Nipple Discharge (နို့သီးခေါင်းမှ အရည်စိမ့်ထွက်ခြင်း)

Nipple Discharge (နို့သီးခေါင်းမှ အရည်စိမ့်ထွက်ခြင်း)

ရင်သားတစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးရှိ နို့သီးခေါင်းမှ အရည်ကြည်၊ နို့ရည်၊ အစိမ်းရောင်၊ အဝါရောင် စသည့်အရောင်ရှိသော အရည်များ စိမ့်ထွက်နိုင်သည်။ ကိုယ်ဝန်ဆောင်‌နောက်ပိုင်းကာလနှင့် နို့တိုက်ကျွေးနေစဥ်ကာလများတွင် ပုံမှန်ဖြစ်ပြီး၊ အခြားအချိန်များတွင် ဖြစ်ပွါးပါက အန္တရာယ်မရှိသော အကြောင်းရင်းများကြောင့် အဖြစ်များသော်လည်း တစ်ခါတစ်ရံတွင် အရေးကြီးသော ကျန်းမာရေးပြဿနာတစ်ခု၏ လက္ခဏာလည်း ဖြစ်နိုင်သည်။ အမျိုးသားများတွင် ဖြစ်ပွါးပါက ပုံမှန်မဟုတ်သော လက္ခဏာဖြစ်သောကြောင့် ဆရာဝန်နှင့် အမြန်ဆုံး ပြသစစ်ဆေးသင့်သည်။

အောက်ဖော်ပြပါ လက္ခဏာများသည် စိုးရိမ်စရာမရှိသော အကြောင်းရင်းခံများကြောင့် ဖြစ်နိုင်သည်။

  • အရည်ကြည်၊ အဝါ၊ အညို၊ အစိမ်း သို့မဟုတ် အဖြူရောင်
  • နို့သီးခေါင်း (၂) ဖက်လုံးမှ ထွက်ခြင်း
  • နို့သီးခေါင်းကို ညှစ်မှသာ ထွက်ခြင်း
  • နို့ရည်ပြွန်များမှ ထွက်ခြင်း

အောက်ဖော်ပြပါ လက္ခဏာများရှိပါက အရေးကြီးသော အကြောင်းရင်းခံများကြောင့် ဖြစ်နိုင်သည်။

  • နို့သီးခေါင်းမှ သွေးရောင် သို့မဟုတ် ပန်းရောင်အရည်များထွက်ခြင်း
  • နို့သီးခေါင်း တစ်ဖက်တည်းမှ ထွက်ခြင်း
  • ညှစ်ခြင်း၊ ဖိခြင်း မပြုဘဲ အလိုလို စိမ့်ထွက်ခြင်း
  • ရင်သားနာကျင်ခြင်း၊ နီမြန်းခြင်း သို့မဟုတ် ရောင်ရမ်းခြင်း
  • နို့သီးခေါင်း ပုံစံပြောင်းခြင်း
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

နို့သီးခေါင်းမှ အရည်စိမ့်ထွက်ခြင်းသည် အကြောင်းရင်းများစွာကြောင့် ဖြစ်နိုင်ပြီး ရင်သားကင်ဆာကဲ့သို့ အရေးကြီးရောဂါများတွင်လည်း တွေ့ရတတ်သည်။

  • ရာသီလာချိန်နှင့် သွေးဆုံးချိန်ကဲ့သို့ ဟော်မုန်းပြောင်းလဲမှုနှင့် မမျှတမှု ဖြစ်သည့်အချိန်
  • ကိုယ်ဝန်ဆောင်ခြင်း၊ မိခင်နို့တိုက်ကျွေးခြင်း
  • ဆေးဝါးအချို့ (ပဋိသ‌န္ဓေတားဆေး၊ စိတ်ကျရောဂါကုသဆေး)
  • ကင်ဆာမဟုတ်သော အရည်အိတ်
  • နို့သီးခေါင်းကို ပွတ်တိုက်မိခြင်း (အဝတ်အစား၊ လိင်ဆက်ဆံရာမှ)
  • ရင်သားထိခိုက်ဒဏ်ရာ
  • စိတ်ဖိစီးမှု
  • ရောဂါအခြေအနေများ
    • ကင်ဆာမဟုတ်သော နို့ရည်ပြွန်အကျိတ်တည်ခြင်း (Ductal papilloma)
    • နို့ရည်ပြွန် ကျယ်ခြင်း (Duct ectasia)
    • ရင်သား ပိုးဝင်ရောင်ရမ်းခြင်း၊ ပြည်တည်ခြင်း
    • သိုင်းရွိုက်ဟော်မုန်းနည်းခြင်း (Hypothyroidism)
    • ဦးနှောက်၏ အောက်ခြေအပိုင်းတွင်ရှိသော ပီကျူတရီဂလင်း အကျိတ် (Pituitary gland tumour)
    • ရင်သားတွင် ပုံမှန် စမ်းမိတတ်သော အလုံးအစေ့ငယ်များ
    • ရင်သားကင်ဆာ (Breast cancer)
    • နို့သီးခေါင်းနှင့် ပတ်လည်ရှိ အရေပြားတွင် ဖြစ်တတ်သော နှင်းခူနှင့် ဆင်တူသည့် ရှားပါး ရင်သားကင်ဆာ အမျိုးအစား (Paget’s disease of the nipple)
  • မွေးကင်းစကလေးငယ်များတွင် မိခင်ဟော်မုန်းကြောင့် နို့သီးခေါင်းမှ အရည်အနည်းငယ်ထွက်နိုင်ပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း ပျောက်သွားတတ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
  • အမျိုးသားများတွင် ဖြစ်ခြင်း
  • အသက် (၄၀) အထက် အမျိုးသမီးများ
  • ယခင်မဖြစ်ဖူးဘဲ ပထမဆုံးအကြိမ် နို့သီးခေါင်းမှ အရည်စိမ့်ထွက်ခြင်း
  • သွေးပါသော အရည်စိမ့်ထွက်ခြင်း
  • နို့သီးခေါင်း တစ်ဖက်တည်းမှ စိမ့်ထွက်ခြင်း
  • ညှစ်ခြင်း၊ ဖိခြင်း မပြုဘဲ အလိုလို စိမ့်ထွက်လာခြင်း သို့မဟုတ် နို့သီးခေါင်းကို လှုံ့ဆော်မှုမပြုဘဲ အလိုလိုစိမ့်ထွက်ခြင်း
  • ရင်သား အလုံးအကျိတ် စမ်းမိခြင်း၊ ရင်သားနာကျင်ခြင်း စသည့်အခြားလက္ခဏာများ တွဲဖြစ်ခြင်း

အထက်ဖော်ပြပါ လက္ခဏာများ ခံစားရလျှင် မိမိ၏ မိသားစုဆရာဝန်နှင့် အမြန်ဆုံး ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးမည်။

ရောဂါရှာဖွေခြင်း

ဆရာဝန်မှ ရောဂါရာဇဝင် (ခံစားရသည့် လက္ခဏာများ၊ သောက်သုံးနေသည့် ဆေးဝါးများ စသည်) မေးမြန်းပြီး အောက်ဖော်ပြပါ အဆင့် (၃) ဆင့်ကို ပြုလုပ်မည်ဖြစ်သည်။

  1. ဆရာဝန်မှ စမ်းသပ်စစ်ဆေးခြင်း (Breast examination)
    ရင်သား (၂) ဖက်၊ ချိုင်း၊ ရင်ဘတ်နှင့် လည်ပင်းများကို ထိုင်လျက် တစ်ကြိမ်၊ လဲလျောင်းလျက် တစ်ကြိမ် စမ်းသပ်မည်။
  2. ရင်သားဓာတ်မှန် သို့မဟုတ် ရင်သား အာထရာဆောင်းရိုက် စစ်ဆေးခြင်း (Breast imaging)
    ရင်သားပြောင်းလဲမှုများနှင့် ဖြစ်ပေါ်ရသည့် အကြောင်းရင်းခံများကို သိရှိနိုင်ရန်အတွက်ဖြစ်သည်။ လိုအပ်ပါက သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်း ပြုလုပ်ရတတ်သည်။ အထက်ဖော်ပြပါ စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ပုံမှန်မဟုတ်သော တွေ့ရှိချက်များ ရှိပါက အသားစယူစစ်ဆေးခြင်း ဆက်လက်ပြုလုပ်ရန် လိုအပ်သည်။
  3. အသားစယူ စစ်ဆေးခြင်း (Biopsy)
    • သွေးတွင်း ဟော်မုန်းဓာတ်စစ်ဆေးခြင်း (သိုင်းရွိုက်ဟော်မုန်း၊ ပရိုလပ်တင်ဟော်မုန်း)
    • နို့ရည်ပြွန်အတွင်း ပုံရိပ်ဖော်ဆေးထိုး၍ ရင်သားဓာတ်မှန်ရိုက်ခြင်း (Ductogram)
ကုသခြင်း

ဖြစ်ပေါ်ရသည့် အကြောင်းရင်းအပေါ် မူတည်၍ ကုသသည်။

  • ရင်သား ပိုးဝင်ရောင်ရမ်းပါက ပဋိဇီဝပိုးသတ်ဆေးများ ပေးခြင်း
  • ရောဂါဖြစ်ပွါးသည့် နို့ရည်ပြွန်အား ခွဲစိတ်ဖယ်ရှားခြင်း
  • ရင်သားအလုံး သို့မဟုတ် အရည်အိတ်အား ခွဲစိတ်ဖယ်ရှားခြင်း
  • ဆေးဝါးများကြောင့် ဖြစ်ပွါးပါက ဆေးရပ်ခြင်း သို့မဟုတ် ဆေးညှိခြင်း၊ ပြောင်းပေးခြင်း

နို့သီးခေါင်းမှ အရည်စိမ့်ထွက်ရသည့် အကြောင်းရင်း တိကျစွာမတွေ့ရှိပါက မည်သည့်ကုသမှုများ မလိုအပ်တတ်ပေ။ သို့သော် ဆရာဝန်မှ နောက်ထပ်စစ်ဆေးရမည့် ရက်ချိန်းပေးခြင်း သို့မဟုတ် ရင်သားဓာတ်မှန် ပြန်ရိုက်ရန် အကြံပြုနိုင်သည်။

ကာကွယ်ခြင်း

နို့သီးခေါင်းမှ အရည်စိမ့်ထွက်ခြင်းကို အမြဲကာကွယ်၍မရနိုင်သော်လည်း အောက်ပါနည်းလမ်းများဖြင့် ဖြစ်နိုင်ခြေကို လျှော့ချနိုင်သည်။

  1. ရင်သားနှင့် နို့သီးခေါင်းကို အလွန်အကျွံဖိခြင်း၊ ပွတ်တိုက်ခြင်းမှ ရှောင်ပါ
    • လိင်ဆက်ဆံစဉ် သို့မဟုတ် တင်းကျပ်သော အဝတ်အစားများကြောင့် ဖြစ်ပေါ်လာနိုင်သော ပွတ်တိုက်မှုများကို ရှောင်ပါ
  2. သက်သောင့်သက်သာရှိပြီး ကိုယ်နှင့်တော်သော အတွင်းခံဝတ်ဆင်ပါ
    • နို့သီးခေါင်းကို ထိခိုက်စေနိုင်သော တင်းကျပ်သည့် သို့မဟုတ် ချောမွေ့မှုမရှိသော အဝတ်အစားများကို ရှောင်ပါ
  3. စိတ်ဖိစီးမှုကို ထိန်းသိမ်းပါ
    • စိတ်ဖိစီးမှုသည် ဟော်မုန်းများကို မညီမျှစေနိုင်ပြီး နို့သီးခေါင်းမှ အရည်ထွက်ခြင်းကို ဖြစ်စေနိုင်သည်
  4. ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆေးဝါးများကို သောက်သုံးပါ
    • ဟော်မုန်းဆိုင်ရာဆေးများ (ဥပမာ – သန္ဓေတားဆေး) သို့မဟုတ် စိတ်ကျန်းမာရေးဆေးများသည် နို့သီးခေါင်းမှ အရည်ထွက်ခြင်းကို ဖြစ်စေနိုင်သည်၊ ဆရာဝန်နှင့် တိုင်ပင်ပါ
  5. မလိုအပ်ဘဲ ရင်သားကို ခဏခဏ စမ်းသပ်စစ်ဆေးခြင်းမှ ရှောင်ပါ
    • မကြာခဏ စမ်းသပ်ခြင်းသည် နို့သီးခေါင်းကို လှုံ့ဆော်မှုဖြစ်စေနိုင်သည်

အထူးသဖြင့် အသက် (၄၀) ကျော်ပါက ပုံမှန် ရင်သားကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ပါ
ဆရာဝန်နှင့် ပုံမှန်စစ်ဆေးခြင်းနှင့် လိုအပ်ပါက ဓာတ်မှန်ရိုက်ခြင်းဖြင့် ရောဂါလက္ခဏာများကို အစောပိုင်းတွင် သိရှိနိုင်သည်

References:

  1. Cleveland Clinic. (2025). Nipple discharge. Retrieved April 29, 2026, from https://my.clevelandclinic.org/health/symptoms/21014-nipple-discharge
  2. Mayo Clinic. (n.d.). Nipple discharge: When to see a doctor. Mayo Clinic. Retrieved April 29, 2026, from https://www.mayoclinic.org/symptoms/nipple-discharge/basics/when-to-see-doctor/sym-20050946
  3. Simon, C., Everitt, H., van Dorp, F., Hussain, N., Nash, E., & Peet, D. (2020). Oxford handbook of general practice (5th ed.). Oxford University Press.

Published: 28 April 2025

Last updated: 8 May 2026

Share

Category

26 April 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.