Hip pain (တင်ပါးဆုံ နာကျင်ခြင်း)

Hip pain (တင်ပါးဆုံ နာကျင်ခြင်း)

တင်ပါးဆုံနာကျင်ခြင်း (Hip pain) သည် အတွေ့ရများသည့် ရောဂါလက္ခဏာတစ်ခုဖြစ်သည်။ တင်ပါးဆုံအဆစ်နှင့် အဆစ်ကိုထိဆက်နေသော အရိုး၊ ကြွက်သား၊ အရွတ်၊ အမြှေးပါးများတွင် ထိခိုက်ဒဏ်ရာကြောင့်ဖြစ်စေ၊ ရောဂါတစ်ခုခုကြောင့်ဖြစ်စေ ထိခိုက်ခြင်းဖြစ်ပါက တင်ပါးဆုံအဆစ်နာကျင်ခြင်း ဖြစ်နိုင်သည်။ ထိုသို့ဖြစ်လျှင် တင်ပါးဆုံအဆစ် လှုပ်ရှားမှုပြုလုပ်တိုင်း နာကျင်မှုကို ခံစားရနိုင်သည်။ သို့ရာတွင် ခါးနှင့်သက်ဆိုင်‌သော ရောဂါများနှင့် အခြားရောဂါများကြောင့် တင်ပါးဆုံနာကျင်ခြင်း ခံစားရသောအခါ ထိုနာကျင်မှုသည် တင်ပါးဆုံအဆစ်လှုပ်ရှားမှုနှင့် မသက်ဆိုင်ကြောင်း တွေ့ရသည်။

Hip pain image 1
တင်ပါးဆုံအဆစ် ဖွဲ့စည်းပုံ

တင်ပါးဆုံအဆစ်သည် အရပ်မျက်နှာဖက်ပေါင်းစုံ လှုပ်ရှားမှုပြုလုပ်နိုင်သော အဆစ် (Ball and socket Joint) တစ်ခုဖြစ်သည်။ ခန္ဓာကိုယ်တွင် ဒူးဆစ်ပြီးလျှင် ဒုတိယအကြီးဆုံး အဆစ်တစ်ခုဖြစ်သည်။ တင်ပါးဆုံအဆစ်ကို တင်ပါးဆုံအရိုးကွင်း (Pelvis) ရှိ တင်ပါးဆုံအဆစ်ခွက် (Acetabulum) နှင့် ပေါင်ရိုး (Femur) ထိပ်ရှိ ပေါင်ထိပ်ရိုးခေါင်း (Femoral head) တို့ဖြင့် ဖွဲ့စည်းထားသည်။ တင်ပါးဆုံအဆစ်သည် ကိုယ်ခန္ဓာ၏ ‌ကျောရိုးအဖွဲ့အစည်း (Axial skeleton) ကို ခြေထောက်များနှင့် ဆက်သွယ်ပေးသည်။ ထို့အပြင် တင်ပါးဆုံအဆစ်ကို အရိုးများသာမက_

  • အရိုးနုများ (Cartilage)
  • အဆစ်တွင်းရှိ အမြှေးပါး (Synovium)
  • အဆစ်တွင်းရှိ အရည်အိတ် (Bursa)
  • အရွတ်များ (Ligaments)
  • အရွတ်ကြောများ (Tendons)
  • ကြွက်သားများ (Muscle) တို့ဖြင့် အထောက်အပံ့ပေးထားပြီး အဆစ်တည်ငြိမ်မှုကို ပိုမိုကောင်းမွန်စေသည်။

တင်ပါးဆုံအဆစ်၏ လုပ်ငန်းဆောင်တာများမှာ_

  • ကိုယ်ခန္ဓာအပေါ်ပိုင်းကို ဘယ်ညာ ဟန်ချက်ညီအောင် ထိန်းပေးခြင်း
  • ခန္ဓာကိုယ်အလေးချိန်ကို ထိန်းထားခြင်း
  • ပေါင်လှုပ်ရှားမှုကို ဆောင်ရွက်ပေးခြင်း (ကွေးခြင်း၊ ဆန့်ခြင်း၊ လှည့်ခြင်း၊ အရှေ့အနောက် လှုပ်ရှားမှု၊ စက်ဝိုင်းပုံ လှုပ်ရှားမှုတို့ဖြစ်သည်)
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

တင်ပါးဆုံနာကျင်ခြင်းသည် ယာယီ အလွန်အကျွံအသုံးပြုမိခြင်းကြောင့်ဖြစ်သော ဒဏ်ရာများမှသည် နာတာရှည်ရောဂါအခြေအနေများအထိ ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းများစွာရှိသည်။

တင်ပါးဆုံအဆစ်တွင် ဖြစ်သောအကြောင်းရင်းများ
  • အဆစ်ရောင်ခြင်း (Arthritis)
    • အဆစ်ကျီးပေါင်းရောဂါ (Osteoarthritis)
    • ဆိုရီယားစစ်ရောဂါကြောင့် အဆစ်ရောင်ခြင်း (Psoriatic arthritis)
    • ရူမတွိုက် အဆစ်‌ရောင်‌ရောဂါ (Rheumatoid arthritis)
    • အဆစ်အတွင်း ပိုးဝင်ခြင်းကြောင့် အဆစ်ရောင်ခြင်း (Septic arthritis)
    • တင်ပါးဆုံအရိုးကွင်းနှင့် ခါးရိုးဆက်အဆစ် အဆစ်ရောင်ခြင်း (Sacroiliitis)
    • အဆစ်ခိုင်ခါးကုန်းရောဂါ (Ankylosing spondylitis)
  • အဆစ်တွင်း အရည်အိတ်ငယ်ရောင်ခြင်း (Bursitis)
    • တင်ပါးဆုံအဆစ်တွင်းရှိ အရည်အိတ်ရောင်ခြင်း (Iliopectineal bursitis)
    • ပေါင်ရိုးဘေးရှိ အရည်အိတ်ရောင်ခြင်း (Trochanteric bursitis)
  • အရွတ်ရောင်ခြင်း (Tendinitis)
    • တင်ပါးဆုံရိုးနှင့် ဒူးခေါင်းရိုးဆက် အရွတ်ရောင်ခြင်း (Iliotibial band syndrome)
  • ‌အရိုးကျိုးခြင်း (Hip Fractures)
    • ပေါင်ရိုးထိပ်ပိုင်းကျိုးခြင်း (Fracture neck of femur)
    • တင်ပါးဆုံအရိုးကွင်းကျိုးခြင်း (Pelvic fracture)
  • တင်ပါးဆုံအဆစ်လွဲခြင်း (Hip dislocation)
  • ပေါင်ထိပ်ရိုးခေါင်းသို့ သွေးမရောက်ခြင်း (Avascular necrosis of femoral head)
  • အရိုးပိုးဝင်ရောင်ရမ်းခြင်း (Osteomyelitis)
  • ကြွက်သားနှင့်အရွတ်များ ထိခိုက်ခြင်း (Strains and Sprains)
    • လှုပ်ရှားမှုများသော အားကစားပြုလုပ်ခြင်း
    • ထိခိုက်ဒဏ်ရာများ (Accidents)
  • ကင်ဆာရောဂါများ
    • အရိုးကင်ဆာရောဂါများ
    • အရိုးသို့ ပျံ့ နှံ့သော ကင်ဆာများ
    • သွေးကင်ဆာရောဂါများ
  • မွေးရာပါ တင်ပါးဆုံအရိုးကွင်း ပုံစံမမှန်သော ရောဂါများ
    • တင်ပါးဆုံအဆစ်တွင်း အရိုးအချင်းချင်းပွတ်တိုက်သည့်ရောဂါ (Femoroacetabular impingement – FAI or hip impingement)
    • မွေးရာပါ တင်ပါးဆုံအဆစ်ဖွံ့ဖြိုးမှု ပုံမှန်မဟုတ်သည့်ရောဂါ (Development dysplasia of the hip – DDH)
  • တင်ပါးဆုံအဆစ်ရှိ အရိုးနုကွင်း ထိခိုက်ခြင်း (Hip labral tears)
တင်ပါးဆုံအဆစ်ကြောင့်မဟုတ်သော အခြားအကြောင်းရင်းများ
  • တင်ပါးဆုံ အဆစ်ဖွဲ့စည်းပုံဆိုင်ရာ ပြဿနာများ [ဥပမာ_တင်ပါးဆုံအဆစ် ကြီးထွားမှု မူမမှန်ခြင်း (Hip dysplasia)]
    • ပေါင်အပြင်ဘက် ထုံကျဉ်ခြင်း သို့မဟုတ် ပူစပ်ပူလောင်ဖြစ်ခြင်း (Meralgia paresthetica)
    • ခါးကြောညပ်ခြင်း (Sciatica)
  • အူကျွံခြင်း (Hernia)
  • နာတာရှည် ကြွက်သားနာကျင်သောရောဂါ (Fibromyalgia)

ကလေးငယ်များတွင် တင်ပါးဆုံတစ်ဝိုက်နာကျင်ခြင်းသည် အောက်ပါအကြောင်းအရာများကြောင့် ဖြစ်နိုင်သည်။

  • ထိခိုက်ဒဏ်ရာများ (ဥပမာ_တင်ပါးဆုံအဆစ်အဖုံး ပတ်လည်ရှိ အရွတ်စုတ်ပြဲခြင်း သို့မဟုတ် အရိုးကျိုးခြင်း)
  • ရောဂါများ [ဥပမာ _ ပါးသီးစ်ရောဂါ (Legg-Calve-Perthes ) – ပေါင်ထိပ်ရိုးခေါင်း (Femoral head) သို့ သွေးထောက်ပံ့မှု ခေတ္တရပ်ဆိုင်းသွားသောကြောင့် အရိုးထိပ်ပျက်စီးခြင်း]
  • ကလေးများတွင်ဖြစ်ပွားသော နာတာရှည်အဆစ်ရောင်ရောဂါ (Juvenile idiopathic arthritis)
  • ပိုးဝင်ခြင်း [ဥပမာ _ အဆစ်အတွင်းပိုးဝင်ခြင်း – Septic arthritis]
ယှဉ်တွဲလာတတ်သောလက္ခဏာများ

တင်ပါးဆုံနာကျင်ခြင်းသည် များသောအားဖြင့် မပြင်းထန်လျှင် အလွယ်တကူ သက်သာနိုင်သော်လည်း တစ်ခါတစ်ရံ အရေးကြီးသောရောဂါတစ်ခု၏ လက္ခဏာလည်း ဖြစ်နိုင်သည်။ လူတစ်ဦးနှင့်တစ်ဦး နာကျင်မှုခံစားရသည့် နေရာအတိအကျနှင့် ပြင်းထန်မှုသည်လည်း ကွာခြားနိုင်သည်။

  1. နာကျင်သောနေရာနှင့် ဖြစ်နိုင်သောအကြောင်းရင်း
    • နာကျင်မှုကို ရောဂါအခြေအနေပေါ် မူတည်၍ အောက်ပါနေရာများတွင် ခံစားရနိုင်သည်
      • ပေါင်/ပေါင်ခြံ
      • တင်ပါးဆုံ၏ အပြင်ဘက် သို့မဟုတ် အတွင်းဘက်
      • တင်ပါးအောက်ပိုင်း
    • အဆစ်၊ အရွတ်ကြောများ သို့မဟုတ် ကြွက်သားများကြောင့် နာကျင်မှုခံစားရပါက ထိုနေရာများကို ဖိနှိပ်၍ စမ်းသပ်လျှင် နာကျင်မှု ပိုသိသာနိုင်သည်
  2. အဆစ်နှင့်ဆိုင်သော လက္ခဏာများ
    • တင်ပါးဆုံအဆစ် _ တောင့်တင်း၍ အထိုင်အထခက်ခဲခြင်း၊ အဆစ်အကွေးအဆန့်လုပ်စဉ် အရိုးပွတ်တိုက်မှုကြောင့် အသံများကြားရခြင်း၊ နာကျင်ခြင်း
    • အဆစ်အတွင်း ပိုးဝင်ပါက အရေပြားပူနွေး၍ နီမြန်းခြင်း၊ ရောင်ရမ်းခြင်းများ ပိုတွေ့ရခြင်း
    • တင်ပါးဆုံအဆစ်ရောဂါရှိသူများတွင် ဒူးနာခြင်းပါ တွဲလျက်တွေ့ရခြင်း
  3. အခြားနေရာများမှ ပျံ့နှံ့ရွေ့လျားသော နာကျင်မှု
    • ခါးနာခြင်း၊ ခါးကျီးပေါင်းဖြစ်ခြင်း၊ သို့မဟုတ် ပေါင်ခြံတွင် အူကျခြင်း စသည့် အကြောင်းရင်းများကြောင့် နာကျင်မှုသည် တင်ပါးဆုံသို့ ပျံ့လာနိုင်သည်
  4. နာကျင်မှုကို သက်သာစေသော သို့မဟုတ် ပိုဆိုးစေသော အချက်များ
    • လှုပ်ရှားမှုနှင့် သက်ဆိုင်ခြင်း _ အချို့တွင် လမ်းလျှောက်စဥ် သို့မဟုတ် လှုပ်ရှားစဥ် ပို၍ နာကျင်ပြီး အနားယူပါက သက်သာသည်၊ အချို့တွင်မူ နာကျင်သောဘက်ကို စောင်းအိပ်ပါက နာကျင်မှု ပိုမိုခံစားရနိုင်သည်
    • နာကျင်သောအချိန် _ အချို့တွင် မနက်အိပ်ယာထချိန် ပိုနာပြီး အချို့တွင် ညဘက်၌ နာကျင်မှု ပိုဆိုးတတ်သည်
  5. နောက်ဆက်တွဲဆိုးကျိုးများ
    • လမ်းလျှောက်ရန်၊ အထိုင်အထ ပြုလုပ်ရန် ခက်ခဲခြင်း
    • နာကျင်မှုကြောင့် အိပ်‌မရခြင်း၊ အိပ်မပျော်ခြင်း၊ အိပ်ရာမှ လန့်နိုးခြင်း
    • နာတာရှည်နာကျင်မှုကြောင့် စိတ်ဓာတ်ကျခြင်း

တင်ပါးဆုံနာကျင်သူများသည် အထက်ပါလက္ခဏာများကို သတိပြုသင့်ပြီး ဆရာဝန်နှင့်ပြသတိုင်ပင်ချိန်တွင် ထည့်သွင်းပြောပြခြင်းဖြင့် ရောဂါရှာဖွေကုသမှုကို ပိုမိုထိရောက်စေသည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

နာကျင်သောအချိန်တွင် ကိုယ်လက်လှုပ်ရှားမှုများကို ခေတ္တရပ်နားခြင်းနှင့် လိုအပ်လျှင် အကိုက်အခဲပျောက်ဆေးများ သောက်သုံးခြင်းဖြင့် အိမ်တွင် ကုသနိုင်သည်။ သို့ရာတွင် နေ့စဉ်လုပ်ငန်းဆောင်တာများကို မလုပ်နိုင်လောက်အောင် သို့မဟုတ် လှုပ်ရှားသွားလာရန် ခက်ခဲလောက်အောင် အပြင်းအထန်နာကျင်ပါက သို့မဟုတ် ရက်အနည်းငယ်ကြာသည်အထိ မသက်သာဘဲ ဆက်လက်နာကျင်နေပါက မိသားစုဆရာဝန်၊ အရိုးအထူးကုဆရာဝန်တို့နှင့် ပြသတိုင်ပင်သင့်သည်။

အရေးပေါ်ပြသရန်
ရုတ်တရက် ပြင်းထန်စွာနာခြင်း၊ ခြေထောက်ဖိ၍ လမ်းမလျှောက်နိုင်ခြင်း၊ ခြေထောက်များ ထုံကျဥ်ခြင်း၊ ဆီးနှင့် ဝမ်းသွားရခက်ခဲခြင်း၊ ခြေထောက်နှစ်ဖက် အရှည်မညီခြင်း၊ ရုတ်တရက် တင်ပါးဆုံတစ်ဝိုက် ရောင်ရမ်းလာခြင်း၊ ဖျားနာခြင်း၊ ချမ်းတုန်ခြင်း၊ နီရဲခြင်း စသော ပိုးဝင်ခြင်း၏ လက္ခဏာများရှိပါက အရေးပေါ်ဌာနသို့ သွားရောက်သင့်သည်။

ရောဂါရှာဖွေခြင်း

ဆရာဝန်မှ တင်ပါးဆုံနာခြင်းနှင့် ပတ်သက်၍ မေးခွန်းများမေးပြီး တင်ပါးဆုံအဆစ် စမ်းသပ်ခြင်း၊ လမ်းလျှောက်ပုံ ပုံမှန် ဖြစ်မဖြစ်၊ အာရုံကြောထိခိုက်ခြင်း ရှိမရှိ၊ ပိုးဝင်သောလက္ခဏာ ရှိမရှိ စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်မည်ဖြစ်သည်။ လိုအပ်ပါက တင်ပါးဆုံနာကျင်ခြင်း၏ အကြောင်းရင်းကို အောက်ပါစစ်ဆေးခြင်းများဖြင့် ရှာဖွေနိုင်သည်။

  • တင်ပါးဆုံဓာတ်မှန် (Hip X-ray) – အရိုးအပိုစများ၊ အဆစ်ရောင်ခြင်း၊ အရိုးနှင့်ဆက်စပ်သော အကြောင်းရင်းများကို သိရှိနိုင်သည်
  • ကွန်ပျူတာဓာတ်မှန် (CT scan) – အရိုးအဆစ် အခြေအနေများကို ရှုထောင့်အမျိုးမျိုးမှ သိရှိနိုင်သည်
  • သံလိုက်ဓာတ်မှန် (MRI)
  • ကြွက်သားများ၊ အရွတ်များနှင့် အာရုံကြောများ၏ အသေးစိတ်အခြေအနေကို သိရှိနိုင်သည်
  • ဆေးသွင်းအရိုးဓာတ်မှန် (Bone scan)
  • သွေးမလျှောက်ခြင်း၊ ကင်ဆာပျံ့နှံ့ခြင်းများကို သိနိုင်သည်
  • မှန်ပြောင်းကြည့်ရှုစစ်ဆေးကုသခြင်း (Arthroscopy)
  • အဆစ်အတွင်းဆေးထိုး၍ စစ်ဆေးခြင်း (Arthrogram)၊ အဆစ်အတွင်းသို့ ဆေးထိုးပြီးရိုက်သည့် လှုပ်ရှားဓာတ်မှန် (Fluoroscopy)၊ အာထရာဆောင်း (USG)၊ ကွန်ပျူတာဓာတ်မှန် (CT scan)၊ သံလိုက်ဓာတ်မှန် (MRI) များသုံး၍ ရောဂါရှာဖွေနိုင်သည်
  • အဆစ်တွင်းအရည် စစ်ဆေးခြင်း (Joint aspiration/ Arthrocentesis)
  • အာရုံကြောနှင့် ကြွက်သားများ၏ လုပ်ဆောင်မှု၊ တုံ့ပြန်မှုများကို စစ်ဆေးခြင်း (Electromyography)
  • သွေးစစ်ဆေးခြင်း (CP, ESR, CRP, Uric acid, Rheumatoid factor, Liver function test)
ကုသခြင်း

ကုသမှုကို များသောအားဖြင့် နေ့စဉ်လှုပ်ရှားမှုပုံစံ ပြောင်းလဲခြင်း၊ ဆေးပေးကုသခြင်းနှင့် ကာယကုထုံး (physical therapy) တို့ကဲ့သို့သော အခြေခံကျသောနည်းလမ်းများဖြင့် စတင်လေ့ရှိသည်။ ပိုမိုဆိုးရွားသော အဆစ်ရောင်ရောဂါ၊ အရိုးကျိုးခြင်း သို့မဟုတ် အဆစ်ပိုးဝင်ခြင်းတို့အတွက် ခွဲစိတ်ကုသမှု ခံယူရန် လိုအပ်နိုင်သည်။

မိမိကိုယ်တိုင်ကုသမှုနည်းလမ်း

တင်ပါးဆုံနာကျင်ခြင်းအတွက် RICE နည်းလမ်း

တင်ပါးဆုံနာကျင်ခြင်းကို RICE နည်းလမ်းဖြင့် အိမ်တွင် ကုသနိုင်သည်။

  • အနားယူခြင်း (Rest) _ နာကျင်ခြင်းပိုဆိုးမလာစေရန် အနားယူပါ၊ နာကျင်မှုဖြစ်စေသော ကိုယ်လက်လှုပ်ရှားမှုကို ရပ်တန့်ပါ
  • ရေခဲကပ်ခြင်း (Ice) _ ဖြစ်ဖြစ်ချင်း ပထမဆုံးနေ့တွင် နာကျင်သည့်နေရာ၌ ရေခဲအိတ် သို့မဟုတ် အအေးကပ်ပတ်တီးကို တစ်ကြိမ်လျှင် (၁၀)မိနစ် မှ (၁၅)မိနစ်ခန့် တစ်နာရီခြား အသုံးပြုပါ၊ နောက်ရက်များတွင် သုံးနာရီ သို့မဟုတ် လေးနာရီခြား တစ်ခါ ရေခဲကပ်နိုင်သည်၊ ရေခဲကို အရေပြားပေါ် တိုက်ရိုက်မကပ်ပါနှင့် (ရေခဲအိတ်ကို မျက်နှာသုတ်ပဝါ သို့မဟုတ် အဝတ်စဖြင့် ပတ်၍အသုံးပြုပါ)
  • ဖိအားပေးခြင်း (Compression) _ ဆွဲဆန့်နိုင်သော မျှော့ပတ်တီး (Elastic bandage) ဖြင့် တင်ပါးပတ်လည်ကို စည်းနှောင်ကာ ဖိအားပေးနိုင်သည်၊ ဖိအားပေးဘောင်းဘီတို သို့မဟုတ် ဘောင်းဘီရှည်ကိုလည်း ဝတ်ဆင်နိုင်သည်၊ ဖိအားပေးခြင်းဖြင့် နာနေသော နေရာသို့ သွေးစီးဆင်းမှုကို လျှော့ချပေးပြီး ရောင်ရမ်းမှုကို လျှော့ချပေးသည်
  • အမြင့်တင်ထားခြင်း (Elevation) _ ဖြစ်နိုင်လျှင် တင်ပါးနှင့် ခန္ဓာကိုယ်အောက်ပိုင်းကို ပက်လက်နေချိန်တွင် ခန္ဓာကိုယ်အပေါ်ပိုင်းထက် မြင့်အောင် မြှင့်ထားပါ၊ ခေါင်းအုံးများ၊ စောင်များ သို့မဟုတ် ကူရှင်များကို ခြေထောက်အောက်တွင် ခုခံထားနိုင်သည်
Hip pain image 2

အထက်ပါနည်းလမ်းများဖြင့် မသက်သာပါက နာကျင်မှုကိုဖြစ်စေသည့် အကြောင်းရင်းကိုလိုက်၍ အထူးကုဆရာဝန်များမှ သင့်တော်သော ကုသမှုပေးမည်။

မခွဲစိတ်ဘဲကုသသည့်နည်းလမ်း

ဆေးဝါးဖြင့်ကုသခြင်း

  • ကြွက်သားဒဏ်ဖြစ်၍ နာကျင်ခြင်း၊ အရွတ်များ ထိခိုက်မိခြင်းအတွက် အကိုက်အခဲပျောက်ဆေးနှင့် အရောင်ကျဆေးများပေးခြင်း – Paracetamol, Ibuprofen, Diclofenac စသည့် နာကျင်မှုသက်သာစေမည့် ဆေးဝါးများ သောက်နိုင်သည်
  • သက်ဆိုင်ရာ အထူးကုဆရာဝန်များက အခံရောဂါများကို လိုအပ်သလိုကုသပေးခြင်း [ဥပမာ_ ရူမတွိုက် အဆစ်‌ရောင်‌ရောဂါအတွက် စတီးရွိုက်သောက်ဆေးများ၊ ရောဂါပြင်းထန်မှုကို လျော့ချပေးသော DMARDs ဆေးများ (Methotrexate and sulfasalazine) နှင့် ဇီဝဆေးများ (Biologics) ပေးခြင်း၊ ဂေါက်ရောဂါအတွက် ဆေးများ၊ ကင်ဆာရောဂါများအတွက် ဆေးဝါးများ စသည်တို့ဖြစ်သည်]

ခန္ဓာကိုယ်ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများ
လေ့ကျင့်ခန်းကုထုံးများ၊ ကြွက်သားသန်မာရေးကုထုံးများဖြင့်လည်း ကုသနိုင်သည်။ တင်ပါးပတ်လည်ရှိ ကြွက်သားများကို သန်မာစေနိုင်သော လေ့ကျင့်ခန်းများနှင့် လေ့ကျင့်ခန်းကုထုံးများသည် နာကျင်မှုကို သက်သာစေသည့်အပြင် လှုပ်ရှားနိုင်သည့် အတိုင်းအတာကိုလည်း တိုးမြှင့်ပေးနိုင်သည်။ အဆစ်ရောင်ရောဂါ (Arthritis) ရှိပါက မပြင်းထန်သော လေ့ကျင့်ခန်းများ (Low-impact exercise) နှင့် အကြောလျှော့ လေ့ကျင့်ခန်းများ (Stretching) ပြုလုပ်နိုင်သည်။ ကြွက်သားလေ့ကျင့်ခန်းများ (Resistance training) သည် တင်ပါးဆုံနာကျင်မှုကို သက်သာစေပြီး အဆစ်လှုပ်ရှားနိုင်စွမ်းကို ကောင်းမွန်စေသည်။ ဥပမာအားဖြင့် ရေကူးခြင်းသည် အဆစ်ရောင်နာအတွက် ထိခိုက်မှုမရှိသော ကောင်းမွန်သည့် လေ့ကျင့်ခန်းတစ်ခုဖြစ်သည်။

ခွဲစိတ်ကုသသည့်နည်းလမ်း
တင်ပါးဆုံနာကျင်ခြင်း အများစုသည် ခွဲစိတ်ရန် မလိုအပ်ပါ။ သို့သော် နာကျင်မှု ဖြစ်စေသော ရောဂါပေါ်မူတည်ပြီး ခွဲစိတ်ကုသရန် လိုအပ်နိုင်သည်။ အရိုးကျိုးခြင်း၊ အဆစ်တွင်း ပိုးဝင်ပြည်တည်ခြင်း၊ ပေါင်ထိပ်ရိုးခေါင်းသို့ သွေးမရောက်ခြင်း၊ တင်ပါးဆုံအဆစ်ဖွဲ့စည်းပုံ မူမမှန်ခြင်း စသည့်ရောဂါများကို ခွဲစိတ်ရန် လိုအပ်နိုင်သည်။

  • အဆစ်တွင်းကြည့်မှန်ပြောင်းဖြင့်ခွဲစိတ်ခြင်း (Hip arthroscopy) _ အရေပြားတွင် အသေးစား ခွဲစိတ်မှုပြုလုပ်ပြီး Arthroscope ဟုခေါ်သည့် အဆစ်အတွင်းကြည့်ရှုနိုင်သောမှန်ပြောင်းကို သုံးကာ ခွဲစိတ်ခြင်းဖြစ်သည်
  • တင်ပါးဆုံအဆစ် အစားထိုးခွဲစိတ်မှု (Hip replacement/ Hip arthroplasty) _ တင်ပါးဆုံအဆစ်ပျက်စီးခြင်းအတွက် အဆစ်အစားထိုးပစ္စည်း (Prosthesis) ဖြင့် ခွဲစိတ်ကုသခြင်းဖြစ်သည်
ကာကွယ်ခြင်း

တင်ပါးဆုံနာကျင်မှုကို မဖြစ်အောင် အပြည့်အဝကာကွယ်မှု မပြုလုပ်နိုင်သော်လည်း နေ့စဥ်သွားလာလှုပ်ရှားရာတွင် ထိခိုက်မှုနည်းအောင် အောက်ပါအချက်များ လုပ်ဆောင်နိုင်သည်။

အားကစားလုပ်ခြင်း သို့မဟုတ် အခြားကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်စဉ်

  • သင့်လျော်သော ကာကွယ်ရေးကိရိယာများ ဝတ်ဆင်ပါ (ဥပမာ_လက်အိတ်၊ ဒူးစွပ် စသည်)
  • အားကစား သို့မဟုတ် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်နေစဉ် သို့မဟုတ် ပြုလုပ်ပြီးနောက်တွင် တင်ပါးဆုံနာကျင်ပါက လှုပ်ရှားမှုကို ချက်ချင်းရပ်တန့်ပါ
  • ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများလုပ်ပြီးနောက် ခန္ဓာကိုယ်ကို အနားယူရန်နှင့် ပြန်လည်သက်သာ ကောင်းမွန်စေရန် အချိန်ပေးပါ
  • အားကစားမလုပ်မီ သို့မဟုတ် လေ့ကျင့်ခန်းမလုပ်မီ အကြောလျှော့ လေ့ကျင့်ခန်းများနှင့် သွေးပူလေ့ကျင့်ခန်းများ ပြုလုပ်ပါ
  • ကိုယ်လက်လှုပ်ရှားမှုပြီးနောက်တွင်လည်း အကြောလျှော့ခြင်း ပြန်လည်ပြုလုပ်ပါ

ထိခိုက်ဒဏ်ရာရနိုင်ခြေကို လျှော့ချရန် အောက်ပါ ဘေးကင်းရေး အကြံပြုချက်များကို လိုက်နာပါ

  • အိမ်နှင့် အလုပ်နေရာများတွင် ချော်လဲစေနိုင်သော ပစ္စည်းများမရှိစေရန် သေချာရှင်းလင်းထားပါ
  • အမြင့်ရှိ ပစ္စည်းများယူရန်အတွက် သင့်တော်သော ကိရိယာများကို အမြဲအသုံးပြုပါ
  • ကုလားထိုင်များ၊ စားပွဲများ သို့မဟုတ် မီးဖိုချောင်ကောင်တာများပေါ်သို့ တက်မရပ်ပါနှင့်၊ မဖြစ်မနေတက်ရပ်ရလျှင်လည်း ခိုင်ခံ့မှုရှိရန်၊ ချော်လဲပြုတ်မကျရန်သတိထားပါ
  • လမ်းလျှောက်ရခက်ခဲလျှင် သို့မဟုတ် လဲပြိုနိုင်သည့်အခြေအနေရှိလျှင် တုတ်ကောက် သို့မဟုတ် လမ်းလျှောက်ကိရိယာ (Walker) ကို အသုံးပြုပါ
  • မိမိနှင့်သင့်လျော်သည့် ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ
  • မိသားစုရာဇဝင်တွင် အဆစ်ရောင်ရောဂါများ ခံစားနေရသူရှိပါက ကြိုတင်စစ်ဆေး၍ ကုသမှုခံယူပါ

References:

  1. Cleveland Clinic. (n.d.). Hip pain. Retrieved June 27, 2026, from https://my.clevelandclinic.org/health/symptoms/21118-hip-pain
  2. Mayo Clinic. (n.d.). Hip pain: Causes. Retrieved June 27, 2026, from https://www.mayoclinic.org/symptoms/hip-pain/basics/causes/sym-20050684
  3. National Health Service. (n.d.). Hip pain. Retrieved June 27, 2026, from https://www.nhs.uk/conditions/hip-pain/
  4. Healthline. (n.d.). Hip pain. Retrieved June 27, 2026, from https://www.healthline.com/health/hip-pain
  5. WebMD. (n.d.). Hip pain: Causes and treatment. Retrieved June 27, 2026, from https://www.webmd.com/pain-management/hip-pain-causes-and-treatment

Published: 17 June 2025

Last updated: 11 August 2026

Share

Category

26 June 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.