Liver transplant (အသည်းအစားထိုးကုသခြင်း)

Liver transplant (အသည်းအစားထိုးကုသခြင်း)

အသည်းအစားထိုးကုသခြင်းဆိုသည်မှာ အသည်းလုပ်ငန်းပျက်စီးသွားသော အသည်းတစ်ခုလုံးကို ခွဲစိတ်ဖယ်ထုတ်ပြီး အလှူရှင်၏ ကောင်းမွန်သော အသည်းအစိတ်အပိုင်းဖြင့် အစားထိုးပေးခြင်းဖြစ်သည်။ အခြားကုသနည်းများဖြင့် ပြန်လည်မကောင်းနိုင်သည့် ရောဂါကျွမ်းနေပြီဖြစ်သော အသည်းရောဂါလူနာများ (အသည်းကင်ဆာ၊ ရုတ်တရက် အသည်းလုပ်ငန်းပျက်စီးခြင်း သို့မဟုတ် အသည်းရောဂါ နောက်ဆုံးအဆင့်လူနာများ) တွင် အသည်းအစားထိုးခြင်း လိုအပ်နိုင်သည်။

Liver transplant image
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
အသည်းအစားထိုးကုသရသည့် ရောဂါအခြေအနေများ
  • အကြောင်းရင်းအမျိုးမျိုးကြောင့် အသည်းလုပ်ငန်းပျက်စီးခြင်း
    • လတ်တလော အသည်းလုပ်ငန်းပျက်စီးခြင်း (ဥပမာပါရာစီတမော အဆိပ်သင့်ခြင်း)
    • နာတာရှည် အသည်းလုပ်ငန်းပျက်စီးခြင်း [ဥပမာအသည်းခြောက်ခြင်း (Cirrhosis)]
  • အသည်းတစ်ရှူးများမှဖြစ်သော အသည်းကင်ဆာ (Primary Liver Cancer) စသည့် ရောဂါတို့တွင် အသည်းအစားထိုးကုသခြင်းသည် အခြားကုသနည်းအမျိုးမျိုးဖြင့် ကုသပြီးနောက်မှ နောက်ဆုံးအသုံးပြုရသည့် ကုထုံးဖြစ်သည်။ အသည်းအစားထိုးလိုက်သည်နှင့် အသည်းရောဂါ လုံးဝပျောက်ကင်းသည်ဟု မဆိုနိုင်ပေ။ အချို့ အသည်းရောဂါများသည် အစားထိုးလိုက်သောအသည်းကို ဆက်လက်ဖျက်ဆီးနိုင်သည်။
ကြိုတင်သိရှိထားရမည့်အချက်များ
အသည်းအစားထိုးမှုအောင်မြင်ရန် လိုအပ်ချက်များ

အသည်းအစားထိုးခြင်း ခွဲစိတ်ကုသခြင်းသည် အကြီးစားခွဲစိတ်မှုတစ်ခုဖြစ်ပြီး ခွဲစိတ်ပြီးနောက်တွင် နာလန်ထရန် အထူးဂရုစိုက် ပြုစုစောင့်ရှောက်ကုသမှု လိုအပ်သည်။ အောက်ပါအချက်များနှင့် ကိုက်ညီမှုရှိလျှင် အသည်းအစားထိုးကုသခြင်း ပြုလုပ်နိုင်သည်။

၄င်းတို့မှာ_

  • အသည်းလုပ်ငန်းပျက်စီးခြင်းအတွက် အခြားကုသနည်းများဖြင့် အောင်မြင်မှုမရှိခြင်း
  • အသည်းတစ်ရှူးမှဖြစ်သော ကင်ဆာအကျိတ်များကို သာမန်ခွဲစိတ်ဖြတ်တောက်ခြင်းဖြင့် ကုသ၍ မရနိုင်ခြင်း
  • ခွဲစိတ်မှုဒဏ်ကို ကောင်းစွာ ခံနိုင်ရည်ရှိခြင်း
  • အသည်းအစားထိုးပြီးနောက် အရက်၊ မူးယစ်ဆေးဝါးများ ပြန်လည်သုံးစွဲနိုင်ခြေမရှိခြင်း စသည့် အချက်များဖြစ်သည်။
အသည်းအစားထိုးကုသခြင်းအတွက် ပြင်ဆင်မှုများ
  • လူနာအား အသည်းအစားထိုးကုသမှုကို ခံနိုင်ရည် ရှိမရှိ အသည်းအစားထိုးဌာန၊ ကျွမ်းကျင်ပညာရှင်များအဖွဲ့မှ လူနာအား အဆင့်ဆင့် စစ်ဆေးမည်ဖြစ်သည်
  • အလှူရှင်နှင့် လူနာ သွေးအုပ်စု ကိုက်ညီမှု ရှိမရှိ စစ်ဆေးခြင်း
  • ရောဂါပိုးများ ရှိမရှိ သွေးစစ်ခြင်း၊ အရေပြားပိုးဝင်ခြင်း၊ အရေပြားကင်ဆာဖြစ်နိုင်ခြေ ရှိ၊ မရှိ စစ်ဆေးမှုပြုလုပ်ခြင်း
  • အီးစီဂျီ၊ အသံလှိုင်းသုံး နှလုံးပုံရိပ်​ဖော်စက်ဖြင့်စစ်​ဆေးခြင်း (Echo) နှင့် နှလုံးနှင့်သွေးကြောကြီးများသို့ ပိုက်ထည့် ပုံရိပ်ဖော်စစ်ဆေးမှု
  • အခြားကင်ဆာရောဂါများနှင့် ကင်ဆာပျံ့နှံ့ခြင်း ရှိမရှိ စစ်ဆေးခြင်း
  • အသည်းအနီးတစ်ဝိုက်ရှိ သည်းခြေအိတ်၊ ပန်ကရိယ၊ အူသိမ်၊ သွေးကြောများ စသည့် ကိုယ်တွင်းအင်္ဂါများ၏ အခြေအနေကို စစ်ဆေးခြင်း
  • လိုအပ်လျှင် အူမကြီးမှန်ပြောင်းကြည့်ခြင်း (Colonoscopy) စသည်တို့ ပြုလုပ်ရန်လိုအပ်သည်။
ကုသပုံအဆင့်ဆင့်
အသည်းအစားထိုးကုသခြင်း အမျိုးအစားများ
  1. သေဆုံးပြီးဟု ကျွမ်းကျင်ကျန်းမာရေးပညာရှင်များအဖွဲ့မှ သတ်မှတ်ထားသော အလှူရှင်ထံမှ အသည်းဖြင့် အစားထိုးခြင်း (Deceased-donor liver transplant)
  2. သက်ရှိအလှူရှင်ထံမှ အသည်းတစ်စိတ်တစ်ပိုင်းဖြင့် အစားထိုးခြင်း (Living-donor liver transplant) ဟူ၍ ရှိသည်။
ခွဲစိတ်မှုအဆင့်ဆင့်
  1. လိုအပ်သော ဆေးရည်များသွင်းရန် လူနာ၏ လက် (သို့မဟုတ်) လက်ဖျံသွေးကြောများအတွင်း ဆေးသွင်းအပ် ထိုးပေးမည်၊ ထို့အပြင် ခွဲစိတ်စဥ် နှလုံးနှင့် သွေးဖိအားပြောင်းလဲမှုများ အသေးစိတ်တိုင်းတာရန် လူနာ၏ ပေါင်မှတစ်ဆင့် (သို့မဟုတ်) ညှပ်ရိုးအနီးတွင် ဆေးသွင်းအပ်နှင့် ပြွန်များ ထိုးရန်လိုအပ်သည်
  2. မေ့ဆေးဆရာဝန်သည် အဆုတ်လေပြွန်အတွင်း လူနာခံတွင်းမှတစ်ဆင့် မေ့ဆေးပြွန်တစ်ချောင်းထည့်ပြီး စက်အကူဖြင့် အသက်ဆက်ရှူစေမည်၊ ခွဲစိတ်မှုတစ်လျှောက်လုံး လူနာ၏ သွေးတွင်းအောက်ဆီဂျင်ပမာဏ၊ နှလုံးခုန်နှုန်း၊ သွေးဖိအားနှင့် အသက်ရှူနှုန်း စသည်တို့ကို မေ့ဆေးဆရာဝန်မှ စောင့်ကြည့်စစ်ဆေးမည်ဖြစ်သည်
  3. ခွဲစိတ်မည့် ဝမ်းဗိုက်အရေပြားတစ်ပြင်လုံးကို ပိုးသတ်ဆေးဖြင့် ဆေးကြောမည်
  4. ထို့နောက် ခွဲစိတ်ဆရာဝန်သည် ဝမ်းဗိုက်တွင် ခွဲကြောင်းပေး၍ စတင်ခွဲစိတ်မည်
  5. အသည်း သွေးလွှတ်ကြော၊ သွေးပြန်ကြောများနှင့် သည်းခြေပြွန်များကို ခွဲစိတ်ကိရိယာဖြင့် ဖြတ်တောက်ကာ ခေတ္တပိတ်ထားပြီး ပျက်စီးနေသော အသည်းကို ခွဲစိတ်ထုတ်မည်
  6. အလှူရှင်ထံမှ ခွဲစိတ်ထုတ်ယူထားသော အသည်းရှိ သွေးကြောများနှင့် ပြန်ဆက်ပေးပြီး အသည်းအသစ်ထံသို့ သွေးကောင်းမွန်စွာစီးဆင်းမှု ရှိမရှိ၊ ဆက်ထားသောသွေးကြောများ ယိုစိမ့်မှု ရှိမရှိ ဆက်လက်စစ်ဆေးပြီးနောက် သည်းခြေပြွန်များ ပြန်ဆက်မည်ဖြစ်သည်
  7. ထို့နောက် ဝမ်းဗိုက်ခွဲကြောင်းကို ပြန်လည်ချုပ်ပေးမည်ဖြစ်သည်
အသည်းအစားထိုးခွဲစိတ်မှုပြီးချိန်

အသည်းအစားထိုးခွဲစိတ်ပြီးလျှင် ဆေးရုံအထူးကြပ်မတ်ကုသခန်းတွင် ရက်အနည်းငယ်ခန့် အနီးကပ်စောင့်ကြည့် ကုသမည်။ ဆေးရုံတွင် (၁)ပတ် မှ (၂)ပတ် (သို့မဟုတ်) ရက်သတ္တပတ်ပေါင်းများစွာ ကုသမှု ခံယူရတတ်သည်။

နာလန်ထချိန်မှာ (၆)လ မှ (၁)နှစ်အထိ ကြာမြင့်တတ်သည်။ ယင်းကာလအတွင်း မိမိဆရာဝန်နှင့် ပုံမှန်ပြသရန် လိုအပ်ပြီး၊ သွေးစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းစသည့် စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်သည်။

နောက်ဆက်တွဲဆိုးကျိုးများ

အသည်းအစားထိုးခွဲစိတ်မှုတွင် အောက်ပါ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများလည်း ဖြစ်ပေါ်နိုင်သည်။

  • ခွဲစိတ်စဥ် သွေးထွက်ခြင်း
  • ခြေထောက်သွေးကြောပိတ်ခြင်း၊ အဆုတ်သွေးကြောပိတ်ခြင်း
  • ပိုးဝင်ခြင်း၊ ပိုးဆိပ်တက်ခြင်း _ ခုခံအားနှိမ့်ချဆေးများကြောင့် ကိုယ်ခံအားကျဆင်းသည့်အတွက် ကူးစက်ရောဂါပိုးအမျိုးမျိုး ဝင်ရောက်နိုင်ခြင်း (ဥပမာ _ တုပ်ကွေး မကြာခဏမိခြင်း၊ ဗိုင်းရပ်စ်ပိုး၊ ဘက်တီးရီးယားပိုး၊ မှိုပိုးများ ပိုမိုဝင်ရောက်ခြင်းတို့ဖြစ်သည်)
  • သည်းခြေပြွန်လမ်းကြောင်းမှ သည်းခြေရည်များ ယိုစိမ့်ခြင်း၊ သည်းခြေပြွန်ကျဥ်းခြင်း
  • အစားထိုးအသည်းကို မိမိခန္ဓာကိုယ်မှ လက်မခံဘဲ တိုက်ထုတ်ခြင်း [အစားထိုးလူနာများ၏ (၂၅) ရာခိုင်နှုန်း မှ (၅၀) ရာခိုင်နှုန်းတွင် အသည်းအစားထိုးပြီး ပထမ (၁) နှစ်အတွင်း ရုတ်တရက် ပြင်းထန်သော တိုက်ထုတ်ခြင်း ဖြစ်နိုင်သည်၊ အစားထိုးလူနာများ၏ (၅) ရာခိုင်နှုန်းတွင် နာတာရှည်တိုက်ထုတ်ခြင်း ဖြစ်နိုင်သည်၊ ယင်းသို့ဖြစ်ပါက နောက်ဆုံးတွင် အစားထိုးအသည်း၏ လုပ်ငန်းပျက်စီးမည်ဖြစ်သည်]
  • အစားထိုးအသည်း အလုပ်မလုပ်ခြင်း
  • တက်ခြင်း
  • အသည်းအစားထိုးပြီး ဆက်လက်သောက်သုံးရသော ခုခံအားနှိမ့်ချသည့် ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများ (ဥပမာ _ အရိုးပါးခြင်း၊ သွေးချို၊ ဆီးချိုရောဂါ၊ သွေးတိုးခြင်း၊ သွေးတွင်း ကိုလက်စထရော အဆီများခြင်း)

အထက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများသည် အသည်းအစားထိုးပြီးနောက်ပိုင်းတွင် ချက်ချင်းသော်လည်းကောင်း၊ အချိန်အတော်ကြာမှသော်လည်းကောင်း ပေါ်ပေါက်နိုင်သည်။

လိုက်နာဆောင်ရွက်ရမည့် အချက်များ

အောက်ပါအချက်များကို လိုက်နာရမည်။

  • အရက် လုံးဝမသောက်ရန်
  • ဆေးလိပ် လုံးဝမသောက်ရန်
  • ကိုယ်အလေးချိန် ထိန်းထားရန် လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ရန်
  • ညွှန်ကြားထားသည့်အတိုင်း ပုံမှန်ဆေးသောက်ရန်
  • ရက်ချိန်း ပုံမှန်ပြသရန်

References:

  1. Cleveland Clinic. (2025). Liver transplantation. Retrieved July 10, 2025, from https://my.clevelandclinic.org/health/procedures/8111-liver-transplantation
  2. Johns Hopkins Medicine. (2025). Liver transplant. Retrieved July 10, 2025, from https://www.hopkinsmedicine.org/health/treatment-tests-and-therapies/liver-transplant
  3. Mayo Clinic. (n.d.). Liver transplant. Retrieved July 10, 2025, from https://www.mayoclinic.org/tests-procedures/liver-transplant/about/pac-20384842

Published Date: 30 August 2024

Last updated: 25 September 2025

Share

26 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.