အပျိုဖော်၊ လူပျိုဖော်ဝင်ခြင်း (Puberty) ဆိုသည်မှာ ကလေးတစ်ဦး၏ ခန္ဓာကိုယ် တရှိန်ထိုးထွားကြိုင်းလာပြီး လူကြီးတစ်ဦး၏ လိင်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ အင်္ဂါရပ်များ ဖွံ့ဖြိုးလာသည့် ပုံမှန်ဖြစ်စဉ်တစ်ခုဖြစ်သည်။ ကလေးဦးနှောက်အတွင်းရှိ ဟိုက်ပိုသလမတ်စ် (Hypothalamus) မှ ဓာတုပစ္စည်းများ (ဟော်မုန်းများ) ကို စတင်ထုတ်လွှတ်ပြီး ပစ်ကျူထရီဂလင်း (Pituitary gland) မှ Gonadotropins ဟုခေါ်သော ဟော်မုန်းများကို ဆက်လက်ထုတ်လွှတ်စေသည်။ ၎င်း Gonadotropins ဟော်မုန်းများသည် လိင်အင်္ဂါဂလင်းများ (Gonads) ကြီးထွားမှုကို လှုံ့ဆော်ပေးသည်။ ယောက်ျားလေးများတွင် ၎င်းလိင်အင်္ဂါဂလင်းမှာ ဝှေးစေ့ (Testicles) ဖြစ်ပြီး Testosterone ဟော်မုန်းကို ထုတ်လွှတ်သည်။ မိန်းကလေးများတွင်မူ မမျိုးဥအိမ် (Ovaries) ဖြစ်ပြီး Estrogen ဟော်မုန်းကို ထုတ်လွှတ်ပေးသည်။
အကယ်၍ အပျိုဖော်၊ လူပျိုဖော်ဝင်ခြင်းဆိုင်ရာ ခန္ဓာကိုယ်ပြောင်းလဲမှု စတင်ခြင်းများသည် အချိန်မတိုင်မီ စောစီးလွန်းစွာ ပေါ်လာပါက စောစီးစွာ အပျိုဖော်၊ လူပျိုဖော်ဝင်ခြင်းဟု သတ်မှတ်သည်။ ဆေးပညာဆိုင်ရာ အဓိပ္ပာယ်သတ်မှတ်ချက်များအရ စောစီးစွာ လူပျို၊ အပျိုဖော်ဝင်ခြင်း (Precocious Puberty) ကို သတ်မှတ်သော အသက်အရွယ်များသည် ကျား၊ မ ကွဲပြားမှုအပေါ် မူတည်ပြီး ခြားနားသည်။
- မိန်းကလေးများတွင် စောစီးစွာ အပျိုဖော်ဝင်ခြင်း သတ်မှတ်ချက်များ
- အသက် ၈ နှစ် မတိုင်မီ ရင်သား စတင်ဖွံ့ဖြိုးလာခြင်း
- အသက် ၈ နှစ် မတိုင်မီ ဓမ္မတာ (ရာသီသွေး) စတင်ပေါ်ပေါက်လာခြင်း
- ယောက်ျားလေးများတွင် စောစီးစွာ လူပျိုဖော်ဝင်ခြင်း သတ်မှတ်ချက်များ
- အသက် ၉ နှစ် မတိုင်မီ ဝှေးစေ့နှင့် လိင်တံ စတင်ကြီးထွားလာခြင်း
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
စောစီးစွာ အပျိုဖော်၊ လူပျိုဖော်ဝင်ခြင်းကို အဓိကအားဖြင့် အမျိုးအစား (၂) မျိုး ခွဲခြားနိုင်သည်။
- ဦးနှောက်မှ စောစီးစွာ လှုံ့ဆော်မှုကြောင့် အပျိုဖော်၊ လူပျိုဖော်ဝင်ခြင်း (Central Precocious Puberty)
- ဤအမျိုးအစားသည် အဖြစ်အများဆုံးဖြစ်ပြီး ဦးနှောက်မှ အပျိုဖော်၊ လူပျိုဖော်ဝင်ခြင်း ဖြစ်စေသော ဟော်မုန်းများကို အချိန်မတိုင်မီ စောစီးစွာ ထုတ်လွှတ်ခြင်းကြောင့်ဖြစ်သည်
- မိန်းကလေးများတွင် အကြောင်းရင်းကို တိကျစွာ မသိရသည့်အခြေအနေ ပိုများသည်
- အချို့သော အခြေအနေများတွင် ဦးနှောက်အကျိတ်များ (ဥပမာ – hamartomas သို့မဟုတ် astrocytomas)၊ ဦးနှောက်ထိခိုက်ဒဏ်ရာရခြင်း၊ ဦးနှောက်ရောင်ရမ်းခြင်း၊ ဓာတ်ရောင်ခြည်ကုသမှု ခံယူထားခြင်းနှင့် မျိုးဗီဇပြောင်းလဲခြင်းများကြောင့် ဖြစ်နိုင်သည်
- မျိုးပွားအင်္ဂါနှင့် အကျိတ်ဂလင်းများမှ စောစီးစွာ လှုံ့ဆော်မှုကြောင့် အပျိုဖော်၊ လူပျိုဖော်ဝင်ခြင်း (Peripheral Precocious Puberty)
- ဦးနှောက်မှ မဟုတ်ဘဲ ကျောက်ကပ်အပေါ်ရှိ အဒရီနယ်ဂလင်း (adrenal glands) သို့မဟုတ် မျိုးပွားအင်္ဂါပြဿနာများကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်
- အဒရီနယ်ဂလင်းမှ ပုံမှန်မဟုတ်သောဟော်မုန်းများ ထုတ်လုပ်စေသည့် မွေးရာပါ အဒရီနယ်ဂလင်း ဟော်မုန်းထုတ်လုပ်မှု ချို့ယွင်းခြင်း၊ မိန်းကလေးများတွင် သားဥအိမ်အကျိတ် သို့မဟုတ် ရေအိတ်ဖြစ်ခြင်း (Ovarian tumours or Ovarian Cysts) နှင့် ယောက်ျားလေးများတွင် သုက်ပိုးထုတ်လုပ်သော ဆဲလ်များ သို့မဟုတ် တက်စတိုစတီရုန်း ဟော်မုန်းထုတ်လုပ်သော ဆဲလ်များတွင် အကျိတ်ဖြစ်ခြင်း (Germ Cell Tumours or Leydig cell tumours) တို့ကြောင့် ခန္ဓာကိုယ်တွင်းသို့ အီစထရိုဂျင် သို့မဟုတ် တက်စတိုစတီရုန်း ဟော်မုန်းများ ထွက်လာပြီး စောစီးစွာ အပျိုဖော်၊ လူပျိုဖော်ဝင်ခြင်းဖြစ်သည်
- ထို့အပြင် သိုင်းရွိုက်ဟော်မုန်း အလွန်အမင်းနည်းပါးခြင်း (Severe hypothyroidism)၊ McCune-Albright syndrome ကဲ့သို့သော မျိုးဗီဇရောဂါများနှင့် ပြင်ပမှ ဟော်မုန်းပါဝင်သော လိမ်းဆေး၊ ဆေးဝါးများနှင့် ထိတွေ့မိခြင်းတို့ကြောင့်လည်း ဖြစ်ပေါ်နိုင်သည်
ယှဉ်တွဲလာတတ်သော လက္ခဏာများ
- မိန်းကလေးများတွင် – ရင်သားဖွံ့ဖြိုးလာခြင်းနှင့် ရာသီသွေးဆင်းခြင်းတို့ ဖြစ်ပေါ်တတ်သည်
- ယောက်ျားလေးများတွင် – အသံသြလာခြင်း၊ မျက်နှာတွင် အမွေးအမှင်များ ပေါက်လာခြင်း၊ လိင်တံနှင့် ဝှေးစေ့ ကြီးထွားလာခြင်း တို့ဖြစ်ပေါ်နိုင်သည်
- နှစ်ဦးစလုံးတွင် – ဆီးခုံနှင့် ဂျိုင်းမွေးများပေါက်ခြင်း၊ ဝက်ခြံထွက်ခြင်း၊ ကိုယ်နံ့ပြင်းခြင်းနှင့် အရပ်အမောင်း လျင်မြန်စွာ ထွက်လာခြင်းတို့ ဖြစ်တတ်သည်
- နောက်ဆက်တွဲပြဿနာများ – အပျိုဖော်၊ လူပျိုဖော် အဝင်စောသော ကလေးများသည် အစပိုင်းတွင် အရပ် တရှိန်ထိုးရှည်လာတတ်သော်လည်း အရိုးများစောစီးစွာ ရင့်ကျက်သွားပြီး အရပ်ဆက်မထွက်တော့သဖြင့် လူကြီးအရွယ်ရောက်သောအခါ ပုံမှန်ထက် အရပ်ပုသွားနိုင်သည်၊ ထို့အပြင် အသက်အရွယ်တူ ကလေးများနှင့်မတူဘဲ ခန္ဓာကိုယ်စောစီးစွာ ပြောင်းလဲလာမှုကြောင့် စိတ်ပိုင်းဆိုင်ရာ စိုးရိမ်ပူပန်မှုနှင့် စိတ်ကျရောဂါ စသည့်ပြဿနာများလည်း ဖြစ်ပေါ်နိုင်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်
အောက်ပါအခြေအနေများ ရှိပါက ကလေးအထူးကု သို့မဟုတ် ကလေးဟော်မုန်းဆိုင်ရာ အထူးကုဆရာဝန်နှင့် ပြသဆွေးနွေးသင့်သည်။
- မိန်းကလေးတွင် အသက် ၈ နှစ် မတိုင်မီ ရင်သားဖွံ့ဖြိုးခြင်း၊ ဓမ္မတာ (ရာသီသွေး) လာခြင်းနှင့် ဆီးခုံမွှေးနှင့် ချိုင်းမွှေးများ ပေါက်လာခြင်း
- ယောက်ျားလေးတွင် အသက် ၉ နှစ် မတိုင်မီ လိင်တံနှင့် ဝှေးစေ့များကြီးထွားလာခြင်း၊ အသံ ဩလာခြင်းနှင့် မျက်နှာ၊ ဆီးခုံမွှေးနှင့် ချိုင်းမွှေးများ ပေါက်လာခြင်း စသည့် အပျိုဖော်၊ လူပျိုဖော်ဝင်သည့်လက္ခဏာများထဲမှ တစ်ခုခုကို ပြသလာပါက ဆရာဝန်နှင့် ပြသတိုင်ပင်သင့်သည်။
အရေးပေါ်ပြသရန် (စိုးရိမ်ရသည့်လက္ခဏာများ)
စောစီးစွာ အပျိုဖော်၊ လူပျိုဖော်ဝင်ခြင်းသည် များသောအားဖြင့် အရေးပေါ်အခြေအနေ မဟုတ်သော်လည်း အခြားပြင်းထန်သော နောက်ကွယ်ရှိ ရောဂါများကြောင့်ဖြစ်လျှင် အရေးပေါ်ကုသမှု လိုအပ်နိုင်သည်။
- ဦးနှောက်အကျိတ်များကြောင့် ဖြစ်ပေါ်နိုင်သော ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ လက္ခဏာများ ရှိခြင်း – အကြောင်းရင်းမရှိဘဲ ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ အမြင်အာရုံ ရုတ်တရက် ဝေဝါးလာခြင်း၊ မကြာခဏ ပျို့အန်ခြင်း၊ လမ်းလျှောက်လျှင် ဟန်ချက် မထိန်းနိုင်ဘဲ ယိုင်လဲခြင်း၊ တက်ခြင်း သို့မဟုတ် သတိလစ်မေ့မြောသွားခြင်း
- သားဥအိမ်ရှိ ရေအိတ်လိမ်သွားခြင်းကြောင့် ဗိုက်ပြင်းထန်စွာ နာကျင်ခြင်း
- မိမိကိုယ်မိမိ ယုံကြည်မှု ပျောက်ဆုံးပြီး ပြင်းထန်သော စိတ်ဓာတ်ကျခြင်း သို့မဟုတ် အပြုအမူဆိုင်ရာ နောက်ဆက်တွဲပြဿနာများ ပြင်းထန်စွာ ခံစားရခြင်း စသည့်လက္ခဏာများ ခံစားရပါက နီးစပ်ရာ အရေးပေါ်ဌာနများသို့ ချက်ချင်းသွားရောက်ပြသသင့်သည်။
ရောဂါရှာဖွေခြင်း
ဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း၊ ခန္ဓာကိုယ်ကို စမ်းသပ်စစ်ဆေးခြင်းနှင့် အရပ်အမောင်း ကြီးထွားမှုနှုန်း တိုင်းတာခြင်းများကို ပြုလုပ်မည်။ ထို့နောက် လိုအပ်ပါက အောက်ပါစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်မည်ဖြစ်သည်။
- အရိုးများ၏ ရင့်ကျက်မှုအဆင့် (Bone age) ကို သိရှိရန် လက်ကောက်ဝတ်ကို ဓာတ်မှန် (X-ray) ရိုက်၍ စစ်ဆေးခြင်း
- သွေးထဲရှိ ဟော်မုန်းပမာဏများ (ဥပမာ – LH, FSH, testosterone, estradiol) နှင့် သိုင်းရွိုက်ဟော်မုန်းတို့ကို စစ်ဆေးခြင်း
- လိုအပ်ပါက ဦးနှောက်အကျိတ် ရှိမရှိ သိနိုင်ရန် သံလိုက်ဓာတ်မှန် (Brain MRI) ရိုက်ခြင်း၊ သားဥအိမ်၊ ဝှေးစေ့နှင့် ကျောက်ကပ်အပေါ်ရှိဂလင်းများမှ အကျိတ်များကို စစ်ဆေးရန် အာထရာဆောင်း (USG) ရိုက်ခြင်းတို့ကို ပြုလုပ်ရနိုင်သည်။
ကုသခြင်း
ကုသမှုသည် ရောဂါအမျိုးအစားနှင့် ဖြစ်ပွားရသည့် အကြောင်းရင်းအပေါ် မူတည်သည်။ ဦးနှောက်မှ စောစီးစွာလှုံ့ဆော်မှုကြောင့် အပျိုဖော်၊ လူပျိုဖော်ဝင်ခြင်း သို့မဟုတ် မျိုးပွားအင်္ဂါနှင့် အကျိတ်ဂလင်းများမှ စောစီးစွာ လှုံ့ဆော်မှုကြောင့် အပျိုဖော်၊ လူပျိုဖော်ဝင်ခြင်းကို ဦးစွာ ခွဲခြား၍ အခြေခံအကြောင်းရင်းကို ရှာဖွေကုသရမည်။ အကျိတ်တွေ့ရှိပါက ခွဲစိတ်အထူးကုဆရာဝန်များနှင့် ပြသ၍ အကျိတ်ခွဲစိတ်ဖယ်ရှားခြင်း သို့မဟုတ် အခြား လိုအပ်သည့်ကုသမှုများ ပေးခြင်း၊ ကျောက်ကပ်အပေါ်ရှိ ဂလင်းပြဿနာများအတွက် Glucocorticoid ဆေးပေးခြင်း၊ သို့မဟုတ် သိုင်းရွိုက်ဂလင်း ဟော်မုန်းနည်းပါးခြင်းအတွက် Thyroxine ဆေးပေးခြင်းတို့ဖြင့် ကုသနိုင်သည်။
ပြင်ပမှ ဟော်မုန်းပါဝင်သော ပစ္စည်းများ (ဥပမာ – အီစထရိုဂျင် သို့မဟုတ် တက်စတိုစတီရုန်း လိမ်းဆေးများ၊ လာဗင်ဒါဆီ၊ လက်ဖက်ဆီ ကဲ့သို့သော အဆီများ) နှင့် ထိတွေ့မိခြင်းကြောင့် ဖြစ်ပါက ယင်းပစ္စည်းများနှင့် ထိတွေ့ခြင်းကို ချက်ချင်း ဖယ်ရှား/ရှောင်ကြဉ်ရန်မှာ အရေးကြီးဆုံးကုသမှုပင်ဖြစ်သည်။
ကာကွယ်ခြင်း
စောစီးစွာ အပျိုဖော်၊ လူပျိုဖော်ဝင်ခြင်း အများစုကို ကြိုတင်ကာကွယ်၍ မရနိုင်ပါ။ သို့သော် ဖော်ပြပါအချက်များဖြင့် အန္တရာယ်များကို လျှော့ချနိုင်သည်။
- လူကြီးများအသုံးပြုသော ဟော်မုန်း (estrogen/testosterone) ပါဝင်သည့် လိမ်းဆေးများနှင့် ဆေးဝါးများကို ကလေးများ လက်လှမ်းမမီသော နေရာတွင် စနစ်တကျ သိမ်းဆည်းပါ
- ကလေးများကို ကျန်းမာသော ကိုယ်အလေးချိန် ရှိနေစေရန် ဂရုစိုက်ပေးပါ၊ အဝလွန်ခြင်းသည် အထူးသဖြင့် မိန်းကလေးများတွင် စောစီးစွာ အပျိုဖော်ဝင်ခြင်းကို ဖြစ်စေနိုင်သော အန္တရာယ်တစ်ခု ဖြစ်သောကြောင့်ဖြစ်သည်။
References:
- Cleveland Clinic. (2023). Precocious puberty (early puberty). Retrieved July 2, 2026, from https://my.clevelandclinic.org/health/diseases/21064-precocious-early-puberty
- Harrington, J., & Palmert, M. R. (2025). Precocious puberty: Diagnosis and evaluation. UpToDate. Retrieved July 2, 2026, from https://www.uptodate.com
- Mayo Clinic. (2025). Precocious puberty: Symptoms and causes. Retrieved July 2, 2026, from https://www.mayoclinic.org/diseases-conditions/precocious-puberty/symptoms-causes/syc-20351811
Published: 22 July 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.