သည်းခြေအိတ်ခွဲစိတ်ဖြတ်ထုတ်ခြင်းဆိုသည်မှာ အစာခြေစနစ်တွင် ပါဝင်သော သည်းခြေအိတ် (Gallbladder) ကို ခွဲစိတ်ဖြတ်ထုတ်ခြင်းဖြစ်သည်။ သည်းခြေအိတ်တွင်ဖြစ်သော ရောဂါများကြောင့် သည်းခြေအိတ်ကို ခွဲစိတ်ဖြတ်ထုတ်ရန် လိုအပ်နိုင်သည်။ သည်းခြေအိတ် ဖြတ်ထုတ်ပြီးနောက် သည်းခြေအိတ်မရှိဘဲ ကျန်းကျန်းမာမာ သက်တမ်းစေ့ ဆက်လက်နေနိုင်သည်။
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
သည်းခြေအိတ်တွင် ဖြစ်ပွါးသော_
- သည်းခြေကျောက်တည်ခြင်း
- နာတာရှည် သည်းခြေအိတ်ရောင်ရမ်းခြင်း
- သည်းခြေအိတ်တွင် အသားပိုတွေ့ ပြီး စောင့်ကြည့်စဥ်ကာလအတွင်း တဖြည်းဖြည်းကြီးလာခြင်း
- သည်းခြေအိတ်ကင်ဆာ (သို့မဟုတ်) ကင်ဆာသံသယရှိခြင်းစသည့် ရောဂါအခြေအနေများတွင် သည်းခြေအိတ် ခွဲစိတ်ဖြတ်ထုတ်ရန် လိုအပ်သည်။
သည်းခြေကျောက်တည်ခြင်း (Gallstone disease) သည် သည်းခြေအိတ် ခွဲစိတ်ဖြတ်ထုတ်ရသော အဓိကအကြောင်းရင်းတစ်ခုဖြစ်သည်။
လူအချို့တွင် သည်းခြေကျောက်ရှိသော်လည်း မည်သည့်လက္ခဏာမျှ မပြသလျှင် ခွဲစိတ်ကုသရန် မလိုအပ်ပေ။ အချို့သောဆီးချိုလူနာများအတွက် သည်းခြေကျောက်ရှိပြီး လက္ခဏာမပြသော်လည်း ကြိုတင်ခွဲစိတ်ကုသရန်လိုသည်။
သည်းခြေအိတ်ရောဂါများတွင် အစောဆုံးနှင့် အဖြစ်များဆုံး လက္ခဏာမှာ သည်းခြေအိတ်ကြောင့် ဗိုက်နာခြင်း (Biliary Colic) ဖြစ်သည်။ အများအားဖြင့် သည်းခြေကျောက်သည် သည်းခြေအိတ်အဝတွင် သွားပိတ်သောကြောင့်ဖြစ်သည်။ ဝမ်းဗိုက် ညာဘက်အထက်ပိုင်း (သို့မဟုတ်) အလယ်ပိုင်းတွင် မခံမရပ်နိုင်အောင် ထိုး၍အောင့်ခြင်းဖြစ်သည်။ ပျို့အန်ခြင်းနှင့်လည်း တွဲဖြစ်တတ်သည်။ တစ်ခါအောင့်လျှင် (၂)နာရီ မှ (၄)နာရီခန့်အထိ ကြာတတ်ပြီး ထိုးအောင့်လိုက်၊ မျှဉ်းမျှဉ်းအောင့်လိုက်ဖြင့် ဆေးရုံ၊ ဆေးခန်းသို့ အရေးပေါ်ပြသရလေ့ရှိသည်။
တချို့သောလူနာများတွင်
- ဖျားခြင်း
- ဝမ်းဗိုက်အထိမခံနိုင်အောင် နာခြင်း
- အသားဝါခြင်း၊ မျက်လုံးဝါခြင်း စသည့် လက္ခဏာများနှင့် တွဲ၍ဖြစ်တတ်သည်
- အထက်ပါ ရောဂါလက္ခဏာများကို ခံစားရပါက သည်းခြေအိတ် ခွဲစိတ်ဖြတ်ထုတ်ရန် လိုအပ်နိုင်သည်။
ကြိုတင်သိရှိထားရမည့် အချက်များ
ခွဲစိတ်ဆရာဝန်သည် ရောဂါအကြောင်းအသေးစိတ်နှင့် ခွဲစိတ်မှုအကြောင်းကို မခွဲစိတ်မီ သေချာစွာရှင်းပြမည်။ ထို့နောက် ခွဲစိတ်မှုဒဏ် ခံနိုင်ရည်ရှိအောင် အောက်ပါအတိုင်း ပြင်ဆင်မည်ဖြစ်သည်။
- လိုအပ်သော သွေးစစ်ဆေးမှု၊ ပုံရိပ်ဖော်စစ်ဆေးမှုများ ပြုလုပ်ခြင်း
- ခွဲစိတ်မှုအကြောင်း၊ ကောင်းကျိုး၊ ဆိုးကျိုး၊ နောက်ဆက်တွဲအန္တရာယ်များကို သေချာရှင်းပြပြီး ခွဲစိတ်ရန် သဘောတူညီချက်ကို တောင်းခံခြင်း
- ခွဲစိတ်မည့် နေ့၊ အချိန်၊ ရက်ချိန်း စီစဥ်ခြင်း
- ခွဲစိတ်စဥ် ဆိုးကျိုးအန္တရာယ်ဖြစ်ပွါးမှု နည်းစေရန် ဆေးလိပ်ဖြတ်ရန်၊ အစာဖြတ်ရန် ညွှန်ကြားခြင်း
- စွဲသောက်နေသော သောက်ဆေးများကို ထိန်းညှိခြင်း စသည်တို့ကို ပြုလုပ်မည်ဖြစ်သည်။
ခွဲစိတ်မည့်နေ့တွင်
- လိုအပ်သောဆေးရည်များ၊ ဆေးများကို သွေးကြောမှတစ်ဆင့် သွင်းမည်
- မေ့ဆေးကို အသုံးပြုမည်။
ကုသပုံအဆင့်ဆင့်
သည်းခြေအိတ်ခွဲစိတ်နည်းများ
သည်းခြေအိတ်ခွဲစိတ်နည်း (၃) မျိုးရှိသည်။
- မှန်ပြောင်းဖြင့် ခွဲစိတ်ဖြတ်ထုတ်ခြင်း (Laparoscopic Cholecystectomy)
မျက်မှောက်ခေတ်တွင် သည်းခြေအိတ်ခွဲစိတ်မှု၏ (၉၀) ရာခိုင်နှုန်းကျော်သည် မှန်ပြောင်းဖြင့် ခွဲစိတ်ခြင်းဖြစ်သည်။ မှန်ပြောင်းဖြင့် ခွဲစိတ်နည်းသည် စံကုထုံး (Standard treatment) ဖြစ်ပြီး အားသာချက်များစွာရှိသည်။ နာကျင်မှုနည်းခြင်း၊ ခွဲစိတ်စဥ် သွေးထွက်မှုနည်းခြင်း၊ လူနာအတွက် ခွဲစိတ်ဒဏ်နည်းပါးခြင်း၊ နာလန်ထမြန်ခြင်း စသည့်ကောင်းကျိုးများစွာရှိသည်။
မှန်ပြောင်းဖြင့် ခွဲစိတ်ဖြတ်ထုတ်ရာတွင်- ချက်နားတွင် (၂) စင်တီမီတာ အလျားရှိ သေးငယ်သော ခွဲကြောင်းပေးမည်
- ဝမ်းဗိုက် ညာဘက်အပေါ်ပိုင်းတွင် (၁) စင်တီမီတာ အလျားရှိ သေးငယ်သောအပေါက်ငယ်များ (၂) ပေါက် (သို့မဟုတ်) (၃) ပေါက် ဖောက်မည်
- ယင်းနေရာများတွင် သေးငယ်သော ပြွန်ချောင်းလေးများ တပ်ထားပြီး ယင်းမှတစ်ဆင့် ဝမ်းဗိုက်ဖောင်းသည်အထိ အတွင်းသို့ ဓာတ်ငွေ့ထည့်သွင်းမည်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ကို အသုံးပြုလေ့ရှိသည်၊ ကိုယ်တွင်းအင်္ဂါများနှင့် ဝမ်းခေါင်းနံရံ ဝေးကွာသွားစေရန်ဖြစ်သည်
- ထို့နောက် ကင်မရာပါသော မှန်ပြောင်းနှင့် သေးငယ်သော ခွဲစိတ်ကိရိယာများကို အသုံးပြု၍ သည်းခြေအိတ်ကို ခွဲစိတ်ဖယ်ရှားမည်
- ပြီးလျှင် ဝမ်းခေါင်းအတွင်းရှိ ဓာတ်ငွေ့များကို ထုတ်ပြီး ဖောက်ထားသော အပေါက်ငယ်များကို ပြန်ပိတ်မည်
- ဝမ်းဗိုက်ဖွင့် ခွဲစိတ်ခြင်း (Open Cholecystectomy)
ဝမ်းဗိုက်ဖွင့် ခွဲစိတ်ခြင်းသည် ရှေးယခင်ကာလအဆက်ဆက် အသုံးပြုခဲ့သော သမားရိုးကျနည်းဖြစ်သည်။ ဝမ်းဗိုက် ညာဘက်အပေါ်ပိုင်းတွင် ရှည်လျားသော ခွဲကြောင်းရာပေး၍ ခွဲစိတ်ခြင်းဖြစ်ပြီး ရိုးရှင်း၍ ပိုမိုစိတ်ချရသော ခွဲစိတ်နည်း ဖြစ်သောကြောင့် ရှုပ်ထွေးသော ရောဂါအခြေအနေများတွင် အသုံးပြုသည်။
ဝမ်းဗိုက်ဖွင့်ခွဲစိတ်ရာတွင်- ညာဘက်နံရိုးအောက်ဘက် ဝမ်းဗိုက်တွင် (၄)လက်မခန့် မှ (၆)လက်မခန့် အရှည်ရှိသော ခွဲကြောင်းပေးမည်
- ခွဲစိတ်ကိရိယာများသုံးပြီး သည်းခြေအိတ်ကို ဖယ်ရှားမည်
- လိုအပ်ပါက ဝမ်းဗိုက်တွင် ပိုက်တစ်ချောင်း ထည့်ထားမည်
- ခွဲကြောင်းကို ပြန်ချုပ်ပြီး ယင်းပိုက်ကို ရက်ပိုင်းမျှ ထားရမည်
- စက်ရုပ်လက်တံ အသုံးပြု ခွဲစိတ်ဖြတ်ထုတ်ခြင်း (Robotic Cholecystectomy)
စက်ရုပ်လက်တံ အသုံးပြုခွဲစိတ်ခြင်းသည် အထက်ပါကောင်းကျိုးများ ရှိသော်လည်း ကုန်ကျစရိတ် အလွန်များသည်။
နောက်ဆက်တွဲဆိုးကျိုးများ
အများအားဖြင့် နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေနည်းပါးသည်။ ဖြစ်ပွါးနိုင်သော နောက်ဆက်တွဲပြဿနာများမှာ_
- သည်းခြေရည် စိမ့်ထွက်ခြင်း
- ခွဲစိတ်ပြီး သွေးပြန်ထွက်ခြင်း
- အနာပိုးဝင်ခြင်း
- သည်းခြေလမ်းကြောင်း၊ အသည်း၊ အူစသည့် အခြားကိုယ်တွင်းအင်္ဂါများ ထိခိုက်ခြင်း
- မေ့ဆေးကြောင့် ဖြစ်တတ်သော အန္တရာယ်များ (ဥပမာ _ အဆုတ်ရောင်ခြင်း) စသည်တို့ဖြစ်သည်။
ရောဂါအခံနှင့် မိမိ၏ကျန်းမာရေးပေါ် မူတည်၍ နောက်ဆက်တွဲပြဿနာများ ဖြစ်ပွါးနိုင်ခြေ အနည်းအများ ကွာခြားနိုင်သည်။
လိုက်နာဆောင်ရွက်ရမည့်အချက်များ
သည်းခြေအိတ်ထုတ်ပြီးနောက် ခန္ဓာကိုယ်၏ အစာခြေစနစ်တွင် ပြောင်းလဲမှုများ ဖြစ်နိုင်သည်။ ယင်းပြောင်းလဲမှုများကို နားလည်ရန် သည်းခြေအိတ်၏ လုပ်ငန်းဆောင်တာများကို သိရှိရန် လိုအပ်သည်။
သည်းခြေအိတ်သည် ပိုလျှံသော သည်းခြေရည်များကို သိမ်းဆည်းထားပြီး အစာများများ စားလိုက်လျှင် အစာခြေရန် လိုအပ်သော သည်းခြေရည်များကို သည်းခြေလမ်းကြောင်းမှတစ်ဆင့် အူအတွင်းသို့ ညှစ်ချလိုက်သည်။ သည်းခြေအိတ်ထုတ်ခြင်းကြောင့် အဆင်သင့် သိုလှောင်ထားသော သည်းခြေရည်များ မရှိတော့ချေ။ ယင်းသို့ဖြစ်ခြင်းကို ခန္ဓာကိုယ်မှ ပြန်လည်ထိန်းညှိရန် အချိန်အနည်းငယ် လိုအပ်သည်။
သို့ဖြစ်၍ သည်းခြေအိတ် ခွဲစိတ်ဖြတ်ထုတ်ပြီးခါစ လအနည်းငယ်တွင် အစာများများစားလျှင် (အထူးသဖြင့် အဆီများသောအစာများ စားလျှင်) အစာမကြေခြင်း ဖြစ်နိုင်သည်။ ယင်းအခြေအနေသည် လူအတော်များများတွင် ယာယီသာ ဖြစ်လေ့ရှိပြီး တဖြည်းဖြည်း သက်သာလာနိုင်ကာ ပုံမှန်အတိုင်း ပြန်လည်စားသောက်နိုင်သည်။ သို့သော် လူနာအနည်းစုတွင်သာ အစာမကြေခြင်းကို ကာလကြာရှည်စွာ ခံစားရနိုင်သည်။
အချုပ်အားဖြင့် သည်းခြေအိတ် ခွဲစိတ်ဖြတ်ထုတ်ခြင်းသည် သည်းခြေကျောက်ရောဂါ (Gall stone disease) ကို ရာနှုန်းပြည့် ပျောက်ကင်းနိုင်သည့် ကုထုံးဖြစ်သည်။ နာလန်ထချိန်၊ အလုပ်ပြန်တက်နိုင်ချိန် အနှေးအမြန်သည် ခွဲစိတ်နည်းနှင့် ရောဂါအနုအရင့်အပေါ် မူတည်သည်။ ပုံမှန်အားဖြင့် မှန်ပြောင်းဖြင့် ခွဲစိတ်နည်းမှာ (၁) ပတ်၊ (၂) ပတ်ခန့်အကြာတွင် ပုံမှန်အလုပ်ပြန်တက်နိုင်သည်။ ဝမ်းဗိုက်ဖွင့်ခွဲစိတ်ခြင်းမှာမူ နာလန်ထရန် ရက်သတ္တပတ် အနည်းငယ်ပိုကြာနိုင်ပေသည်။ သို့သော် သည်းခြေအိတ်ပြည်တည်ခြင်း၊ သည်းခြေအိတ်ပေါက်ခြင်းကဲ့သို့ အခြေအနေများတွင် အရေးပေါ်ခွဲစိတ်ရပါက နာလန်ထပိုကြာတတ်ပြီး ဆေးရုံကြာကြာ တက်ရောက်ကုသရသည်။ ထို့ကြောင့် သည်းခြေအိတ်ခွဲစိတ်ခြင်းကို အရေးပေါ်အခြေအနေမတိုင်မီ ခွဲစိတ်သင့်သည်။
References:
- Cleveland Clinic. (2025). Cholecystectomy (gallbladder removal). Retrieved June 26, 2025, from https://my.clevelandclinic.org/health/procedures/21614-gallbladder-removal
- Mayo Clinic. (n.d.). Cholecystectomy (gallbladder removal). Retrieved June 26, 2025, from https://www.mayoclinic.org/tests-procedures/cholecystectomy/about/pac-20384818
- WebMD. (n.d.). Gallbladder surgery: What to expect. Retrieved June 26, 2025, from https://www.webmd.com/digestive-disorders/ss/slideshow-gallbladder-surgery-what-to-expect
Published Date: 30 August 2024
Last updated: 22 September 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.