Rhinitis in children (ကလေးငယ်များနှာစေး၊ နှာပိတ်ခြင်း)

Rhinitis in children (ကလေးငယ်များနှာစေး၊ နှာပိတ်ခြင်း)

ယနေ့ခေတ်ကာလတွင် လေထုညစ်ညမ်းမှု၊ သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှု၊ ရောဂါပိုးမွှားများ လျင်မြန်စွာပျံ့နှံ့နိုင်မှု စသောအချက်များကြောင့် နှာစေး၊ နှာပိတ်ခြင်းသည် အသက်အရွယ်မရွေး ပိုမိုဖြစ်ပွါး လာသည်။ ကလေးငယ်များ အထူးသဖြင့် မိမိဘာသာ နှာရည်မညှစ်ထုတ်နိုင်သေးသော ကလေးငယ်များတွင် ပို၍ပြဿနာဖြစ်စေသည်။ မွေးကင်းစအရွယ်မှစ၍ တွေ့ရှိရနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

လူ့ခန္ဓာကိုယ်သည် ပြင်ပအရာတစ်ခုခု (ရောဂါပိုး၊ ဓာတ်မတည့်သောပစ္စည်း)၊ အပူချိန် ပြင်းထန်စွာပြောင်းလဲမှု စသည်တို့ကို ကြုံရလျှင် နှာခေါင်းအတွင်းနံရံရှိ သွေးကြောများ ဖောင်းကြွလာပြီး နံရံရှိအမြှေးပါးတစ်ရှူးများ ရောင်ရမ်းလာသည်။ ဤဖြစ်စဉ်ကို နှာခေါင်းရောင်ခြင်း (rhinitis) ဟုခေါ်သည်။ ရောင်ရမ်းမှု ပိုမိုပြင်းထန်သည်နှင့်အမျှ လေဝင်ပေါက်များ ကျဉ်းမြောင်းလာကာ နှာပိတ်ခြင်းဖြစ်လာစေသည်။ နှာစေး၊ နှာပိတ်ခြင်းကို

  • ဗိုင်းရပ်စ်ပိုးများကြောင့် အအေးမိခြင်း
  • ရာသီတုပ်ကွေးဖြစ်ခြင်း
  • ဓာတ်မတည့်ခြင်း
  • ပန်းဝတ်မှုန် ဓာတ်မတည့်ခြင်းကြောင့် နှာစေးခြင်း (Hay fever)
  • ပတ်ဝန်းကျင်ရှိ ဓါတုပစ္စည်းများကြောင့် နှာခေါင်းရောင်ခြင်း (chemical irritation) တို့တွင် အဖြစ်များသောလက္ခဏာတစ်ခုအနေဖြင့်တွေ့ရသည်။ တစ်ခါတစ်ရံတွင် အာသီးတဝိုက် ပြန်ရည်အကျိတ်များရောင်ခြင်း၊ နှာခေါင်းတွင်းပစ္စည်းတစ်ခုခု ပိတ်ဆို့ခြင်း (foreign body)များကြောင့်လည်းဖြစ်ပွားနိုင်သည်။
ရောဂါလက္ခဏာများ

နှာစေး၊ နှာပိတ်ခြင်းသည် အချိန်မရွေးဖြစ်ပွားနိုင်သည်။ ဖြစ်ပွားလျှင် ရက်အနည်းငယ်မှသည် ကာလကြာရှည်စွာဖြစ်ခြင်း၊ မကြာခဏပြန်ဖြစ်ခြင်း စသည့်ပုံစံအမျိုးမျိုးဖြစ်နိုင်သည်။

  • မကြာခဏနှာချေခြင်း
  • နှာရည်ကျခြင်း
  • နှာခေါင်းပိတ်ခြင်း
  • ဓာတ်မတည့်ခြင်းနှင့်ယှဉ်တွဲ၍ နှာခေါင်း၊ အာခေါင်၊ မျက်နှာများ ယားယံခြင်း၊ မျက်စိနီခြင်း၊ မျက်ရည်ကျခြင်း၊ မျက်လုံးယားယံခြင်း၊ အရေပြားအဖုအပိန့်ထခြင်း (အင်ပျဥ်ထွက်ခြင်း) များ ဖြစ်ပေါ်နိုင်သည်။
နောက်ဆက်တွဲပြဿနာများ

ကလေးငယ်များတွင် နှာစေး၊ နှာပိတ်ခြင်းများသည် အလိုအလျောက် သက်သာပျောက်ကင်းလေ့ ရှိသည်။ သို့သော် ကလေးအချို့တွင် နို့မစို့နိုင်ခြင်း၊ အစားပျက်ခြင်း၊ အိပ်မရခြင်းများဖြစ်စေနိုင်သည်။ နှာရည်များကျခြင်းကြောင့် နှာခေါင်းပေါက်ဝအနီးတွင် အနာများဖြစ်စေနိုင်သည်။ ရောဂါပိုးဝင်ခြင်းကြောင့် နားပြည်ယိုခြင်း၊ နားရောင်ခြင်းများ ဆက်ဖြစ်နိုင်သည်။ ကလေးကြီးများတွင် နှာစေး၊ နှာပိတ်ခြင်း ကြာရှည်လာပါက ထိပ်ကပ်နာ (sinusitis) ဆက်ဖြစ်လာနိုင်ပြီး အောက်ပါလက္ခဏာများ တွေ့ရတတ်သည်။

  • ဖျားခြင်း
  • ခေါင်းကိုက်ခြင်း
  • မျက်နှာရှိအရိုးများနာခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်

ကလေးသည်

  • အသက်ရှူကြပ်၊ မောလျှင်
  • နို့မစို့နိုင်၊ မအိပ်နိုင်လျှင်
  • ရက်အနည်းငယ်ကြာသည်အထိ ပျောက်ကင်းမှုမရှိလျှင်
  • ဓာတ်မတည့်ခြင်းဟု သံသယရှိလျှင်
  • အထက်ပါ နောက်ဆက်တွဲပြဿနာများရှိလျှင် မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။

မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်းဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

ရောဂါရာဇဝင်မေးမြန်းခြင်းနှင့် ကလေးအား စစ်ဆေးစမ်းသပ်မှုများကို အခြေခံ၍ ရောဂါသတ်မှတ်လေ့ရှိသည်။ ဓာတ်မတည့်ခြင်း၊ ပြင်ပပစ္စည်းတစ်ခုခု ပိတ်ဆို့နေခြင်းများကို သံသယရှိလျှင် ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းများ ပြုလုပ်ရနိုင်သည်။

ကုသခြင်း

အများအားဖြင့် သီးခြားကုသမှုမလိုအပ်ချေ။ နို့ (သို့မဟုတ်) အရည်ကောင်းစွာဝင်ရန် တိုက်ကျွေးခြင်း၊ ထောင်လျက်ချီထားခြင်း၊ ဘေးစောင်းသိပ်ခြင်းများ ပြုလုပ်ပေးရန် လိုအပ်သည်။ ကလေး၏ အသက်အရွယ်အပေါ် မူတည်၍ နှာရည်များရှင်းထုတ်ရမည့် နည်းလမ်းများ ကွဲပြားနိုင်သည်။

ဘေးဥပဒ်တစုံတရာမရှိဘဲ အလွန်အသုံးဝင်သောနည်းမှာ ကလေးငယ်၏နှာခေါင်းအတွင်း ဆားရည် အစက်ချဆေး (saline drops) ထည့်ပေးခြင်းဖြစ်သည်။ အခြားဆေးဝါးများပါဝင်ခြင်းမရှိဘဲ ပိုးမွှားကင်းစင်သည့် ဆားရည်အစက်ချဆေးကို မွေးကင်းစအရွယ်မှစ၍ သုံးနိုင်သည်။ နှာခေါင်းအစက်ချဆေးကဲ့သို့ပင် ကလေးကြီးများနှင့် လူကြီးများတွင် ဆားရည်ဖြန်းဆေးများ အသုံးပြုနိုင်သည်။ အခြားသော နှာခေါင်းအတွင်း ထည့်သွင်းအသုံးပြုသည့်ဆေးများမှာ စတီးရွိုက်အစက်ချဆေး၊ ဖြန်းဆေးများ၊ နှာပွင့်ဆေး (oxymetazoline) စသည်တို့ဖြစ်သည်။

ကလေးကြီးများကို နှာခေါင်းတစ်ဖက်စီ၊ စနစ်တကျ နှာညှစ်ထုတ်နိုင်ရန်သင်ကြားပေးရမည်။ ကလေးငယ်များတွင် အဆိုပါဆားရည် (saline drops) ထည့်ပြီးလျှင် သန့်ရှင်းရေး ပြုလုပ်ပေးရန် လိုအပ်သည်။

ယှဉ်တွဲလာတတ်သော လက္ခဏာများအတွက် ကုသမှုများပေးရမည် (ဥပမာ_ဖျားခြင်းအတွက် ပါရာစီတမောတိုက်ခြင်း၊ ဓာတ်မတည့်ခြင်းအတွက် ဘာမီတွန်ကဲ့သို့သော ဟစ်စ်တမင်းဆန့်ကျင်ဆေးများကို ညွှန်ကြားချက်အတိုင်း တိုက်ကျွေးခြင်း)။

ကာကွယ်ခြင်း

မွေးကင်းစကလေးအရွယ်မှစ၍ ကလေးငယ်များတွင် မကြာခဏနှာပိတ်ခြင်းများ ဖြစ်နိုင်သည်။ နှာစေး၊ နှာပိတ်ခြင်း လုံးဝမဖြစ်အောင် ကာကွယ်၍မရနိုင်ချေ။ ဓာတ်မတည့်သောအရာများကို ရှောင်ကြဉ်ခြင်း၊ ဆေးလိပ်ငွေ့၊ မီးခိုးငွေ့များ မရှူမိအောင်ထားခြင်း၊ အခန်းနှင့်ကလေးပတ်ဝန်းကျင်၏ အပူချိန်၊ စိုထိုင်းဆတို့ကို ထိန်းညှိခြင်းဖြင့် နှာစေး၊ နှာပိတ်ခြင်းကို လျှော့ချနိုင်သည်။

References:

  1. PaedsPortal. (n.d.). Rhinitis – Pre-referral guidelines. Retrieved July 5, 2025, from http://paedsportal.com/referrals/pre-referral/rhinitis
  2. Mayo Clinic Health System. (n.d.). Nasal congestion: Nose conditions and treatment. Retrieved July 5, 2025, from https://www.mayoclinichealthsystem.org/locations/la-crosse/services-and-treatments/otorhinolaryngology/nose-conditions-and-treatment/nasal-congestion
  3. Wallace, D. V., Dykewicz, M. S., Bernstein, D. I., Blessing-Moore, J., Cox, L., Khan, D. A., … & Lang, D. M. (2020). Rhinitis: 2020 practice parameter update. Journal of Allergy and Clinical Immunology, 146(4), 721–767.e44. Retrieved July 5, 2025, from https://www.aaaai.org/Aaaai/media/Media-Library-PDFs/Allergist%20Resources/Statements%20and%20Practice%20Parameters/Rhinitis-2020-A-practice-parameter-update.pdf

Published: 30 July 2025

Share

Category

30 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.