အစာအိမ်မှန်ပြောင်း ကြည့်ရှုစစ်ဆေးခြင်းဆိုသည်မှာ အစာရေမျိုပြွန်၊ အစာအိမ်နှင့် အူသိမ်ဦးပိုင်း စသည်တို့၏ အတွင်းနံရံများတွင် ရောဂါ ရှိမရှိ မှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးခြင်းဖြစ်သည်။
ထိုသို့စစ်ဆေးရာတွင် သေးငယ်ပြီး ကွေးနိုင်ကောက်နိုင်သော လက်သန်းလုံးအရွယ်ခန့်ရှိ ပြွန်ကို အသုံးပြုသည်။ ယင်းပြွန်ထိပ်တွင် အလွန်သေးငယ်သော ဗီဒီယိုကင်မရာနှင့်ဓာတ်မီးကို တပ်ဆင်ထားသည်။ ယင်းမှန်ပြောင်းမှတစ်ဆင့် ဆရာဝန်သည် အောက်ပါကိုယ်တွင်းအင်္ဂါများ၏ အတွင်းနံရံကို ကြည့်ရှုစစ်ဆေးမည်ဖြစ်သည်။
- အစာရေမျိုပြွန် (Oesophagus) _ ခံတွင်းမှ အစားအစာများကို အစာအိမ်သို့ ပို့ဆောင်ပေးသော ပြွန်ချောင်းဖြစ်သည်
- အစာအိမ် (Stomach) _ စားသောက်လိုက်သော အစားအစာများကို လက်ခံထားပြီး စတင်အစာခြေရာ အစိတ်အပိုင်းဖြစ်သည်
- အူသိမ်ဦးပိုင်း (Duodenum) _ အစာအိမ်အထွက်တွင်ရှိသော အူအစိတ်အပိုင်းဖြစ်သည်၊ သည်းခြေအိတ်၊ ပန်ကရိယတို့မှ အစာခြေရည်များကို သယ်ဆောင်လာသော ပြွန်များရှိသည်
- စားချဥ်ပြန်ရောဂါ၊ အစာအိမ်အနာ၊ အစာအိမ်နှင့်အူလမ်းကြောင်းတွင် အလုံးအကျိတ်ဖြစ်ခြင်း၊ အူလှုပ်ရှားမှု မူမမှန်ခြင်း စသည့်ရောဂါများကို ရှာဖွေစစ်ဆေးနိုင်သည်။

ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
အစာအိမ်မှန်ပြောင်းကို
- အစာရေမျိုပြွန်၊ အစာအိမ်နှင့် အူသိမ်တို့၏ ကျန်းမာရေးစစ်ဆေးရန်
- အစာရေမျိုပြွန်၊ အစာအိမ်နှင့် အူသိမ်အတွင်း ရောဂါ ရှိမရှိ ရှာဖွေရန်
- အစာရေမျိုပြွန်၊ အစာအိမ်နှင့် အူသိမ်တို့မှ သံသယဖြစ်ဖွယ်နေရာများ၊ အသားပိုများ၊ အနာများ တွေ့ပါက အသားစယူစစ်ဆေးရန်
- အစာရေမျိုပြွန်၊ အစာအိမ်နှင့်အူသိမ်အတွင်းမှ အသားပိုများနှင့် ကင်ဆာအဖုအကျိတ်များကို ဖြတ်ထုတ်ကုသရန် အသုံးပြုသည်။
အောက်ဖော်ပြပါ ရောဂါအခြေအနေများတွင် ဖြစ်ပွါးရသည့် အကြောင်းရင်း ရှာမရသည့်အခါ မှန်ပြောင်းကြည့်ရှုစစ်ဆေးရန် လိုအပ်သည်။
- ဝမ်းဗိုက်နာခြင်း၊ အောင့်ခြင်း
- အသက် (၅၀) နှစ်နောက်ပိုင်းတွင် အစာမကြေ ရင်ပြည့်ရင်ကယ် စတင်ခံစားရခြင်း
- သွေးအန်ခြင်း၊ သွေးဝမ်းသွားခြင်းစသည့် အစာခြေလမ်းကြောင်းမှ သွေးယိုစိမ့်ခြင်း
- မကြာခဏပျို့အန်နေခြင်း
- အစာစားသည့်အခါ နင်ခြင်း၊ မျိုရခက်ခြင်း၊ နာခြင်း
- အကြောင်းရင်းမရှိဘဲ ပိန်ကျသွားခြင်း
အစာအိမ်မှန်ပြောင်းကြည့်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ
ရောဂါရှာဖွေခြင်း
အစာခြေလမ်းကြောင်းအထက်ပိုင်း အတွင်းနံရံများကို ရှင်းလင်းစွာမြင်နိုင်ပြီး လိုအပ်လျှင် အသားစယူကာ စစ်ဆေးနိုင်သည်။ ရောဂါများရှာဖွေရာတွင် သာမန်ဓာတ်မှန်ရိုက်ခြင်းထက် ပိုမိုတိကျစွာ ရောဂါအဖြေထုတ်နိုင်သည်။
စစ်ဆေးနိုင်သော ရောဂါများမှာ_
- အစာရေမျိုပြွန် သွေးကြောဖောင်းများ (Oesophageal varices)
- စားချဥ်ပြန်ရောဂါ (GERD)
- အစာရေမျိုပြွန်ကင်ဆာ၊ အစာအိမ်ကင်ဆာ စသည့်ကင်ဆာရောဂါများ
- ကင်ဆာမဟုတ်သော အဖုအကျိတ်များ
- အစာရေမျိုပြွန်ရောင်ရမ်းခြင်း၊ အစာအိမ်ရောင်ခြင်း၊ အူသိမ်ရောင်ခြင်း စသည့်အခြေအနေများ
- အခြား အစာအိမ်အူလမ်းကြောင်းရောဂါများ (ဥပမာ _ Coeliac disease, Crohn’s disease)
- အစာအိမ်အနာ၊ အူသိမ်အနာ (Peptic ulcer disease) စသည့်ရောဂါများကို ရှာဖွေနိုင်သည်။
အချို့နိုင်ငံများတွင် အစာအိမ်ကင်ဆာ ရှိမရှိ ကြိုတင်ရှာဖွေစစ်ဆေးခြင်း (Cancer Screening) တွင်လည်း အသုံးပြုသည်။
ရောဂါကုသခြင်း
အစာအိမ်မှန်ပြောင်းကြည့်ခြင်းဖြင့် အောက်ပါရောဂါများကို ထိရောက်စွာကုသနိုင်သည်။ ၄င်းတို့မှာ_
- အစာခြေလမ်းကြောင်းအပေါ်ပိုင်းမှ သွေးယိုလျှင် သွေးတိတ်အောင် ကုသနိုင်သည်
- ကျဥ်းနေသော အစာခြေလမ်းကြောင်းကို ချဲ့ပေးနိုင်သည်
- အသားပို (သို့မဟုတ်) သေးငယ်သောအကျိတ်များကို ဖြတ်ထုတ်ဖယ်ရှားပေးနိုင်သည်
- မတော်တဆ မျိုချမိသော အရာဝတ္ထုများကို ဆွဲထုတ်ဖယ်ရှားပေးနိုင်သည်
စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်
အစာအိမ်မှန်ပြောင်းကြည့်ခြင်း
ဆေးရုံတက်ရန် မလိုအပ်ဘဲ နေ့ချင်းပြီး ပြုလုပ်နိုင်သည်။ မှန်ပြောင်းကြည့်ခြင်းသည် နာကျင်ခြင်း မရှိသော်လည်း ကြည့်နေစဥ် မအီမသာဖြစ်နိုင်သည်။ အိပ်ဆေး (သို့မဟုတ်) မေ့ဆေး အသုံးပြုမည်ဖြစ်သည်။ ထို့ကြောင့် မှန်ပြောင်းကြည့်ပြီးချိန် အပြန်ခရီးတွင် ကိုယ်တိုင်ကားမမောင်းသင့်ပါ။
မှန်ပြောင်းကြည့်ခြင်းသည် မိနစ် (၃၀) ခန့် ကြာမြင့်နိုင်သည်။ အောက်ဖော်ပြပါ အစီအစဥ်အတိုင်း ဆောင်ရွက်မည်ဖြစ်သည်။
- မှန်ပြောင်းကြည့်ရှုစစ်ဆေးရန် ခုတင်ပေါ်တွင် ဘယ်ဘက်ကိုစောင်း၍ လှဲနေရမည်
- ခံတွင်း၊ အာခေါင်ကို ထုံဆေး ဖျန်းပေးမည်ဖြစ်သည်
- ထို့နောက် သွားများ ကာကွယ်ရန် ပလတ်စတစ်အကာကို ပါးစပ်ဝတွင် ငုံထားရမည်
- ဆရာဝန်သည် မှန်ပြောင်းကို ခံတွင်းမှတစ်ဆင့် အစာရေမျိုပြွန်၊ အစာအိမ်နှင့် အူသိမ်ဦးပိုင်းအထိ ထည့်သွင်း ကြည့်ရှုစစ်ဆေးမည်
- အတွင်းနံရံများကို ရှင်းလင်းစွာမြင်နိုင်ရန် မှန်ပြောင်းမှတစ်ဆင့် လေမှုတ်သွင်း၍ ကြည့်ရှုရသည်။
- တီဗီဖန်သားပြင်တွင် အစာအိမ်အူလမ်းကြောင်း ပုံရိပ်များကို တိုက်ရိုက်ကြည့်ရှုနိုင်သည်။
- လိုအပ်လျှင် သေးငယ်သော အသားစကိုယူ၍ ဓာတ်ခွဲခန်းပို့ကာ စစ်ဆေးရသည်။
- လိုအပ်လျှင် အသားပိုဖြတ်ခြင်း၊ သွေးတိတ်အောင် သားရေကွင်းပစ်ခြင်း၊ ဆေးဖျန်းခြင်း၊ ဆေးထိုးခြင်း စသည့်ကုသမှုများ ပြုလုပ်သည်။
မှန်ပြောင်းကြည့်ပြီးသည့်အခါ
ပေးထားသော အိပ်ဆေး၊ မေ့ဆေး ပြယ်သည့်အထိ ဆေးရုံတွင် နာရီအနည်းငယ်ခန့် ခေတ္တအနားယူရမည်။ အိပ်ဆေး၊ မေ့ဆေးပြယ်လျှင် အိမ်သို့ပြန်နိုင်သည်။ မှန်ပြောင်းသည် ခံတွင်း၊ အသံအိုးနှင့် လည်မျိုကို ဖြတ်သွားရသဖြင့် လည်ချောင်း အနည်းငယ်နာခြင်း၊ ရက်ပိုင်းမျှအသံပြောင်းခြင်း၊ ချောင်းအနည်းငယ်ဆိုးခြင်းတို့ ဖြစ်နိုင်သည်။ ယင်းလက္ခဏာများ သက်သာစေရန် အစာပျော့ပျော့စားခြင်း၊ ရေအေးအေးသောက်ခြင်း၊ လည်ချောင်းငုံဆေးပြားများ ငုံခြင်းတို့ ပြုလုပ်ရန်လိုသည်။ မှန်ပြောင်းကြည့်ပြီးချိန်တွင် လေပွခြင်း၊ အိပ်ဆေး၊ မေ့ဆေးတို့ကြောင့် ပျို့ခြင်း၊ မူးဝေခြင်းတို့ ဖြစ်နိုင်သည်။ ထို့ကြောင့် မှန်ပြောင်းကြည့်ပြီး နောက်တစ်ရက်မှသာ ကားမောင်းရန်၊ ပုံမှန်အလုပ်များ ပြန်လုပ်ရန် လိုအပ်သည်။
နောက်ဆက်တွဲဆိုးကျိုးများ
မှန်ပြောင်းကြည့်ခြင်းသည် အန္တရာယ်ဖြစ်နိုင်ခြေ အလွန်နည်းသော၊ ဆိုးကျိုးနည်းသော စစ်ဆေးမှုဖြစ်သည်။ သို့သော် ရှားရှားပါးပါး ဖြစ်ပွါးနိုင်သည့် အခြေအနေများကို သိရှိထားသင့်သည်။ ၄င်းတို့မှာ_
- အိပ်ဆေး၊ မေ့ဆေး မတည့်ခြင်း
- အစာအိမ်၊ အူလမ်းကြောင်းမှ သွေးယိုစိမ့်ခြင်း
- ပိုးဝင်ခြင်း
- အစာအိမ်အူလမ်းကြောင်း နံရံပြဲခြင်း၊ ပေါက်ခြင်း
- အစာအိမ်အတွင်းမှ အစာဟောင်းများ ပြန်ဆန်တက်ကာ အဆုတ်အတွင်း ရောက်သွားခြင်းတို့ဖြစ်သည်။
မှန်ပြောင်းကြည့်ပြီး ဆရာဝန်နှင့် ချက်ချင်းပြန်လည်ပြသင့်သော အခြေအနေများ
အောက်ပါလက္ခဏာများ ဖြစ်ပွါးပါက ဆရာဝန်နှင့် ချက်ချင်းပြန်လည်ပြသရန် လိုအပ်သည်။
- ချောင်းဆိုးသွေးပါခြင်း
- သွေးအန်ခြင်း
- အစာမျိုရခက်ခြင်း
- ဖျားခြင်း
- ဝမ်းသွားသွေးပါခြင်း၊ ဝမ်းမည်းမည်းသွားခြင်း
- အထိမခံနိုင်အောင် ဗိုက်နာခြင်း
- ရင်ဘတ်အောင့်ခြင်း
- လည်ပင်းအလွန်နာခြင်း စသည်တို့ဖြစ်သည်။
လိုက်နာဆောင်ရွက်ရမည့် အချက်များ
အစာအိမ်မှန်ပြောင်းမကြည့်ရှုမီ ပြင်ဆင်ခြင်း
အစာခြေလမ်းကြောင်းကို ရှင်းလင်းစွာ မြင်နိုင်ရန်အတွက် အစာအိမ်ထဲတွင် အစာဟောင်းများမရှိရန် လိုအပ်သည်။ ထို့ကြောင့် ဆရာဝန်သည် အောက်ပါအချက်များကို ညွှန်ကြားလိမ့်မည်။
- အစားအသောက်
- မှန်ပြောင်းမကြည့်ရှုမီ (၆)နာရီ မှ (၈)နာရီခန့် အဖတ် လုံးဝမစားရပါ
- ရေ၊ အရည်ကြည်များ သောက်သုံးနိုင်သည်၊ အဖတ်မပါသော ပြုတ်ရည် (ဥပမာ_ ကြက်ပေါင်းရည်)၊ ရေ၊ သကြားလုံး၊ ဂလူးကို့စ်အရည် စသည့်အရည်ကြည် (Clear liquid) များ သောက်သုံးနိုင်သည်
- သောက်ဆေးများ
- အက်စ်ပရင်ကဲ့သို့ သွေးကျဲဆေးသောက်သုံးနေပါက ဆရာဝန်ညွှန်ကြားချက်အတိုင်း ခေတ္တရပ်တန့်ထားရန် (သို့မဟုတ်) ဆေးထိန်းညှိရန် လိုအပ်သည်
- ဆီးချိုဆေးများ၊ သွေးပေါင်ကျဆေးများ သောက်သုံးနေပါက ဆေးသောက်ပုံသောက်နည်း၊ ဆေးပြောင်းရန် လိုမလို စသည်တို့ကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း လိုက်နာရန် အရေးကြီးသည်
ဆက်လက်ဖတ်ရှုရန်
References:
- Brown, C., & Lewis, W. (2022). Upper gastrointestinal endoscopy. In G. R. McLatchie, N. H. S. Kumar, & A. W. Craig (Eds.), Oxford handbook of clinical surgery (5th ed., pp. 366–369). Oxford University Press.
- Cleveland Clinic. (2024). EGD procedure (upper endoscopy). Retrieved July 17, 2025, from https://my.clevelandclinic.org/health/procedures/22549-egd-procedure-upper-endoscopy
- Mayo Clinic. (n.d.). Upper endoscopy. Retrieved July 17, 2025, from https://www.mayoclinic.org/tests-procedures/endoscopy/about/pac-20395197
Published Date: 30 August 2024
Last updated: 17 October 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.