ကလေးဖွံ့ဖြိုးတိုးတက်မှု
ကလေးငယ်တစ်ဦးသည် မွေးကင်းစမှစ၍ အသက်ငါးနှစ်ခန့်အထိ ခန္ဓာကိုယ်လျင်မြန်စွာ ကြီးထွားဖွံ့ဖြိုးရုံသာမက အခြားဖွံ့ဖြိုးမှုများဖြစ်သော ခန္ဓာကိုယ်ရွေ့လျားလှုပ်ရှားခြင်း၊ အနုစိတ်ကိုင်တွယ်တတ်ခြင်း၊ အမြင်အာရုံ၊ အကြားအာရုံများ ဖွံ့ဖြိုးလာခြင်း၊ စကားပြောခြင်း၊ ပေါင်းသင်းဆက်ဆံတတ်ခြင်း၊ ကစားခြင်း၊ မိမိကိုယ်မိမိ ပြန်လည်ပြုစုစောင့်ရှောက်နိုင်ခြင်း စသည်တို့လည်း တစ်ပြိုင်နက်တည်း လျင်မြန်စွာ ဖွံ့ဖြိုးလာသည်။ ၎င်းတို့၏ ပတ်ဝန်းကျင်အပေါ် တုံ့ပြန်မှုများ၊ စူးစမ်းမှုများလည်း တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာသည်။
အဆိုပါဖွံ့ဖြိုးမှုများသည် ကလေးတစ်ဦးနှင့်တစ်ဦး အနည်းငယ်ကွာခြားသော်လည်း ကလေးအများစုသည် သတ်မှတ်ထားသော အသက်အရွယ် အပိုင်းအခြားအတွင်း ပုံမှန်ဖွံ့ဖြိုးလေ့ရှိသည်။ ထိုသို့အသက်အရွယ်အလိုက် တစ်ဆင့်ချင်း ပုံမှန်ဖွံ့ဖြိုးလာခြင်းကို “ဖွံ့ဖြိုးမှုမှတ်တိုင်များ” (Developmental milestones) ဟုခေါ်သည်။
ဖွံ့ဖြိုးမှုမှတ်တိုင်များကို ယေဘုယျအားဖြင့် အောက်ပါအတိုင်း ခွဲခြားထားနိုင်သည်။
- ခန္ဓာကိုယ်ရွေ့လျားလှုပ်ရှားခြင်း (Gross motor skills)
- အမြင်အာရုံနှင့် အနုစိတ်ကိုင်တွယ်တတ်ခြင်း (Vision and Fine motor skills)
- အကြားအာရုံနှင့် စကားပြောခြင်း (Hearing, Speech and Language)
- ပေါင်းသင်းဆက်ဆံတတ်ခြင်း၊ ကစားခြင်း၊ မိမိကိုယ်မိမိပြန်လည်ပြုစုစောင့်ရှောက်နိုင်ခြင်း (Social, Play and Self Care skills)
- အသိဉာဏ်နှင့်စဉ်းစားတွေးခေါ်နိုင်စွမ်း (Cognitive skills)
ကလေးဖွံ့ဖြိုးတိုးတက်မှုနောက်ကျခြင်း
ဖွံ့ဖြိုးမှုနောက်ကျသော ကလေးတစ်ဦးသည် ၎င်းတို့၏ သက်တူရွယ်တူများနှင့် နှိုင်းယှဉ်ပါက ဖွံ့ဖြိုးမှုမှတ်တိုင်တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော ဖွံ့ဖြိုးမှုမှတ်တိုင်များသို့ ရောက်ရန် နှေးကွေးနေခြင်း ဖြစ်တတ်သည်။ ကလေးများသည် တစ်ဦးနှင့်တစ်ဦး ထပ်တူမကျဘဲ အနည်းငယ် ကွဲပြားခြားနားသောနှုန်းဖြင့် ဤမှတ်တိုင်များသို့ ရောက်ရှိနိုင်သောကြောင့် ကလေးတစ်ဦးတွင် အဆိုပါမှတ်တိုင်များ အနည်းငယ်နောက်ကျနေရုံနှင့် ဖွံ့ဖြိုးမှုနောက်ကျနေသည်ဟု သေချာပေါက်ပြော၍မရနိုင်ပါ။ သို့သော် လက်ရှိအသက်အရွယ်အရ သိသိသာသာ နောက်ကျနေလျှင်ဖြစ်စေ၊ သိပ္ပံနည်းကျတွက်ချက်ထားသည့် ကလေးဖွံ့ဖြိုးတိုးတက်မှု ဆန်းစစ်ချက်စံနှုန်းများ (Developmental Assessment Tools and Scores) အရ “နောက်ကျ” ဧရိယာအတွင်း ရောက်ရှိနေလျှင်ဖြစ်စေ “ကလေးဖွံ့ဖြိုးတိုးတက်မှုနောက်ကျခြင်း” ဟု သတ်မှတ်သည်။
ကလေးဖွံ့ဖြိုးတိုးတက်မှုနောက်ကျခြင်းတွင်
- ဖွံ့ဖြိုးမှုနယ်ပယ်တစ်ခုသာ နောက်ကျခြင်း (Isolated developmental delay) (ဥပမာ_အထိုင်အထ လမ်းလျှောက်နောက်ကျခြင်း သို့မဟုတ် စကားပြောနောက်ကျခြင်း)
- ဖွံ့ဖြိုးမှုနယ်ပယ်နှစ်ခု သို့မဟုတ် နှစ်ခုထက်ပို၍ နောက်ကျခြင်း (Global developmental delay) (ဥပမာ_အထိုင်အထ လမ်းလျှောက်ခြင်းနှင့် စကားပြောခြင်း နှစ်မျိုးလုံး နောက်ကျခြင်း သို့မဟုတ် စကားပြောခြင်းနှင့် အသိဉာဏ် နောက်ကျခြင်း) ဟူ၍ နှစ်မျိုးခွဲခြားထားနိုင်သည်။
ဖြစ်ပေါ်ရသော အကြောင်းရင်းများ
ကိုယ်ဝန်ဆောင်စဉ် သန္ဓေသားဘဝတွင် ဦးနှောက်သည် ပထမဆုံး စတင်ဖွဲ့စည်းလာသော ကိုယ်အင်္ဂါတစ်ခုဖြစ်ပြီး ကိုယ်ဝန်ဆောင်ကာလ (၃) ပတ်ခန့်မှ စတင်ဖွံ့ဖြိုးလာသည်။ ထို့နောက် ကိုယ်ဝန်ဆောင်စဉ်နှင့် မွေးဖွားပြီး အသက်နှစ်နှစ်ခန့်ထိ ဦးနှောက်သည် သိသိသာသာ ဆက်လက်ဖွံ့ဖြိုးနိုင်သည်။ လူကြီးဦးနှောက်၏ (၈၀%) သည် အဆိုပါကာလအတွင်း ဖွံ့ဖြိုးသည်။
အဆိုပါကာလအတွင်း အောက်ဖော်ပြပါ ဗီဇနှင့်ပတ်ဝန်းကျင်၏ ရိုက်ခတ်မှုများသည် ကလေးဦးနှောက်ဖွံ့ဖြိုးမှုကို များစွာအဟန့်အတား ဖြစ်စေနိုင်သကဲ့သို့ ကလေးဖွံ့ဖြိုးတိုးတက်မှုများကိုလည်း နှောင့်နှေးစေသည်။
- ကလေး၏ မျိုးဗီဇဆိုင်ရာ အခြေအနေများ [ဥပမာ_ဒေါင်းလက္ခဏာစု (Down syndrome)၊ မျိုးဗီဇအရ ဖြစ်ပေါ်လာသော ဦးနှောက်အာရုံကြောဆိုင်ရာရောဂါများ၊ အတက်ရောဂါများ]
- ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်၏ အာဟာရချို့တဲ့ခြင်း [ဥပမာ_ဖောလစ်အက်ဆစ်ချို့တဲ့သဖြင့် ဦးနှောက် အောက်ခြေသာ ပါလာခြင်း (Anencephaly)၊ ကျောရိုးအာရုံကြောမကြီး ကျွံထွက်ခြင်း (myelomeningocele)၊ အိုင်အိုဒင်းဓာတ် ချို့တဲ့ခြင်းကြောင့် ကလေးငယ်၏ သိုင်းရွိုက် ဟော်မုန်းဓာတ်အားနည်းပြီး ဉာဏ်ရည်မမီဖြစ်ခြင်း]
- ကိုယ်ဝန်ဆောင်ကာလ ရောဂါအခြေအနေများ (ဥပမာ _ မိခင်ကိုယ်ဝန်ဆိပ်တက်ခြင်း၊ ကိုယ်ဝန်ဆောင်နေစဥ် ဂျိုက်သိုးရောဂါ၊ Cytomegalovirus နှင့် ဇီကာဗိုင်းရပ်စ် စသော ဗိုင်းရပ်စ်များ ကူးစက်ခံရခြင်း၊ ကိုယ်ဝန်ဆောင်မိခင်မှ ဆေးဝါးများသုံးစွဲခြင်းနှင့် အရက်သောက်ခြင်း)
- မွေးဖွားချိန် ပြဿနာများ (ဥပမာ_လမစေ့ဘဲမွေးခြင်း၊ မွေးကင်းစကိုယ်အလေးချိန် အလွန်နည်းခြင်း၊ မွေးစတွင် အောက်ဆီဂျင်မလုံလောက်ခြင်း၊ မွေးဖွားစဉ် ခက်ခဲခြင်း၊ မွေးချိန်ကြာခြင်း၊ ရေမွန်းခြင်း၊ မွေးကင်းစကလေး အလွန်အမင်းအသားဝါခြင်း၊ ပိုးမွှားများကြောင့် ဦးနှောက်အမြှေးရောင်ခြင်း၊ ဦးနှောက်ရောင်ခြင်း)
- ကလေး၏ ပတ်ဝန်းကျင်နှင့် ထိတွေ့မှု၊ ပတ်ဝန်းကျင်အပေါ် လေ့လာစူးစမ်းနိုင်မှု အားနည်းခြင်း
- ကလေး၌ အာဟာရချို့တဲ့ခြင်း
- ကလေးတွင် အမြင်အာရုံ သို့မဟုတ် အကြားအာရုံချို့တဲ့ခြင်း
- ကလေးငယ်စဉ်တွင် ဖြစ်ပေါ်လာသော ပြင်းထန်ရောဂါများနှင့် နာတာရှည်ရောဂါများ စသည်တို့သည် ကလေးဖွံ့ဖြိုးတိုးတက်မှုများကို နှောင့်နှေးစေသည်။
ကလေးဖွံ့ဖြိုးတိုးတက်မှုနောက်ကျခြင်း အမျိုးအစားများနှင့် လက္ခဏာများ
နောက်ကျသော ဖွံ့ဖြိုးတိုးတက်မှုနယ်ပယ်ပေါ် မူတည်၍ လက္ခဏာများ ကွဲပြားနိုင်သည်။
- ခန္ဓာကိုယ်ရွေ့လျားလှုပ်ရှားခြင်း နောက်ကျသောအုပ်စု (Gross motor delay)
ကလေးငယ်သည် အထိုင်အထ လမ်းလျှောက်နောက်ကျခြင်း၊ မကြာခဏချော်လဲခြင်း၊ ကောင်းစွာပြေးလွှားကစားခြင်းများ မပြုလုပ်နိုင်ခြင်း၊ လှေကားအတက်အဆင်း ကောင်းစွာမလုပ်နိုင်ခြင်း၊ ကိုယ်တစ်ခြမ်းမသန်ခြင်း စသည့်လက္ခဏာများကို တွေ့ရသည်။ - အနုစိတ်ကိုင်တွယ်မှု နောက်ကျသောကလေးများ (Fine motor delay)
လက်ပိုင်းဆိုင်ရာ အသေးစိတ်လုပ်ဆောင်ရသော စွမ်းရည်များ အားနည်းနိုင်သည် (ဥပမာ _ ပစ္စည်းများကိုင်တွယ်ခြင်း၊ ခဲတံကိုင်၍ စာရေးခြင်း၊ ပုံဆွဲခြင်း၊ ကုဗတုံးငယ်များဆင့်ခြင်း၊ စာအုပ်လှန်ခြင်း၊ အစားအသောက် ကိုင်တွယ်စားသောက်ခြင်းစသည်တို့ မပြုလုပ်နိုင်ခြင်း သို့မဟုတ် နောက်ကျခြင်းများ တွေ့ရနိုင်သည်)။ - စကားပြော နောက်ကျသောကလေးများ (Speech delay)
စကား လုံးဝမပြောနိုင်ခြင်း၊ စကားပြော နောက်ကျခြင်း၊ စကားလုံးများပြောရန် ခက်ခဲခြင်း၊ စကားလုံးဆက်များ၊ ဝါကျအရှည်များ မပြောနိုင်ခြင်း စသည်တို့သာမက အပြန်အလှန်ဆက်သွယ်မှု အားနည်းခြင်း၊ အခြားသူများပြောသောစကား နားမလည်ခြင်းစသော လက္ခဏာများတွေ့ရနိုင်သည်။ - အသိဉာဏ်နှင့်စဉ်းစားတွေးခေါ်နိုင်စွမ်း နောက်ကျသော ကလေးများ (Cognitive skills delay)
အသိဉာဏ်၊ မှတ်ဉာဏ်၊ စဉ်းစားတွေးခေါ်ဉာဏ်များ အားနည်းခြင်း၊ ပတ်ဝန်းကျင်အခြေအနေနှင့် အချိန်အခါကို နားမလည်ခြင်း၊ ကျောင်းနေချိန်တွင် ကျောင်းစာ သိသိသာသာမလိုက်နိုင်ခြင်း စသည့် ပြဿနာများတွေ့ရသည်။ - ပေါင်းသင်းဆက်ဆံရေးနှင့် စိတ်ခံစားမှုများ နောက်ကျသော ကလေးများ (Social and emotional skill delay)
ကလေးသည် မိသားစုဝင်များ၊ ဆရာများ သို့မဟုတ် သူငယ်ချင်းများနှင့် ဆက်သွယ်ပြောဆိုမှုများ အားနည်းခြင်း၊ လိုက်လျောညီထွေ နေထိုင်နိုင်မှု မရှိခြင်း၊ ပျော်ခြင်း၊ ဝမ်းနည်းခြင်းစသည့် စိတ်ခံစားချက်များကို မဖော်ပြတတ်ခြင်းတို့ ရှိနိုင်ပြီး နေ့စဥ်ဘဝတွင် အခက်အခဲများစွာ ကြုံတွေ့ရနိုင်သည်။ - Global developmental delay
ဖွံ့ဖြိုးမှုနယ်ပယ်များစွာ နောက်ကျသောကလေးများတွင် အထက်ပါလက္ခဏာများစွာ စုပေါင်းတွေ့ရှိရသည်။
နောက်ဆက်တွဲပြဿနာများ
ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသောကလေးများတွင် ရောဂါပြင်းထန်မှု၊ စောစီးစွာ လေ့ကျင့်ပေးနိုင်ခြင်း ရှိမရှိ၊ နောက်ခံရောဂါအခြေအနေ စသည်တို့ပေါ် မူတည်ပြီး အောက်ပါ နောက်ဆက်တွဲပြဿနာများကိုလည်း ယှဉ်တွဲတွေ့ရှိရနိုင်သည်။
- အမူအကျင့်ဆိုင်ရာပြဿနာများ (ဥပမာ_အာရုံစူးစိုက်မှုနည်းခြင်း၊ လှုပ်ရှားမှုအလွန်များခြင်း၊ ဒေါသအလွန်ကြီးခြင်း၊ မိမိကိုယ်မိမိနာကျင်အောင်လုပ်တတ်ခြင်း)
- ညဘက်ကောင်းစွာမအိပ်ခြင်း၊ ခဏခဏနိုးခြင်း
- အတက်ရောဂါ ဖြစ်လာခြင်း
- ခြေ၊ လက်၊ ပါးစပ်စသည်တို့ အကြောဆွဲခြင်း
- အရိုး၊ အကြော၊ အဆစ်များ ပုံမမှန်ဖြစ်လာခြင်း၊ အဆစ်လွဲခြင်း၊ အရိုးကျိုးခြင်း
- ဝမ်းချုပ်ခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသော လက္ခဏာများကို သတိပြုမိပါက မိမိ၏မိသားစုဆရာဝန်၊ ကလေးအထူးကုဆရာဝန်များနှင့် ပြသတိုင်ပင်ရန်လိုသည်။ လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်း၊ လေ့ကျင့်ခန်းနှင့်စကားပြောသင် ပညာရှင်များထံ လွှဲပြောင်းပေးခြင်း စသည်တို့ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
အဆိုပါဖွံ့ဖြိုးမှုများ နောက်ကျခြင်း (developmental delay) ရှိမရှိ စစ်ဆေးခြင်းကို “ဖွံ့ဖြိုးမှုမှတ်တိုင်များစစ်ဆေးခြင်း” (Developmental screening) ဟုခေါ်သည်။ ကလေးများတွင် ဖွံ့ဖြိုးမှုမှတ်တိုင်များ စစ်ဆေးခြင်းသည် အချိန်နောက်ကျမှ ပြသစစ်ဆေးခြင်းထက် ကလေးမွေးစမှစ၍ ပုံမှန်စစ်ဆေးသင့်သော စမ်းသပ်ချက်မျိုးဖြစ်သည်။ ရောဂါအခြေအနေတချို့တွင် ဖွံ့ဖြိုးမှုနောက်ကျခြင်းသည် အချို့ရောဂါလက္ခဏာများ မပေါ်မီကတည်းက သိသာစွာ ပေါ်လွင်နေတတ်သည်။ အော်တစ်ဇင် (autism) နှင့် လှုပ်ရှားတတ်ကြွလွန်ပြီး၊ အာရုံစူးစိုက်မှုနည်းတတ်သည့် ADHD ကလေးများတွင်လည်း ဖွံ့ဖြိုးမှုနယ်ပယ်တစ်ခုခု နောက်ကျခြင်းများကို စတင်တွေ့ရှိရတတ်သည်။ ထို့ကြောင့် ဖွံ့ဖြိုးမှုမှတ်တိုင်များကို ပုံမှန်စစ်ဆေးပေးနေခြင်းသည် အဆိုပါဖွံ့ဖြိုးမှုများအတွက်သာမက နောက်ကွယ်ရှိ အခြားရောဂါများအတွက်လည်း အရေးကြီးသည်။ အဆိုပါရောဂါများကို ကြိုတင်ရှာဖွေ သိရှိကုသနိုင်သကဲ့သို့ နောက်ကျနေသော ဖွံ့ဖြိုးမှုတစ်ခုချင်းအတွက်လည်း ကြိုတင်လေ့ကျင့် သင်ကြားပေးနိုင်သည်။
စစ်ဆေးသည့်အဖြေများပေါ် မူတည်၍ ဆက်လက်ဆောင်ရွက်ပုံ
- စစ်ဆေးသည့်အဖြေများအရ သင့်ကလေးသည် ပုံမှန်ဖွံ့ဖြိုးတိုးတက်နေလျှင် သင်၏မှန်ကန်သော ပြုစုစောင့်ရှောက်မှုကြောင့် ဘက်စုံဖွံ့ဖြိုးတိုးတက်နေသော သင့်ကလေးငယ်အတွက် သင်ဂုဏ်ယူဝင့်ကြွားနိုင်ပြီး ယခုအတိုင်း ဆက်လက်ပြုစုစောင့်ရှောက်ပါ၊ ဖွံ့ဖြိုးမှုမှတ်တိုင်များကို ဆက်လက်ပုံမှန်စစ်ဆေးပါ
- သင့်ကလေး၏ဖွံ့ဖြိုးမှုသည် အနည်းငယ်နောက်ကျနေလျှင် လိုအပ်သော လေ့ကျင့်ပြုစုမှုများကို သင်ကြားပေးနိုင်သည်၊ အကြံဉာဏ်ပေးနိုင်သည်၊ ဖွံ့ဖြိုးမှုမှတ်တိုင်များကိုမူ ဆက်လက်ပုံမှန်စစ်ဆေးပါ
- သင့်ကလေး၏ဖွံ့ဖြိုးမှုသည် သိသိသာသာနောက်ကျနေလျှင် သင့်လျော်သော အထူးကုဆရာဝန်များ၊ ပညာရှင်များ (ဥပမာ_ကလေးဦးနှောက်အာရုံကြောအထူးကု၊ နားနှာခေါင်းလည်ချောင်းအထူးကု၊ မျက်စိအထူးကု၊ အရိုးအထူးကု၊ ပြန်လည်သန်စွမ်းရေး ဆေးပညာအထူးကု စသည့် ကျွမ်းကျင်ဆရာဝန်များအပြင် ကိုယ်ခန္ဓာပိုင်း၊ အမူအကျင့်ပိုင်းနှင့် စကားပြောဆို ဆက်သွယ်ရေးပိုင်းဆိုင်ရာ လေ့ကျင့်ရေးပညာရှင်များထံ လွှဲပြောင်းကုသပေးနိုင်သည်၊ ဖွံ့ဖြိုးမှုမှတ်တိုင်များကိုမူ ဆက်လက်၍ ပုံမှန်စစ်ဆေးရမည်
ဖွံ့ဖြိုးမှုမှတ်တိုင်များစစ်ဆေးခြင်းနှင့်အတူ အမြင်အာရုံ၊ အကြားအာရုံများ စစ်ဆေးခြင်း၊ လိုအပ်ပါက ဦးနှောက်ဓာတ်မှန်ရိုက်ခြင်း၊ အတက်ရောဂါအတွက် EEG ရိုက်ခြင်း၊ သွေးစစ်ခြင်းစသည်တို့ကို ကလေးလက္ခဏာ အခြေအနေများအရ ဆက်လက်ပြုလုပ်နိုင်သည်။
ကုသခြင်း
ဖွံ့ဖြိုးမှုနောက်ကျနေသော ကလေးများကို ကုသရာတွင် အဓိကအားဖြင့် ဖွံ့ဖြိုးမှုဆိုင်ရာ ဆေးပညာရှင်များ စုပေါင်းညှိနှိုင်းကုသခြင်း (Child Development MDT) ကို လုပ်ဆောင်သည်။ MDT အတွက် မိသားစုဆရာဝန် (Family physician)၊ ကလေးအထူးကု၊ ကလေးဦးနှောက်အာရုံကြောအထူးကု၊ နားနှာခေါင်းလည်ချောင်းအထူးကု၊ မျက်စိအထူးကု၊ အရိုးအထူးကုစသည့် ဆရာဝန်များအပြင် စကားပြောကုထုံးပညာရှင် (Speech Therapist)၊ နေ့စဉ်လှုပ်ရှားမှုစွမ်းရည်ကုထုံးပညာရှင် (Occupational Therapist)၊ ကာယကုထုံးပညာရှင် (Physiotherapist)၊ စိတ်ပညာရှင်၊ လူမှုဝန်ထမ်း၊ အထူးပညာရေးဆရာ (Special Education Teacher) စသည့်အခြားပညာရှင်များပါ အားလုံးပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည်။
ရည်ရွယ်ချက်မှာ ဖွံ့ဖြိုးမှုနောက်ကျသော ကလေးငယ်များအတွက် ရောဂါရှာဖွေခြင်း၊ စောစီးစွာ လေ့ကျင့်သင်ကြားကုသပေးခြင်း (Early Intervention) နှင့် ပညာသင်ယူမှု အထောက်အပံ့ဆိုင်ရာ ဘက်စုံပါဝင်သည့် စောင့်ရှောက်မှုအစီအစဉ်ကို ဖန်တီးပေးရန်ဖြစ်သည်။ ကုသရာတွင် ရောဂါရှာဖွေရန်ထက် စောစီးစွာ လေ့ကျင့်ကုသခြင်းကို ဦးစားပေးပြုလုပ်လေ့ရှိသည်။ အဘယ့်ကြောင့်ဆိုသော် ဤအပိုင်းသည် အလွန်အရေးကြီးပြီး စောစီးစွာ လေ့ကျင့်ကုသနိုင်လျှင် ကလေးအနာဂတ် ပိုမိုတိုးတက်ကောင်းမွန်စေခြင်းကြောင့်ဖြစ်သည်။
- စောစီးစွာ လေ့ကျင့်သင်ကြားကုသပေးခြင်း (Early Intervention)
- ကလေးအသက် ပထမ (၃) နှစ် အရွယ်သည် ကလေး၏ ဖွံ့ဖြိုးမှု၊ အသိဉာဏ်၊ အမူအကျင့်၊ ကျန်းမာရေး စသည်တို့အတွက် အခြေခံကောင်းများ ရရှိအောင် ဦးနှောက်အာရုံကြောများ အစိတ်အပိုင်းများကို ပြုပြင်ပြောင်းလဲပေးနိုင်သည့် အချိန်ကောင်းဖြစ်သည်
- ကလေးငယ်များအား စောစီးစွာ လေ့ကျင့်သင်ကြားခြင်းသည် ထိုကာလအတွင်း ကလေး၏ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ စကားပြော၊ အပြန်အလှန်ဆက်သွယ်မှု၊ အမူအကျင့်စသည့် နိစ္စဓူဝလိုအပ်ချက်များကို လေ့ကျင့်သင်ကြားပေးခြင်းဖြစ်သည်၊ စာရေး၊ စာဖတ်စသည်တို့ကို သင်ကြားခြင်းမဟုတ်ပါ
- ကလေး အသက်ကြီးလာသည်နှင့်အမျှ ပြုပြင်ပြောင်းလဲပေးနိုင်ရန် ခက်ခဲလာမည်
- ကလေးငယ်၏ အစောပိုင်းကာလတွင် စောစီးစွာ လေ့ကျင့်သင်ကြားပေးနိုင်ပါက ကလေးငယ်အတွက် ပိုမိုထိရောက်သော လေ့ကျင့်သင်ကြားခြင်းဖြစ်နိုင်ပြီး ကုန်ကျစရိတ်လည်း သက်သာနိုင်သည်
- စောစီးစွာ လေ့ကျင့်သင်ကြားပေးခြင်း အောင်မြင်ရန်အတွက်_
- ကလေးပြုစုစောင့်ရှောက်တတ်ပြီး ကလေးလိုအပ်သည့်အချိန် တုံ့ပြန်မှုပေးနိုင်သည့် မိဘ သို့မဟုတ် ပြုစုစောင့်ရှောက်သူ
- ကလေးငယ်အတွက် လုံခြုံစိတ်ချရပြီး အထောက်အကူများ ပေးနိုင်သည့် ပတ်ဝန်းကျင်
- လုံလောက်သော အာဟာရတို့လည်း လိုအပ်သည်
- မိဘနှင့်ကလေးငယ်ကို အိမ်တွင် ပြုစုစောင့်ရှောက်သူ (Caretaker) ၏ ပံ့ပိုးကူညီမှု
- အိမ်တွင် ကလေး၏ ဖွံ့ဖြိုးမှုကို အကောင်းဆုံး လေ့ကျင့်ပံ့ပိုးပေးနိုင်ကြောင်း မိဘများနှင့် ပြုစုစောင့်ရှောက်သူများအား ပညာပေးခြင်းသည် အရေးကြီးသည်
- ကလေးပုံမှန်နေထိုင်ရာ ပတ်ဝန်းကျင်တွင် လှုပ်ရှားမှုပိုင်းဆိုင်ရာများ၊ ဘာသာစကားနှင့် လူမှုဆက်ဆံရေးစသည်တို့ကို လေ့ကျင့်ပေးခြင်းသည် ပို၍သဘာဝကျသောကြောင့် မိဘများနှင့် ပြုစုစောင့်ရှောက်သူများအား ထိုကဲ့သို့လေ့ကျင့်ပေးနိုင်ရန်လည်း သင်ကြားပေးသင့်သည်
- ကလေးဖွံဖြိုးတိုးတက်မှုများအကြောင်း ပညာပေးသင့်သည်
- လူမှုအဖွဲ့အစည်းများ၏ပံ့ပိုးကူညီမှု
- ဖွံ့ဖြိုးတိုးတက်မှုနောက်ကျသော ကလေးများအား ထောက်ပံ့ကူညီပေးရန် ဖွဲ့စည်းထားသော လူမှုအဖွဲ့အစည်းများ၊ သက်ဆိုင်ရာရောဂါအခြေအနေအလိုက် ဖွဲ့စည်းထားသော လူမှုအဖွဲ့အစည်းများ (ဥပမာ_ Down Syndrome, CP, Autism Support Groups, Parent Organizations) စသည်တို့သည် ကလေးငယ်များနှင့် မိဘများအတွက် ကောင်းစွာကူညီပံ့ပိုးပေးနိုင်သည်
- လိုအပ်သော သတင်းအချက်အလက်များ ရှာဖွေပေးနိုင်သည်
- စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးနိုင်သည်
- ထိုအဖွဲ့အစည်းများမှတစ်ဆင့် ကလေးအချင်းချင်း၊ မိဘများအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကလေးများ၏ လူမှုဆက်ဆံရေးစွမ်းရည်များ ဖွံ့ဖြိုးလာစေရန်၊ လူမှုရေးစံနှုန်းများကို နားလည်လာရန်နှင့် မိမိကိုယ်မိမိယုံကြည်မှုများ ပိုမိုရရှိစေရန် ကူညီပေးသည်
- တစ်ဦးချင်းပညာရေးအစီအစဉ်များ (Individual Education Plan)
- ကျောင်းနေအရွယ်ကလေးများအတွက် တစ်ဦးချင်းအလိုက် ဖွံ့ဖြိုးမှုဆိုင်ရာ လိုအပ်ချက်များ ဖြေရှင်းရန်၊ အံဝင်ခွင်ကျဖြစ်စေသော ပညာရေးဆိုင်ရာပံ့ပိုးမှုများ ပံ့ပိုးပေးနိုင်ရန်၊ ကလေးငယ်အတွက် အသင့်တော်ဆုံးကျောင်းကို ရွေးချယ်ပေးနိုင်ရန်အတွက် ဤအစီအစဉ်များသည် အရေးကြီးသည်
- သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ ကျန်းမာရေးပြုစုစောင့်ရှောက်ပေးသူများ၊ လူမှုဆိုင်ရာအဖွဲ့အစည်းများနှင့် မိဘများပါ ပါဝင်ကာ အထက်ပါပညာရေးအစီအစဉ်များကို ဝင်ရောက်စီမံ ရွေးချယ်ဆောင်ရွက်ပေးခြင်းသည် အကောင်းဆုံးဖြစ်သည်
- ပုံမှန်ဆက်လက်လေ့ကျင့်သင်ကြားခြင်း
ကလေးငယ်၏ အားနည်းနောက်ကျသော ဖွံ့ဖြိုးမှုနယ်ပယ်အလိုက် သက်ဆိုင်ရာပညာရှင်များမှ အောက်ပါလေ့ကျင့်သင်ကြားမှုများကို ဆက်လက်ပြုလုပ်ခြင်းဖြစ်သည်။- အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေး လေ့ကျင့်သင်ကြားခြင်း
- စကားပြော လေ့ကျင့်သင်ကြားခြင်း
- နိစ္စဓူဝလိုအပ်ချက်များကို ဆောင်ရွက်နိုင်အောင် လေ့ကျင့်သင်ကြားခြင်း
- ကလေးအမူအကျင့်ပိုင်းဆိုင်ရာ လေ့ကျင့်သင်ကြားခြင်း
ကလေးဖွံ့ဖြိုးမှုကို နောက်ကျစေသော ရောဂါနှင့် အခြားနောက်ဆက်တွဲပြဿနာများကို ရှာဖွေကုသခြင်း
ပုံမှန်အားဖြင့် ကလေး၏ဖွံဖြိုးမှု နောက်ကျစေသော ရောဂါများကို ရှာဖွေလေ့ရှိသော်လည်း လက်တွေ့တွင် ရောဂါတိုင်းကို တွေ့ရှိသတ်မှတ်နိုင်ခြင်းမရှိပါ။ တွေ့ရှိသောရောဂါများတွင်လည်း သီးသန့်ကုသရန် မလိုသော၊ ကုသ၍မရနိုင်သောရောဂါများသည် အများစုဖြစ်သည်။ ထို့ကြောင့်လည်း ဖွံ့ဖြိုးမှုနောက်ကျစေသောရောဂါကို ရှာဖွေခြင်းထက် နောက်ကျနေသော ဖွံဖြိုးမှုနယ်ပယ်ကို လေ့ကျင့်သင်ကြားခြင်းသည် ပိုမိုအရေးကြီးသည်။
သို့သော် နောက်ဆက်တွဲပြဿနာများဖြစ်သော ကောင်းစွာမအိပ်ခြင်း၊ တက်ခြင်း၊ ဝမ်းချုပ်ခြင်း စသည်တို့အတွက် လိုအပ်ပါက ဆေးဝါးများပေး၍ ကုသနိုင်သည်။ ထို့အပြင် ကြွက်သား၊ အရိုးအဆစ်များ ပုံမမှန်ဖြစ်လာခြင်း၊ အဆစ်လွဲခြင်း စသည်တို့အတွက် ခွဲစိတ်ကုသမှုများလည်း လိုအပ်နိုင်သည်။
ကာကွယ်ခြင်း
ကလေးများ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခြင်း ဖြစ်ပေါ်စေသော ရောဂါအခြေအနေအားလုံးကို ကြိုတင်မကာကွယ်နိုင်သော်လည်း မြန်မာနိုင်ငံ၌ အတွေ့ရများသော အကြောင်းရင်းများသည် ကာကွယ်၍ရသော အခြေအနေများဖြစ်သည်။ ကိုယ်ဝန်ဆောင်ချိန်၊ ကလေးမီးဖွားချိန်နှင့် မွေးပြီးနောက်ပိုင်းတွင် သန္ဓေသားနှင့်ကလေး ဦးနှောက်ဖွံ့ဖြိုးမှုတို့ကို ထိခိုက်နိုင်သော အခြေအနေများကြောင့် အဖြစ်များသဖြင့် အောက်ပါတို့ကို အကြံပြုလိုသည်။
- မိခင်လောင်းသည် အစာအာဟာရ ပြည့်စုံမှန်ကန်စွာ စားသောက်ပါ၊ ဆေးလိပ်၊ အရက်မသောက်ပါနှင့်၊ မိခင်လောင်း၏ စိတ်အေးချမ်းတည်ငြိမ်မှုသည် အရေးကြီးသည်
- ကျန်းမာရေးဝန်ထမ်းများနှင့် စောစီးစွာ ကိုယ်ဝန်အပ်နှံ၍ ပုံမှန်ပြပါ
- ဆေးရုံ၊ ဆေးခန်းများတွင် မီးဖွားပါ
- ကာကွယ်ဆေးများ အပြည့်ထိုးနှံပါ
- မိမိကလေးဖွံ့ဖြိုးမှု နောက်ကျကြောင်း သံသယရှိလျှင် တတ်ကျွမ်းနားလည်သူ ပညာရှင်များနှင့် အမြန်ပြသပါ၊ စောစီးစွာ ကြိုတင်လေ့ကျင့် ပြုစုပျိုးထောင်ပါ
References:
- WebMD. (n.d.). Recognizing developmental delays in children from birth to age 2. Retrieved December 13, 2025, from https://www.webmd.com/parenting/baby/recognizing-developmental-delays-birth-age-2
- Cleveland Clinic. (n.d.). Developmental delay in children. Retrieved December 13, 2025, from https://my.clevelandclinic.org/health/diseases/14814-developmental-delay-in-children
- Centers for Disease Control and Prevention. (n.d.). Developmental disability basics. Retrieved December 13, 2025, from https://www.cdc.gov/child-development/about/developmental-disability-basics.html
- Centers for Disease Control and Prevention. (n.d.). Early intervention. Retrieved December 13, 2025, from https://www.cdc.gov/act-early/early-intervention/index.html
Published: 19 December 2024
Last updated: 17 January 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.