ရောဂါဖြစ်နေသော အူအတက်ခွဲစိတ်ဖြတ်ထုတ်ခြင်းသည် ကမ္ဘာပေါ်တွင် ပြုလုပ်မှု အများဆုံးသော ခွဲစိတ်ကုသမှုဖြစ်သည်။ အထူးသဖြင့် အူအတက်ရောင်လူနာအများစုတွင် အူအတက်မပေါက်မီ အချိန်မီခွဲစိတ်ဖြတ်ထုတ်ခြင်းဖြစ်သည်။
အူအတက်ဆိုသည်မှာ ဝမ်းဗိုက်ညာဘက်အောက်ပိုင်းတွင် တည်ရှိသည့် အူမကြီးမှ အတက်သဖွယ် ထွက်လာသော သေးငယ်သည့် လက်သန်းအရွယ် တစ်ဖက်ပိတ်ပြွန်ချောင်းဖြစ်သည်။
အူအတက် ခွဲစိတ်ဖြတ်ထုတ်ခြင်းသည် အရေးပေါ်ခွဲစိတ်မှုတစ်ခုဖြစ်သည်။
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
အူအတက်ရောင်ခြင်း (Appendicitis) သည် အူအတက် ခွဲစိတ်ဖြတ်ထုတ်ရသည့် အဓိကအကြောင်းရင်းဖြစ်သည်။
ကြိုတင်သိရှိထားရမည့် အချက်များ
ခွဲစိတ်ဆရာဝန်သည် ရောဂါအကြောင်း၊ ခွဲစိတ်မှုအကြောင်းတို့နှင့်ပတ်သက်၍ ကောင်းကျိုး၊ ဆိုးကျိုး၊ နောက်ဆက်တွဲအန္တရာယ်များကို မခွဲစိတ်မီ သေချာစွာ ရှင်းပြမည်ဖြစ်သည်။ ထို့နောက် ခွဲစိတ်မှုအတွက် အောက်ပါအတိုင်း ပြင်ဆင်မည်။
- လိုအပ်သော သွေးစစ်ဆေးမှု၊ ပုံရိပ်ဖော်စစ်ဆေးမှုများ ပြုလုပ်ခြင်း
- စစ်ဆေးထားသည့် သွေးတွင်းဓာတ်များ ပုံမှန်မဖြစ်ပါက ပြင်ဆင်ဖြည့်တင်းမှုများ ပြုလုပ်ခြင်း
- ရောဂါအခံရှိလျှင် သက်ဆိုင်ရာ အထူးကုဆရာဝန်နှင့် ပြသထိန်းညှိခြင်း
- အစာဖြတ်ရန် ညွှန်ကြားခြင်း
- စွဲသောက်နေသော သောက်ဆေးများကို ထိန်းညှိခြင်း
- လိုအပ်သော ရေဓာတ်နှင့် ဆားဓာတ်ဖြည့်တင်းပေးခြင်း
- မခွဲစိတ်မီ ပဋိဇီဝပိုးသတ်ဆေးများ၊ ဗိုက်အောင့်ဗိုက်နာ သက်သာစေရန် ဆေးများပေးခြင်း
- အဖျားရှိလျှင် အဖျားကျဆေးများ ပေးခြင်း
ကုသပုံအဆင့်ဆင့်
ခွဲစိတ်နေစဥ် နာကျင်မှု မရှိစေရန် မေ့ဆေး (သို့မဟုတ်) ခါးဆစ်ရိုးထုံဆေးကို အသုံးပြုသည်။ အူအတက်ရောင်သည့် လက္ခဏာများ စတင်ပေါ် ပြီး (၃၆) နာရီအတွင်း အူအတက်ပေါက်သွားနိုင်သောကြောင့် အူအတက်ရောင်လျှင် (၂၄) နာရီအတွင်း ခွဲစိတ်ရန်လိုသည်။ ခွဲစိတ်ချိန်သည် တစ်နာရီခန့် ကြာမြင့်လေ့ရှိသည်။
လူနာ၏ ရောဂါအခြေအနေပေါ်တွင် မူတည်၍ ခွဲစိတ်ကုသနည်း (၂) နည်းရှိသည်။
- မှန်ပြောင်းဖြင့် အူအတက် ခွဲစိတ်နည်း (Laparoscopic Surgery) _ မှန်ပြောင်းဖြင့် အူအတက် ခွဲစိတ်ရာတွင် ဝမ်းဗိုက်တွင် သေးငယ်သောအပေါက်ငယ်များ ဖောက်ကာ အထူးပြုလုပ်ထားသော ခွဲစိတ်ကိရိယာများ၊ စက်များ အသုံးပြုခွဲစိတ်သည်
- ဝမ်းဗိုက်တွင် ခွဲကြောင်းပေး၍ ခွဲစိတ်နည်း (Open Surgery) _ ဝမ်းဗိုက်တွင် ခွဲကြောင်းပေး၍ ခွဲစိတ်နည်းတွင် ဝမ်းဗိုက်ညာဘက်အောက်ပိုင်း အူအတက်တည်နေရာတွင် ခွဲကြောင်းပေး၍ ခွဲစိတ်သည်
အူအတက်ပေါက်ခြင်း၊ အူအတက်ပုပ်၍ ပြည်တည်ခြင်း၊ ဝမ်းခေါင်းအတွင်း ပိုးဆိပ်တက်ခြင်း စသည့်အခြေအနေများတွင် ဝမ်းဗိုက်တွင် ခွဲကြောင်းပေး၍ ခွဲစိတ်နည်းကို အသုံးပြုရသည်။
အူအတက်ပေါက်ခြင်း
အူအတက်ပေါက်၍ အူအတွင်းမှ အညစ်အကြေးများ၊ ပိုးမွှားများသည် ဝမ်းခေါင်းတစ်ခုလုံးသို့ ပျံ့နှံ့သွားခြင်းဖြစ်သည်။ ၄င်းရောဂါပိုးမွှားများသည် သွေးကြောအတွင်း ဝင်ရောက်ပြီး ပိုးဆိပ်တက်စေသည်။ ယင်းပိုးဆိပ်တက်ခြင်းသည် အသက်သေဆုံးသည်အထိ ဖြစ်ပွါးနိုင်သဖြင့် ချက်ချင်းခွဲစိတ်ရန် လိုအပ်သည်။ အူအတက်ကို ဖြတ်ထုတ်ပြီးနောက် ဝမ်းခေါင်းအတွင်းရှိ ပြည်များ၊ အညစ်အကြေးများကို ဆေးထုတ်ရမည်ဖြစ်သည်။
ဝမ်းခေါင်းအတွင်း ပြည်တည်ခြင်း
အူအတက်ပေါက်၍ အူအတွင်းမှ ပိုးမွှားများ၊ အညစ်အကြေးများသည် ဝမ်းခေါင်းတစ်ခုလုံးသို့ မပျံ့သွားဘဲ အူအတက်အနီးတွင်သာ ပြည်အိမ်တည်ခြင်းဖြစ်သည်။ ယင်းသို့ဖြစ်ပွါးပါက ပြည်များထွက်သွားစေရန် ခွဲစိတ်ဆရာဝန်သည် ထုံဆေးကိုအသုံးပြုပြီး ဝမ်းဗိုက်အတွင်းရှိ ပြည်အိမ်ထဲသို့ ပိုက်တစ်ချောင်း ထည့်ပေးမည် ဖြစ်သည်။ ထို့နောက် ပိုးသတ်ဆေးများ ထိုးခြင်း၊ သောက်ခြင်း ပြုလုပ်ရမည်။ ပိုးများကင်းစင်ပြီး ပြည်ကုန်မှသာ အူအတက်ဖြတ်ထုတ်ခြင်း ပြုလုပ်မည်ဖြစ်သည်။ အချို့ အခြေအနေများတွင် ပြည်ဆေးထုတ်ခြင်း၊ အူအတက်ဖြတ်ခြင်းတို့ကို တစ်ချိန်တည်း ပြုလုပ်ခြင်းလည်းရှိသည်။
ခွဲစိတ်ပြီးနောက်
ခွဲစိတ်ပြီးချိန်တွင် သွေးခုန်နှုန်း၊ သွေးဖိအား၊ အသက်ရှူနှုန်း၊ သွေးတွင်းအောက်ဆီဂျင် ရာခိုင်နှုန်း စသည်တို့ကို စိတ်ချရသည်အထိ စောင့်ကြည့် တိုင်းတာမည်ဖြစ်သည်။ မေ့ဆေးအရှိန်ပြယ်ပြီး စောင့်ကြည့်မှုများ စိတ်ချရသည့်အခါမှ လူနာအခန်းသို့ ပြန်ပို့ပေးပြီး အကိုက်အခဲပျောက်ဆေးများ၊ ပိုးသတ်ဆေးများ၊ ဆေးရည်များသွင်းပြီး ဆက်လက်ကုသမည်။ ဝမ်းဗိုက်တွင် ခွဲကြောင်းပေး၍ခွဲစိတ်နည်း (Open Surgery) ဖြင့် ခွဲစိတ်ထားလျှင် ခွဲပြီးနောက်တစ်ရက်တွင် စတင်လမ်းလျှောက်နိုင်သည်။ တစ်ရက်၊ နှစ်ရက်ခန့်သာ ဆေးရုံတက်ရန် လိုအပ်သည်။ အကယ်၍ အူအတက်ပေါက်ထွက်နေလျှင် ဆေးရုံတက်ရက် ပိုကြာနိုင်သည်။
မှန်ပြောင်းဖြင့် ခွဲစိတ်လျှင် မေ့ဆေး အရှိန်ပြယ်ပြီး နာရီအနည်းငယ်အကြာတွင် စတင်လမ်းလျှောက်နိုင်သည်။ မှန်ပြောင်းဖြင့် ခွဲစိတ်ပြီး လူနာ၏ အခြေအနေစိတ်ချရလျှင် နေ့ချင်းဆေးရုံဆင်းနိုင်သည်။
နောက်ဆက်တွဲဆိုးကျိုးများ
အများအားဖြင့် နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေနည်းပါးသည်။
လိုက်နာဆောင်ရွက်ရမည့် အချက်များ
- ခွဲစိတ်သည့်နေရာကို သန့်ရှင်းစွာ ထားပါ
- လေလည်ခြင်း၊ ဝမ်းပြန်သွားခြင်းမရှိမီ ဆရာဝန်ညွှန်ကြားသည့်အတိုင်း အစာပျော့ပျော့မှစတင်၍ အစားအစာများ ပြန်စားနိုင်သည်။
- ဝမ်းဗိုက်တွင် ခွဲကြောင်းပေးခွဲစိတ်ထားလျှင် (၁) လအတွင်း ကိုယ်လက်လှုပ်ရှားမှု ပြင်းထန်စွာ မပြုလုပ်ရ၊ နာကျင်မှုဖြစ်နိုင်သည်
- ဆရာဝန်ညွှန်ကြားသည့် အကိုက်အခဲပျောက်ဆေးအပါအဝင် အခြားဆေးများကိုသာ သောက်ပါ
- သီးခြားညွှန်ကြားထားခြင်းမရှိလျှင် ရေမချိုးရ၊ ချုပ်ရိုးမဖြည်ရသေးချိန်တွင် ရေမကူးရ
- (၃) လအတွင်း ဝမ်းဗိုက်တွင်း ဖိအားတက်စေသည့် အလေးအပင်မခြင်း၊ လှေကားတက်ခြင်း စသည်တို့ မပြုလုပ်ရ
- ခန္ဓာကိုယ်သွေးလည်ပတ်မှုကောင်းစေရန်နှင့် အူလမ်းကြောင်းလှုပ်ရှားမှုရှိရန် ထိုင်ခြင်း၊ ထခြင်း၊ လမ်းလျှောက်ခြင်း ပြုလုပ်ပါ
- အိမ်ပြန်ရောက်ပြီး ရက်ပိုင်းခန့်အတွင်း အသုံးပြုခဲ့သော မေ့ဆေးအရှိန် အနည်းငယ်ကျန်နိုင်သဖြင့် ကားမမောင်းသင့်ပါ၊ အရေးကြီးစာချုပ်များ လက်မှတ်မထိုးသင့်ပါ၊ အရက်ဘီယာ မသောက်သုံးရ
- ရေဓာတ်ပြည့်ဝစေရန် ရေများများသောက်ရမည်
- သက်သာမှုမရှိခြင်းနှင့် ထူးခြားမှုများရှိလျှင် မိသားစုဆရာဝန်နှင့်လည်းကောင်း၊ ဆေးရုံသို့လည်းကောင်း ဆက်သွယ်ပြသပါ
References:
- Cleveland Clinic. (2025). Appendicitis. Retrieved June 26, 2025, from https://my.clevelandclinic.org/health/diseases/8095-appendicitis
- Mayo Clinic. (n.d.). Appendicitis – Symptoms and causes. Retrieved June 26, 2025, from https://www.mayoclinic.org/diseases-conditions/appendicitis/symptoms-causes/syc-20369543
- WebMD. (n.d.). Guide to appendicitis. Retrieved June 26, 2025, from https://www.webmd.com/digestive-disorders/ss/cm/slideshow-guide-appendicitis
Published Date: 30 August 2024
Last updated: 22 September 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.