound: What it is, purpose, procedure & results. Retrieved September 13, 2025, from https://my.clevelandclinic.org/health/diagnostics/4995-ultrasound Cleveland Clinic
- Mayo Clinic. (2024). Ultrasound (sonography): About. Retrieved September 13, 2025, from https://www.mayoclinic.org/tests-procedures/ultrasound/about/pac-20395177 Mayo Clinic
- NHS. (2025). Ultrasound scan. Retrieved September 13, 2025, from https://www.nhs.uk/conditions/ultrasound-scan/ nhs.uk
- American College of Emergency Physicians. (n.d.). Sonoguide: Ultrasound guide for emergency physicians. Retrieved September 13, 2025, from https://www.acep.org/by-medical-focus/ultrasound/ ACEP+2ACEP+2
Published: 30 August 2024
Last updated: 23 November 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.