Growing Pains (ကလေးများကြီးထွားဖွံ့ဖြိုးစဉ် ခြေထောက်ကိုက်ခဲခြင်း)

Growing Pains (ကလေးများကြီးထွားဖွံ့ဖြိုးစဉ် ခြေထောက်ကိုက်ခဲခြင်း)

ကလေးများ ကြီးထွားဖွံ့ဖြိုးစဉ် ခြေထောက်ကိုက်ခဲခြင်း (Growing Pains) ဆိုသည်မှာ ကလေးငယ်များတွင် ဖြစ်ပွါးလေ့ရှိသော ကိုက်ခဲနာကျင်ခြင်း သို့မဟုတ် ကြွက်တက်သကဲ့သို့ ခံစားရခြင်းမျိုးဖြစ်သည်။ ဤနာကျင်မှုများသည် များသောအားဖြင့် ညနေပိုင်း သို့မဟုတ် ညဘက်အချိန်များတွင် ခြေထောက်များ၌ ဖြစ်ပွါးတတ်ပြီး ကလေးရော မိဘများအတွက်ပါ စိုးရိမ်ပူပန်မှု ဖြစ်စေနိုင်သည်။ ဤနာကျင်မှု၏ သဘောသဘာဝနှင့် ပြုစုကုသပုံကို နားလည်ထားခြင်းဖြင့် ကလေး၏ဝေဒနာကို သက်သာစေနိုင်ပြီး မိသားစုအတွင်း စိတ်အေးချမ်းမှုကို ရရှိစေနိုင်သည်။

၎င်းသည် ပုံမှန်အားဖြင့် အသက် (၃)နှစ် မှ (၁၂)နှစ်ကြား ကလေးများတွင် အဖြစ်များပြီး အကြိမ်ကြိမ် ပြန်ဖြစ်တတ်သော နာကျင်မှုဝေဒနာဖြစ်သည်။ ဤဝေဒနာကို သက်သာစေရန် ညင်သာစွာ နှိပ်နယ်ပေးခြင်း၊ ရေနွေးအိတ်ကပ်ပေးခြင်း၊ အကြောလျှော့လေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်းနှင့် သက်သောင့်သက်သာရှိသော အိပ်စက်မှုပတ်ဝန်းကျင်ကို ဖန်တီးပေးခြင်းစသည့် ရိုးရှင်းသောနည်းလမ်းများကို အသုံးပြုနိုင်သည်။

ကလေးများ ကြီးထွားဖွံ့ဖြိုးစဉ် ခြေထောက်ကိုက်ခဲခြင်းကို ကလေးဘဝ၏ ပုံမှန်အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်ထားပြီး ၎င်းသည် ပြင်းထန်သော ကျန်းမာရေးအခြေအနေ သို့မဟုတ် ကြီးထွားမှုဆိုင်ရာ ပုံမှန်မဟုတ်သည့် ပြဿနာများနှင့် သက်ဆိုင်ခြင်း မရှိပါ။ သို့သော် မိဘများအနေဖြင့် အောက်ပါအချက်များကို သတိပြုရန် လိုအပ်သည်။

  • ပုံမှန်မဟုတ်သော လက္ခဏာများ
    နာကျင်မှုနှင့်အတူ ဖျားခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ခြေထောက်ထော့နဲ့ခြင်း သို့မဟုတ် အဆစ်များ ရောင်ရမ်းနီမြန်းခြင်းတို့ ရှိပါက ၎င်းသည် ကြီးထွားနာကျင်မှု မဟုတ်ဘဲ အခြားသော အရိုးအကြောရောဂါများ သို့မဟုတ် ပိုးဝင်ခြင်းများ ဖြစ်နိုင်သဖြင့် ဆရာဝန်နှင့် ချက်ချင်းပြသရန် လိုအပ်သည်။
  • စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု
    ဤနာကျင်မှုသည် အန္တရာယ်မရှိကြောင်း ကလေးကို ရှင်းပြပေးခြင်းဖြင့် ကလေး၏ စိုးရိမ်စိတ်ကို လျှော့ချပေးနိုင်ပြီး ဝေဒနာကို ပိုမိုခံနိုင်ရည်ရှိစေသည်။
ဖြစ်ပေါ်ရသောကြောင်းရင်းများ

ကြီးထွားမှုကြောင့် ဖြစ်တတ်သော နာကျင်မှုများ ဖြစ်ပေါ်ရသည့် အကြောင်းရင်းကို တိတိကျကျ မသိရသေးသော်လည်း အောက်ပါအချက်များကြောင့် ဖြစ်နိုင်သည်။

  • ကြွက်သားများကို အလွန်အကျွံ အသုံးပြုခြင်း (Overuse or Strain)
    နေ့ဘက်တွင် ကိုယ်လက်လှုပ်ရှားမှုများသော ကလေးများ၊ အားကစားလုပ်သူများ သို့မဟုတ် ပြင်းပြင်းထန်ထန် ဆော့ကစားသော ကလေးများသည် ကြွက်သားပင်ပန်းမှု သို့မဟုတ် ကြွက်သားဒဏ်ဖြစ်မှုကို ခံစားရနိုင်ပြီး ၎င်းမှတစ်ဆင့် ညဘက်တွင် နာကျင်မှုဆီသို့ ဦးတည်သွားစေနိုင်သည်။
  • အရိုးကြီးထွားမှုနှင့် ပတ်သက်သော ယူဆချက် (Bone Growth)
    ကလေးဘဝတွင် လျင်မြန်စွာ ကြီးထွားလာသည့် အချိန်များ၌ နာကျင်မှုဖြစ်ပေါ်နိုင်သည်ဟု ယခင်ကယူဆခဲ့ကြသော်လည်း လက်ရှိအထောက်အထားများအရ အရိုးကြီးထွားမှုနှင့် နာကျင်မှုအကြား တိုက်ရိုက်ဆက်နွယ်မှု မရှိကြောင်း တွေ့ရှိထားသည်၊ ထို့ကြောင့် ကြွက်သားပင်ပန်းမှုသည်သာ အဓိကအကြောင်းရင်း ဖြစ်နိုင်သည်ဟု ယူဆကြသည်။
  • စိတ်ဖိစီးမှုနှင့် စိတ်ပိုင်းဆိုင်ရာ အချက်များ (Stress and Emotional Factors)
    စိတ်ဖိစီးမှု သို့မဟုတ် စိတ်လှုပ်ရှားမှုဆိုင်ရာ ဖိအားများရှိသော ကလေးများတွင် ဤနာကျင်မှုကို ပိုမိုခံစားရတတ်သည်၊ စိတ်ပင်ပန်းမှုသည် ခန္ဓာကိုယ်၏ နာကျင်မှုကို ခံနိုင်ရည်ရှိစွမ်း (Pain Threshold) ကို လျော့နည်းစေသဖြင့် သာမန်ပင်ပန်းမှုကိုပင် ပြင်းထန်သော နာကျင်မှုအဖြစ် ခံစားရစေနိုင်သည်။
  • မျိုးဗီဇဆိုင်ရာအချက်များ (Genetic Factors)
    ဤနာကျင်မှုသည် မိသားစုအတွင်း မျိုးရိုးလိုက်တတ်သည့် သဘောရှိသည်ကို တွေ့ရှိရသဖြင့် မျိုးဗီဇဆိုင်ရာ ပါဝင်ပတ်သက်မှု ရှိနိုင်ကြောင်း ညွှန်းဆိုနေသည်။
  • ခန္ဓာကိုယ် ဖွဲ့စည်းပုံဆိုင်ရာ ကွဲပြားမှုများ
    အဆစ်လှုပ်ရှားမှု လွန်ကဲခြင်း (Hypermobility)၊ မွေးရာပါ ခြေဖမိုးရိုးပြားခြင်း (Flat Feet) သို့မဟုတ် ကျောရိုးစောင်းခြင်း (Scoliosis) စသောအခြေအနေများကြောင့် ခန္ဓာကိုယ်အပေါ် ဖိအားမြင့်တက်ကာ နာကျင်မှု ခံစားရနိုင်သည်။
  • ဗီတာမင် ဒီ ချို့တဲ့မှု (Vitamin D Deficiency)
    ဗီတာမင် ဒီ ချို့တဲ့ခြင်းသည် အရိုးနှင့် ကြွက်သားများ သန်မာမှုကို လျော့နည်းစေသဖြင့် နာကျင်မှုကို ပိုမိုဖြစ်ပေါ်စေနိုင်သည်။
ရောဂါဖြစ်ပွါးနိုင်ခြေများသူများ

အောက်ပါအချက်များ ရှိနေသော ကလေးငယ်များတွင် ကြီးထွားဖွံ့ဖြိုးစဉ် နာကျင်မှု ခံစားရနိုင်ခြေ ပိုမိုမြင့်မားသည်။

  • အသက်အရွယ် – အသက် (၃)နှစ် မှ (၁၂)နှစ်အတွင်း ကလေးများတွင် အဖြစ်အများဆုံးဖြစ်သည်
  • ကျား/မ ကွာခြားချက် – ယောက်ျားလေးများထက် မိန်းကလေးများတွင် အနည်းငယ် ပို၍အဖြစ်များကြောင်း တွေ့ရှိရသည်
  • နေ့ဘက်တွင် အလွန်အကျွံ လှုပ်ရှားခြင်း – နေ့ဘက်တွင် ပုံမှန်ထက်ပို၍ ပြေးလွှားခြင်း၊ အမြင့်သို့တက်ခြင်းနှင့် ခုန်ခြင်းများ ပြုလုပ်သော ကလေးများသည် ညဘက်တွင် ခြေထောက်နာကျင်နိုင်ခြေ ပိုများသည်
  • နာကျင်မှုကို ခံနိုင်ရည်နည်းခြင်း (Lower Pain Threshold) – နာကျင်မှုဒဏ်ကို ခံနိုင်ရည်အား နည်းသောကလေးများ သို့မဟုတ် ခန္ဓာကိုယ်၏ အာရုံခံစားမှု ပိုမိုထိလွယ်ရှလွယ်သော ကလေးများတွင် ပိုမိုဖြစ်နိုင်သည်
  • စိတ်ခံစားမှုဆိုင်ရာ သက်ရောက်မှုများ – အစောပိုင်းတွင် ဖော်ပြခဲ့သည့်အတိုင်း စိတ်ဖိစီးမှု သို့မဟုတ် စိတ်လှုပ်ရှားမှုဆိုင်ရာ ဖိအားများကို ခံစားနေရသော ကလေးများသည် နာကျင်မှုဝေဒနာကို ပိုမိုသိသာစွာ ခံစားရလေ့ရှိသည်
  • မိသားစုရာဇဝင် – မိဘ သို့မဟုတ် မောင်နှမများတွင် ကလေးဘဝက ဤကဲ့သို့ နာကျင်မှု ခံစားခဲ့ရသော ရာဇဝင်ရှိပါက ထိုကလေးတွင်လည်း ဖြစ်နိုင်ခြေ ပိုများသည်
ယှဥ်တွဲလာတတ်သောလက္ခဏာများ

ကြီးထွားမှုကြောင့် ဖြစ်တတ်သော နာကျင်မှုများသည် များသောအားဖြင့် ခြေထောက်များတွင် ကြွက်တက်သကဲ့သို့ နာကျင်ကိုက်ခဲခြင်းကို ဖြစ်စေတတ်သည်။ ဤဝေဒနာ၏ ထူးခြားသော လက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • နာကျင်သည့်နေရာ – ပုံမှန်အားဖြင့် ခြေထောက်နှစ်ဖက်လုံးတွင် နာကျင်မှုကို ခံစားရလေ့ရှိသည်၊ အဓိကအားဖြင့် ပေါင်ရှေ့ပိုင်း၊ ခြေသလုံး သို့မဟုတ် ဒူးခေါင်းနောက်ဘက်တို့တွင် ဖြစ်ပွါးတတ်သည်
  • ဖြစ်ပွါးသည့်အချိန် – များသောအားဖြင့် ညနေစောင်းပိုင်း သို့မဟုတ် ညဘက်များတွင် နာကျင်မှု စတင်ဖြစ်ပွါးတတ်ပြီး နံနက်ပိုင်းတွင် ပြန်လည်ပျောက်ကင်းသွားလေ့ရှိသည်၊ အချို့ကလေးများသည် နာကျင်မှုကြောင့် ညသန်းခေါင်ယံတွင် လန့်နိုးလာတတ်သည်
  • အကြိမ်ရေ – ဤနာကျင်မှုသည် မကြာခဏ ဖြစ်လိုက်ပျောက်လိုက် ဖြစ်တတ်သည်၊ ကလေးသည် ရက်သတ္တပတ်ပေါင်းများစွာ လက္ခဏာမပြဘဲ နေနိုင်သော်လည်း အချို့ကလေးများတွင်မူ နေ့စဉ်နှင့်အမျှ နာကျင်မှုကို ခံစားရနိုင်သည်
  • နာကျင်သည့်နေရာတွင် နီမြန်းခြင်း၊ ရောင်ရမ်းခြင်း သို့မဟုတ် ပူနွေးနေခြင်းကဲ့သို့သော ထင်ရှားသည့် လက္ခဏာများ မရှိပါ
  • အခြားလက္ခဏာများ – အချို့သော ကလေးများတွင် ခြေထောက်နာကျင်မှုနှင့်အတူ ဗိုက်နာခြင်း သို့မဟုတ် ခေါင်းကိုက်ခြင်းတို့ကိုပါ ယှဉ်တွဲခံစားရနိုင်သည်
နောက်ဆက်တွဲပြဿနာများ

ကြီးထွားနာကျင်မှုသည် ခန္ဓာကိုယ်အတွက် အန္တရာယ်မရှိသော်လည်း မကြာခဏ ဖြစ်ပွါးနေပါက ကလေးနှင့် မိသားစု၏ နေ့စဉ်လူမှုဘဝအပေါ် အောက်ပါအတိုင်း သက်ရောက်မှုရှိနိုင်သည်။

  • အိပ်စက်မှု အနှောင့်အယှက်ဖြစ်ခြင်း – ညဘက်တွင် နာကျင်မှုကြောင့် လန့်နိုးတတ်သဖြင့် ကလေးရော မိဘများပါ အိပ်ရေးပျက်ခြင်းကို ခံစားရနိုင်သည်
  • စိတ်ပိုင်းဆိုင်ရာ စိုးရိမ်မှု – ကလေးငယ်များသည် နောက်ပိုင်းတွင် ထပ်မံနာကျင်လာမည်ကို စိုးရိမ်သဖြင့် ကိုယ်လက်လှုပ်ရှားမှုများကို ရှောင်ကြဉ်ခြင်း သို့မဟုတ် ညဘက်အိပ်ရမည်ကို ကြောက်ရွံ့ခြင်းမျိုး ရှိလာနိုင်သည်
  • နေ့စဉ်လုပ်ဆောင်ချက်များ ထိခိုက်ခြင်း – အိပ်ရေးမဝခြင်းကြောင့် နေ့ဘက်တွင် ကလေးငယ်သည် နုံးချိနေခြင်း၊ စိတ်တိုလွယ်ခြင်းနှင့် ကျောင်းစာသင်ယူမှုတွင် အာရုံစိုက်နိုင်စွမ်း လျော့နည်းခြင်းတို့ ဖြစ်ပေါ်နိုင်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်

ကလေးများ ကြီးထွားဖွံ့ဖြိုးစဉ် နာကျင်မှုခံစားရခြင်းသည် ယေဘုယျအားဖြင့် အန္တရာယ်မရှိသလို ဆေးကုသမှု ခံယူရန်လည်း မလိုအပ်ပါ။ သို့သော် ဤနာကျင်မှုကို ပိုမိုပြင်းထန်သော အခြားကျန်းမာရေးပြဿနာများနှင့် ခွဲခြားသိမြင်ရန် အလွန်အရေးကြီးသည်။ အကယ်၍ အောက်ပါအချက်များ ဖြစ်ပေါ်လာပါက ဆေးကုသမှု ခံယူရန် မိသားစုဆရာဝန်နှင့် တိုင်ပင်သင့်သည်။

  • နာကျင်မှုမှာ စွဲမြဲစွာ ဖြစ်နေခြင်း သို့မဟုတ် ပိုမိုဆိုးရွားလာခြင်း
  • ခြေထောက်တစ်ဖက်တည်းတွင်သာ နာကျင်မှု ဖြစ်ပေါ်ခြင်း
  • နံနက်ပိုင်း သို့မဟုတ် နေ့ခင်းဘက်အချိန်များအထိ ဆက်လက်နာကျင်နေခြင်း
  • ထိုနာကျင်မှုကြောင့် ကလေး၏ အထွေထွေကျန်းမာရေး သို့မဟုတ် နေ့စဉ်လှုပ်ရှားမှုများ ထိခိုက်လာခြင်း
  • နာကျင်မှုမှာ အဆစ် (Joint) များတွင် ဖြစ်ပေါ်ခြင်း
  • ထိခိုက်ဒဏ်ရာ ရရှိမှုနှင့် ဆက်စပ်နေခြင်း
အရေးပေါ်ပြသရန် (Warning Signs)

အကယ်၍ ကလေးငယ်တွင် အောက်ပါလက္ခဏာများအနက် တစ်ခုခုကို တွေ့ရှိရပါက အခြားအရေးကြီးသော အကြောင်းရင်းများ (ဥပမာ – အရိုးပိုးဝင်ခြင်း သို့မဟုတ် အရိုးအဆစ်ရောင်ရောဂါများ) ဟုတ်မဟုတ် ဆုံးဖြတ်နိုင်ရန် ဆရာဝန်နှင့် ချက်ချင်းပြသရမည်။

  • နာကျင်မှုသည် အလွန်ပြင်းထန်ခြင်း သို့မဟုတ် မပြတ်တမ်း ဖြစ်နေခြင်း
  • နာကျင်သည့်နေရာတွင် ရောင်ရမ်းခြင်း၊ နီမြန်းခြင်းနှင့် ပူနွေးနေခြင်း
  • ခြေထောက်ထော့နဲ့ခြင်း သို့မဟုတ် လှုပ်ရှားသွားလာမှု ခက်ခဲခြင်း
  • နာကျင်မှုနှင့်အတူ ဖျားခြင်း၊ အစားအသောက်ပျက်ခြင်း သို့မဟုတ် ကိုယ်အလေးချိန် ကျဆင်းခြင်း
ရောဂါရှာဖွေခြင်း

မိသားစုဆရာဝန်သည် ကလေး၏ ကျန်းမာရေးရာဇဝင်ကို အသေးစိတ် မေးမြန်းခြင်းနှင့် ကိုယ်ခန္ဓာကို စမ်းသပ်စစ်ဆေးခြင်းဖြင့် ရောဂါအဖြေထုတ်နိုင်သည်။ များသောအားဖြင့် ဓာတ်မှန်ရိုက်ခြင်း သို့မဟုတ် သွေးစစ်ခြင်းများ ပြုလုပ်ရန် မလိုအပ်ဘဲ အကယ်၍ ထိုသို့စစ်ဆေးခဲ့လျှင်ပင် ရလဒ်များသည် ပုံမှန်အတိုင်းသာ ထွက်လာလေ့ရှိသည်။

သို့သော် အောက်ပါစိုးရိမ်ရသည့် လက္ခဏာများ တွေ့ရှိရပါက အခြားရောဂါများကို ခွဲခြားရန်အတွက် ဓာတ်မှန်ရိုက်ခြင်းနှင့် သွေးစစ်ခြင်းတို့ ပြုလုပ်ရန် လိုအပ်သည်။

  • နေ့ဘက်အချိန်များတွင် နာကျင်မှု ပိုမိုဆိုးရွားလာခြင်း
  • ခြေထောက်ထော့နဲ့ခြင်း သို့မဟုတ် ပုံမှန်လှုပ်ရှားမှုများတွင် မပါဝင်နိုင်ခြင်း
  • အဆစ်များ သိသိသာသာ ရောင်ရမ်းခြင်း သို့မဟုတ် အဆစ်အမြစ် လှုပ်ရှားနိုင်စွမ်း လျော့နည်းနေခြင်း
ကုသခြင်း

ကလေးများကြီးထွားဖွံ့ဖြိုးစဉ် နာကျင်မှုခံစားရခြင်းအတွက် သီးသန့် ကုသနည်းဟူ၍ မရှိပါ။ နာကျင်မှုကို သက်သာစေရန်အတွက် မိသားစု ဆရာဝန်မှအောက်ပါတို့ကို အကြံပြုနိုင်သည်။

  • ညင်သာစွာ နှိပ်နယ်ပေးခြင်း _ နာကျင်နေသော နေရာကို ပွတ်သပ်ပေးခြင်း သို့မဟုတ် ညင်သာစွာ နှိပ်နယ်ပေးခြင်းဖြင့် ကြွက်သားများကို ပြေလျော့စေပြီး ခေတ္တခဏ သက်သာမှုကို ရရှိစေနိုင်သည်
  • အပူကပ်ပေးခြင်း (Warm compresses) _ နာကျင်သည့်နေရာကို ရေနွေးအိတ် သို့မဟုတ် အဝတ်နွေးနွေးဖြင့် အပူကပ်ပေးခြင်းသည် ကြွက်သားများ မအီမသာဖြစ်မှုကို သက်သာစေပြီး စိတ်လက်ပေါ့ပါးမှုကို ဖြစ်စေသည်
  • ကြွက်သား အကြောလျှော့ လေ့ကျင့်ခန်းများ _ အိပ်ရာမဝင်မီ ကြွက်သားများ တင်းမာမှုကို လျှော့ချရန်အတွက် ညင်သာသော အကြောလျှော့ လေ့ကျင့်ခန်းများ ပြုလုပ်ရန် ကလေးကို အားပေးပါ
  • ဆေးဝါးများ _ လိုအပ်ပါက ပါရာစီတမော (Paracetamol) သို့မဟုတ် အိုင်ဗျူပရိုဖဲင် (Ibuprofen) ကဲ့သို့သော ဆရာဝန်ညွှန်ကြားချက်မလိုသည့် အကိုက်အခဲပျောက်ဆေးများကို ကလေး၏ အသက်အရွယ်အလိုက် သတ်မှတ်ထားသော ဆေးညွှန်းအတိုင်း တိုက်ကျွေးနိုင်သည်
  • သက်သောင့်သက်သာရှိသော အိပ်စက်မှု ပတ်ဝန်းကျင် _ ကလေး ကောင်းမွန်စွာ အနားယူနိုင်စေရန် အထောက်အကူပြုသော မွေ့ရာ၊ နွေးထွေးသော အိပ်ရာခင်းများဖြင့် သက်သောင့်သက်သာရှိသော အိပ်စက်မှုပတ်ဝန်းကျင်ကို ဖန်တီးပေးပါ
  • အိပ်ရာဝင် အလေ့အကျင့်ကောင်းများ _ အိပ်ရာမဝင်မီ စိတ်အေးချမ်းစေရန် စာအုပ်ဖတ်ခြင်း သို့မဟုတ် ရေနွေးနွေးဖြင့် ရေချိုးခြင်းကဲ့သို့သော အိပ်ရာဝင် အလေ့အကျင့်ကောင်းများကို ပြုလုပ်ပေးပါ၊ ထိုသို့ ပြုလုပ်ခြင်းသည် ကလေးကို အိပ်ရာမဝင်မီ စိတ်ရောကိုယ်ပါ ပြေလျော့စေသည်
  • ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ရန် တိုက်တွန်းခြင်း _ နေ့ဘက်တွင် သင့်တင့်သော ပုံမှန်ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းဖြင့် ကြွက်သားများ တောင့်တင်းမှုကို ကာကွယ်ပေးနိုင်ပြီး နာကျင်သည့်အကြိမ်အရေအတွက်နှင့် ပြင်းထန်မှုကို လျှော့ချပေးနိုင်သည်
ရောဂါရလဒ်ခန့်မှန်းချက်

ကလေးငယ်များသည်နာကျင်မှုကို စတင်ခံစားရပြီးနောက် လအနည်းငယ် သို့မဟုတ် နှစ်အတော်ကြာသည်အထိ တစ်ခါတစ်ရံ ပြန်ဖြစ်တတ်သည်။ ကလေးအများစုမှာ အသက် (၁၂) နှစ်ဝန်းကျင်တွင် ထိုဝေဒနာ ပျောက်သွားလေ့ရှိသော်လည်း အချို့သော ဆယ်ကျော်သက်များတွင်လည်း ဆက်လက်ဖြစ်ပွါးတတ်သည်။

ကာကွယ်ခြင်း
  • ကြွက်သား အလွန်အကျွံ အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ – ပြေးခြင်း၊ တက်ခြင်းနှင့် ခုန်ခြင်းကဲ့သို့သော လှုပ်ရှားမှုများတွင် ခြေထောက်ကို အလွန်အကျွံ အသုံးမပြုမိပါစေနှင့်
  • လှုပ်ရှားမှုပမာဏကို ထိန်းညှိပါ – နေ့ဘက်အချိန်များတွင် ကိုယ်လက်လှုပ်ရှားမှု အလွန်အမင်း များပြားလွန်းခြင်းကို ရှောင်ကြဉ်ပါ
  • အားကစားနည်းများ ပြောင်းလဲကစားပါ – ကြွက်သားအုပ်စု အမျိုးမျိုးကို အသုံးပြုနိုင်ရန် အားကစားနည်း သို့မဟုတ် ကိုယ်လက်လှုပ်ရှားမှု ပုံစံများကို ရောနှောလုပ်ဆောင်ပေးပါ
  • အားကစား သို့မဟုတ် အခြားရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများအတွင်း သင့်တော်သော အကာအကွယ်ပစ္စည်းများ၊ ဖိနပ်များကို ဝတ်ဆင်ပါ
  • ခန္ဓာကိုယ်၏ အချက်ပြမှုကို နားထောင်ပါ – ကလေးငယ်မှ ကိုက်ခဲနာကျင်မှု စတင်ခံစားရပါက အနားယူရန် တိုက်တွန်းပါ
  • ပုံမှန်လှုပ်ရှားမှုများကို မရပ်တန့်ပါနှင့် – ကလေး၏ ပုံမှန်လုပ်ဆောင်မှုများကို ရပ်တန့်လိုက်ခြင်းက ကြီးထွားနာကျင်မှု (Growing Pains) ကို မကာကွယ်နိုင်ပါ၊ ထို့ကြောင့် ကလေးကို တက်ကြွစွာ ဆက်လက်လှုပ်ရှားနေစေရန် အားပေးပါ
  • အားကစား ရက်ကန့်သတ်ချက် – အမေရိကန် ကလေးအထူးကုဆရာဝန်များအသင်းမှ ကြွက်သား အလွန်အကျွံ အသုံးပြုခြင်းကြောင့်ဖြစ်သော နာကျင်မှုများကို ကာကွယ်ရန်အတွက် သတ်မှတ်ထားသော အားကစားတစ်ခုကို တစ်ပတ်လျှင် (၅) ရက်ထက်ပို၍ မကစားရန် အကြံပြုထားသည်
  • ဗီတာမင်ဒီ (Vitamin D) – အူလမ်းကြောင်းမှ ကယ်လ်ဆီယမ် စုပ်ယူမှုကို မြှင့်တင်ရန်နှင့် ကြီးထွားနေသော အရိုးများကို သန်မာစေရန်အတွက် တစ်နေ့လျှင် ဗီတာမင် ဒီ 600 IU တိုက်ကျွေးပါ

References:

  1. Cleveland Clinic. (2025). Growing pains. Retrieved March 23, 2026, from https://my.clevelandclinic.org/health/diseases/13019-growing-pains
  2. Mayo Clinic. (2025). Growing pains: Diagnosis and treatment. Retrieved March 23, 2026, from https://www.mayoclinic.org/diseases-conditions/growing-pains/diagnosis-treatment/drc-20354353
  3. Mayo Clinic. (2025). Growing pains: Symptoms and causes. Retrieved March 23, 2026, from https://www.mayoclinic.org/diseases-conditions/growing-pains/symptoms-causes/syc-20354349
  4. Hospital for Special Surgery. (n.d.). Growing pains. Retrieved March 23, 2026, from https://www.hss.edu/health-library/conditions-and-treatments/list/growing-pains

Published: 24 April 2026

Share

Category

24 April 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.