သားအိမ်အတွင်းထည့် သားဆက်ခြားပစ္စည်း Intrauterine Contraceptive Device (IUCD) သည် Copper ကြေးနီကွိုင် ပါဝင်ပြီးပလတ်စတစ်ဖြင့်လုပ်ထားသော T ပုံသဏ္ဌာန်ရှိသည့် ပစ္စည်းဖြစ်သည်။ T ပုံသဏ္ဌာန် ပစ္စည်းအောက်ခြေတွင် ကြိုးစနှင့်ဆက်ထားသည်။ သားအိမ်အတွင်းထည့် သားဆက်ခြားပစ္စည်း အမျိုးအစားပေါ်မူတည်၍ သားအိမ်အတွင်း တစ်ခါထည့်ထားလျှင် (၅)နှစ် မှ (၁၀)နှစ်ထိ သားဆက်ခြားပေးနိုင်သည်။

သုံးစွဲရန်လိုအပ်သော အခြေအနေများ
ကာလရှည်သားဆက်ခြားလိုသော အမျိုးသမီးများတွင် သုံးနိုင်သည်။
သုံးစွဲရန် မသင့်တော်သူများ
- Copper ကြေးနီ ဓာတ်မတည့်သူများ
- ကလေးမွေးပြီး (၄၈) နာရီနှင့်အထက်နှင့် (၄) ပတ်အတွင်း ရှိသူများ
- လတ်တလော ကိုယ်ဝန်ပျက်ကျထားပြီး ပိုးဆိပ်ရှိနေသူများ
- သားအိမ် သို့မဟုတ် သားအိမ်ခေါင်း ရောင်ရမ်းနေသူများ
- သားအိမ်အသားလုံးရှိသူများ
- အကြောင်းရှာမရဘဲ မိန်းမကိုယ်မှသွေးဆင်းနေသူများ
- သားဥပြွန်အတွင်း သန္ဓေတည်ဖူးသူ
- အမျိုးသမီးမျိုးပွားအင်္ဂါတွင် ပိုးဝင်ခြင်း၊ ကင်ဆာရောဂါရှိသူများ
- ကာလသားရောဂါ၊ ခုခံအားကျဆင်းရောဂါရှိသူများ
- Wilson’s ရောဂါရှိသူများ
သားဆက်ခြားပစ္စည်း အလုပ်လုပ်ပုံ
ဤပစ္စည်းကို သားအိမ်အတွင်းထည့်ထားခြင်းဖြင့်
- Copper ကြေးနီသည် သားအိမ်အတွင်း ဝင်ရောက်လာသော သုက်ပိုးလှုပ်ရှားမှုနှင့် ရှင်သန်မှုကို ဟန့်တားပေးသည်၊ ထို့အတူ သားဥအိမ်မှကြွေကျလာသော သားဥကိုလည်း အဆိပ်အတောက် ဖြစ်စေသည်
- သန္ဓေသားလောင်း သားအိမ်အတွင်း မကပ်တွယ်နိုင်အောင် တားဆီးပေးခြင်း
- သားဥနှင့်သုက်ပိုး မတွေ့အောင် တားဆီးခြင်းဖြင့် ကိုယ်ဝန်မရအောင် ကာကွယ်ပေးသော သားဆက်ခြားနည်းလမ်းတစ်ခုဖြစ်သည်
အကျိုးကျေးဇူးများ
- နှစ်ရှည်ခံ၍ ကုန်ကျစရိတ်သက်သာခြင်း
- ဆေးခန်းပုံမှန်သွားရန် မလိုအပ်ခြင်း
- ရာသီပုံမှန်လာခြင်း
- သွေးဆုံးချိန်ကို သိနိုင်ခြင်း
- ဟော်မုန်းမပါဝင်သည့်အတွက် ဟော်မုန်းတားဆေးကတ်၊ ထိုးဆေးတို့နှင့် မတည့်သူများလည်း အသုံးပြုနိုင်ခြင်း
- နို့တိုက်မိခင်အသုံးပြုနိုင်ခြင်း
- သားအိမ်အတွင်း ထည့်ထားသည့်ပစ္စည်းကို ပြန်ထုတ်လိုက်သည်နှင့် ချက်ချင်းကိုယ်ဝန်ပြန်ရနိုင်ခြင်း
- အရေးပေါ်ကိုယ်ဝန်တားဆေးအဖြစ် အသုံးပြုနိုင်ခြင်း
အားနည်းချက်များ
- လိင်မှတစ်ဆင့် ကူးစက်ရောဂါများကို မကာကွယ်ပေးနိုင်ခြင်း
- ထည့်သွင်းစဥ် အနည်းငယ် မသက်မသာ ခံစားရနိုင်ခြင်း
- သွေးဆင်းများနိုင်ခြင်း
- စနစ်တကျလေ့ကျင့်ထားသော ကျန်းမာရေးဝန်ထမ်းများပေါ်မှီခိုရခြင်း
- မိမိဘာသာ အသုံးမပြုနိုင်ခြင်း
သားအိမ်အတွင်း သားဆက်ခြားပစ္စည်း ထည့်သွင်းပုံအဆင့်ဆင့်
- မထည့်သွင်းမီ ထည့်သွင်းပေးမည့် ကျန်းမာရေးဝန်ထမ်းမှ သားအိမ်အတွင်းထည့်ပစ္စည်း လုပ်ဆောင်ပုံနှင့် အသုံးပြုမည့်ပစ္စည်းကိုပြသ၍ ထည့်သွင်းမည့်လုပ်ငန်းစဥ် အဆင့်ဆင့်ကို ရှင်းပြပေးမည်
- ထိုသို့ထည့်သွင်းခြင်းအတွက် မေ့ဆေး၊ ထုံဆေးပေးရန် မလိုအပ်ပါ
- ဒူးထောင်ပေါင်ကား လှဲလျက်အနေအထားဖြင့် ကုတင်ပေါ်တွင် နေရမည်
- ဦးစွာ သားအိမ်အနေအထားသိရန် ထည့်ပေးမည့်သူမှ မိန်းမကိုယ်အတွင်း လက်ထည့်ပြီး စမ်းသပ်မည်
- ထို့နောက် မိန်းမကိုယ်အတွင်းသို့ သားအိမ်ခေါင်းအဝကောင်းစွာမြင်နိုင်ရန် ဘဲနှုတ်သီးကိရိယာ (speculum) ကို ထည့်ပြီးကြည့်မည်
- ပြီးလျှင် သားအိမ်အတွင်းထည့်မည့် သားဆက်ခြားပစ္စည်းကို သားအိမ်ထဲ ညင်သာစွာထည့်မည်
- ထည့်ပြီးလျှင် ပစ္စည်းကြိုးစကို မိမိကိုယ်တိုင် စစ်ဆေးနိုင်ရန် သင်ပြပေးမည်၊ ပထမလတွင် တစ်ပတ် တစ်ကြိမ်၊ နောက်ပိုင်းတွင် ရာသီလာပြီးနောက် ရံဖန်ရံခါ မိမိဘာသာ စစ်ဆေးကြည့်ရမည်

ကြိုးစ စစ်ဆေးနည်း
- စမ်းမည့်လက်ကို စင်ကြယ်အောင်ဆေးပါ၊ ဆောင့်ကြောင့်ထိုင်ပါ၊ မိန်းမကိုယ်အတွင်း လက်ညှိုးထည့်၍ သားအိမ်ခေါင်းအဝနား ပစ္စည်း၏ကြိုးစ ရှိမရှိ စမ်းသပ်ပါ၊ ကြိုးစကို မဆွဲရပါ
- ကြိုးစစမ်းမမိခြင်း၊ ရှည်နေခြင်း၊ တိုနေခြင်းဖြစ်နေပါက ဆေးခန်းပြန်ပြရန် လိုအပ်သည်၊ အရေးပေါ်သားဆက်ခြားရန် လိုအပ်နိုင်သည်
ပြန်လည်ထုတ်ယူပုံ
- ဒူးထောင်ပေါင်ကား လှဲလျက်အနေအထားဖြင့် ခုတင်ပေါ်တွင် နေရမည်
- သားအိမ်ခေါင်းအဝမြင်ရအောင် ဘဲနှုတ်သီးကိရိယာကို ထုံဆေးဂျယ်လီသုတ်ပြီး မိန်းမကိုယ်အတွင်းထည့်မည်
- ပစ္စည်းကြိုးစလေးမြင်ရလျှင် Artery forceps ကိရိယာဖြင့် ကြိုးစကိုညှပ်ပြီး အသာဆွဲထုတ်မည်
နောက်ဆက်တွဲဆိုးကျိုးများ
အချို့သောသူများတွင် ဘေးထွက်ဆိုးကျိုးများ ခံစားရနိုင်သည်။
- ထည့်ခါစတွင် ရက်အနည်းငယ် သွေးဆင်းနိုင်ခြင်း၊ သွေးတစ်စက်စက်ဆင်းခြင်း၊ ဆီးစပ်ကိုက်ခြင်းများသည် ထည့်ပြီးစရက်သတ္တပတ်အတွင်း ဖြစ်နိုင်သည်
- သွေးဆင်းများခြင်း၊ ရက်ရှည်ရှည်ဆင်းခြင်း၊ ရာသီလာရက် တစ်လနှင့်တစ်လကြားတွင် သွေးဆင်းခြင်း
- ရာသီလာစဥ် ပိုမိုနာကျင်ခြင်း စသည်တို့ဖြစ်နိုင်သည်။
သို့သော် ထိုဘေးထွက်ဆိုးကျိုးများသည် ထည့်ပြီး (၃)လ မှ (၆)လအတွင်းတွင်သာ ဖြစ်လေ့ရှိသည်။ နောက်ပိုင်းတွင် ပြန်ကောင်းသွားတတ်သည်။
သတိပြုရမည့်အချက်များ
စထည့်သင့်သည့် အချိန်
- ရာသီသွေးစလာပြီး (၇) ရက်အတွင်းထည့်လျှင် အကောင်းဆုံးဖြစ်သည် (သွေးဆင်းများနေသောနေ့တွင် မထည့်သင့်ပါ)
- ရာသီသွေးစလာပြီး (၇) ရက်အတွင်း မဟုတ်သော်လည်း ကိုယ်ဝန်မရှိဟု သေချာလျှင် အခြားမည်သည့်နေ့မဆို ထည့်နိုင်သည်၊ မထည့်ခင် ကိုယ်ဝန် ရှိမရှိ အရင်စစ်ဆေးရန်လိုသည်
- ကလေးမွေးပြီးပြီးချင်း (၄၈) နာရီအတွင်း
- ကလေးမွေးပြီး (၁) လကျော်
- သားပျက်သားလျှော ဖြစ်ပြီးပြီးချင်းအချိန်
ဆေးခန်းပြန်ပြသင့်သည့် အခြေအနေများ
ထည့်ပြီး (၃)ပတ် မှ (၆)ပတ်အကြား သို့မဟုတ် ရာသီလာပြီးနောက် စစ်ဆေးရန် ပြန်ပြသင့်သည်။ အောက်ပါအခြေအနေများ ဖြစ်ပေါ်ခံစားရပါက ဆရာဝန်နှင့် ပြန်ပြသင့်သည်။
- ရာသီသွေးဆင်း များခြင်း
- မိန်းမကိုယ်မှ အနံ့နံသော အဖြူရည်များဆင်းခြင်း
- ဝမ်းဗိုက်အောက်ပိုင်း ဆီးစပ်၊ တင်ပါးဆုံရိုးကွင်းအတွင်း မခံမရပ်နိုင်အောင် ကိုက်ခြင်း
- ရာသီသွေးမပေါ်လျှင် သို့မဟုတ် ကိုယ်ဝန်ရှိနေသည်ဟု သံသယဖြစ်ခြင်း
- စစ်ဆေးသည့်အခါ ကြိုးစရှည်နေခြင်း၊ တိုခြင်း၊ စမ်းမမိခြင်း
- လိင်မှတစ်ဆင့်ကူးစက်သည့်ရောဂါများနှင့် HIV ရောဂါရရှိသည်ဟု သံသယဖြစ်ခြင်း စသည်တို့ဖြစ်သည်။
References:
- Chambers, R., & Esmail, A. (Eds.). (2020). Oxford handbook of general practice (5th ed.). Oxford University Press.
- World Health Organization, Ministry of Health and Sports (Myanmar), & United States Agency for International Development. (2020). Decision-making tool for birth spacing clients and providers [Booklet].
- NHS (UK). (n.d.). IUD (coil). NHS. Retrieved July 26, 2025, from https://www.nhs.uk/contraception/methods-of-contraception/iud-coil/
Published: 30 August 2024
Last updated: 4 November 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.