Wisdom Teeth (အံဆုံးသွား)

Wisdom Teeth (အံဆုံးသွား)

အံဆုံးသွား (Wisdom Teeth) သည် သွားတန်း၏အဆုံးတွင် ပေါက်သော တတိယမြောက်အံသွားဖြစ်သည်။ အရွယ်ရောက်ပြီးသူများတွင် နောက်ဆုံးပေါက်သည့် သွားဖြစ်သည်။ ယေဘုယျအားဖြင့် အံဆုံးသွားသည် အပေါ်သွားဖုံးတွင် ဘယ်ညာ (၂) ချောင်း၊ အောက်သွားဖုံးတွင် ဘယ်ညာ (၂) ချောင်း၊ စုစုပေါင်း (၄) ချောင်း ပေါက်‌လေ့ရှိသည်။ ယေဘုယျအားဖြင့် ၎င်းအံဆုံးသွားများသည် လူများတွင် မရှိမဖြစ် လိုအပ်သောသွားများ မဟုတ်ပါ။

အများအားဖြင့် အသက် (၁၇)နှစ် မှ (၂၅)နှစ်ကြားတွင် စပေါက်လေ့ရှိသော်လည်း အံဆုံးသွား (၄) ချောင်းလုံး အပြည့်မပေါက်သူများရှိသကဲ့သို့ အံဆုံးသွား လုံးဝမပေါက်သောသူများလည်း ရှိနိုင်သည်။ ထိုသို့ဖြစ်ခြင်းသည်လည်း ပုံမှန်ဖြစ်စဥ်တစ်ခုသာဖြစ်သည်။

အံဆုံးသွားပြဿနာများ ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အံဆုံးသွားများသည် ပုံမှန်အတိုင်းပေါက်ပါက ခံတွင်း၏ အနောက်ဘက်ကို အထောက်အပံ့ပေးပြီး မေးရိုးကို ထိန်းထားပေးနိုင်သည်။ ပုံမှန်မပေါက်ဘဲ ပြဿနာများဖြစ်ပေါ်ရခြင်း၏ အဓိကအကြောင်းရင်းမှာ လူသားတို့၏ မေးရိုးအရွယ်အစား သေးငယ်လာခြင်းနှင့် ဆက်စပ်နေသည်။

  • ဆင့်ကဲပြောင်းလဲမှု (Evolutionary Changes)
    ရှေးယခင်က အစားအစာများကို အားစိုက်ပြီး ကြိတ်ဝါးရန် လိုအပ်ခဲ့သော်လည်း အစားအစာ ပြုပြင်ချက်ပြုတ်မှုနှင့် နေထိုင်စားသောက်မှု ပုံစံများ ပြောင်းလဲလာခြင်းကြောင့် ယခုအခါ များစွာကြိတ်ဝါးရန် မလိုအပ်တော့ပေ။
  • မေးရိုး သေးငယ်လာခြင်း
    ဤပြောင်းလဲမှုများကြောင့် လူတို့၏ အောက်မေးရိုးများသည် တဖြည်းဖြည်း သေးငယ်လာခဲ့သည်။
  • နေရာ မလုံလောက်ခြင်း
    အံဆုံးသွား ပေါက်ရန်အတွက် မေးရိုးထဲတွင် နေရာအလုံအလောက် မရှိသောအခါ အံဆုံးသွားများ ထွက်လာချိန်တွင် ပုံမှန်မဟုတ်ဘဲ ရွဲ့စောင်းပေါက်ကာ နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

အံဆုံးသွား ပေါက်သည့်ပုံစံများ
အံဆုံးသွားများသည် မေးရိုးထဲမှ ထွက်ပေါ်လာသည့် အနေအထားပေါ် မူတည်၍ အောက်ပါပုံစံများဖြင့် ပေါက်နိုင်သည်။

  • အံသွား၏ အ‌ရှေ့ဘက်သို့ပေါက်ခြင်း (Mesioangular Impaction)
  • အံသွား၏ အနောက်ဘက်သို့ ပေါက်ခြင်း (Distoangular Impaction)
  • အလျားလိုက် ကန့်လန့်ပေါက်ခြင်း (Horizontal Impaction)
  • ဒေါင်လိုက်ပေါက်ခြင်း (Vertical Impaction)

ယှဉ်တွဲလာတတ်သောလက္ခဏာများ
အံဆုံးသွားများ အပြည့်အဝ မပေါက်ခြင်း သို့မဟုတ် ပုံမမှန်ပေါက်ခြင်းတို့ကြောင့် အောက်ပါလက္ခဏာများ ပြသနိုင်သကဲ့သို့ မည်သည့် နာကျင်ခံစားမှုမျှ မရှိဘဲလည်း ရှိနိုင်သည်။ ပုံမမှန်ပေါက်ခြင်းသည် ဘေးကပ်လျက်ရှိ သွားများကို ပျက်စီးထိခိုက်စေခြင်းနှင့် အခြားသော သွားပြဿနာများကိုလည်း ဖြစ်ပေါ်လာစေနိုင်သည်။

အဓိကလက္ခဏာများ

  • သွားဖုံး နီရဲခြင်း သို့မဟုတ် ရောင်ရမ်းခြင်း
  • သွားဖုံး နာကျင်ခြင်း သို့မဟုတ် သွေးယိုခြင်း
  • မေးရိုး နာကျင်ခြင်း၊ ရောင်ရမ်းခြင်း
  • ခံတွင်းနံ့ ဆိုးခြင်း
  • ခံတွင်းအတွင်း မသက်မသာ ခံစားရခြင်း
  • ပါးစပ်ဖွင့်ရန် ခက်ခဲခြင်း၊ နာကျင်ခြင်း
နောက်ဆက်တွဲပြဿနာများ

အထက်ပါလက္ခဏာများအပြင် အခြားနောက်ဆက်တွဲ ကျန်းမာရေးပြဿနာများလည်း ဖြစ်ပေါ်လာနိုင်သည်။ ၎င်းတို့မှာ_

  • သွားပိုးဝင်ခြင်း
  • သွားအခေါင်းပေါက် ဖြစ်ခြင်း
  • ဘေးကပ်ရပ်ရှိ သွားများ ထိခိုက်ပျက်စီးခြင်း
  • ရွဲ့စောင်း၍ ပေါက်ခြင်းကြောင့် သွားများထပ်ခြင်း
  • သွားဖုံးများ ထိခိုက်ပျက်စီးခြင်း
  • အရည်အိတ်ဖြစ်ခြင်း
  • အကျိတ်ဖြစ်ခြင်းများ စသည်တို့ဖြစ်သည်။
Wisdom teeth image
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ဖော်ပြပါ အံဆုံးသွားပြဿနာနှင့် သက်ဆိုင်သော ရောဂါလက္ခဏာများ (ဥပမာ _ နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ ပါးစပ်ဖွင့်ရ ခက်ခဲခြင်း) ဖြစ်ပေါ်လာပါက မိမိ၏ မိသားစုဆရာဝန် သို့မဟုတ် သွားနှင့်ခံတွင်း ဆရာဝန်နှင့် အမြန်ဆုံး ပြသတိုင်ပင်သင့်သည်။ လိုအပ်ပါက မိသားစုဆရာဝန် သို့မဟုတ် အထွေထွေသွားဆရာဝန်မှ သက်ဆိုင်ရာ သွားနှင့်ခံတွင်းအထူးကုဆရာဝန် (ဥပမာ _ ခံတွင်းခွဲစိတ်အထူးကု) နှင့် တိုင်ပင်ဆွေးနွေးခြင်း သို့မဟုတ် လွှဲပြောင်းကုသပေးခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

သွားနှင့်ခံတွင်းအထူးကုဆရာဝန်မှ အံဆုံးသွားပြဿနာကို စနစ်တကျ ရောဂါရှာဖွေရန်အတွက် အောက်ပါတို့ကို ပြုလုပ်ဆောင်ရွက်မည်။

  • ရောဂါရာဇဝင် မေးမြန်းခြင်း _ လူနာ၏ ကျန်းမာရေးနှင့် သွားနှင့်ခံတွင်းဆိုင်ရာ ရာဇဝင်များကို စစ်ဆေးမေးမြန်းခြင်း
  • ခံတွင်း စမ်းသပ်စစ်ဆေးခြင်း _ သွားများနှင့် သွားဖုံးများအား အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်ခြင်း
  • သွားဓာတ်မှန်ရိုက်ခြင်း _ အံဆုံးသွားများ၏ မေးရိုးအတွင်း ပေါက်နေသည့် အနေအထား၊ ဘေးရှိသွားများအား ထိခိုက်မှုရှိမရှိနှင့် အခြားသွားဖုံး၊ မေးရိုးပြဿနာများကို သိရှိနိုင်ရန် ဓာတ်မှန် (ဥပမာ _ Panoramic X-ray) ရိုက်ယူ စစ်ဆေးခြင်း
ကုသခြင်း
ကုသမှုလိုအပ်ခြင်း ရှိမရှိဆုံးဖြတ်ခြင်း
  • ရောဂါလက္ခဏာ မရှိသေးပါက _ အပြည့်အဝ မပေါက်သေးသော်လည်း မည်သည့်လက္ခဏာမျှ မပြသည့် အံဆုံးသွားများကို သေချာဂရုစိုက် စောင့်ကြည့်ရန်သာ လိုအပ်သည်
  • လက္ခဏာများ ရှိလာပါက _ အံဆုံးသွားနှင့် သက်ဆိုင်သော နာကျင်ရောင်ရမ်းခြင်း၊ ပိုးဝင်ခြင်းစသည့် လက္ခဏာများရှိပါက အံဆုံးသွားကိုနှုတ်၍ ကုသရန် လိုအပ်နိုင်သည်
ခွဲစိတ်မှုပုံစံများ

အံဆုံးသွားပေါက်သည့် အခြေအနေနှင့် လူနာ၏ ကျန်းမာရေးပေါ် မူတည်၍ သွားနှင့်ခံတွင်းအထူးကုဆရာဝန်မှ အောက်ပါနည်းလမ်းများဖြင့် သွားနှုတ်ပေးမည်ဖြစ်သည်။

  • ထုံဆေး (Local Anesthesia) ဖြင့် သွားနှုတ်ခြင်း _ ၎င်းသည် အသေးစားခွဲစိတ်မှုဖြစ်ပြီး ဆေးခန်း၌ပင် ပြုလုပ်နိုင်သည်
  • မေ့ဆေး (General Anesthesia) ဖြင့် သွားနှုတ်ခြင်း _ ခွဲစိတ်ခန်းတွင် မေ့ဆေးပေး၍ ခွဲစိတ်မှု ပြုလုပ်ခြင်းဖြစ်သည်
  • ထုံဆေးနှင့် စိတ်ငြိမ်ဆေး (Sedation) ပေါင်းစပ်၍လည်း သွားနှုတ်ခြင်း ပြုလုပ်နိုင်သည်။

အံဆုံးသွား မနှုတ်မီ ပြုလုပ်ရမည့် ခွဲစိတ်မှုပုံစံ၊ ကြာချိန်နှင့် ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများအကြောင်းကို သက်ဆိုင်ရာ ဆရာဝန်အား သေချာစွာ မေးမြန်းတိုင်ပင်သင့်သည်။ အံဆုံးသွားများသည် မရှိမဖြစ် လိုအပ်သောသွားများ မဟုတ်သောကြောင့် အံဆုံးသွားများ နှုတ်ပြီးပါက ပြန်စိုက်ရန် မလိုအပ်ပါ။

အံဆုံးသွား နှုတ်ခြင်း၏ နောက်ဆက်တွဲပြဿနာများ
အံဆုံးသွားနှုတ်ပြီးနောက် အချို့သော နောက်ဆက်တွဲပြဿနာများ ကြုံတွေ့ရနိုင်သော်လည်း ဆရာဝန်၏ ညွှန်ကြားချက်ကို လိုက်နာခြင်းဖြင့် လျော့နည်းအောင် ကာကွယ်နိုင်သည်။

  • အံကပ်ခြောက်ခြင်း (Dry Socket)
    သွားနှုတ်ထားသောနေရာတွင် ဖြစ်ပေါ်ရမည့် သွေးခဲ ယာယီမဖြစ်ခြင်း သို့မဟုတ် ဖြစ်ပြီးသားသွေးခဲ ပြုတ်ထွက်ခြင်းကြောင့် အနာကျက်ရန် နှောင့်နှေးခြင်းဖြစ်သည်။ လက္ခဏာများမှာ အလွန်နာကျင်ခြင်း၊ ခံတွင်းနံ့ ဆိုးခြင်း၊ ငွေ့ငွေ့ဖျားခြင်း၊ အရသာဆိုးများ ခံစားရခြင်းတို့ဖြစ်သည်။
  • အာရုံကြော ထိခိုက်ခြင်း
    အလွန်ရှားပါးသော ပြဿနာဖြစ်ပြီး အာရုံကြောများ ယာယီ သို့မဟုတ် နာတာရှည် ထိခိုက်ခြင်း ဖြစ်နိုင်သည်။ လက္ခဏာများမှာ လျှာ၊ နှုတ်ခမ်းနှင့် မေးစေ့နေရာများတွင် ထုံကျဉ်ခြင်းတို့ဖြစ်သည်။
  • သွေးထွက်များခြင်း
    ပုံမှန်ထက် ပိုမိုကြာရှည်စွာ သို့မဟုတ် များပြားစွာ သွေးထွက်ခြင်းဖြစ်သည်။
  • ပိုးဝင်ခြင်း (Infection)
    သွားနှုတ်ထားသောနေရာအောက်ရှိ သွားဖုံး သို့မဟုတ် မေးရိုးတွင် ပိုးဝင်ခြင်းဖြစ်သည်။

ထို့ကြောင့် သွားနှုတ်ခြင်း၏ နောက်ဆက်တွဲပြဿနာများကို လျော့နည်းစေရန် သက်ဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်သည်။

သွားနှုတ်ပြီး (၂၄) နာရီအတွင်း

လိုက်နာဆောင်ရွက်ရန်

  • သွားနှုတ်ထားသောနေရာကို သန့်စင်ထားသော ဝါဂွမ်းနှင့် (၄၅) မိနစ်ခန့် ဆက်တိုက်ဖိကိုက်ထားရမည်
  • သွားနှုတ်ထားသောဘက်ရှိ မျက်နှာရောင်ရမ်းခြင်းအတွက် ရေခဲတုံးအနည်းငယ်ကို အဝတ်သန့်ဖြင့်ထုပ်၍ ညင်သာစွာ (၁၀) မိနစ်ခန့် ကပ်ပေးနိုင်သည်
  • နာကျင်ကိုက်ခဲမှုများအတွက် ပါရာစီတမော၊ အိုင်ဗျူပရိုဖဲင်ကဲ့သို့သော အကိုက်အခဲပျောက်ဆေးများကို သောက်နိုင်သည်

ရှောင်ကြဥ်ရန်

  • ကိုက်ထားသောဂွမ်းကို နေရာရွေ့ကိုက်ခြင်း၊ ဝါးခြင်း၊ မကြာခဏလဲခြင်း၊ ရေခဲငုံခြင်းနှင့် ကြပ်ထုပ်ထိုးခြင်းများ (သွေးပြန်၍ထွက်စေနိုင်သည်)
  • သွားနှုတ်ထားသောနေရာကို လျှာဖြင့်ထိုးကြည့်ခြင်း၊ လက်ဖြင့်နှိုက်ခြင်းနှင့် တံတွေးမကြာခဏထွေးခြင်းများ (သွေးပြန်၍ထွက်စေနိုင်သည်)
  • အလေးအပင်များမခြင်း၊ ပြင်းထန်သော လေ့ကျင့်ခန်းများလုပ်ခြင်း စသည့် ပင်ပန်းသောအလုပ်များ လုပ်ခြင်းများ (သွေးထွက်များစေနိုင်သည်)
  • အရည်များသောက်သည့်အချိန်တွင် ပိုက်ဖြင့် စုပ်သောက်ခြင်း (ရေခွက်ဖြင့်သောက်နိုင်သည်)
  • ပူလွန်းသောအစားအသောက်များ စားသောက်ခြင်း
  • အရက်သောက်ခြင်း၊ ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်း
  • သွားနှုတ်သည့်နေ့တွင် သွားတိုက်ခြင်း မပြုလုပ်ရပါ (နောက်ရက်တွင် ဆရာဝန်ညွှန်ကြားချက်အတိုင်း သွားပြန်တိုက်နိုင်သည်)

သွားနှုတ်ပြီး ပုံမှန်မဟုတ်ဘဲ သွေးမတိတ်ခြင်း၊ အလွန်အမင်းနာကျင်ကိုက်ခဲခြင်းနှင့် ရောင်ရမ်းခြင်း စသည်တို့ ခံစားရပါက သွားနှင့်ခံတွင်းအထူးကုဆရာဝန်နှင့် ပြန်ပြရန် လိုအပ်သည်။

သွားနှုတ်ပြီး (၂၄) နာရီ ကျော်ပါက
  • ဆားရည် သို့မဟုတ် ခံတွင်းသန့်စင်ဆေးရည်ဖြင့် ပလုတ်ကျင်း၍ ညင်သာစွာပြန်ထွေးထုတ်နိုင်သည်
  • အစာပျော့ပျော့ကို စတင်စားနိုင်သည်
  • ဆရာဝန်နှင့် ရက်ချိန်းပြန်ပြရန် လိုအပ်သည်
  • အံကပ်ခြောက်ခြင်း (dry socket) ဖြစ်ခြင်း ရှိမရှိကို စောင့်ကြည့်ရန်လိုသည်

အံဆုံးများသည် အစာစားရန်၊ လှပရန်နှင့် စကားသံပီသရန်အတွက် မလိုအပ်သောကြောင့် အံဆုံးသွားများနှုတ်ပြီးပါက ပြန်စိုက်ရန် မလိုပါ။

ကာကွယ်ခြင်း

ယေဘုယျအားဖြင့် အံဆုံးသွားများ ပုံမမှန်ပေါက်ခြင်း (Impacted Wisdom Teeth) ကို လုံးဝကာကွယ်၍ မရနိုင်ပါ။ သို့သော်လည်း အောက်ပါနည်းလမ်းများဖြင့် ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများကို စောစီးစွာ သိရှိကာ ကုသမှုကို အချိန်မီခံယူနိုင်သည်။

  • ပုံမှန်စစ်ဆေးမှုများ ပြုလုပ်ခြင်း
    • (၆) လတစ်ကြိမ် ပုံမှန်စစ်ဆေးခြင်း
      အံဆုံးသွားပြဿနာများ ဖြစ်ပေါ်ခြင်း ရှိမရှိ စစ်ဆေးရန်အတွက် အနည်းဆုံး (၆) လတစ်ကြိမ် သွားနှင့်ခံတွင်း ဆရာဝန်နှင့် ပုံမှန်စစ်ဆေးမှု ပြုလုပ်ရန် လိုအပ်သည်။
    • ပုံမှန်စစ်ဆေးမှုတွင် သွားနှင့်ခံတွင်း သန့်ရှင်းရေးအခြေအနေ၊ အံဆုံးသွားများ၏ မေးရိုးအတွင်းရှိ အနေအထား စသည်တို့ကို အဓိကစစ်ဆေးသည်။
  • ဓာတ်မှန်ရိုက်၍ စောင့်ကြည့်ခြင်း
    • ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း လိုအပ်ပါက သွားဓာတ်မှန် (X-ray) ကို ရံဖန်ရံခါ ရိုက်ယူ စစ်ဆေးသင့်သည်
    • ဓာတ်မှန်ရိုက်ခြင်းဖြင့် အပြည့်အဝ မပေါက်သေးသော အံဆုံးသွားများ မည်သို့ ပေါက်နေကြောင်းကို လက္ခဏာများမပြမီ ကြိုတင်သိရှိနိုင်ပြီး စောစီးစွာ ကုသမှုခံယူရန် သို့မဟုတ် စောင့်ကြည့်ရန် ဆုံးဖြတ်နိုင်မည်ဖြစ်သည်
  • ခံတွင်းသန့်ရှင်းရေး
    • အံဆုံးသွားများ ပုံမှန်ပေါက်သည်ဖြစ်စေ မပေါက်သည်ဖြစ်စေ မှန်ကန်သော သွားတိုက်နည်းဖြင့် သွားဖုံးနှင့် အံဆုံးသွားတစ်ဝိုက်ကို သေချာစွာ သန့်ရှင်းအောင် တိုက်ပေးခြင်းသည် ပိုးဝင်ခြင်းနှင့် သွားပိုးစားခြင်းများကို လျော့နည်းစေသည်

References:

  1. Cleveland Clinic. (n.d.). Wisdom teeth. Retrieved December 3, 2025, from https://my.clevelandclinic.org/health/body/23223-wisdom-teeth
  2. WebMD. (n.d.). Wisdom teeth. Retrieved December 3, 2025, from https://www.webmd.com/oral-health/wisdom-teeth
  3. Mayo Clinic. (n.d.). Wisdom teeth: Symptoms and causes. Retrieved December 3, 2025, from https://www.mayoclinic.org/diseases-conditions/wisdom-teeth/symptoms-causes/syc-20373808
  4. Dental Health Foundation. (n.d.). Wisdom teeth. Retrieved December 3, 2025, from https://www.dentalhealth.org/wisdom-teeth

Published: 27 December 2024

Last updated: 20 January 2026

Share

Category

26 December 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.