ရင်သားနာကျင်ခြင်း (Breast pain) တွင် ရင်သားတစ်ရှူးများ ထိုးအောင့်နာခြင်း၊ စူး၍နာခြင်း၊ ပူလောင်သကဲ့သို့ ခံစားရခြင်း သို့မဟုတ် တင်းကျပ်သကဲ့သို့ ခံစားရခြင်း စသည်တို့ပါဝင်သည်။ ရင်သားနာကျင်ရခြင်း အကြောင်းရင်းများစွာရှိသည်။ အများအားဖြင့် အရေးကြီးသော ရောဂါများကြောင့် မဟုတ်သော်လည်း နာကျင်မှု မသက်သာပါက ဆရာဝန်နှင့် ပြသတိုင်ပင်သင့်သည်။
ရင်သားနာကျင်ခြင်းအမျိုးအစား
ရာသီစက်ဝန်း ဓမ္မတာလာချိန်နှင့် ဆက်စပ်မှုအပေါ် မူတည်၍ ရင်သားနာကျင်မှု အမျိုးအစား (၂) မျိုး ခွဲခြားနိုင်သည်။
ရာသီစက်ဝန်းနှင့် ဆက်စပ်သော ရင်သားနာကျင်မှု (Cyclical breast pain)
- ခန္ဓာကိုယ်အတွင်းရှိ အမျိုးသမီးဟော်မုန်း အပြောင်းအလဲများကြောင့် ဖြစ်ပေါ်လေ့ရှိပြီး ရာသီမလာမီ တစ်ပတ်ခန့်အလိုတွင် စတင်နာကျင်လေ့ရှိသည်
- အသက် (၂၀) မှ (၅၀) အတွင်းရှိ အမျိုးသမီးများတွင် အဖြစ်များသည်
- သွေးဆုံးပြီးနောက် တဖြည်းဖြည်း သက်သာပျောက်ကင်းသွားတတ်သည်
- ရင်သား တစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးတွင် နာကျင်နိုင်သည်
- ရာသီသွေးစတင်ဆင်းသည်နှင့် ရင်သားနာကျင်မှု သက်သာသွားတတ်သည်
- သို့သော် နောက်တစ်ကြိမ် ရာသီမလာမီတွင် ပြန်လည်နာကျင်နိုင်သည်
- ဟော်မုန်းပါသော ဆေးများ (ဥပမာ _ ကိုယ်ဝန်တားဆေး သို့မဟုတ် ဟော်မုန်းအစားထိုးကုထုံး) သောက်သုံးနေပါက ဤကဲ့သို့ ရင်သားနာကျင်တတ်သည်
- ဤအမျိုးအစား ရင်သားနာကျင်မှုသည် ကြိုတင်ခန့်မှန်းနိုင်သည့် ပုံစံတစ်ခုဖြစ်သည်
ရာသီစက်ဝန်းနှင့် မသက်ဆိုင်သော ရင်သားနာကျင်မှု (Non-cyclical breast pain)
- အသက် (၄၀) ကျော် အမျိုးသမီးများတွင် အဖြစ်များသည်
- သွေးဆုံးပြီးနောက်ပိုင်းတွင်လည်း ခံစားရနိုင်သည်
- ရင်သားတစ်ဖက်တည်းရှိ နေရာတစ်ခုတွင် နာနေတတ်သည်
- နာကျင်မှုကို ကြိုတင်မခန့်မှန်းနိုင်ပါ
- တစ်ခါတစ်ရံ နာလိုက်ပျောက်လိုက် ဖြစ်တတ်ပြီး တစ်ခါတစ်ရံ ဆက်တိုက်နာကျင်တတ်သည်
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ရင်သားနာကျင်ရသည့် အကြောင်းရင်းကို တိကျစွာ မသိရှိကြပါ။ အမျိုးသမီး ရာသီစက်ဝန်းအရ သဘာဝဟော်မုန်းအပြောင်းအလဲများကြောင့် ရင်သားကို နာကျင်စေသည်။ ထို့အပြင် အောက်ဖော်ပြပါ ရောဂါအခြေအနေများတွင် ရာသီစက်ဝန်းနှင့် မသက်ဆိုင်သော ရင်သားနာကျင်မှု ခံစားရနိုင်သည်။
- ဆေးဝါးများ
- ကိုယ်ဝန်တားဆေးများ
- ဟော်မုန်းအစားထိုးကုထုံးများ
- စိတ်ကျရောဂါဆေးများ
- ဓာတ်ရောင်ခြည်ကုထုံး ရယူထားသူများ
- ကျန်းမာရေးအခြေအနေများ
- ကိုယ်ဝန်ဆောင်များ
- နို့တိုက်မိခင်များ
- ရင်သားတွင် ကင်ဆာမဟုတ်သော အလုံး သို့မဟုတ် အရည်အိတ်တည်ခြင်း
- ရင်သားရောင်ရမ်းခြင်း (Mastitis)
- ရင်ညွန့်ရိုးနာခြင်း (Costochondritis)
- ခွဲစိတ်အမာရွတ်
- ရင်သား၊ လည်ပင်း၊ ပခုံး သို့မဟုတ် နောက်ကျောတွင် ထိခိုက်ဒဏ်ရာရခြင်း
- နေထိုင်စားသောက်မှုပုံစံ
- ဆေးလိပ်သောက်ခြင်း
- ကဖိန်းဓာတ်များခြင်း
- စိတ်ဖိစီးမှုများခြင်း
- အဆီများသော အစားအစာများ စားသုံးခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်
- (၂) ပတ်ထက်ပို၍ နေ့စဥ်ဆက်တိုက် နာကျင်ခြင်း
- ရင်သား တစ်နေရာတည်းတွင်သာ သိသာစွာ နာကျင်ခြင်း
- တဖြည်းဖြည်း နာကျင်မှု ပိုမိုပြင်းထန်လာခြင်း
- နေ့စဥ်လုပ်ငန်းဆောင်တာများ ထိခိုက်လာခြင်း
- နာကျင်မှုကြောင့် အိပ်ရာမှ နိုးလာခြင်း
အထက်ဖော်ပြပါလက္ခဏာများ ခံစားရလျှင် မိမိ၏ မိသားစုဆရာဝန်နှင့် အမြန်ဆုံး ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကု ဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးမည်။
ရင်သားကင်ဆာရောဂါ (Breast cancer) တွင် အများအားဖြင့် ရင်သားနာကျင်လေ့ မရှိသော်လည်း စမ်းသပ်စစ်ဆေးချက်များအရ သံသယရှိပါက ဆရာဝန်ညွှန်ကြားသည့်အတိုင်း စစ်ဆေးမှုများ ခံယူသင့်သည်။
ရောဂါရှာဖွေခြင်း
ရောဂါရှာဖွေရန် အောက်ဖော်ပြပါအဆင့်များကို ပြုလုပ်မည်ဖြစ်သည်။
- ရောဂါရာဇဝင်မေးမြန်းခြင်း (အထူးသဖြင့် အောင့်ခြင်း၊ တင်းခြင်း၊ စူးခြင်း စသည့် နာကျင်မှု၊ ပြင်းထန်မှု၊ နာကျင်သည့် အကြိမ်ရေနှင့် ကြာချိန် စသည်) နှင့်
- ရင်သား (၂) ဖက်လုံး စမ်းသပ်စစ်ဆေးခြင်း (ရင်သားအလုံး ရှိမရှိ စမ်းသပ်ခြင်း၊ ချိုင်းကြားအား စမ်းသပ်ခြင်း) စသည်တို့ကို ဦးစွာပြုလုပ်မည်။
စမ်းသပ်တွေ့ရှိချက်များ၊ အသက်အရွယ် စသည်တို့အပေါ် မူတည်၍ အောက်ပါစစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်သည်။
- ရင်သားဓာတ်မှန် (Mammogram) – အသက် (၄၀) ကျော် အမျိုးသမီးများတွင် ပြုလုပ်သည်
- ရင်သားအာထရာဆောင်း (Breast Ultrasound)
- အသားစရယူခြင်း (Biopsy) – ဆေးထိုးအပ် သို့မဟုတ် အထူးပြုလုပ်ထားသော အပ်ဖြင့် အသားစယူစစ်ဆေးခြင်းနှင့် ခွဲစိတ်၍ အသားစယူစစ်ဆေးခြင်း
ကုသခြင်း
ရာသီစက်ဝန်း ဓမ္မတာလာချိန်နှင့် မသက်ဆိုင်သော ရင်သားနာကျင်မှု
ဖြစ်ပေါ်ရသည့်ရောဂါ၊ အကြောင်းရင်းအလိုက် သက်ဆိုင်သော ကုသမှုများ ပြုလုပ်သည်။ ဥပမာ_
- ရင်သားရောင်ရမ်းနေပါက ပဋိဇီဝပိုးသတ်ဆေးများ ပေးခြင်း
- ရင်သားအလုံး စစ်ဆေးတွေ့ရှိပါက ခွဲစိတ်ကုသခြင်းများဖြစ်သည်။
ရာသီစက်ဝန်း ဓမ္မတာလာချိန်နှင့် ဆက်စပ်သော ရင်သားနာကျင်မှု
ရာသီစက်ဝန်း ဓမ္မတာလာချိန်နှင့် ဆက်စပ်သော ရင်သားနာကျင်မှုသည် အများအားဖြင့် အထူးကုသမှုများ လိုအပ်လေ့မရှိပါ။ သို့သော် နာကျင်မှု ပြင်းထန်ပါက အနာသက်သာစေရန် အောက်ပါနည်းလမ်းများကို အသုံးပြုသည်။
- ပါရာစီတမော၊ အိုင်ဗျူပရိုဖန် စသည့် အကိုက်အခဲ ပျောက်ဆေးများ
- ဒါနာဇော (Danazol)၊ တမောက်စီဖန် (Tamoxifen) စသည့် ဆေးများကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း သောက်သုံးနိုင်သည်။ (နောက်ဆက်တွဲဆိုးကျိုးများ ရှိနိုင်သဖြင့် ပါရာစီတမော၊ အိုင်ဗျူပရိုဖန် ဆေးများနှင့် မသက်သာမှ သောက်သင့်သည်)
ကာကွယ်ခြင်း
- ဆေးလိပ်ဖြတ်ခြင်း
- ကဖိန်းဓာတ်ပါသော ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည် လျှော့သောက်ခြင်း
- ရင်သားအရွယ်အစား ပြောင်းလဲမှုအလိုက် သင့်လျော်သော အတွင်းခံ ရွေးချယ်ဝတ်ဆင်ခြင်း (အထူးသဖြင့် ညအိပ်ချိန်များ)
- ဟော်မုန်းဆေးများကို ဆရာဝန်နှင့် တိုင်ပင်ကာ ချိန်ညှိခြင်း သို့မဟုတ် အသုံးမပြုခြင်း
- ဗီတာမင် အီး (Vitamin E)၊ Evening Primrose Oil၊ မဂ္ဂနီစီယမ် (Magnesium) စသည့် ဖြည့်စွက်ဆေးဝါးများ သောက်သုံးခြင်း (ဆေးပညာအရ အထောက်အထားများ အတိအကျမရှိသေးသော်လည်း ဆရာဝန်ညွှန်ကြားချက်ဖြင့် စမ်းသပ်သုံးစွဲနိုင်သည်)
- စိတ်ဖိစီးမှုလျှော့ချခြင်း (ယောဂလေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ခြင်း)
- ရင်သား နာကျင်သည့်နေရာအား ရေနွေးအိတ်ကပ်ခြင်းစသည်တို့ ပြုလုပ်ပေးနိုင်သည်။
References:
- Mayo Clinic . (2023). Breast pain: Symptoms and causes. Retrieved April 29, 2026, from https://www.mayoclinic.org/diseases-conditions/breast-pain/symptoms-causes/syc-20350423
- Cleveland Clinic. (2024). Breast pain (mastalgia). Retrieved April 29, 2026, from https://my.clevelandclinic.org/health/diseases/15469-breast-pain-mastalgia
- NHS. (n.d.). Breast pain. Retrieved April 29, 2026, from https://www.nhs.uk/conditions/breast-pain/
- Simon, C., Everitt, H., van Dorp, F., Hussain, N., Nash, E., & Peet, D. (2020). Oxford handbook of general practice (5th ed.). Oxford University Press.
Published: 28 April 2025
Last updated: 8 May 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.