ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
ခွဲစိတ်ကုသခြင်းသည် ရင်သားကင်ဆာကုထုံး အမျိုးမျိုးအနက် မဖြစ်မနေ ရွေးချယ်ရမည့် ကုသနည်းတစ်မျိုးဖြစ်သည်။ အခြားကင်ဆာကုထုံးများဖြစ်သော ဓာတ်ရောင်ခြည်ကုထုံး (Radiation therapy)၊ ကင်ဆာဆေးသွင်းကုထုံး (Chemotherapy)၊ ဟော်မုန်းကုထုံး၊ ကင်ဆာဆဲလ် သီးသန့် ပစ်မှတ်ထားကုထုံးများ (Target therapy) မပြုလုပ်မီ သို့မဟုတ် ပြုလုပ်ပြီးချိန်တွင် ရင်သားကင်ဆာ ခွဲစိတ်ကုသခြင်းကို လုပ်ဆောင်သည်။ ကင်ဆာအဆင့်နိမ့်ချိန်တွင် ခွဲစိတ်ကုသမှုခံယူပါက အထိရောက်ဆုံးဖြစ်သည်။ ကင်ဆာအကျိတ်ကို စောစီးစွာ ထုတ်ပယ်နိုင်လေ၊ ကင်ဆာပျံ့နှံ့မှုကို ဟန့်တားနိုင်လေဖြစ်သည်။
ရင်သားကင်ဆာခွဲစိတ်ခြင်းအကျိုးကျေးဇူးများ
အမေရိကန် အမျိုးသားကင်ဆာဌာန၏ စာရင်းများအရ ရင်သားကင်ဆာအား စနစ်တကျ ကုသမှုခံယူလျှင် လူနာ (၉၁%) တွင် အနည်းဆုံး (၅) နှစ်ကြာ ကျန်းမာစွာ အသက်ရှင်ခွင့်ရှိကြသည်။ ခွဲစိတ်ကုသမှုပြုလုပ်ခြင်းတွင်_
- ရင်သားထဲတွင်သာ ကင်ဆာကျိတ်ရှိပြီး ပြန်ရည်ကျိတ်များ ပျံ့နှံ့မှု မရှိသေးလျှင် (၉၉%)
- ပြန်ရည်ကျိတ်များ ပျံ့နှံ့ပြီးလျှင် (၈၆%)
- အခြားအင်္ဂါအစိတ်အပိုင်းများသို့ ပျံ့နှံ့ပြီးလျှင် (၃၀%) ကျန်းမာစွာ အသက်ရှင်ခွင့် ရရှိနိုင်ကြောင်း တွေ့ရသည်။
ထို့ကြောင့် ကင်ဆာအဆင့်နိမ့်ချိန်တွင် ကုသမှုသည် ကုသအောင်မြင်မှုနှုန်း မြင့်မားကြောင်း တွေ့နိုင်သည်။
ကုသပုံအဆင့်ဆင့်
ရင်သားကင်ဆာခွဲစိတ်နည်းများ
ကင်ဆာအမျိုးအစား၊ ကင်ဆာအဆင့်၊ လူနာ၏ ကျန်းမာရေးအခြေအနေနှင့် ရွေးချယ်မှုအပေါ် မူတည်ပြီး ရင်သားကင်ဆာခွဲစိတ်နည်း အမျိုးမျိုးရှိသည်။ အချို့လူနာများတွင် ခွဲစိတ်မှုတစ်ခုတည်းနှင့် လုံလောက်ပြီး အချို့တွင် အခြားကင်ဆာကုထုံးများပါ ပူးတွဲကုသရသည်။
ရင်သားကင်ဆာခွဲစိတ်ရာတွင် ကင်ဆာဖြစ်နိုင်ခြေရှိသော တစ်ရှူးအားလုံးကို ထုတ်ပစ်ရမည်ဖြစ်သည်။ ထို့ကြောင့် မခွဲစိတ်မီ ခွဲစိတ်ဆရာဝန်နှင့် လူနာ အပြန်အလှန်ဆွေးနွေးပြီး ခွဲစိတ်မည့်နည်းလမ်း၊ ကင်ဆာခွဲစိတ်အပြီး ရင်သားပြန်လည်ပြုပြင်ခြင်းပါ တစ်ပြိုင်တည်းလုပ်ရန် လိုမလိုစသည့် သဘောတူညီချက်များ ဦးစွာဆုံးဖြတ်ရယူလေ့ရှိသည်။
ရင်သားကင်ဆာကို စောစီးစွာ ခွဲစိတ်ကုသမှုခံယူခြင်းသည် ကင်ဆာပျံ့နှံ့မှုကို တားဆီးနိုင်သည်။ ထို့ကြောင့် ရင်သားကင်ဆာဟု ရောဂါသတ်မှတ်သည်နှင့် ရက်သတ္တပတ် (၈) ပတ်အတွင်း ခွဲစိတ်မှုခံယူနိုင်လျှင် အကောင်းဆုံးဖြစ်သည်။ လူနာအချို့တွင်မူ မခွဲစိတ်မီ ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း၊ ဆေးသွင်းကုသခြင်းများ လိုအပ်နိုင်သည်။
ရင်သားကင်ဆာခွဲစိတ်နည်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
- ကင်ဆာကျိတ်ရှိသော ရင်သားအစိတ်အပိုင်းကိုသာ ဖယ်ရှားခြင်း (Lumpectomy or Partial mastectomy)
ကင်ဆာအကျိတ်နှင့် ၄င်းဘေးရှိ ပုံမှန်တစ်ရှူးအနည်းငယ်ကိုသာ ခွဲစိတ်ထုတ်ခြင်းဖြစ်သည်။ ရင်သားကင်ဆာ အစောပိုင်းအဆင့် တချို့လူနာများတွင် အသုံးပြုနိုင်သည်။ - ရင်သားတစ်ခုလုံးကို ခွဲစိတ်ဖယ်ရှားခြင်း (Total mastectomy)
ရင်သား တစ်ဖက် (သို့မဟုတ်) နှစ်ဖက်လုံး ခွဲစိတ်ဖြတ်ထုတ်ခြင်းဖြစ်သည်။ ရင်သားအောက်ပိုင်းသို့ လှိုက်စားအမြစ်တွယ်နေပါက ကင်ဆာအကျိတ်နှင့်အတူ ရင်ဘတ်ကြွက်သား တစ်ရှူးများကိုပါ ဖြတ်ထုတ်ရန် လိုအပ်နိုင်သည်။
ထို့ပြင်လိုအပ်လျှင် အောက်ပါခွဲစိတ်ခြင်းများကိုပါ ပြုလုပ်သည်။ - နမူနာပြန်ရည်ကျိတ် ခွဲစိတ်ထုတ်ယူခြင်း (Sentinel Node Biopsy)
ရင်သားကင်ဆာအခြမ်းဘက်၊ ချိုင်းအတွင်းရှိ ပြန်ရည်ကြောအကျိတ်များတွင် ကင်ဆာဆဲလ်များ ပျံ့နှံ့မှု ရှိမရှိ ရှာဖွေခြင်းဖြစ်သည်။ ကင်ဆာအကျိတ်အနီးတွင် ရောင်ခြယ်ပါသော ဆေးတစ်မျိုးထိုးပြီး ဆေးရည်ပထမဆုံး ရောက်ရှိသော ချိုင်းပြန်ရည်ကြောအကျိတ်ကို ရှာဖွေခြင်းဖြစ်သည်။ ၎င်းအကျိတ်တစ်လုံးကို ထုတ်ယူပြီး ဓာတ်ခွဲခန်းသို့ ချက်ချင်းပို့၍ ကင်ဆာဆဲလ်များ ရှိမရှိ စစ်ဆေးခြင်း ဖြစ်သည်။ အကျိတ်တွင်း၌ ကင်ဆာဆဲလ်တွေ့ရှိလျှင် ချိုင်းကြားရှိအကျိတ်များကိုပါ တစ်ပြိုင်တည်းထုတ်ပစ်ရသည်။ - ချိုင်းကြားရှိပြန်ရည်ကျိတ်များ ခွဲစိတ်ထုတ်ပယ်ခြင်း (Lymphadenectomy)
ရင်သားကင်ဆာဆဲလ်များ ပျံ့နှံ့ရောက်ရှိလေ့ရှိသော၊ ပျံ့နှံ့နေနိုင်သော ချိုင်းကြားရှိ ပြန်ရည်ကြောအကျိတ်များကိုပါ ကင်ဆာဖြစ်နေသော ရင်သားနှင့်အတူ ခွဲစိတ်ဖြတ်ထုတ်ခြင်းဖြစ်သည်။ - ရင်သားပြန်လည်ပြုပြင်ခြင်း (Breast Reconstruction)
ရင်သားကင်ဆာ ခွဲစိတ်မှုအပြီးတွင် ရင်သားပုံပန်းသဏ္ဌာန် ပြန်ရရန် ခွဲစိတ်ပြုပြင်ခြင်းဖြစ်သည်။ ယင်းသို့ ပြန်လည်ပုံဖော်ရာတွင် Breast implants ဟုခေါ်သော ဆီလီကွန်ရင်သားတု ထည့်သွင်းခြင်း သို့မဟုတ် ကျောဘက်ကြွက်သား၊ ဝမ်းဗိုက်ကြွက်သားကို အသုံးပြု၍ ခွဲစိတ်ပြုပြင်ခြင်းတို့ ပါဝင်သည်။
ရင်သားကင်ဆာခွဲစိတ်ခြင်းကို မေ့ဆေးဖြင့်ပြုလုပ်သည်။ နမူနာပြန်ရည်ကျိတ် ခွဲစိတ်ထုတ်ပယ်ခြင်း တစ်ခုတည်းဆိုလျှင် အသေးစားခွဲစိတ်မှုဟုဆိုနိုင်ပြီး နာရီပိုင်းသာ ကြာမြင့်နိုင်သည်။ ရင်သားတစ်ခုလုံး ခွဲစိတ်ထုတ်ပယ်မည်ဆိုလျှင် အကြီးစားခွဲစိတ်မှု ဖြစ်သောကြောင့် ကြာမြင့်ချိန် (၃)နာရီ မှ (၄)နာရီခန့် ရှိနိုင်သည်။ နောက်ဆက်တွဲ ပြဿနာအချို့လည်း ပိုဖြစ်နိုင်သည်။ ခွဲစိတ်ပြီးနောက် ရရှိသည့်အသားစအဖြေနှင့် ကွန်ပျူတာဓာတ်မှန် (CT scan)၊ ပီအီးတီ စကင်န် (PET Scan) စသည့် အခြားစမ်းသပ်စစ်ဆေးမှုများမှ သိရှိသည့် ကင်ဆာပျံ့နှံ့မှုအဆင့် အပေါ်မူတည်ပြီး ကင်ဆာဆေးသွင်းကုထုံး၊ ဓာတ်ရောင်ခြည်ကုထုံး၊ ဟော်မုန်းကုထုံး၊ ခုခံအားမြှင့်တင်ကုထုံးများ ဆက်လက်ကုသမှုခံယူရန် လိုအပ်သည်။
နောက်ဆက်တွဲဆိုးကျိုးများ
ရင်သားကင်ဆာခွဲစိတ်ခြင်းတွင် နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေနည်းသည်ဟု ဆိုနိုင်သော်လည်း အကြီးစားခွဲစိတ်မှုတိုင်းတွင် ဖြစ်နိုင်သော နောက်ဆက်တွဲပြဿနာများမှာ_
- အနာရင်းခြင်း၊ အနာပိုးဝင်ခြင်း
- ခွဲစိတ်ပြီးနောက် ဒဏ်ရာမှ သွေးပြန်ထွက်ခြင်း
- ခြေထောက်၊ အဆုတ်စသည်တို့ရှိ သွေးပြန်ကြောများတွင် သွေးခဲပိတ်ခြင်း
- အနာ မန်းရည်စုခြင်း
- မေ့ဆေးအသုံးပြုခြင်းကြောင့် ဖြစ်နိုင်သောဆိုးကျိုးများ စသည်တို့ဖြစ်သည်။
ရင်သားခွဲစိတ်မှုကြောင့် ဖြစ်နိုင်သော နောက်ဆက်တွဲပြဿနာများမှာ_
- ရင်ဘတ်၊ ချိုင်း၊ လက်မောင်းရင်းနှင့် ပခုံး အရေပြားများ ထုံကျဥ်ခြင်း
- ပခုံးဆစ် လှုပ်ရှားမရဖြစ်ခြင်း (ခွဲစိတ်ပြီး လေ့ကျင့်ခန်း မပြုလုပ်လျှင် ဖြစ်ပွါးနိုင်သည်)
- ချိုင်းတွင် မာခဲနေသော အမာရွတ်များ စမ်းမိခြင်း
- ခွဲစိတ်သည့်ရင်သားဘက်ခြမ်း လက်မောင်းတစ်လျှောက် ပြန်ရည်ကြောစီးဆင်းမှု မမှန်တော့သည့်အတွက် ရောင်ခြင်း၊ ဖောင်းခြင်းများ ဖြစ်နိုင်သည်။
လိုက်နာဆောင်ရွက်ရမည့် အချက်များ
ခွဲစိတ်သည့်ဒဏ်ရာကြောင့် ရက်သတ္တပတ်အနည်းငယ်ကြာ ရင်ဘတ်နှင့် လက်မောင်းလှုပ်ရှားမှု ပြုလုပ်လျှင် နာကျင်နိုင်သည်။ ညွှန်ကြားသည့် အကိုက်အခဲပျောက်ဆေးများ ပုံမှန်သောက်ပြီး လက်မောင်းလေ့ကျင့်ခန်း ပြုလုပ်ရမည်။ အားအင်ကုန်ခန်းမှုဖြစ်နိုင်သည်။
အများအားဖြင့် လူနာသည် တစ်လခန့်အကြာတွင် ပုံမှန်နေထိုင်သွားလာမှုများ ပြန်လည်ပြုလုပ်လာနိုင်သည်။ ခွဲစိတ်ပြီး တစ်ပတ် မှ နှစ်ပတ်အတွင်း ဆရာဝန်မှ ပြန်လည်စမ်းသပ်ရန် ချိန်းဆိုလိမ့်မည်။ ချိန်းဆိုသည့်အချိန်မတိုင်မီ အထက်တွင် ဖော်ပြထားသည့် နောက်ဆက်တွဲပြဿနာများ ကြုံတွေ့လျှင် (အထူးသဖြင့် ခွဲစိတ်သည့်နေရာတွင် ရောင်ခြင်း၊ ဖျားခြင်း) ချက်ချင်း ပြန်လည်ပြသရန်လိုသည်။
References:
- Cleveland Clinic. (2025). Breast cancer surgery. Retrieved July 12, 2025, from https://my.clevelandclinic.org/health/treatments/8338-breast-cancer-surgery
- Mayo Clinic. (n.d.). Breast cancer surgery. Retrieved July 12, 2025, from https://www.mayoclinic.org/tests-procedures/breast-cancer-surgery/about/pac-20385255
- Satherley, L., & Sweetland, H. (2022). Surgical treatment of breast cancer. In Oxford handbook of clinical surgery (5th ed., pp. 316–317). Oxford University Press.
Published Date: 30 August 2024
Last updated: 17 October 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

