Bowel Obstruction (အူပိတ်ခြင်း)

Bowel Obstruction (အူပိတ်ခြင်း)

အူပိတ်ခြင်း (Bowel obstruction) ဆိုသည်မှာ အစာဟောင်းများ၊ အရည်များနှင့် လေများ အူလမ်းကြောင်းအတွင်း ပုံမှန်အတိုင်း ဆက်လက်စီးဆင်း၍မရဘဲ အူလမ်းကြောင်း၏ တစ်နေရာရာတွင် ပိတ်ဆို့နေခြင်းဖြစ်သည်။ ဤအခြေအနေကြောင့် ပိတ်ဆို့နေသောနေရာ၏ အပေါ်ဘက်တွင် အစာနှင့် လေများ စုပုံလာစေပြီး အူနံရံကို ဖောင်းကြွလာစေသည်။ အူပိတ်ခြင်းကို အချိန်မီ မကုသပါက အူနံရံပေါက်ထွက်ခြင်း သို့မဟုတ် အူပုပ်ခြင်းကဲ့သို့သော အသက်အန္တရာယ်ရှိသည့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပွါးနိုင်သဖြင့် အရေးပေါ် ကျန်းမာရေးအခြေအနေတစ်ရပ်အဖြစ် သတ်မှတ်သည်။

အူပိတ်ခြင်းအမျိုးအစားများ

အူပိတ်ခြင်းကို ပိတ်ဆို့မှုအတိုင်းအတာနှင့် ဖြစ်ပေါ်ပုံအပေါ် မူတည်၍ အောက်ပါအတိုင်း အမျိုးအစားခွဲခြားနိုင်သည်။

  1. ပိတ်ဆို့မှုအတိုင်းအတာအပေါ် မူတည်၍ ခွဲခြားခြင်း
    • အူတစ်စိတ်တစ်ပိုင်း ပိတ်ခြင်း (Partial Obstruction) – အူလမ်းကြောင်း လုံးဝပိတ်မသွားဘဲ အစာ သို့မဟုတ် လေအချို့ ဖြတ်သန်းသွားနိုင်သေးသော အခြေအနေဖြစ်သည်
    • အူလုံးဝပိတ်ခြင်း (Complete Obstruction) – အစာ၊ အရည်နှင့် လေများ လုံးဝဖြတ်သန်းသွား၍ မရတော့ဘဲ ပိတ်ဆို့နေခြင်းဖြစ်သည်၊ ၎င်းသည် အလွန်စိုးရိမ်ရသော အခြေအနေဖြစ်သည်
    • အူလမ်းကြောင်း လှုပ်ရှားမှု ရပ်တန့်ခြင်း (Paralytic Ileus / Pseudo-obstruction) – အူလမ်းကြောင်းအတွင်း တစ်စုံတစ်ရာ ပိတ်ဆို့နေခြင်းမျိုး မဟုတ်ဘဲ အာရုံကြော သို့မဟုတ် ကြွက်သားများ ချို့ယွင်းမှုကြောင့် အူ၏ လှုပ်ရှားမှုရပ်ဆိုင်းသွားကာ အူပိတ်သည့် လက္ခဏာများ ပြခြင်းဖြစ်သည်
  2. လက္ခဏာပြပုံနှင့် ကြာချိန်ပေါ် မူတည်၍ ခွဲခြားခြင်း
    • ရုတ်တရက် အူပိတ်ခြင်း (Acute Bowel Obstruction) – ရောဂါလက္ခဏာများ ရုတ်ချည်းပြင်းထန်စွာ ပေါ်ပေါက်လာခြင်းဖြစ်သည်
    • နာတာရှည်ဖြစ်နေပြီး ရုတ်တရက် လက္ခဏာပြခြင်း (Acute on Chronic Bowel Obstruction) – အူလမ်းကြောင်း တစ်ဖြည်းဖြည်းကျဉ်းလာရာမှ ရုတ်တရက် လုံးဝပိတ်သွားခြင်းဖြစ်သည်
    • နာတာရှည် အူပိတ်ခြင်း (Chronic Bowel Obstruction) – အချိန်ကာလ ကြာမြင့်စွာ တဖြည်းဖြည်းချင်း အူပိတ်လာသော အခြေအနေဖြစ်သည်
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အူပိတ်ခြင်းကို ဖြစ်စေသည့် အကြောင်းရင်းများသည် လူနာ၏ အသက်အရွယ်ပေါ်မူတည်၍ ကွဲပြားလေ့ရှိသည်။

  1. ကလေးငယ်များနှင့် လသားကလေးများတွင် ဖြစ်ပွါးတတ်သော အခြေအနေများ
    ကလေးများတွင် အူပိတ်ခြင်းသည် မွေးရာပါ ချို့ယွင်းချက်များ သို့မဟုတ် အူလမ်းကြောင်း ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာများကြောင့် ဖြစ်နိုင်သည်။
    • အူစွပ်ခြင်း (Intussusception) – အူလမ်းကြောင်း၏ အစိတ်အပိုင်းတစ်ခုသည် နောက်အစိတ်အပိုင်းတစ်ခုအတွင်းသို့ စွပ်ဝင်သွားခြင်းဖြစ်သည်၊ ၎င်းသည် ကလေးငယ်များတွင် အူပိတ်ခြင်းကိုဖြစ်စေသော အဓိကအကြောင်းရင်းဖြစ်သည်
    • မွေးရာပါ အူလမ်းကြောင်း ပုံမမှန်လည်ပတ်ခြင်းနှင့် အူခေါက်ခြင်း (Intestinal Malrotation and Volvulus) – သန္ဓေသားဘဝတွင် အူများပုံမှန်အတိုင်း နေရာမကျဘဲ လိမ်နေခြင်းကြောင့် အူလမ်းကြောင်း ပိတ်ဆို့သွားခြင်းဖြစ်သည်
    • မွေးရာပါ အူလမ်းကြောင်းလှုပ်ရှားမှု အားနည်းသောရောဂါ (Hirschsprung’s Disease) – အူမကြီး၏ အစိတ်အပိုင်းတစ်ခုတွင် အာရုံကြောဆဲလ်များ မပါရှိသဖြင့် လှုပ်ရှားမှုပုံမမှန်ဘဲ အူပိတ်ခြင်းဖြစ်သည်
    • မွေးကင်းစဝမ်း (ငယ်ချေး) ကြောင့် အူပိတ်ခြင်း (Meconium Ileus) – လမစေ့ဘဲ မွေးသော ကလေးများ သို့မဟုတ် Cystic Fibrosis ရောဂါရှိသော ကလေးများတွင် မွေးကင်းစဝမ်း (Meconium) မှာ အလွန်စေးကပ်နေသဖြင့် အူပိတ်သွားခြင်းဖြစ်သည်
    • အူလမ်းကြောင်း ကျဉ်းခြင်း သို့မဟုတ် ပိတ်နေခြင်း (Atresia/Stenosis) – မွေးရာပါ အူလမ်းကြောင်း တစ်နေရာတွင် အပေါက်မပါဘဲ ပိတ်နေခြင်း သို့မဟုတ် အလွန်ကျဉ်းနေခြင်းဖြစ်သည်
  2. လူကြီးများတွင် အဖြစ်များသော အကြောင်းရင်းများ
    လူကြီးများတွင်မူ ခွဲစိတ်မှုရာဇဝင်နှင့် နာတာရှည်ရောဂါများကြောင့် အူပိတ်ခြင်း ပိုမိုဖြစ်ပွါးတတ်သည်။
    • အူကပ်ခြင်း (Intestinal Adhesions) – ဝမ်းဗိုက်ခွဲစိတ်မှု ခံယူဖူးသူများတွင် ဝမ်းဗိုက်အတွင်း အမျှင်တစ်ရှူးများ ဖြစ်ပေါ်လာပြီး အူများကို ဆွဲကပ်ထားခြင်း သို့မဟုတ် ရစ်ပတ်ထားခြင်းကြောင့်ဖြစ်သည်၊ ၎င်းသည် လူကြီးများတွင် အူသိမ်ပိတ်ခြင်း၏ အဓိကအကြောင်းရင်းဖြစ်သည်
    • အူကျွံခြင်း (Hernia) – အူအစိတ်အပိုင်းသည် ဝမ်းဗိုက်ကြွက်သား အားနည်းသောနေရာမှတစ်ဆင့် အပြင်သို့ ကျွံထွက်ပြီး ညပ်သွားခြင်းဖြစ်သည်
    • အူမကြီးကင်ဆာ (Colon Cancer) – အူလမ်းကြောင်းအတွင်း ကင်ဆာအကျိတ် ကြီးထွားလာခြင်းကြောင့် လမ်းကြောင်းပိတ်သွားခြင်းဖြစ်သည်
  3. အခြားသော အကြောင်းရင်းများ
    • အူရောင်ရမ်းနာ ရောဂါများ – ခရုန်းရောဂါ (Crohn’s Disease) ကဲ့သို့သော ရောဂါများကြောင့် အူနံရံများ ထူလာပြီး လမ်းကြောင်းကျဉ်းသွားခြင်းဖြစ်သည်
    • အူမကြီး အိတ်ငယ်များ ရောင်ခြင်း (Diverticulitis) – အူမကြီးနံရံရှိ အိတ်ငယ်လေးများ ရောင်ရမ်းပြီး အူလမ်းကြောင်းကို ဖိမိခြင်းဖြစ်သည်
    • အူခေါက်ခြင်း (Volvulus) – အူမကြီး၏ အစိတ်အပိုင်းတစ်ခုသည် မိမိဘာသာ လိမ်ခေါက်သွားခြင်းဖြစ်သည်
    • ဝမ်းမာများ ပိတ်ဆို့ခြင်း (Impacted Feces) – အလွန်အမင်း ဝမ်းချုပ်သူများတွင် မာကျောသောဝမ်းများ အူလမ်းကြောင်းတွင် တစ်နေခြင်းဖြစ်သည်
  4. အူလမ်းကြောင်း လှုပ်ရှားမှုရပ်တန့်ခြင်း (Paralytic Ileus / Pseudo-obstruction)
    ၎င်းသည် အူလမ်းကြောင်းတွင် တစ်စုံတစ်ရာ ပိတ်ဆို့နေခြင်း မဟုတ်ဘဲ အာရုံကြောနှင့် ကြွက်သားများ အလုပ်မလုပ်တော့ခြင်းဖြစ်သည်။
    • ခွဲစိတ်မှုအပြီး နောက်ဆက်တွဲ – ဝမ်းဗိုက် သို့မဟုတ် တင်ပါးဆုံတွင်း ခွဲစိတ်မှု ခံယူပြီးစတွင် အူလှုပ်ရှားမှု ခေတ္တရပ်သွားခြင်းဖြစ်သည်
    • ရောဂါပိုးဝင်ခြင်း – ဝမ်းဗိုက်ခေါင်းအတွင်း ပိုးဝင်ခြင်း သို့မဟုတ် ပြင်းထန်သော အဆုတ်ရောင်ခြင်းတို့ကြောင့် ဖြစ်နိုင်သည်
    • ဆေးဝါးများ – စိတ်ကျရောဂါကုဆေးများ၊ ဘိန်းအနွယ်ဝင် အကိုက်အခဲပျောက်ဆေးများ (Opioids) သောက်သုံးခြင်းကြောင့် အူလှုပ်ရှားမှု နှေးကွေးသွားခြင်းဖြစ်သည်
    • အာရုံကြောရောဂါများပါကင်ဆန်ရောဂါ သို့မဟုတ် သွေးတွင်း ဓာတ်ဆားဓာတ် (ဥပမာ – ပိုတက်စီယမ်) မမျှတခြင်းတို့ကြောင့် ဖြစ်ပွါးနိုင်သည်
ယှဉ်တွဲလာတတ်သောရောဂါလက္ခဏာများ

အူပိတ်သည့်အခါ အောက်ပါလက္ခဏာများကို ခံစားရနိုင်သည်။

  • ဗိုက်အောင့်ခြင်း၊ ဗိုက်ရစ်နာခြင်း
  • ဗိုက်ဖောင်း၍ တင်းခြင်း
  • ပျို့အန်ခြင်း
  • ပြင်းထန်စွာ ဝမ်းချုပ်ခြင်း (အူလမ်းကြောင်း လုံးဝပိတ်သွားပါက ဝမ်းလုံးဝ မသွားခြင်း)
  • ဝမ်းလျှောခြင်း (အူလမ်းကြောင်း တစ်စိတ်တစ်ပိုင်း ပိတ်နေသည့် လက္ခဏာဖြစ်တတ်သည်)
  • လေမလည်ခြင်း
  • အစားအသောက် ပျက်ခြင်း
  • နှလုံးခုန်မြန်ခြင်း၊ ဆီးအရောင်ရင့်ခြင်းနှင့် ရေဓာတ်ခမ်းခြောက်သည့် လက္ခဏာများ
ကလေးငယ်များတွင် တွေ့ရသော လက္ခဏာများ

ကလေးငယ်များသည် လူကြီးများကဲ့သို့ပင် ခံစားရသော်လည်း ၎င်းတို့မှာ မည်သည့်နေရာတွင် နာကျင်နေသည်ကို မပြောပြနိုင်သောကြောင့် ခြေထောက်များကို ဝမ်းဗိုက်ဆီသို့ ဆွဲကပ်ထားပြီး ငိုနေတတ်သည်။ အခြားလက္ခဏာများမှာ_

  • ဖျားခြင်း
  • ဝမ်းထဲတွင် သွေးပါခြင်း
  • အစိမ်းရောင် သို့မဟုတ် အဝါရောင်သန်းသော အန်ဖတ်များ အန်ခြင်း
  • မှိုင်နေခြင်း (ပုံမှန်ထက် လှုပ်ရှားမှုနည်းသွားခြင်း)
  • ဗိုက်ဖောင်းလာပြီး တင်းမာနေခြင်း
နောက်ဆက်တွဲပြဿနာများ

အူပိတ်ခြင်းကို မကုသဘဲထားပါက အသက်အန္တရာယ်ရှိသော အောက်ပါ နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်သည်။

  • အူပိတ်ခြင်း
  • အူပုပ်ခြင်း
  • အူပေါက်ခြင်း
  • ဝမ်းခေါင်းအမြှေးပါး အလွှာရောင်ခြင်း (Peritonitis)
  • ပိုးဆိပ်ပျံ့နှံ့ခြင်း (Septicemia)
  • သွေးလန့်ခြင်း (Shock)
ဆေးရုံ၊ ဆေးခန်းပြသရန်

အူပိတ်ခြင်းသည် ပိတ်ဆို့မှုအတိုင်းအတာနှင့် အကြောင်းရင်းပေါ်မူတည်၍ အရေးပေါ်ကုသမှု လိုအပ်ချက် ကွာခြားနိုင်သည်။

  1. အရေးပေါ်ဌာနသို့ ချက်ချင်းသွားရောက်ရမည့် အခြေအနေများ (Surgical Emergencies)
    အောက်ပါလက္ခဏာများသည် အူညပ်ခြင်း၊ အူပုပ်ခြင်း သို့မဟုတ် အူပေါက်ခြင်းကဲ့သို့သော အသက်အန္တရာယ်ရှိသည့် အခြေအနေများကို ညွှန်ပြနေသဖြင့် နီးစပ်ရာ ဆေးရုံအရေးပေါ်ဌာနသို့ ချက်ချင်းသွားရောက်ရမည်။
    • ဗိုက်အလွန်အမင်း အောင့်ခြင်း၊ ရစ်နာခြင်းနှင့်အတူ ဗိုက်ကို ထိရုံမျှဖြင့် နာကျင်နေခြင်း
    • အစာနှင့် အရည် လုံးဝမဝင်ဘဲ ဆက်တိုက်အန်နေခြင်း (အထူးသဖြင့် အန်ဖတ်တွင် အညိုရောင် သို့မဟုတ် မစင်နံ့ကဲ့သို့ ရရှိခြင်း)
    • ဝမ်းလုံးဝမသွားဘဲ လေပင်မလည်တော့ခြင်း
    • ဖျားခြင်း၊ နှလုံးခုန်မြန်ခြင်းနှင့် အားအင်ကုန်ခမ်း၍ မှိုင်နေခြင်း (ပိုးဆိပ်တက်သည့် လက္ခဏာများ)
    • ကလေးငယ်များတွင် ဗိုက်နာ၍ အဆက်မပြတ်အော်ငိုခြင်း၊ ခြေထောက်များကို ဝမ်းဗိုက်ဆီသို့ ဆွဲကပ်ထားခြင်းနှင့် အစိမ်းရောင်အန်ဖတ်များ အန်ခြင်း
  2. မိသားစုဆရာဝန်နှင့် အမြန်ဆုံးတိုင်ပင်ရမည့် အခြေအနေများ
    ရောဂါလက္ခဏာများမှာ အထက်ပါအတိုင်း မပြင်းထန်သေးသော်လည်း အောက်ပါအခြေအနေများ ရှိနေပါက ရောဂါရှာဖွေရန်အတွက် ဆရာဝန်နှင့် အမြန်ဆုံး ပြသသင့်သည်။
    • ဝမ်းဗိုက်အတွင်း တင်းကျပ်၍ အစာစားပြီးတိုင်း ဗိုက်အောင့်ခြင်း၊ လေပွခြင်း
    • ဝမ်းသွားသည့် အလေ့အထ သိသိသာသာ ပြောင်းလဲလာခြင်း (ဥပမာ – ဝမ်းခဏခဏချုပ်ခြင်းနှင့် ဝမ်းလျှောခြင်း တစ်လှည့်စီဖြစ်ခြင်း)
    • ဝမ်းဗိုက်ခွဲစိတ်မှု ရာဇဝင်ရှိသူများတွင် ဗိုက်အောင့်သည့်ဝေဒနာ မကြာခဏ ခံစားရခြင်း
    • ဝမ်းဗိုက်အတွင်း အလုံးအကျိတ်ရှိသည်ဟု သံယရှိခြင်း သို့မဟုတ် အူကျွံသည့် အလုံးအဖု ရှိနေခြင်း

မိသားစုဆရာဝန်မှ စမ်းသပ်စစ်ဆေးပြီးနောက် လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ခြင်း သို့မဟုတ် အထူးကုဆေးရုံများသို့ အချိန်မီ လွှဲပြောင်းကုသပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

သက်ဆိုင်ရာဆရာဝန်မှ ရောဂါရာဇဝင်ကို မေးမြန်းခြင်း၊ အသေးစိတ် စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်သည့်အပြင် သွေးစစ်ဆေးခြင်းနှင့် ပုံရိပ်ဖော်စစ်ဆေးမှုများကို ပြုလုပ်သည်။

  1. ဆရာဝန်မှ စမ်းသပ်စစ်ဆေးခြင်း
    လူနာ၏ရောဂါရာဇဝင်ကို မေးမြန်းခြင်းနှင့် ဗိုက်ဖောင်းခြင်း၊ တင်းခြင်း ရှိမရှိ စမ်းသပ်ခြင်းနှင့် နားကြပ်ဖြင့် အူလှုပ်ရှားသံကို နားထောင်ခြင်းတို့ ပြုလုပ်မည်ဖြစ်သည်။ လိုအပ်ပါက စအိုမှတစ်ဆင့် လက်ညှိုးထည့် စမ်းသပ်ခြင်း (Digital Rectal Examination) ပြုလုပ်မည်။
  2. သွေးစစ်ဆေးခြင်းနှင့် ဝမ်းစစ်ဆေးခြင်း
    • သွေးစစ်ဆေးခြင်း – ခန္ဓာကိုယ်အတွင်းရှိ ဓာတ်ဆားဓာတ်များ၏ ပမာဏကို သိရှိရန် ပြုလုပ်သည်
    • ဝမ်းစစ်ဆေးခြင်း (Stool guaiac) – သာမန်မျက်စိဖြင့် မမြင်နိုင်သော သွေးစများကို ဝမ်းနမူနာထဲတွင် ရှာဖွေစစ်ဆေးခြင်းဖြစ်သည်
  3. ပုံရိပ်ဖော်စစ်ဆေးမှုများ (Imaging Studies)
    • ဝမ်းဗိုက်ဓာတ်မှန်ရိုက်ခြင်း (Abdominal X-ray)
      အူလမ်းကြောင်း ပိတ်ဆို့နေမှု ရှိမရှိကို ကြည့်ရှုရန် ပြုလုပ်သည်။
    • အာထရာဆောင်း (USG)
      ကလေးငယ်များတွင် အူခေါက်ခြင်း (Intussusception) ရှိမရှိ စစ်ဆေးရာ၌ အဓိကသုံးသည်။
    • ကွန်ပျူတာ ဓာတ်မှန်ရိုက်ခြင်း (CT scan)
      အူလမ်းကြောင်း၊ ကြွက်သားနှင့် အခြားအစိတ်အပိုင်းများကို ရိုးရိုး ဝမ်းဗိုက်ဓာတ်မှန်ထက် အသေးစိတ် ပုံဖော်ပေးနိုင်သည်။
    • အစာအိမ်နှင့် အူလမ်းကြောင်း ဆေးသွင်းဓာတ်မှန်ရိုက်ခြင်း (Barium swallow/Upper GI series)
      ဘေရီယမ် (Barium) ဆေးရည်ကို သောက်၍ ဓာတ်မှန်ရိုက်ခြင်းဖြစ်သည်၊ ဤဆေးရည်သည် အစာအိမ်နှင့် အူလမ်းကြောင်း အစိတ်အပိုင်းများကို ပိုမိုထင်ရှားစွာ တွေ့မြင်နိုင်သဖြင့် အူလမ်းကြောင်း တည်နေရာလွဲမှားမှုနှင့် ပိတ်ဆို့မှုများကို ကောင်းစွာ မြင်တွေ့နိုင်သည်။
    • စအိုမှ ဆေးသွင်းဓာတ်မှန်ရိုက်ခြင်း (Barium enema)
      ဘေရီယမ်ဆေးရည်ကို စအိုမှတစ်ဆင့် သွင်းပြီး ဓာတ်မှန်ရိုက်ခြင်းဖြစ်သည်၊ အူမကြီး ပိတ်ဆို့နေခြင်းရှိမရှိ နှင့် ပိတ်ဆို့နေရာကို သိရှိရန် အထောက်အကူပြုသည်။
  4. မှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်း (Flexible Sigmoidoscopy)
    မှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်းကို များသောအားဖြင့် အူခေါက်ခြင်း (Volvulus) ဖြစ်နေသည်ဟု သံသယရှိသည့်အခါမျိုးတွင်သာ ပြုလုပ်လေ့ရှိသည်။ ပျော့ပျောင်းသော မှန်ပြောင်းငယ်ကို အသုံးပြု၍ အူလမ်းကြောင်းအောက်ပိုင်း၊ အူမကြီးနှင့် စအိုတို့ကို ကြည့်ရှုစစ်ဆေးခြင်းဖြစ်သည်။
ကုသခြင်း

အူပိတ်ခြင်းသည် အရေးပေါ်အခြေအနေ ဖြစ်နိုင်သဖြင့် များသောအားဖြင့် ဆေးရုံတက်ရောက် ကုသရန် လိုအပ်သည်။ ကုသမှု နည်းလမ်းများသည် အူပိတ်ရခြင်း အကြောင်းရင်းနှင့် ပြင်းထန်မှုအပေါ် မူတည်သည်။

ဆေးရုံသို့ ရောက်ရှိပါက အခြားကုသမှုများ မစတင်မီ လူနာ၏ အသက်အန္တရာယ် မရှိစေရန် အောက်ပါတို့ကို ဦးစွာလုပ်ဆောင်မည်။

  • အစာလမ်းကြောင်းကို အနားပေးခြင်း (NPO) – အူလမ်းကြောင်းအတွင်း ဖိအားလျော့ကျစေရန် ပါးစပ်မှ အစာနှင့်အရည် သောက်သုံးခြင်းကို လုံးဝ ခေတ္တရပ်နားထားရမည်
  • အကြောဆေးရည် သွင်းခြင်း (IV Fluids) – ခန္ဓာကိုယ်အတွက် လိုအပ်သော ရေဓာတ်နှင့် သတ္တုဓာတ် (Electrolytes) များ ရရှိစေရန်နှင့် ရေဓာတ်ခန်းခြောက်မှုကို ကာကွယ်ရန် အကြောမှတစ်ဆင့် အရည်များ သွင်းပေးမည်
  • နှာခေါင်းပိုက် ထည့်ခြင်း (Nasogastric Tube) – နှာခေါင်းမှတစ်ဆင့် အစာအိမ်ထဲသို့ ပိုက်ထည့်ကာ အူအတွင်း စုပုံနေသော လေနှင့် အရည်များကို စုပ်ထုတ်ပေးခြင်းဖြင့် ဗိုက်ဖောင်းခြင်းနှင့် အန်ခြင်းကို လျှော့ချပေးမည်
  • ဆီးပိုက်ထည့်ခြင်း – ကျောက်ကပ် အလုပ်လုပ်ပုံနှင့် ခန္ဓာကိုယ်အတွင်း အရည်ပမာဏကို စောင့်ကြည့်ရန် ဆီးပိုက် ထည့်သွင်းပေးမည်
  • ပဋိဇီဝပိုးသတ်ဆေးများ ပေးခြင်း – အူအတွင်း ပိုးဝင်ခြင်း သို့မဟုတ် ပိုးဆိပ်ပျံ့ခြင်းကို ကာကွယ်ရန် ပိုးသတ်ဆေးများ ညွှန်ကြားပေးမည်
အူတစ်စိတ်တစ်ပိုင်း ပိတ်ခြင်းအတွက် ကုသမှု (Partial Obstruction)

အူလမ်းကြောင်း တစ်စိတ်တစ်ပိုင်းသာ ပိတ်ပါက အရေးပေါ် ခွဲစိတ်ရန် မလိုအပ်ဘဲ စောင့်ကြည့်ကုသနိုင်သည်။

  • အစာလမ်းကြောင်းကို အနားပေးရင်း အူပြန်ပွင့်လာသည်အထိ စောင့်ကြည့်ခြင်းဖြစ်သည်
  • အခြေအနေ တိုးတက်လာပါက အမျှင်ဓာတ်နည်းသော အစားအစာများ (Low-fiber diet) ကို စတင်ကျွေးနိုင်သည်
  • အကယ်၍ စောင့်ကြည့်နေစဉ်အတွင်း အူပိတ်ခြင်းမှာ လုံးဝပွင့်မသွားဘဲ ပိုမိုဆိုးရွားလာပါက ခွဲစိတ်ကုသမှု ပြုလုပ်ရမည်
အူလုံးဝပိတ်ခြင်းအတွက် ကုသမှု (Complete Obstruction)

အစာနှင့် အရည်များ လုံးဝဖြတ်သန်း၍ မရတော့ဘဲ အူလုံးဝပိတ်နေပါက ခွဲစိတ်ကုသရန် လိုအပ်သည်။

  • ခွဲစိတ်ခြင်း – ပိတ်ဆို့နေသည့် အရာကို ဖယ်ရှားခြင်း၊ လိမ်နေသောအူကို ပြန်ဖြေခြင်း သို့မဟုတ် ပုပ်နေသော အူအစိတ်အပိုင်းများကို ဖြတ်ထုတ်ခြင်းများ ပြုလုပ်ရမည်
  • အူပြန်ဆက်ခြင်း သို့မဟုတ် အူလမ်းကြောင်းလွှဲခြင်း – အခြေအနေပေါ် မူတည်၍ ဖြတ်ထားသော အူကို ပြန်ဆက်ပေးမည် သို့မဟုတ် ဝမ်းဗိုက်တွင် အူလမ်းကြောင်းလွှဲ အပေါက် (Stoma) ဖောက်ပေးရနိုင်သည်
  • ပိုက်ထည့်ခြင်း (Stent) – အချို့သော လူနာများ (ဥပမာ – အူမကြီးကင်ဆာကြောင့် အူပိတ်သော်လည်း ခွဲစိတ်မှုကြီး မခံနိုင်သူများ) တွင် အူလမ်းကြောင်း ပွင့်နေစေရန် သတ္တုပိုက်ငယ် (Stent) ထည့်သွင်း၍ ကုသနိုင်သည်
အူလှုပ်ရှားမှု ရပ်တန့်ခြင်းအတွက် ကုထုံး (Pseudo-obstruction)

အူလမ်းကြောင်းပိတ်ဆို့ခြင်းမရှိဘဲ အာရုံကြောနှင့် ကြွက်သားကြောင့် အူလှုပ်ရှားမှု ရပ်တန့်နေခြင်း ဖြစ်ပါက အောက်ပါအတိုင်း ကုသမည်။

  • အကြောင်းရင်းကို ကုသခြင်း – အူလှုပ်ရှားမှု ရပ်တန့်စေသည့် ဆေးဝါးများ သို့မဟုတ် ဓာတ်ဆားဓာတ် မမျှတမှုများကို ကုသရန် လိုအပ်သည်
  • ဆေးဝါးဖြင့် လှုံ့ဆော်ခြင်း – အူများ ပြန်လည်လှုပ်ရှားစေရန် ဆေးဝါးများ ပေးနိုင်သည်
  • လေစုပ်ထုတ်ခြင်း (Decompression) – အခြေအနေ မထူးခြားပါက မှန်ပြောင်း အသုံးပြု၍ အူအတွင်းရှိ လေများကို စုပ်ထုတ်ပေးနိုင်သည်
ကာကွယ်ခြင်း
  • အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများ စားသုံးပါ – ဝမ်းမှန်စေရန်နှင့် အူလမ်းကြောင်းအတွင်း အစာဟောင်းများ ပိတ်ဆို့မှုမရှိစေရန် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများကို နေ့စဉ်စားသုံးပေးသင့်သည်
  • ရေဓာတ်လုံလောက်စွာ ဖြည့်တင်းပါ – အူလမ်းကြောင်း လှုပ်ရှားမှု ကောင်းမွန်စေရန်နှင့် ဝမ်းမာခြင်းကို ကာကွယ်ရန် တစ်နေ့လျှင် ရေ (၂) လီတာခန့် ပုံမှန်သောက်ပေးသင့်သည်
  • ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပါ – တစ်နေ့လျှင် မိနစ် (၃၀) ခန့် လမ်းလျှောက်ခြင်း သို့မဟုတ် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းသည် အူ၏အလိုအလျောက် ညှစ်ထုတ်နိုင်စွမ်းကို တိုးတက်စေပြီး အူလှုပ်ရှားမှု ရပ်တန့်ခြင်း (Ileus) ကို ကာကွယ်ပေးနိုင်သည်
  • ဝမ်းဗိုက်ခွဲစိတ်မှု ရာဇဝင်ရှိပါက ဂရုပြုပါ – ယခင်က ဝမ်းဗိုက်ခွဲစိတ်မှု ခံယူဖူးသူများသည် အူကပ်ခြင်း (Adhesions) ဖြစ်နိုင်ခြေရှိသဖြင့် ဗိုက်အောင့်ခြင်း၊ ဝမ်းချုပ်ခြင်း သို့မဟုတ် လေပွခြင်းများ ပုံမှန်ထက် ပိုဖြစ်လာပါက ဆရာဝန်နှင့် ပြသ၍ စစ်ဆေးမှု ခံယူသင့်သည်
  • ဆေးလိပ်ဖြတ်ပါ – ဆေးလိပ်သောက်ခြင်းသည် အူလမ်းကြောင်းသို့ သွေးစီးဆင်းမှုကို ထိခိုက်စေနိုင်သည့်အပြင် ကင်ဆာဖြစ်နိုင်ခြေကိုလည်း မြင့်တက်စေသည်

References:

  1. Mayo Clinic . (2021). Intestinal obstruction: Symptoms and causes. Retrieved March 18, 2026, from https://www.mayoclinic.org/diseases-conditions/intestinal-obstruction/symptoms-causes/syc-20351460
  2. Mayo Clinic . (2021). Intestinal obstruction: Diagnosis and treatment. Retrieved March 18, 2026, from https://www.mayoclinic.org/diseases-conditions/intestinal-obstruction/diagnosis-treatment/drc-20351465
  3. Cleveland Clinic. (2023). Bowel obstruction. Retrieved March 18, 2026, from https://my.clevelandclinic.org/health/diseases/bowel-obstruction

Published: 23 April 2026

Share

Category

23 April 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.