စကားပြောဆိုဆက်သွယ်မှု ချို့ယွင်းခြင်း (Aphasia) ဆိုသည်မှာ ဦးနှောက်၏ ဘာသာစကားနှင့် ဆက်သွယ်ပြောဆိုမှုကို ထိန်းချုပ်သည့် အစိတ်အပိုင်းများ ထိခိုက်ပျက်စီးခြင်းကြောင့် ဖြစ်ပေါ်လာသော ဘာသာစကားအသုံးပြုမှုဆိုင်ရာ ချို့ယွင်းမှုတစ်ခုဖြစ်သည်။ ၎င်းသည် လူတစ်ဦး၏ ဉာဏ်ရည်ဉာဏ်သွေးကို ထိခိုက်ခြင်းမဟုတ်ဘဲ စကားလုံးများကို နားလည်ရန် သို့မဟုတ် စကားလုံးများဖြင့် ပြန်လည်ဖော်ပြရန် ခက်ခဲသွားခြင်းဖြစ်သဖြင့် စကားပြောဆိုခြင်းသာမက စာရေးခြင်းနှင့် စာဖတ်ခြင်းစွမ်းရည်များကိုပါ ထိခိုက်စေသည်။
Aphasia ဖြစ်ပွားရခြင်းမှာ ဦးနှောက်ကို ထိခိုက်စေသော ရောဂါအခံများကြောင့်ဖြစ်ပြီး လေဖြတ်ခြင်း သို့မဟုတ် ဦးခေါင်းထိခိုက်ဒဏ်ရာရခြင်းတို့တွင် ဤလက္ခဏာများ ရုတ်တရက် ပေါ်ပေါက်နိုင်သကဲ့သို့၊ ဦးနှောက်အကျိတ်နှင့် နာတာရှည် ဦးနှောက်ဆဲလ်ပျက်စီးသော ရောဂါများတွင်မူ တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာတတ်သည်။ ရောဂါပြင်းထန်မှုသည် ဦးနှောက်ထိခိုက်မှု အတိုင်းအတာပေါ်တွင် မူတည်၍ ကွာခြားနိုင်ပြီး၊ ကုသရာတွင် အကြောင်းရင်းခံရောဂါများကို ကုသခြင်း၊ စကားပြောဆိုခြင်းနှင့် ဘာသာစကားအသုံးပြုခြင်းဆိုင်ရာ ပြန်လည်သန်စွမ်းရေးကုထုံးများကို ခံယူခြင်း စသည့်အချက်များ ပါဝင်သည်။
ဦးနှောက်၏ ဘာသာစကားဆိုင်ရာ လုပ်ဆောင်ပုံ (Language processing)
ဦးနှောက်၏ ဘာသာစကားဆိုင်ရာ လုပ်ဆောင်ပုံသည် အဓိကအားဖြင့် ဦးနှောက်၏ ဘယ်ဘက်ခြမ်း (Left Hemisphere) ရှိ ဘာသာစကားဧရိယာ (Language area) ၏ အစိတ်အပိုင်းများ အပြန်အလှန်ချိတ်ဆက်၍ စုပေါင်းလုပ်ဆောင်သည့် ရှုပ်ထွေးနက်နဲသော ဖြစ်စဉ်တစ်ခုဖြစ်သည်။ ပြောစကားများနှင့် ရေးထားသောစာလုံးများကို နားလည်ခြင်း (Comprehension) နှင့် ထုတ်ဖော်ပြောဆိုခြင်း (Production/Generation) တို့ကို လုပ်ဆောင်ပေးသည်။
- ဘာသာစကားကို နားလည်သဘောပေါက်ခြင်း (Language Comprehension)
ဘာသာစကားကို နားလည်ရန် လုပ်ဆောင်ရာတွင် အခြေခံ အာရုံခံစားမှုမှသည် နက်နဲသောအဓိပ္ပာယ်ကို နားလည်သည်အထိ အဆင့်ဆင့် လုပ်ဆောင်ရသည်။- ကြားခြင်း/မြင်ခြင်းတို့မှ အချက်အလက်များကို လက်ခံခြင်း (Acoustic/Visual Processing)
အသံ သို့မဟုတ် စာလုံးများကို ဦးစွာ ကြားရ/မြင်ရပြီးနောက် ဦးနှောက်တွင်းရှိ အကြားအာရုံ သို့မဟုတ် အမြင်အာရုံနှင့်ဆိုင်သော အစိတ်အပိုင်းများက ထိုအသံနှင့်စာလုံးများကို လက်ခံနားလည်ရန်အတွက် ဆက်လက်လုပ်ဆောင်သည်။ - အသံထွက်နှင့် စာလုံးပုံစံကို ခွဲခြမ်းစိတ်ဖြာခြင်း (Phonological/Orthographic Analysis)
ဦးနှောက်သည် အသံနှင့်စာလုံးများကို လက်ခံပြီးနောက် ပါဝင်သော အသံထွက်များ သို့မဟုတ် စာလုံးပုံသဏ္ဌာန်များကို ခွဲခြမ်းစိတ်ဖြာသည်။ - စကားလုံးရှာဖွေခြင်းနှင့် အဓိပ္ပာယ်ဖော်ခြင်း (Lexical Access & Semantic Processing)
ခွဲခြမ်းစိတ်ဖြာထားသော အသံ သို့မဟုတ် စာလုံးများကို ဦးနှောက်ထဲတွင် သိမ်းဆည်းထားသော စကားလုံးများ၊ အနက်အဓိပ္ပာယ်များနှင့် တိုက်ဆိုင်စစ်ဆေးသည်။ - သဒ္ဒါပိုင်းဆိုင်ရာ လုပ်ဆောင်မှု (Syntactic Processing)
ဝါကျတည်ဆောက်ပုံနှင့် စကားလုံးများ၏ ဆက်စပ်မှုကို သဒ္ဒါနည်းကျကျ ခွဲခြမ်းစိတ်ဖြာသည်။ - ပေါင်းစပ်ခြင်းနှင့် အဓိပ္ပာယ်ကောက်ယူခြင်း (Integration and Interpretation)
အချက်အလက်အားလုံးကို ပေါင်းစပ်ကာ ဝါကျတစ်ခုလုံး၏ ဆိုလိုရင်းကို နားလည်အောင် လုပ်ဆောင်သည်။ တိုက်ရိုက်အဓိပ္ပာယ်သာမက ပတ်ဝန်းကျင်အခြေအနေနှင့် လူမှုရေးဆိုင်ရာ ဆိုလိုရင်းများ (ဥပမာ _ စကားပုံများ၊ တင်စားပြောဆိုခြင်း၊ သွယ်ဝိုက်ပြောဆိုခြင်းစသည်) ကိုလည်း ထည့်သွင်းစဉ်းစားသည်။
- ကြားခြင်း/မြင်ခြင်းတို့မှ အချက်အလက်များကို လက်ခံခြင်း (Acoustic/Visual Processing)
- ဘာသာစကားဖြင့် ပြောဆိုရေးသားခြင်း (Language Generation)
ဦးနှောက်ထဲမှ အတွေးများကို အခြားသူများထံသို့ စကားပြောခြင်း သို့မဟုတ် စာရေးခြင်းဖြင့် ဖော်ပြပေးသည့် လုပ်ငန်းစဉ်ဖြစ်သည်။- စိတ်ကူးပုံဖော်ခြင်း (Conceptualization) – ပြောဆိုလိုသည့် သတင်းအချက်အလက် သို့မဟုတ် အတွေးအခေါ်ကို ဦးစွာဆုံးဖြတ်သည်
- ဘာသာစကားအဖြစ် ပုံဖော်ခြင်း (Formulation) – ပုံဖော်ထားသော စိတ်ကူးကို ဘာသာစကားအဖြစ် ပြောင်းလဲသည်
- စကားလုံးရွေးချယ်ခြင်း – သင့်တော်သော စကားလုံးများကို ရွေးထုတ်ခြင်း
- သဒ္ဒါစီစဉ်ခြင်း – သက်ဆိုင်ရာဘာသာစကား၏ သဒ္ဒါစည်းမျဉ်းများနှင့်အညီ ဝါကျတည်ဆောက်ခြင်း
- ထုတ်ဖော်ပြောဆိုရန် စီစဉ်ခြင်း – ရွေးချယ်ထားသော စကားလုံးများနှင့် သဒ္ဒါမှန်သော ဝါကျများကို အသံထွက်ပြောဆိုရန် သို့မဟုတ် စာရေးရန် အစီအစဉ်ချခြင်း
- ထုတ်ဖော်ပြောဆိုခြင်း/စာရေးခြင်း (Articulation/Writing)
ဦးနှောက်သည် လျှာ၊ နှုတ်ခမ်း၊ အသံအိုး သို့မဟုတ် လက်ချောင်းများ၏ လှုပ်ရှားမှုကို ထိန်းချုပ်၍ စကားသံ သို့မဟုတ် စကားလုံးများအဖြစ် လက်တွေ့ပြင်ပတွင် ဖော်ပြပေးသည်။
- အဓိကပါဝင်သော ဦးနှောက်အစိတ်အပိုင်းများ
- Broca’s Area – ဦးနှောက်၏ ရှေ့ဘက်ခြမ်း (Frontal Lobe) တွင်ရှိပြီး စကားပြောဆိုခြင်းနှင့် သဒ္ဒါပိုင်းဆိုင်ရာ တည်ဆောက်မှုအတွက် အရေးပါသည်
- Wernicke’s Area – ဦးနှောက်၏ ဘေးဘက်ခြမ်း (Temporal Lobe) တွင် ရှိပြီး ဘာသာစကားကို အဓိပ္ပာယ်ဖော်ခြင်းနှင့် နားလည်သဘောပေါက်ခြင်းတို့အတွက် အဓိကလုပ်ဆောင်ပေးသည်
- Arcuate Fasciculus – ၎င်းသည် Broca’s နှင့် Wernicke’s ဧရိယာနှစ်ခုကို ချိတ်ဆက်ထားသော အာရုံကြောမျှင်များ ဖြစ်ပြီး နားလည်ခြင်းနှင့် ပြောဆိုခြင်းတို့အကြား အပြန်အလှန် ဆက်သွယ်ပေးသည်
- Angular Gyrus – မြင်ခြင်း၊ ကြားခြင်းတို့မှ ရရှိသော ဘာသာစကားဆိုင်ရာ အချက်အလက်မျိုးစုံကို ပေါင်းစပ်ပေးပြီး စကားလုံးများ၏ အဓိပ္ပာယ်၊ အချင်းချင်းဆက်စပ်မှုကို တွေးခေါ်ခြင်း၊ နောက်ကွယ်မှ ဆိုလိုရင်းကို နားလည်ခြင်းစသည်တို့ကို လုပ်ဆောင်ပေးသည်။
ဤသို့ ဘာသာစကားဆိုင်ရာ လုပ်ငန်းစဉ်သည် အဆက်မပြတ် တုံ့ပြန်ဆောင်ရွက်နေသော ဖြစ်စဉ်တစ်ခုဖြစ်ပြီး အာရုံစူးစိုက်မှု (Attention) နှင့် မှတ်ဉာဏ် (Memory) ကဲ့သို့သော ဦးနှောက်၏ အခြားစွမ်းဆောင်ရည်များနှင့်လည်း ဆက်စပ်နေသည်။
Aphasia အမျိုးအစားများ
ထိခိုက်သော ဦးနှောက်အပိုင်းပေါ် မူတည်၍
- စကားကို ကျွမ်းကျင်စွာပြောနိုင်ခြင်း (Fluency)
- ပြောစကားများ၊ ရေးထားသော စာလုံးများကို နားလည်နိုင်ခြင်း (Comprehension)
- ထပ်ခါထပ်ခါ ပြန်လည်ပြောဆိုနိုင်ခြင်း (Repetition)
- အမည်တပ်၍ ခေါ်ဆိုနိုင်ခြင်း (Naming) စသည့်အပိုင်းတို့တွင် အနည်းနှင့်အများ ချို့ယွင်းနိုင်သည်။
Aphasia အမျိုးအစားများမှာ_
- Broca’s aphasia (စကားပြောရခက်ခြင်း) – Broca’s area ထိခိုက်ခြင်းကြောင့် ဖြစ်ပွါးပြီး စကားပြောရခက်ခဲခြင်း၊ စကားလုံးရှာရခက်ခြင်း၊ သွက်လက်စွာ မပြောနိုင်ခြင်းကို ဖြစ်စေသည်
- Wernicke’s aphasia (စကားနားလည်ရန် ခက်ခြင်း) – Wernicke’s area ထိခိုက်ခြင်းကြောင့် ဖြစ်ပွါးပြီး အခြားသူများ၏ ပြောစကားတို့ကို နားလည်သဘောပေါက်ရန် ခက်ခဲသည်
- Global aphasia (အလုံးစုံ ချို့ယွင်းခြင်း) – ဦးနှောက်ထိခိုက်မှု ပိုမိုပြင်းထန်ပြီး နားလည်ရန်ခက်ခဲခြင်း နှင့် စကားပြောရခက်ခဲခြင်း (၂) မျိုးစလုံး ဖြစ်စေသည်
- Conduction aphasia (ဆက်သွယ်မှု ချို့ယွင်းခြင်း) – Arcuate fasciculus ပျက်စီးခြင်းကြောင့် ထပ်ခါထပ်ခါ ပြန်ပြောဆိုနိုင်မှု ခက်ခဲခြင်းကို တွေ့နိုင်သည်
- Anomic aphasia (အမည်တပ်၍ မပြောဆိုနိုင်ခြင်း) – မပြင်းထန်သော အခြေအနေတစ်ခုဖြစ်ပြီး မှန်ကန်သော စကားလုံးများကို မရွေးနိုင်သောကြောင့် အရာဝတ္ထုများကို အမည်နာမ မခေါ်နိုင်ခြင်း၊ စကားပြောရာတွင် သင့်တော်သော ကြိယာများကို မသုံးနိုင်ခြင်းကို တွေ့ရသည်
- Primary progressive aphasia (PPA) (ဘာသာစကားစွမ်းရည် တဖြည်းဖြည်းဆုံးရှုံးခြင်း) – ဦးနှောက်ဆဲလ်များ လျော့နည်းဆုံးရှုံးသောရောဂါများတွင် ဦးနှောက်၏ ဘာသာစကားလုပ်ဆောင်မှုများ တဖြည်းဖြည်း ပိုမိုဆိုးရွားစွာ ကျဆင်းလာခြင်းကို တွေ့ရသည်
ဖြစ်စေသောအကြောင်းရင်းများ
ဦးနှောက်၏ ဘာသာစကားဆိုင်ရာ လုပ်ဆောင်သော အပိုင်းများ (များသောအားဖြင့် ဦးနှောက်ဘယ်ဘက်ခြမ်းရှိ ဘာသာစကား ဧရိယာ) ထိခိုက်ခြင်းကြောင့် စကားပြောဆိုဆက်သွယ်မှု ခက်ခဲခြင်းကို ဖြစ်စေသည်။ ထိခိုက်စေသော အဓိကအကြောင်းရင်းများမှာ_
- လေဖြတ်ခြင်း (Stroke)
အဖြစ်အများဆုံး အကြောင်းရင်း ဖြစ်သည်။ ဦးနှောက်အတွင်း သွေးကြောပိတ်ခြင်း သို့မဟုတ် သွေးကြောပေါက်ခြင်းကြောင့် ဦးနှောက်၏ ဘာသာစကား ဧရိယာသို့ သွေးမရောက်တော့ဘဲ ဦးနှောက်ဆဲလ်များ သေဆုံးခြင်းကို ဖြစ်စေသည်။ - ဦးခေါင်းဒဏ်ရာရခြင်း (Traumatic Brain Injury) – မတော်တဆမှုများကြောင့် ဦးနှောက်ထိခိုက်ခြင်း
- ဦးနှောက်အကျိတ် (Brain Tumor) – အကျိတ်ကြောင့် ဦးနှောက်၏ ဘာသာစကား ဧရိယာကို ဖိမိခြင်း
- ဦးနှောက်ပိုးဝင်ခြင်း (Brain Infection) – ဥပမာအားဖြင့် ဘက်တီးရီးယားပိုးကြောင့် ဦးနှောက်အမြှေးရောင်ခြင်း
- ဦးနှောက်ရောင်ရမ်းခြင်း (Encephalitis) – ဦးနှောက်ရောင်ရမ်းခြင်းကြောင့် ဘာသာစကား ဧရိယာထိခိုက်ခြင်း
- ဦးနှောက်ဆဲလ်များ တဖြည်းဖြည်း လျော့နည်းပျက်စီးလာခြင်း – အယ်လ်ဇိုင်းမား (Alzheimer’s) စသည်တို့ဖြစ်သည်။
အထက်ပါအချက်များအပြင် ဦးနှောက်ကို ထိခိုက်စေသော အခြားအကြောင်းရင်းများသည်လည်း စကားပြောဆိုရခက်ခဲခြင်းကို ဖြစ်စေသည်။ ၎င်းတို့တွင် အောက်ပါအခြေအနေများ ပါဝင်သည်။
- ဦးနှောက်တွင်းရှိ သွေးကြောထုံးများ
- ဦးနှောက်ခွဲစိတ်မှု ခံယူထားခြင်း
- ဦးနှောက်သို့ ရောက်သော အောက်စီဂျင် မလုံလောက်ခြင်း
- ဦးနှောက်ဖွံ့ဖြိုးမှု မွေးရာပါ ချို့ယွင်းခြင်း
- အတက်ရောဂါရှိခြင်း
- ခေါင်းတစ်ခြမ်းကိုက်ရောဂါ (Migraine)
- ဓာတ်ရောင်ခြည်ကုထုံး သို့မဟုတ် ကင်ဆာဆေးသွင်းကုသခြင်း
- သတ္တုအဆိပ်သင့်ခြင်း၊ ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်ခြင်း
- လေဖြန်းခြင်း (Transient ischemic attacks)
ရောဂါဖြစ်နိုင်ချေများသူများ
အသက်အရွယ်ကြီးသူများ (အသက် ၆၅ နှစ်အထက်) တွင် လေဖြတ်ခြင်း၊ ဦးနှောက်ထိခိုက်စေသော ရောဂါများ ဖြစ်ပွါးပြီးနောက် စကားပြောဆိုရန် ခက်ခဲခြင်း ရုတ်တရက် ဖြစ်ပေါ်တတ်သည်။
ရောဂါလက္ခဏာများ
Aphasia အမျိုးအစားပေါ် မူတည်၍ လက္ခဏာများ ကွဲပြားနိုင်သည်။
- စကားပြောဆိုရန် ခက်ခဲခြင်း
စကားကို ခက်ခက်ခဲခဲ ပြောရခြင်း၊ ပြောလိုသော စကားလုံး အသုံးအနှုန်းကို ရှာမတွေ့ခြင်း၊ အသံထွက်မှားယွင်းခြင်း၊ ဝါကျတည်ဆောက်၍ ပြောရန် ခက်သဖြင့် စကားကို တစ်လုံးချင်း ခပ်တိုတိုသာ ပြောနိုင်ခြင်း၊ သဒ္ဒါအထားအသို မှားယွင်းခြင်း စသည်တို့ကို တွေ့ရသည်။ - အခြားသူများ၏ ပြောစကားကို နားလည်ရန်ခက်ခဲခြင်း
ပြောစကားနားလည်ရန် ခက်ခဲခြင်း၊ ညွှန်ကြားချက် အဆင့်ဆင့်ကို နားထောင်၍ လိုက်လုပ်ရန် ခက်ခဲခြင်း [ဥပမာ_ စာရွက်အလွတ်တစ်ရွက်ကို ရှာ၍ ပန်းပွင့်ပုံ (၅) ပုံ ဆွဲပြပါဟု အဆင့်ဆင့်ခိုင်းလျှင် လိုက်လုပ်ရန် ခက်ခဲခြင်း]၊ စကားလုံးများကို သွက်သွက်လက်လက် ပြောနိုင်သော်လည်း အဓိပ္ပါယ်မရှိသော၊ အဆက်အစပ်မရှိသော စကားများသာ ပြောခြင်း၊ မိမိပြောစကားသည် အဓိပ္ပါယ်မရှိကြောင်း ကိုယ်တိုင် သတိမထားမိခြင်း၊ အဓိပ္ပါယ်မရှိသော စကားလုံးအသစ်များ ဖန်တီးပြောဆိုခြင်း စသည်တို့ဖြစ်နိုင်သည်။ - အလုံးစုံချို့ယွင်းခြင်း – စကားပြောဆိုရန်နှင့် နားလည်နိုင်ရန် (၂) မျိုးလုံး ပြင်းထန်စွာ ချို့ယွင်းခက်ခဲခြင်း
- ထပ်ခါထပ်ခါ မပြောနိုင်ခြင်း – ပြောဆိုသုံးနှုန်းနေကျ စကားလုံးများ သို့မဟုတ် စကားစုများကို ထပ်ခါထပ်ခါ ပြောဆိုခိုင်းပါက မပြောနိုင်ခြင်း
- အမည်မခေါ်နိုင်ခြင်း – ပစ္စည်းများကို အမည်တပ်၍ မပြောနိုင်ခြင်း (ဥပမာ _ စာအုပ်၊ သော့၊ နှင်းဆီပန်း၊ လူနာမည် စသည်)
- စာဖတ်ရန်၊ စာရေးရန် ခက်ခဲခြင်း၊ ဂဏန်းသင်္ချာတွက်ရန် ခက်ခဲခြင်း
နောက်ဆက်တွဲပြဿနာများ
Aphasia အခြေအနေကြောင့် နိစ္စဓူဝပြောဆိုဆက်ဆံရာ၌ အခက်အခဲ ဖြစ်စေနိုင်ပြီး နေ့စဥ်နေထိုင်မှုဘဝကို များစွာထိခိုက်စေသည်။ လုပ်ငန်းခွင်၌ဖြစ်စေ၊ လူမှုဘဝပေါင်းသင်းဆက်ဆံရာ၌ဖြစ်စေ၊ နေ့စဥ်ပြောဆိုရာ၌ဖြစ်စေ ပြဿနာများ ဖြစ်ပေါ်နိုင်သည်။ ထို့ပြင် စကားပြောခက်ခဲခြင်းကြောင့် ပြောဆိုရန် ရှက်ရွံ့ခြင်း၊ စိတ်တိုင်းမကျဖြစ်၍ စိတ်တိုဒေါသထွက်ခြင်း၊ အဖယ်ခံရသလို ခံစားရခြင်း၊ အထီးကျန်စိတ်ဓာတ်ကျခြင်းများကို ခံစားရနိုင်သလို ရောဂါအခံများကြောင့် လှုပ်ရှားသွားလာရ ခက်ခဲခြင်း၊ မှတ်ဉာဏ်နှင့် တွေးခေါ်မှုဆိုင်ရာ ပြဿနာများကိုလည်း ခံစားရနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
စကားပြောဆိုရခက်ခဲခြင်းသည် လေဖြတ်ခြင်းကဲ့သို့သော အရေးကြီးရောဂါများ၏ လက္ခဏာဖြစ်သောကြောင့် မိသားစုဝင်တစ်ဦးတွင် စကားပြောဆိုရခက်ခဲခြင်း၊ ပြောစကားများကို နားမလည်ခြင်း၊ စကားလုံးများကို မမှတ်မိတော့ခြင်း သို့မဟုတ် စာရေးရန်၊ စာဖတ်ရန် ခက်ခဲခြင်းစသည်တို့ ရုတ်တရက်ဖြစ်ပေါ်ပါက ဆေးရုံ၊ ဆေးခန်းများသို့ အမြန်သွားရောက်ပြသရန် လိုအပ်သည်။ ထို့အပြင် လေဖြတ်ရောဂါလက္ခဏာများဖြစ်သော ကိုယ်တစ်ခြမ်း မလှုပ်နိုင်ခြင်း၊ ထုံကျဥ်ခြင်း၊ စကားပြောလုံးထွေးခြင်း၊ အစာမျိုချရခက်ခဲခြင်း၊ စိတ်အာရုံထွေပြားခြင်း၊ စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊ အာရုံမစိုက်နိုင်ခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်းတို့ ဖြစ်ပေါ်ပါက စကားပြောဆိုခြင်း ထိခိုက်နိုင်သောကြောင့် ဆေးရုံသို့ ချက်ချင်းပြရန် လိုအပ်သည်။
ရောဂါရှာဖွေခြင်း
စကားပြောဆက်သွယ်မှုဆိုင်ရာ အားနည်းချို့ယွင်းခြင်းကို ရှာဖွေအတည်ပြုရန်အတွက် ဆရာဝန်သည် လူနာ၏ ရောဂါလက္ခဏာများကို အသေးစိတ်မေးမြန်းရန် လိုအပ်သည်။ မေးမြန်းရာတွင် စကားပြောဆိုရန်၊ နားလည်ရန် ခက်ခဲသည့် လက္ခဏာများ စတင်ဖြစ်ပေါ်သည့်အချိန်နှင့် တဖြည်းဖြည်း ပိုဆိုးလာခြင်း ရှိမရှိတို့ကို မေးမြန်းမည်ဖြစ်သည်။ ရောဂါအခြေအနေကြောင့် လူနာကိုယ်တိုင် ဖြေဆိုရန် ခက်ခဲမှုရှိပါက မိသားစု သို့မဟုတ် မိတ်ဆွေများမှ စစ်ဆေးမှုတွင် အတူပါဝင်ခြင်းဖြင့် အထောက်အကူဖြစ်စေနိုင်သည်။
အကယ်၍ Aphasia ဖြစ်သည်ဟု သံသယရှိပါက လူနာကို စကားပြောခြင်းနှင့် ဘာသာစကားဆိုင်ရာ ကုထုံးပညာရှင် (Speech-Language Pathologist – SLP) ထံသို့ လွှဲပြောင်းမည်ဖြစ်သည်။ စကားပြောကုထုံးပညာရှင်သည် လူနာ၏ ဘာသာစကား နားလည်နိုင်စွမ်း (နားထောင်ခြင်း)၊ စကားပြောဆိုခြင်းနှင့် အပြန်အလှန် ပြောဆိုနိုင်စွမ်း၊ မိမိ၏ အတွေးအမြင်ကို ဖော်ပြနိုင်စွမ်း၊ စာရေးနိုင်ခြင်း၊ စာဖတ်နိုင်ခြင်း စသည်တို့ကို အသေးစိတ် စစ်ဆေးမည်ဖြစ်သည်။ ထိုသို့ စစ်ဆေးခြင်းဖြင့် ရောဂါအမျိုးအစားကို ခွဲခြားနိုင်မည်ဖြစ်သည်။ စစ်ဆေးရာတွင် အောက်ပါအချက်များကို အကဲဖြတ်စစ်ဆေးမည်ဖြစ်သည်။
- စကားပြောပြေပြစ်ချောမွေ့မှု (Fluency)
စကားကို ချောချောမွေ့မွေ့နှင့် လွယ်လွယ်ကူကူ ပြောနိုင်ခြင်း၊ စကားပြောရာတွင် အသံနိမ့်အမြင့်၊ အသံထွက်နှင့် သဒ္ဒါမှန်ကန်မှု ရှိခြင်း၊ စာရေးရာတွင် အခက်အခဲမရှိ ရေးနိုင်ခြင်းတို့ကို စစ်ဆေးသည်။ - နားလည်နိုင်စွမ်း (Understanding)
အခြားသူများပြောစကားကို နားလည်ခြင်း၊ လူနာပြောသော စကားစုများနှင့် ဝါကျများသည် အဓိပ္ပာယ်ရှိခြင်း၊ ရေးသားထားသော စာလုံးများကို ဖတ်နိုင်ပြီး နားလည်နိုင်စွမ်းရှိခြင်းကို စစ်ဆေးသည်။ - ထပ်ဆင့်ပြောဆိုနိုင်စွမ်း (Repetition)
စကားလုံးများ၊ စကားစုများ သို့မဟုတ် ဝါကျအပြည့်အစုံကို ထပ်ခါတလဲလဲ ပြန်ပြောရန် အခက်အခဲ ရှိမရှိ စစ်ဆေးသည်။ - အမည်တပ်ခေါ်ဆိုခြင်း (Naming)
အရာဝတ္ထုများ၊ လူများကို အမည်တပ်ခေါ်ဆိုခြင်း ပြုလုပ်နိုင်ခြင်း ရှိမရှိကို စစ်ဆေးသည်။
ထို့ပြင် Aphasia ကို ဖြစ်စေသော အကြောင်းရင်းခံရောဂါကို အတည်ပြုရှာဖွေရန် သို့မဟုတ် အလားတူ လက္ခဏာရှိသော အခြားရောဂါများအတွက် ကိုယ်ခန္ဓာစစ်ဆေးခြင်း၊ သွေးစစ်ခြင်းနှင့် ပုံရိပ်ဖော်ခြင်းစသော အောက်ပါစစ်ဆေးမှုအမျိုးမျိုးကို ပြုလုပ်ရန် လိုအပ်နိုင်သည်။
- သွေးစစ်ဆေးခြင်း
- ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (CT scan)
- အတက်ရောဂါရှာဖွေရန် ဦးနှောက်၏ လျှပ်စီးလှိုင်းများကို စစ်ဆေးခြင်း (EEG)
- ကြွက်သားတွင်း လျှပ်စီးလှိုင်းများကို စစ်ဆေးခြင်း (Electromyogram)
- အာရုံကြော အချက်ပြမှုများကို စစ်ဆေးခြင်း (Evoked potentials test)
- သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်း
- PET scan ရိုက်ခြင်း
ကုသခြင်း
စကားပြောဆိုမှုခက်ခဲခြင်းကို ကုသရာတွင် အောက်ပါအဆင့်များ ပါဝင်သည်။
- အကြောင်းရင်းခံရောဂါကို ကုသခြင်း
Aphasia ကို ဖြစ်စေသော အကြောင်းရင်းခံရောဂါများကို ကုသခြင်းဖြင့် စကားပြောဆိုမှုခက်ခဲခြင်းကို သက်သာစေနိုင်သည်။- ဥပမာအားဖြင့် လေဖြတ်ရောဂါဖြစ်သူများတွင် သွေးကြောပိတ်သော ဦးနှောက်ဧရိယာသို့ သွေးအမြန်ပြန်ရောက်စေရန် သွေးကျဲစေသော ကုသမှုများပေးခြင်း
- ဦးနှောက်အကျိတ်များကို ခွဲစိတ်ကုသခြင်းတို့ဖြင့် ဦးနှောက်ထိခိုက်မှုနည်းပြီး စကားပြောခက်သော လက္ခဏာများ တဖြည်းဖြည်း သက်သာလာနိုင်သည်
- ဦးခေါင်းထိခိုက်မှုကြောင့် ဦးနှောက်အနည်းငယ် လှုပ်ခါခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ခြင်းတို့ကြောင့် ဖြစ်ပေါ်သော Aphasia သည် ခေတ္တမျှသာ ဖြစ်တတ်သောကြောင့် ကုသမှုခံယူရန် မလိုအပ်ပါ
- ဆေးဝါးများဖြင့် ကုသခြင်း
ဦးနှောက်သို့ သွေးစီးဆင်းမှု တိုးတက်ကောင်းမွန်စေသော ဆေးဝါးများကို Aphasia ကုသရာ၌ အသုံးပြုနိုင်သည်ဟု လေ့လာတွေ့ရှိရသည်။ အကျိုးရှိနိုင်သော ဆေးဝါးများမှာ Memantine, Donepezil, Galantamine, Piracetam စသည်တို့ဖြစ်ပြီး အာနိသင်များကို ပိုမိုသိရှိနိုင်ရန် သုတေသနများ လုပ်ဆောင်လျက်ရှိသည်။ - စကားပြောဆိုရန် ခက်ခဲခြင်းအတွက် ကုထုံးများ ခံယူခြင်း
နာတာရှည် သို့မဟုတ် ရာသက်ပန် ဦးနှောက်ထိခိုက်စေသော အကြောင်းရင်းရောဂါများကြောင့် ဖြစ်ပါက Aphasia ကို တိုးတက်သက်သာလာစေရန် စကားပြောကုထုံးများ (Speech and Language rehabilitation therapy) ခံယူနိုင်သည်။ ကုသမှုများ ခံယူရာတွင် ဆရာဝန်များ၊ မိသားစုဝင်များနှင့် ကုထုံးကျွမ်းကျင်ပညာရှင်များ ပေါင်းစပ်ကုသရန် လိုအပ်သည်။ စကားပြောကုထုံးများသည် ဘာသာစကား နားလည်မှုစွမ်းရည်များ ပြန်လည်ရရှိစေရန် သို့မဟုတ် ပြန်လည်တိုးတက်လာစေရန် လေ့ကျင့်ပေးရုံသာမက အခြားနည်းလမ်းများဖြင့် ပြောဆိုဆက်သွယ်နိုင်ရန် (Augmentative and alternative communication AAC) (ဥပမာ _ ခြေဟန်လက်ဟန်ပြခြင်း၊ ပုံဆွဲ၍ ဖော်ပြခြင်း၊ ရုပ်ပုံများ စာလုံးများကို ညွှန်ပြ၍ ပြောခြင်း၊ စာရေး၍ ပြောခြင်း) အတွက် သင်ကြားလေ့ကျင့်ပေးနိုင်သည်။ မိသားစုဝင်များနှင့် ပြုစုစောင့်ရှောက်သူများကို အတူတကွ လေ့ကျင့်ပေးနိုင်သောကြောင့် လူနာနှင့် ပြောဆိုဆက်ဆံရာတွင် များစွာအထောက်အကူ ဖြစ်စေသည်။ - နည်းပညာအကူအညီယူခြင်း
လက်ကိုင်ဖုန်းများ၊ အက်ပလီကေးရှင်းများကို အသုံးပြု၍ ပြောဆိုဆက်သွယ်ခြင်း (ဥပမာအားဖြင့် စကားသံကို စာအဖြစ်ပြောင်းပေးခြင်း၊ စာလုံးများကို အသံအဖြစ် ပြောင်းပေးခြင်း) - စိတ်ပိုင်းဆိုင်ရာကုထုံးများ
စကားပြောဆိုရခက်ခဲခြင်းကြောင့် လူနာတွင် စိတ်ဓာတ်ကျခြင်း၊ စိတ်တိုလွယ်ခြင်းများ ခံစားရပါက စိတ်ကျန်းမာရေးဆရာဝန်နှင့် တိုင်ပင်ပြသသင့်သည်။ - အခြားကုထုံးများ
ဦးနှောက်လှုံ့ဆော်ခြင်း (Brain stimulation) ကုသမှုသည် အမည်တပ်ခေါ်ဆိုရန် ခက်ခဲမှုရှိသော လူနာများအတွက် အကျိုးရှိနိုင်သည်ဟု လေ့လာနေဆဲဖြစ်သည်။ ထိုကုသမှုများတွင် သံလိုက်လှိုင်းများဖြင့် လှုံ့ဆော်ခြင်း (Transcranial magnetic stimulation) နှင့် ဦးခေါင်းအရေပြားပေါ်တွင် လျှပ်စီးကြောင်းအသေးစားဖြင့် လှုံ့ဆော်ခြင်း (Transcranial direct current stimulation) စသည်တို့ပါဝင်သည်။
လူနာနှင့်မိသားစုဝင်များ လိုက်နာကျင့်သုံးသင့်သည့် အချက်များ
လူနာအနေဖြင့် မိမိ၏ ရောဂါအခြေအနေကို သိရှိထားပြီးနောက်တွင်
- မိသားစုဆရာဝန် သို့မဟုတ် အထူးကုဆရာဝန်နှင့် ရက်ချိန်းအတိုင်း ပုံမှန်ပြသခြင်း
- ကုထုံးများနှင့် အစီအစဥ်များကို လိုက်နာခြင်း
- ရောဂါအခြေအနေတူသူများ ဖွဲ့စည်းထားသော အဖွဲ့များသို့ အသင်းဝင်ခြင်း
- ပြောဆိုဆက်သွယ်မှုအတွက် အခြားနည်းလမ်းများ၊ နောက်ဆုံးပေါ် ခေတ်မှီနည်းပညာများ၏ အကူအညီကို အသုံးပြုခြင်း
- မိမိရောဂါအခြေအနေကို ဖော်ပြထားသော အထောက်အထားကဒ် (ID card) များကို သွားလေရာ သယ်သွားခြင်း စသည့်နည်းလမ်းများဖြင့် မိမိကိုယ်ကို ပြုစုစောင့်ရှောက်နိုင်သည်။
လူနာမိသားစုဝင်များအနေဖြင့်လည်း လူနာနှင့် ပြောဆိုဆက်သွယ်ရာတွင် အဆင်ပြေစေရန်
- စကားကို ဖြည်းဖြည်းနှင့် ရှင်းလင်းစွာ ပြောခြင်း
- စကားကို တိုတိုနှင့် လိုရင်းအချက်များကို အဓိကထား ပြောဆိုခြင်း
- လူနာနှင့် စကားပြောစဥ် စိတ်ရှည်ရှည်ထား၍ အချိန်လုံလုံလောက်လောက်ပေးခြင်း
- အသံကို မြှင့်ပြောခြင်း၊ အော်ပြောခြင်းမလုပ်ဘဲ ပုံမှန်အသံအတိုင်းပြောဆိုခြင်း
- စကားပြောရာတွင် ခြေဟန်လက်ဟန်များ သို့မဟုတ် ပုံများကို အသုံးပြုခြင်း
- ပတ်ဝန်းကျင်ဆူညံသံများကို လျှော့ချ၍ တစ်ဦးချင်း သီးသန့်စကားပြောခြင်းတို့ ပြုလုပ်နိုင်သည်။
ကာကွယ်ခြင်း
စကားပြောဆိုဆက်သွယ်မှု ချို့ယွင်းမှုသည် အချိန်မရွေးဖြစ်ပေါ်နိုင်သောကြောင့် မဖြစ်အောင် ကာကွယ်နိုင်သော နည်းလမ်းများ မပေါ်သေးပါ။ သို့သော် ထိုချို့ယွင်းမှုကို ဖြစ်စေနိုင်သည့် အကြောင်းရင်းခံရောဂါများ (ဥပမာ _ လေဖြတ်ခြင်း) ကို မဖြစ်အောင် ကာကွယ်ခြင်းဖြင့် စကားပြောချို့ယွင်းမှု ဖြစ်နိုင်ချေကို လျှော့ချပေးနိုင်သည်။ ဦးနှောက်ထိခိုက်မှုမှ ကာကွယ်ရန် အောက်ပါနည်းလမ်းများကို လိုက်နာသင့်သည်။
- အာဟာရမျှတစွာ စားသောက်ခြင်း၊ ကျန်းမာစွာ နေထိုင်ခြင်း
- ပုံမှန် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ခြင်း
- နားနှင့် မျက်လုံးရောဂါပိုးဝင်ခြင်းကို ထိရောက်စွာကုသခြင်း
- ဦးခေါင်းထိခိုက်မှု ကာကွယ်ရန် လုပ်ငန်းခွင်အတွင်း လုံခြုံရေးကိရိယာများ သေချာအသုံးပြုခြင်း
- လေဖြတ်ရောဂါ ဖြစ်စေနိုင်သော သွေးတိုးနှင့် ဆီးချိုစသော ရောဂါများကို ထိထိရောက်ရောက် ကုသခြင်း
References:
- American Speech-Language-Hearing Association. (n.d.). Aphasia. Retrieved December 30, 2025, from https://www.asha.org/public/speech/disorders/aphasia/
- Johns Hopkins Medicine. (n.d.). Aphasia. Retrieved December 30, 2025, from https://www.hopkinsmedicine.org/health/conditions-and-diseases/aphasia
- Mayo Clinic. (n.d.). Aphasia: Diagnosis & treatment. Retrieved December 30, 2025, from https://www.mayoclinic.org/diseases-conditions/aphasia/diagnosis-treatment/drc-20369523
- Mayo Clinic. (n.d.). Aphasia: Symptoms & causes. Retrieved December 30, 2025, from https://www.mayoclinic.org/diseases-conditions/aphasia/symptoms-causes/syc-20369518
- National Institute on Deafness and Other Communication Disorders. (n.d.). Aphasia. Retrieved December 30, 2025, from https://www.nidcd.nih.gov/health/aphasia
- The Cleveland Clinic. (n.d.). Aphasia. Retrieved December 30, 2025, from https://my.clevelandclinic.org/health/diseases/5502-aphasia
Published: 26 January 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.
