Short stature (အရပ်ပုခြင်း)

Short stature (အရပ်ပုခြင်း)

အရပ်ပုခြင်း (Short stature) ဆိုသည်မှာ ကလေး၏အရပ်သည် သက်တူရွယ်တူ၊ ကျားမတူ၊ လူမျိုးတူသော အခြားကလေးများနှင့် နှိုင်းယှဥ်လျှင် သိသာစွာ ပုနေခြင်းဖြစ်သည်။ ပုံမှန်ကလေးများသည် အရပ်ကြီးထွားမှုဇယားတွင် အောက်ဆုံးဂရပ်လိုင်း (3rd centile) နှင့် အပေါ်ဆုံးဂရပ်လိုင်း (97th centile) ကြားတွင်ရှိသည်။ အကယ်၍ ကလေး၏ အရပ်အမြင့်သည် အောက်ဆုံးဂရပ်လိုင်း (3rd centile) ၏အောက်တွင် ရှိနေလျှင် အရပ်ပုသည်ဟု ဆေးပညာအရ သတ်မှတ်နိုင်သည်။

အရပ်ပုခြင်းသည် အရိုးနှင့်အရိုးနုတို့၏ ကြီးထွားမှုများကို ထိခိုက်စေနိုင်သော အခြေအနေများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ကလေး၏ အသက်အရွယ်ပေါ် မူတည်၍ တစ်နှစ်လျှင် ပျမ်းမျှအရပ်ရှည်ကြီးထွားနိုင်သည့်ပမာဏ ကွာခြားမှုရှိသည်။ အသက် (၁)နှစ် မှ (၃)နှစ်ကြား ကလေးများ၏ ကြီးထွားမှုသည် လျင်မြန်ပြီး တစ်နှစ်လျှင် (၁၀) စင်တီမီတာခန့် အရပ်ရှည်ကြီးထွားနိုင်သည်။ အသက် (၃)နှစ် မှ လူပျိုဖော်၊ အပျိုဖော်ဝင်စအချိန်အထိ တစ်နှစ်လျှင် (၅-၆) စင်တီမီတာခန့် အရပ်ရှည်ကြီးထွားသည်။ လူပျိုဖော်၊ အပျိုဖော်မဝင်မီတွင် ကြီးထွားမှုသည် အနည်းငယ် နှေးသွားတတ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ရောဂါမရှိဘဲ အရပ်ပုခြင်းနှင့် နောက်ခံရောဂါအခြေအနေများကြောင့် အရပ်ပုခြင်းဟူ၍ ခွဲခြားနိုင်သည်။

ရောဂါမရှိဘဲ အရပ်ပုခြင်းအမျိုးအစားများ
  • မျိုးရိုးလိုက်ခြင်းကြောင့် အရပ်ပုခြင်း (Familial Short Stature)
  • ကြီးထွားမှုနောက်ကျခြင်းကြောင့် အရပ်ပုခြင်းနှင့် လူပျိုဖော် အပျိုဖော်ဝင်နောက်ကျခြင်း (Constitutional Delay of Growth and Puberty – CDGP)
  • အကြောင်းရင်းမသိ အရပ်ပုခြင်း (Idiopathic Short Stature) တို့ဖြစ်သည်။
  1. မျိုးရိုးလိုက်ခြင်းကြောင့် အရပ်ပုခြင်း (Familial Short Stature)
    ကလေးတစ်ဦး၏ အရပ်အမောင်းသည် မိဘများထံမှ မျိုးဗီဇဆိုင်ရာ အကြောင်းရင်းများကြောင့် ပျမ်းမျှထက် ပိုမိုပုနေသော အခြေအနေဖြစ်သည်။ အဓိကလက္ခဏာများမှာ_
    • မိဘ သို့မဟုတ် ညီအကိုမောင်နှမများသည်လည်း ပျမ်းမျှထက် အရပ်ပုနေသည်
    • ကလေး၏အရပ်သည် အောက်ဆုံးဂရပ်လိုင်းတွင်ရှိနေသော်လည်း ကြီးထွားမှုနှုန်းမှာ ပုံမှန်ဖြစ်နေသည်
    • အရိုးအသက် (Bone age) သည်လည်း ပုံမှန်ဖြစ်သည်
    • ဟော်မုန်းချို့တဲ့ခြင်း သို့မဟုတ် အရပ်ပုစေသော အခြားရောဂါအခံများမရှိပါ
  2. ကြီးထွားမှုနောက်ကျခြင်းကြောင့် အရပ်ပုခြင်းနှင့် လူပျိုဖော် အပျိုဖော်ဝင်နောက်ကျခြင်း (Constitutional Delay of Growth and Puberty – CDGP)
    ကလေးတစ်ဦးတွင် ကြီးထွားမှုနှင့် လူပျိုဖော်၊ အပျိုဖော်ဝင်သည့် လက္ခဏာများ ယာယီနောက်ကျခြင်းဖြစ်သည်။ အများအားဖြင့် ဗီဇဆိုင်ရာ အကြောင်းရင်းများကြောင့် ဖြစ်ပေါ်လေ့ရှိသည်။ အဓိကလက္ခဏာများမှာ_
    • မိဘတစ်ဦးဦး သို့မဟုတ် ဆွေမျိုးများတွင် ငယ်စဉ်က ကြီးထွားမှု သို့မဟုတ် လူပျိုဖော်၊ အပျိုဖော်ဝင်ချိန် နောက်ကျခြင်းများ ဖြစ်ခဲ့ဖူးသည်
    • ကလေး၏ ကြီးထွားနှုန်းသည် အရွယ်တူကလေးများထက် နှေးကွေးပြီး ကြီးထွားမှုဇယားတွင် နောက်ကျနေသော်လည်း နောက်ပိုင်းတွင် ပုံမှန်ပြန်ဖြစ်သည်
    • လူပျိုဖော် အပျိုဖော်ဝင်ခြင်းလည်းနောက်ကျပြီး မိန်းကလေးများတွင် အသက် (၁၃) နှစ်နှင့် ယောက်ျားလေးများတွင် အသက် (၁၄) နှစ်ကျော်မှ စတင်လေ့ရှိသည်
    • အရိုးအသက်သည် ပုံမှန်ထက်နောက်ကျသည်
  3. အကြောင်းရင်းမသိ အရပ်ပုခြင်း (Idiopathic Short Stature)
    ကလေးတစ်ဦး၏ အရပ်အမောင်းသည် ပျမ်းမျှထက် သိသိသာသာ ပုနေသော်လည်း ဟော်မုန်းချို့တဲ့ခြင်း၊ ဗီဇဆိုင်ရာရောဂါများ၊ အာဟာရချို့တဲ့ခြင်း သို့မဟုတ် နာတာရှည်ရောဂါများ မရှိသည့်အခြေအနေကို ဆိုလိုသည်။ အဓိကလက္ခဏာများမှာ_
    • ကလေး၏ ခန္ဓာကိုယ်အချိုးအစားသည် ပုံမှန်ဖြစ်ပြီး အရိုးဖွံ့ဖြိုးမှုချို့ယွင်းခြင်း သို့မဟုတ် အခြားရုပ်ပိုင်းဆိုင်ရာ ပုံမမှန်မှုများ မရှိပါ
    • ကလေး၏ အရပ်အမောင်းသည် အများအားဖြင့် အရပ်ကြီးထွားမှုဇယားတွင် အောက်ဆုံးဂရပ်လိုင်း (3rd centile) အောက်တွင်ရှိနေသည်
    • အရိုးအသက်သည်လည်း ပုံမှန်ဖြစ်ပြီး အရိုးကြီးထွားမှု နောက်မကျပါ
နောက်ခံရောဂါအခြေအနေများကြောင့် အရပ်ပုနိုင်သော အကြောင်းရင်းများ
  • ဟော်မုန်းရောဂါများ _ ကြီးထွားမှုဟော်မုန်း (Growth Hormone) ချို့တဲ့ခြင်းကို ဖြစ်စေသော ပီကျုထရီဂလင်းပြဿနာများ၊ သိုင်းရွိုက်ဟော်မုန်းနည်းခြင်းရောဂါများကြောင့်လည်း အရပ်ပုစေသည်၊ အပျိုဖော်၊ လူပျိုဖော်စောဝင်ခြင်းကြောင့်လည်း ကြီးထွားနိုင်သည့်အခြေအနေအားလုံးသို့ မရောက်ရှိသေးမီတွင် ကြီးထွားမှုရပ်တန့်သွားနိုင်သည်
  • မျိုးဗီဇရောဂါများ _ အရပ်ပုခြင်းတွဲ၍ရှိနိုင်သော အချို့မျိုးဗီဇရောဂါများ (ဥပမာ _ ဒေါင်းဆင်ဒရုန်းTurner ဆင်ဒရုန်း)
  • အရိုးဆိုင်ရာရောဂါများ _ အရိုးကြီးထွားမှုပေါ်တွင် သက်ရောက်မှုရှိခြင်းကြောင့် အရပ်ပုခြင်းကို ဖြစ်စေသောအရိုးရောဂါများ (ဥပမာ _ ဗီတာမင် ဒီ ချို့တဲ့ခြင်းကြောင့်ဖြစ်သည့် အရိုးပျော့‌ရောဂါ၊ Achondroplasia ရောဂါများ)
  • နာတာရှည်ရောဂါများ _ ကြီးထွားမှုအပေါ်တွင် သက်ရောက်မှုရှိစေသော နာတာရှည်ရောဂါများ (ဥပမာ _ အစာအိမ်နှင့်အူလမ်းကြောင်း ရောဂါများ၊ နှလုံးရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ၊ ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါ၊ သွေးရောဂါများ၊ ကင်ဆာရောဂါနှင့် အာဟာရချို့တဲ့ခြင်းများ)
  • အာဟာရချို့တဲ့ခြင်း _ အာဟာရချို့တဲ့ခြင်းသည် ကြီးထွားမှုနှုန်းကို နှေးစေပြီး အရပ်ပုခြင်းကို ဖြစ်စေသည်၊ ကိုယ်ဝန်ဆောင်ကာလတွင် အာဟာရချို့တဲ့မှုရှိပါက သန္ဓေသားကို ထိခိုက်စေနိုင်ပြီး ပေါင်မပြည့်သောကလေးများ၊ သေးသောကလေးများ မွေးဖွားစေနိုင်ပြီး ကလေးဘဝတွင်လည်း ပုညှက်ခြင်းကို ဖြစ်စေသည်၊ သို့ရာတွင် ထိုကလေးအများစုသည် အသက် (၂)နှစ် မှ (၃)နှစ်အတွင်းတွင် ကြီးထွားမှု ပုံမှန်ပြန်ဖြစ်လာနိုင်ပြီး (၁၀) ရာခိုင်နှုန်းခန့်သည်သာ သက်တူရွယ်တူကလေးများထက် သေး၍ပုနေတတ်သည်
  • ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများ _ ခဲ၊ ကက်မီယမ်ကဲ့သို့သော ဓာတ်သတ္တုများနှင့် ထိတွေ့မှုများသည်လည်း ကြီးထွားမှုကို နှောင့်နှေးစေသည့် အခြေအနေများဖြစ်သည်
  • စိတ်ပိုင်းဆိုင်ရာနှင့် လူမှုပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းရင်းများကြောင့်ဖြစ်သော အရပ်ပုခြင်း
    • စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိခြင်း၊ စိတ်ဖိစီးခြင်း၊ မိသားစုတွင်း နွေးထွေးချစ်ခင်မှုမရှိခြင်း၊ လုံခြုံစိတ်ချမှုမရှိသည့် ပတ်ဝန်းကျင်တွင် နေထိုင်ရခြင်းများနှင့် ဆက်စပ်မှုရှိသည်
    • ကလေးဘဝနှင့် လူပျိုဖော် အပျိုဖော်ဝင်စတွင် တွေ့ရတတ်သော ကြီးထွားမှုနှောင့်နှေးခြင်း၊ အရပ်ပုခြင်း သို့မဟုတ် လိင်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု နှောင့်နှေးခြင်း စသည့်အခြေအနေများနှင့် တွဲ၍တွေ့ရသည်
    • သို့သော် ထိုကလေးများကို လုံခြုံစိတ်ချမှုရှိသောပတ်ဝန်းကျင်တွင် ရွှေ့ပြောင်းနေထိုင်စေသောအခါတွင် ကြီးထွားမှု ပုံမှန်ပြန်ဖြစ်လာခြင်း၊ အပြုအမူပိုင်းဆိုင်ရာ တိုးတက်လာခြင်းနှင့် ဟော်မုန်းပြဿနာများ ပုံမှန်ပြန်ဖြစ်လာခြင်း စသည့်အချက်များကို တွေ့ရသည်
  • ကိုယ်ဝန်ဆောင်ကာလ ကြုံတွေ့နိုင်သောအခြေအနေများ
    • ကိုယ်ဝန်ဆောင်ကာလတွင် မိခင်ကိုယ်ဝန်ဆိပ်တက်ခြင်း၊ ချက်ကြိုးမှတစ်ဆင့် မိခင်ထံမှ ရောဂါပိုးများ ကူးစက်ခံရသော အခြေအနေများ (ဥပမာ – Congenital Cytomegalovirus)၊ မိခင်အရက်သောက်ခြင်းနှင့် ဆေးလိပ်သောက်ခြင်း၊ မွေးလမ်းကြောင်းမှတစ်ဆင့် ပိုးဝင်ခြင်း စသည့်အခြေအနေများတွင် ပေါင်မပြည့်သောကလေးများ၊ သေးသောကလေးများ မွေးဖွားစေနိုင်ပြီး ကလေးဘဝတွင်လည်း ပုညှက်ခြင်းကိုဖြစ်စေသည်
ယှဥ်တွဲလာတတ်သောလက္ခဏာများ

ပြင်ပအသွင်အပြင်အရ အချိုးကျအရပ်ပုခြင်းနှင့် အချိုးမကျအရပ်ပုခြင်းဟူ၍ တွေ့ရှိရသည်။ အရပ်ပုခြင်းအပြင် နောက်ခံရောဂါအခြေအနေပေါ်မူတည်၍ အခြားလက္ခဏာများလည်း တွဲ၍တွေ့ရနိုင်သည်။

  1. အချိုးကျ အရပ်ပုခြင်း (Proportionate Short Stature)
    ခန္ဓာကိုယ်၏ အစိတ်အပိုင်းများသည် တစ်ခုနှင့်တစ်ခု အချိုးကျနေသော်လည်း လူတစ်ဦး၏ အရပ်အမောင်းသည် ၎င်း၏ အသက်အရွယ်နှင့် ကျားမအလိုက် မျှော်မှန်းထားသော အရပ်ထက် ပုနေခြင်းကို ဆိုလိုသည်။ ရောဂါမရှိဘဲ အရပ်ပုခြင်းများ၊ နာတာရှည်ရောဂါများ၊ ဟော်မုန်းဆိုင်ရာ ပြဿနာများ၊ သန္ဓေသားဘဝ ကြီးထွားမှု နှေးကွေးခြင်းများနှင့် တွဲ၍တွေ့ရသည်။ တွေ့နိုင်သောလက္ခဏာများမှာ_
    • ခန္ဓာကိုယ်၏ လက်မောင်း၊ ခြေထောက်နှင့် ကိုယ်လုံး အချိုးအစားကျစွာ ပုနေသည်
    • ကြီးထွားမှုသည် တစ်သမတ်တည်း နှေးကွေးနေသည်
  2. အချိုးမကျ အရပ်ပုခြင်း (Disproportionate Short Stature)
    ခန္ဓာကိုယ်၏ အစိတ်အပိုင်းများ အချိုးမကျဘဲ ပုံမှန်မဟုတ်သော အချိုးအစားဖြင့် ပုနေခြင်းကို ဆိုလိုသည်။ အရိုးဖွဲ့စည်းပုံ ချို့ယွင်းသောရောဂါများ (Skeletal Dysplasias) ဖြစ်သည့် Achondroplasia ကဲ့သို့သော မျိုးဗီဇဆိုင်ရာ ရောဂါများ၊ ဗီတာမင် ဒီ ချို့တဲ့ခြင်းကြောင့်ဖြစ်သော အရိုးပျော့ရောဂါ (Rickets) စသည်တို့တွင် တွေ့ရသည်။ တွေ့နိုင်သောလက္ခဏာများမှာ_
    • လက်မောင်းနှင့် ခြေထောက်များ ပုံမှန်ထက် တိုနေခြင်း
    • ရုပ်ပိုင်းဆိုင်ရာပုံမမှန်ခြင်းများ (ဥပမာ _ နဖူးမောက်ခြင်း၊ နှာခေါင်းပြားခြင်း၊ မေးရိုးသေးခြင်း)
    • အရိုးဖွဲ့စည်းပုံ ပုံမှန်မဟုတ်ခြင်း (ဥပမာ _ ပုံမှန်ထက် ဦးခေါင်းကြီးနေခြင်း၊ ကျောရိုးတိုနေခြင်း၊ ခြေ‌ထောက်ခွင်ခြင်း)
    • အဆစ်များ ပုံပျက်နေခြင်း သို့မဟုတ် ကျောရိုးကွေးနေခြင်းတို့ဖြစ်သည်။
Short stature image
နောက်ဆက်တွဲပြဿနာများ
  1. အချိုးမကျ အရပ်ပုခြင်း၏ နောက်ဆက်တွဲပြဿနာများ
    အချိုးမကျ အရပ်ပုခြင်းသည် များသောအားဖြင့် အရိုးဖွဲ့စည်းပုံဆိုင်ရာ ချို့ယွင်းချက်များ (Skeletal dysplasias) သို့မဟုတ် မျိုးဗီဇဆိုင်ရာ ရောဂါများကြောင့် ဖြစ်ပေါ်လာပြီး၊ ရုပ်ပိုင်းဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများစွာ ဖြစ်စေနိုင်သည်။ ဤပြဿနာများသည် ရောဂါ၏ အခြေခံအကြောင်းရင်းပေါ် မူတည်၍ ကွဲပြားသော်လည်း၊ လူတစ်ဦး၏ နေ့စဉ်လူမှုဘဝအရည်အသွေးကို သိသိသာသာ ထိခိုက်စေနိုင်သည်။ အောက်ပါတို့မှာ အချိုးမကျ အရပ်ပုခြင်း၏ အဓိကနောက်ဆက်တွဲပြဿနာများဖြစ်သည်။
    • ရုပ်ပိုင်းဆိုင်ရာ ပြဿနာများ
      • အရိုးအဆစ်ဆိုင်ရာ ပုံပျက်ခြင်းများ _ ကျောရိုးကွေးခြင်း (Scoliosis သို့မဟုတ် Kyphosis)၊ အဆစ်များ ပုံပျက်ခြင်း သို့မဟုတ် တောင့်တင်းခြင်း၊ မျက်နှာပိုင်းဆိုင်ရာ အချိုးအစားမမှန်ခြင်း၊ အရိုးအဆစ်ရောင် ရောဂါများဖြစ်နိုင်ခြင်း၊ အရိုးများ ကျိုးလွယ်ခြင်း၊ အဆစ်လွဲခြင်း
      • အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ _ ရင်ဘတ်ရိုးများပုံပျက်ခြင်းကြောင့် အဆုတ်လှုပ်ရှားမှု ကန့်သတ်ခံရပြီး အသက်ရှူခက်ခြင်း၊ အိပ်စက်နေစဉ် အသက်ရှူရပ်ခြင်း (Sleep apnea)
      • အာရုံကြောဆိုင်ရာ ပြဿနာများ _ ကျောရိုးပုံပျက်ခြင်းကြောင့် အာရုံကြောများ ဖိမိခြင်း သို့မဟုတ် ပျက်စီးခြင်း၊ ဦးနှောက်တွင်း စီအက်စ်အက်ဖ်အရည်များ၍ ရေအိတ်ကျယ်ခြင်း (Hydrocephalus)
      • အကြားအာရုံနှင့် အမြင်အာရုံ ပြဿနာများ _ နားပိုးဝင်ခြင်း သို့မဟုတ် အကြားအာရုံ ချို့တဲ့ခြင်း၊ မျက်လုံးနှင့် ဦးခေါင်းခွံပုံပျက်ခြင်းကြောင့် အမြင်အာရုံ ပြဿနာများဖြစ်ခြင်း
      • ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှု နှေးကွေးခြင်း _ ထိုင်ခြင်း၊ လမ်းလျှောက်ခြင်းကဲ့သို့ လှုပ်ရှားမှုဆိုင်ရာ စွမ်းရည်များ နှေးကွေးခြင်း
      • သွားလာလှုပ်ရှားရန် အခက်အခဲများ _ လမ်းလျှောက်ရာတွင် အခက်အခဲဖြစ်ခြင်း သို့မဟုတ် နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာတွင် အခက်အခဲရှိခြင်း၊ ဘီးတပ်ကုလားထိုင် သို့မဟုတ် ချိုင်းထောက်များ အသုံးပြုရန် လိုအပ်ခြင်း
      • နာတာရှည်နာကျင်မှုများ _ အဆစ်များ၊ ကျောရိုးနှင့် ခြေလက်များတွင် နာကျင်မှုကို ခံစားရခြင်း
    • စိတ်ပိုင်းဆိုင်ရာ ပြဿနာများ
      • ရုပ်ပိုင်းဆိုင်ရာ ကွဲပြားမှုများကြောင့် အနိုင်ကျင့်ခံရခြင်း၊ လှောင်ပြောင်ခံရခြင်း
      • ကိုယ်ကာယလှုပ်ရှားမှုများတွင် ပါဝင်ရန် အခက်အခဲရှိခြင်းကြောင့် မိမိကိုယ်ကို ယုံကြည်မှု နည်းပါးခြင်း
      • စိုးရိမ်ပူပန်မှုများ၊ စိတ်ဓာတ်ကျခြင်း သို့မဟုတ် အထီးကျန်ဆန်ခြင်း
  2. အချိုးကျ အရပ်ပုခြင်း၏ နောက်ဆက်တွဲပြဿနာများ
    • စိတ်ပိုင်းဆိုင်ရာ ပြဿနာများ _ အရပ်ပုခြင်းကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းခြင်း၊ စိုးရိမ်ပူပန်မှုများ သို့မဟုတ် စိတ်ဓာတ်ကျခြင်း၊ လူမှုရေးဆိုင်ရာ ခွဲခြားဆက်ဆံခံရခြင်း၊ အနိုင်ကျင့်ခံရခြင်း သို့မဟုတ် အထီးကျန်ဆန်ခြင်း
    • နောက်ခံရောဂါများ၏ နောက်ဆက်တွဲပြဿနာများ _ ယှဥ်တွဲလာသော နာတာရှည်ရောဂါများ (ဥပမာ _ အာဟာရ ချို့တဲ့ခြင်း၊ ကျောက်ကပ်ရောဂါ) သို့မဟုတ် ဟော်မုန်းမညီမျှခြင်းများ (ဥပမာ _ ကြီးထွားမှုဟော်မုန်း ချို့တဲ့ခြင်း၊ သိုင်းရွိုက်ဟော်မုန်းနည်းခြင်း) ၏ သက်ဆိုင်ရာနောက်ဆက်တွဲပြဿနာများ ခံစားရနိုင်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ဖော်ပြပါလက္ခဏာများ ရှိနေလျှင် မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

ရောဂါရာဇဝင်မေးမြန်းခြင်း၊ ခန္ဓာကိုယ်စမ်းသပ်စစ်ဆေးခြင်းနှင့် ကြီးထွားမှုဇယားများကို သုံးသပ်ခြင်းတို့ ပြုလုပ်သည်။ ကလေး၏ အရပ်အမြင့်သည် ကြီးထွားမှုဇယားပေါ်တွင် အောက်ဆုံးဂရပ်လိုင်း (3rd centile) ၏အောက်တွင်ရှိနေလျှင် သို့မဟုတ် ကလေး၏ အရပ်အမြင့်နှင့် မိဘများ၏ ပျမ်းမျှအရပ်အမြင့် တွက်ချက်မှုကြား သိသိသာသာ ကွာဟမှုရှိနေလျှင် အရပ်ပုသည်ဟု သတ်မှတ်နိုင်သည်။

မိဘများ၏ ပျမ်းမျှအရပ်အမြင့် (Mid-Parental Height) တွက်ချက်နည်း
  • မိန်းကလေးများအတွက် – [မိခင်၏အရပ် (စင်တီမီတာ) + ဖခင်၏အရပ် (စင်တီမီတာ) – ၁၃] ÷ ၂
  • ယောက်ျားလေးများအတွက် – [မိခင်၏အရပ် (စင်တီမီတာ) + ဖခင်၏အရပ် (စင်တီမီတာ) + ၁၃] ÷ ၂ (ကလေး၏ နောက်ဆုံးအရပ်အမြင့်သည် မိဘများ ပျမ်းမျှအရပ်အမြင့်၏ ± ၈.၅ စင်တီမီတာအတွင်း ရှိနိုင်သည်)
ရောဂါရှာဖွေရန် စစ်ဆေးမှုများ
  • သွေးစစ်ဆေးမှုများ _ သိုင်းရွိုက်ဟော်မုန်း စစ်ဆေးခြင်း၊ ကြီးထွားမှုဟော်မုန်း စစ်ဆေးခြင်းနှင့် အခြားဟော်မုန်းစစ်ဆေးမှုများ
  • အရိုးအသက်တွက်ချက်ခြင်း _ အရိုးဓာတ်မှန်ရိုက်ခြင်းဖြင့် အရိုးဖွံ့ဖြိုးမှုကို အကဲဖြတ်ခြင်း
  • ပုံရိပ်ဖော်စစ်ဆေးမှုများ _ အရိုးအသက် (Bone age) ခန့်မှန်းရန် ဘယ်လက်ဓာတ်မှန် (X-ray of the left hand and wrist) ရိုက်ခြင်း၊ ဦးနှောက်သံလိုက်ဓာတ်မှန် (Brain MRI) ရိုက်ခြင်း (ဦးနှောက်အောက်ခြေနှင့် ပီကျူထရီ ဂလင်းဆိုင်ရာ ပြဿနာများကို သံသယရှိပါက)
  • မျိုးဗီဇစစ်ဆေးမှုများ _ မျိုးဗီဇဆိုင်ရာ လက္ခဏာများရှိပါက စစ်ဆေးနိုင်သည်

ဤစစ်ဆေးမှုများသည် အရပ်ပုခြင်း၏ အကြောင်းရင်းကို ဖော်ထုတ်ရန်နှင့် သင့်လျော်သော ကုသမှုပေးရန် ကူညီပေးသည်။

ကုသခြင်း

အရပ်ပုခြင်းကို ကုသရာတွင် ပုံမှန်ကြီးထွားမှု နောက်ကျခြင်းကြောင့် သို့မဟုတ် မျိုးရိုးလိုက်ခြင်းကြောင့် အရပ်ပုခြင်းကို ကုသ၍မရဘဲ ကလေး၏ကြီးထွားမှုကို ပုံမှန်စောင့်ကြည့်ရန်သာ လိုအပ်သည်။ ရောဂါများကြောင့်ဖြစ်သော အရပ်ပုခြင်းများနှင့် အချိုးမကျ အရပ်ပုခြင်းများအတွက် အဓိကကုသမှုများပေးနိုင်သည်။ ကုသနိုင်သောနည်းလမ်းများမှာ_

  1. အခြေခံအကြောင်းရင်းများကို ကုသခြင်း
    ဥပမာ_
    • ကြီးထွားမှုဟော်မုန်း (Growth hormone)၊ သိုင်းရွိုက်ဟော်မုန်းများဖြင့် အစားထိုးကုသခြင်း
    • နာတာရှည်ရောဂါများ (ဥပမာ _ ကျောက်ကပ်ရောဂါ၊ အူလမ်းကြောင်းပြဿနာများ) ကို ကုသခြင်း
    • အာဟာရချို့တဲ့ခြင်းအတွက် အာဟာရပြည့်ဝသော အစားအစာ၊ သံဓာတ်၊ ဗီတာမင် ဒီ၊ ကယ်လ်ဆီယမ် စသည့် အာဟာရဓာတ်များ ဖြည့်စွက်ပေးခြင်း
    • ကြီးထွားမှုကို အားပေးသောကုထုံးများ _ ကြီးထွားမှုဟော်မုန်းအပြင် Oxandrolone (Anabolic Steroid), Gonadotropin-Releasing Hormone (GnRH) Analogues စသည်တို့ကို အချို့သောရောဂါအခြေအနေများတွင် အသုံးပြုသည်
  2. ခွဲစိတ်ကုသခြင်း
    အချိုးမကျ အရပ်ပုရောဂါရှိသူများတွင် တွေ့ရသောပြဿနာများကို ပြုပြင်ပေးရန် ခွဲစိတ်မှုများ တစ်ခါတစ်ရံလိုအပ်နိုင်သည်။ ဥပမာ_
    • ပုံမှန်မဟုတ်သော အရိုးပုံသဏ္ဌာန်ဖြင့် ကြီးထွားလာသောအရိုးများကို ပြုပြင်ခြင်း (ဥပမာ _ ခါးကိုင်းခြင်း၊ အရိုးခွင်ခြင်း)
  3. အခြားပံ့ပိုးကုသမှုများ
    • ပရိုတင်း၊ ကယ်လိုရီနှင့် အာဟာရဓာတ်များ ပြည့်ဝသော မျှတသည့် အစားအစာများ ကျွေးခြင်း
    • ပုံမှန်ကိုယ်လက်လှုပ်ရှားမှု _ ကျန်းမာရေးနှင့် အရိုးသန်မာမှုကို မြှင့်တင်ပေးသည်
    • စိတ်ပိုင်းဆိုင်ရာနှင့် စိတ်ခံစားမှုဆိုင်ရာ ပံ့ပိုးမှု _ မိမိကိုယ်ကိုယုံကြည်မှုဆိုင်ရာ ပြဿနာများကို ဖြေရှင်းပေးသည်
    • မိသားစုကိုလည်း ရောဂါအကြောင်း ရှင်းလင်းဆွေးနွေးပညာပေးခြင်း
  4. နောက်ဆက်တွဲပြဿနာများအတွက် ကုသမှုများ
    ဥပမာ_
    • ကျောရိုးပုံသဏ္ဌာန် ပြုပြင်ရန် အထိန်းတပ်ခြင်း
    • နားအတွင်း မကြာခဏပိုးဝင်ခြင်းကြောင့်ဖြစ်သော အကြားအာရုံဆုံးရှုံးခြင်းကို ကာကွယ်နိုင်ရန် အလယ်နားတွင် လမ်းလွှဲပြွန်တပ်ခြင်း
    • မေးရိုးသေးသောကြောင့်ဖြစ်သော သွားထပ်ခြင်းများအား သက်သာစေရန် ကုသမှုခံယူခြင်း
    • အိပ်နေစဉ် အသက်ရှူခဏရပ်ခြင်းအတွက် CPAP အသက်ရှူကူစက်ကို အသုံးပြုခြင်း
    • အာရုံကြောမကြီးအား ဖိထားခြင်းကြောင့်ဖြစ်ပေါ်သည့် လက္ခဏာများ သက်သာစေရန် ပြုပြင်ခွဲစိတ်ခြင်း စသည်တို့ဖြစ်သည်။
ကာကွယ်ခြင်း

အရပ်ပုခြင်း အကြောင်းရင်းအားလုံးကို ကာကွယ်ရန် မဖြစ်နိုင်သော်လည်း အခြားအကြောင်းရင်းများဖြစ်သော အာဟာရချို့တဲ့ခြင်း၊ နာတာရှည်ရောဂါများကြောင့် ဖြစ်ခြင်းတို့တွင် ကာကွယ်၍ရနိုင်သည်။ အာဟာရ လုံလောက်စွာရရှိခြင်းသည် ကလေး၏ကြီးထွားမှုတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သည်။ သို့ဖြစ်သောကြောင့် ကိုယ်ဝန်ဆောင်မိခင် အာဟာရမျှတမှုရှိစေရန် စားသောက်ခြင်း၊ ကလေးများအတွက် ကြီးထွားရန်လိုအပ်သော အာဟာရများ လုံလောက်‌အောင် ကျွေးမွေးခြင်းတို့ လိုအပ်သည်။ ထို့ပြင် အရပ်ပုခြင်းကိုဖြစ်စေသော နောက်ခံအကြောင်းရင်းများကို စောစီးစွာသိရှိ၍ ကုသမှု ခံယူသင့်သည်။

References:

  1. Jain, M., & Saber, A. Y. (2023). Dwarfism. In StatPearls. StatPearls Publishing. Retrieved February 10, 2026, from https://www.ncbi.nlm.nih.gov/books/NBK563282/
  2. Cleveland Clinic. (n.d.). Skeletal dysplasia (dwarfism) and other causes of short stature. Retrieved February 10, 2026, from https://my.clevelandclinic.org/health/diseases/17862-skeletal-dysplasia-dwarfism-and-other-causes-of-short-stature
  3. Cleveland Clinic. (n.d.). Child growth and development. Retrieved February 10, 2026, from https://health.clevelandclinic.org/child-growth-and-development
  4. Mayo Clinic. (n.d.). Dwarfism: Symptoms and causes. Retrieved February 10, 2026, from https://www.mayoclinic.org/diseases-conditions/dwarfism/symptoms-causes/syc-20371969
  5. WebMD. (n.d.). Dwarfism: Causes and treatments. Retrieved February 10, 2026, from https://www.webmd.com/children/dwarfism-causes-treatments
  6. StatPearls Publishing. (n.d.). Achondroplasia. In StatPearls. Retrieved February 10, 2026, from https://www.ncbi.nlm.nih.gov/books/NBK556031/

Published: 13 February 2024

Last updated: 18 March 2026

Share

Category

26 February 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.