တက်ခြင်း သို့မဟုတ် အတက်လက္ခဏာများသည် ဦးနှောက်၏ cerebral cortex ဟုခေါ်သော အပြင်ပိုင်းအလွှာမှ လျှပ်စီးကြောင်းများ ပုံမှန်ထက်များပြားစွာ စုထွက်လာခြင်းကြောင့်ဖြစ်သည်။ တက်ခြင်းကြောင့် အပြုအမူ၊ လှုပ်ရှားမှု၊ ခံစားမှုနှင့် သတိအနေအထား ပြောင်းလဲခြင်းများ ဖြစ်ပေါ်နိုင်သည်။ ရောဂါဖြစ်သော ဦးနှောက်နေရာ အစိတ်အပိုင်းပေါ်မူတည်ပြီး အတက်လက္ခဏာများလည်း ကွဲပြားသည်။ တောင့်၍တက်ခြင်း၊ တုန်၍တက်ခြင်း၊ ပျော့ခွေကျခြင်း၊ ရုတ်တရက်အပြုအမူနှင့် ခံစားမှုများ ပုံမမှန်ခြင်း စသည်တို့ဖြစ်သည်။ အတက်အများစုမှာ စက္ကန့် (၃၀) မှ (၂) မိနစ်အထိ ကြာလေ့ရှိပြီး၊ (၅) မိနစ်ထက်ပိုကြာလျှင် အသက်အန္တရာယ်ရှိနိုင်သော အရေးပေါ်အခြေအနေ (Status epilepticus) ဟု သတ်မှတ်သည်။
ဖြစ်ပေါ်ရသော အကြောင်းရင်းများ
ဦးနှောက်၏ cerebral cortex ဟုခေါ်သော အပြင်ပိုင်း အလွှာသည် မွေးရာပါ ပုံမှန်မဟုတ်လျှင်၊ မျိုးဗီဇပြောင်းလဲမှုဖြစ်လျှင် သို့မဟုတ် ရောဂါတစ်ခုခုဖြစ်လျှင် ထိုနေရာမှ လျှပ်စီးကြောင်းများ ပုံမှန်ထက်များပြားစွာ ထွက်ရှိလာပြီး အတက်လက္ခဏာကို စတင်ဖြစ်ပေါ်စေသည်။ အဆိုပါလျှပ်စီးကြောင်းများသည် ဦးနှောက်ဆဲလ်များကြား ဆက်သွယ်ထားသည့် ဆက်သွယ်ရေးလမ်းကြောင်းများ မှတစ်ဆင့် ဆက်လက်ပျံ့နှံ့သွားပြီး တစ်နေရာမှ စတင်ဖြစ်ပေါ်သော အတက်လက္ခဏာသည်လည်း တစ်ကိုယ်လုံးသို့ ပျံ့နှံ့နိုင်သည်။
တက်ခြင်းကို ဖြစ်ပေါ်စေနိုင်သော အကြောင်းရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
- အဖျားကြီး၍တက်ခြင်း (Febrile seizure) – ကလေးများတွင် ဖြစ်လေ့ရှိသည်
- လတ်တလောဖြစ်ပွားနေသော ဦးနှောက်ကိုထိခိုက်နိုင်သည့် ရောဂါတစ်ခုခုကြောင့် တက်ခြင်း (acute symptomatic seizures)
- ဦးနှောက်အမြှေးပါးရောင်ခြင်း (meningitis)
- ဦးနှောက်ရောင်ခြင်း (encephalitis)
- ဦးနှောက်အကျိတ် (brain tumour)
- ဦးခေါင်းကို ထိခိုက်ဒဏ်ရာရခြင်း (head injury)
- လေဖြတ်ခြင်း (stroke)
- ပိုးဆိပ်ပျံ့ခြင်း (sepsis)
- ကိုယ်ဝန်ဆိပ်တက်ခြင်း (eclampsia)
- အိပ်ရေးပျက်ခြင်း (lack of sleep)
- ဆိုဒီယမ်ဓာတ် လျော့နည်းခြင်း သို့မဟုတ် အလွန်များခြင်း (hyponatremia or hypernatremia)
- သွေးတွင်း သကြားဓာတ်များခြင်း သို့မဟုတ် နည်းခြင်း (hyperglycemia or hypoglycemia)
- မူးယစ်ဆေးဝါးသုံးစွဲခြင်း (amphetamines or cocaine)
- အရက် အလွန်အကျွံသောက်ခြင်း (alcohol misuse)
- အဆိပ်သင့်ခြင်း (ဥပမာ_ကာဘွန်မိုနောက်ဆိုဒ် သို့မဟုတ် သတ္တုဓာတ်)
- အချို့သောဆေးများ (နာကျင်မှုကို သက်သာစေသော ဆေးများ၊ စိတ်ရောဂါဆိုင်ရာဆေးများ) ကြောင့် ဖြစ်နိုင်သည်။
- အတက်ရောဂါ (Epilepsy)
အထက်တွင် ဖော်ပြထားသော အကြောင်းရင်းများကြောင့် မဟုတ်ဘဲ အောက်ပါအချက်များနှင့် ကိုက်ညီသော သီးခြားရောဂါမျိုးဖြစ်သည်။- ဦးနှောက်ကို ထိခိုက်သည့် လတ်တလောဖြစ်ပွါးနေသော ရောဂါမရှိခြင်း
- အနည်းဆုံး (၂) ကြိမ် တက်ခြင်း
- ထို (၂) ကြိမ်သည် အနည်းဆုံး (၂၄) နာရီခြားခြင်း
အတက်ရောဂါ ဖြစ်ပေါ်ရသော အခြားအကြောင်းရင်းများ (လတ်တလောဖြစ်ပွါးနေခြင်းမဟုတ်ဘဲ ယခင်ဖြစ်ပွါးခဲ့ပြီး ဦးနှောက်ထိခိုက်ခြင်း)
- မျိုးဗီဇ ပြောင်းလဲခြင်း
- ဦးခေါင်း ထိခိုက်ဒဏ်ရာရဖူးခြင်း
- ဦးနှောက်ပိုးဝင်ဖူးခြင်း (ဥပမာ _ ဦးနှောက် အမြှေးပါးရောင်ရောဂါ၊ ဦးနှောက်ရောင်ရောဂါ)
- ခုခံအားဆိုင်ရာရောဂါများ (ဥပမာ _ SLE ရောဂါ)
- ဖွံ့ဖြိုးမှုဆိုင်ရာရောဂါများ (မွေးရာပါ ဦးနှောက်ထိခိုက်ခြင်း)
- ဦးနှောက်နှင့် သွေးကြောဆိုင်ရာ ပြဿနာများ (ဥပမာ _ ဦးနှောက်အကျိတ်၊ လေဖြတ်ရောဂါ) စသည်တို့ဖြစ်ကြသည်။
ရောဂါလက္ခဏာများ
မတက်ခင်၊ တက်နေစဥ်နှင့် တက်ပြီးအချိန်များတွင် ဖြစ်ပေါ်လာသော ရောဂါလက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်သည်။ ဤလက္ခဏာများသည် အတက်ရောဂါ (epilepsy) တွင် ပို၍တွေ့ရသည်။
မတက်ခင် (Prodrome)
မတက်ခင် နာရီပိုင်း သို့မဟုတ် ရက်ပိုင်းအလိုတွင် စောစီးစွာ သတိပေး လက္ခဏာများအနေနှင့် ဖော်ပြရန်ခက်ခဲသော အာရုံများ၊ အပြုအမူပြောင်းလဲခြင်းများ ဖြစ်ပေါ်နိုင်သည်။ ထိုသို့ မတက်ခင် ကြိုတင်ခံစားရသည့် သတိပေးလက္ခဏာများ (ပုံမမှန်ခံစားမှုများ၊ ထူးခြားအာရုံများ) ကို အော်ရာ (aura) ဟု ခေါ်သည်။ ဥပမာ_မိမိနှင့် မရင်းနှီးသော လူ သို့မဟုတ် နေရာတစ်ခုကို ရင်းနှီးကျွမ်းဝင်သကဲ့သို့ ခံစားရခြင်း သို့မဟုတ် ရင်းနှီးကျွမ်းဝင်ပြီးသားလူ သို့မဟုတ် နေရာတစ်ခုခုကို မသိသကဲ့သို့ ဖြစ်နေခြင်းတို့ကို ကြိုတင်ခံစားရနိုင်သည်။ ကြောက်သော၊ ပျော်သော၊ သာယာသော အစရှိသည့် ခံစားချက်အမျိုးမျိုးကို ထူးဆန်းစွာ ခံစားရနိုင်သည်။ ခေါင်းကိုက်ခြင်း၊ ထုံကျဥ်ခြင်း၊ ပျို့အန်ခြင်း၊ မူးဝေခြင်းတို့နှင့်အတူ ခံစားမှု (အမြင်၊ အနံ့၊ အရသာ၊ အသံ၊ အထိအတွေ့) ပြောင်းလဲခြင်းများကိုပါ ဖြစ်ပေါ်စေနိုင်သည်။ တက်သည့် လူအများစုတွင် ထိုလက္ခဏာများကို ခံစားရလေ့ရှိသော်လည်း အချို့သူများတွင် ဖြစ်ပေါ်ခြင်းမရှိပါ။
တက်နေစဥ် (Middle or Ictal phase)
ဦးနှောက်အတွင်း ပြင်းထန်သည့်လျှပ်စီးကြောင်း ဖြစ်ပေါ်သည့်အချိန်အတွင်း ပထမဆုံးရောဂါလက္ခဏာ စပေါ်သည့်အချိန်မှ ပြီးဆုံးသည့်အချိန်အထိကို အလယ်ဆင့် (middle phase) ဟုသတ်မှတ်သည်။ ထိုအဆင့်တွင် ဖြစ်ပေါ်နိုင်သော လက္ခဏာများမှာ အောက်ပါ အတက်လက္ခဏာ အမျိုးအစား အမျိုးမျိုးပေါ်တွင် မူတည်သည်။
အတက်လက္ခဏာအမျိုးအစားများ
ဦးနှောက်တွင်း စတင်ဖြစ်ပေါ်သည့်နေရာနှင့် ပျံ့နှံ့သည့်အကွာအဝေးတို့ပေါ် မူတည်၍ အတက်လက္ခဏာ အမျိုးအစားများ ကွဲပြားကြသည်။
- ဦးနှောက်အတွင်း နေရာတစ်ခုတည်းမှ အတက်လျှပ်စီးကြောင်းများဖြစ်ပေါ်ခြင်း (focal seizure)
- အသိလွတ်၍ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုမှ တက်ခြင်း (focal seizures with impaired awareness)
ထိုတက်ခြင်းတွင် သတိလစ်ခြင်း၊ တစ်နေရာရာသို့ စိုက်ကြည့်နေခြင်း၊ ပတ်ဝန်းကျင်ကို တုံ့ပြန်မှုမရှိခြင်းတို့ ဖြစ်ပေါ်နိုင်သည်။ အပြုအမူတစ်ခုခုကို ထပ်ခါထပ်ခါ ပြုလုပ်ခြင်း (ဥပမာ _ လက်ပွတ်ခြင်း၊ ပါးစပ်လှုပ်ခြင်း) တို့ကိုလည်း ပြုလုပ်နိုင်သည်။ - အသိမလွတ်ဘဲ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုမှ တက်ခြင်း (focal seizures without impaired awareness)
ထိုတက်ခြင်းသည် သတိလစ်ခြင်းကို မဖြစ်ပေါ်စေဘဲ စိတ်ခံစားမှုပြောင်းလဲခြင်း (အမြင်၊ အနံ့၊ အရသာ၊ အသံ၊ အထိအတွေ့) ကို ဖြစ်ပေါ်စေသည်။ ဒေါသထွက်ခြင်း၊ ပျော်ခြင်း၊ ဝမ်းနည်းခြင်း အပါအဝင် ဖော်ပြရန်ခက်ခဲသော ခံစားချက်များဖြစ်ပေါ်ခြင်း၊ စကားပြောရန် ခက်ခဲခြင်း၊ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုခုတွင် ထိန်းချုပ်၍မရသော တုန်ခါလှုပ်ရှားခြင်းများ ဖြစ်ပေါ်နိုင်သည်။ ရုတ်တရက် ခေါင်းမူးခြင်း၊ ထုံကျဥ်ခြင်း၊ အလင်းတန်းများ မြင်ခြင်းတို့လည်း ဖြစ်နိုင်သည်။
- အသိလွတ်၍ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုမှ တက်ခြင်း (focal seizures with impaired awareness)
- ဦးနှောက် ဘယ်၊ ညာနှစ်ဖက်လုံးမှ အတက်လျှပ်စီးကြောင်းများ ဖြစ်ပေါ်ခြင်း (generalized seizures)
- Absence seizures
- ကလေးဘဝတွင် ဖြစ်ပေါ်လေ့ရှိပြီး တစ်နေရာရာသို့ စိုက်ကြည့်ခြင်း၊ မျက်လုံး ပုတ်ခတ်ပုတ်ခတ်လုပ်ခြင်း၊ နှုတ်ခမ်းလျက်ခြင်းတို့ကို ပြုလုပ်လေ့ရှိသည်
- တစ်ကြိမ်ဖြစ်လျှင် (၅) စက္ကန့် မှ (၁၀) စက္ကန့်မျှသာကြာပြီး၊ တစ်ရက်လျှင် အကြိမ်ရေ ရာနှင့်ချီဖြစ်နိုင်သည်
- Tonic seizures
- ကျောကုန်း၊ ခြေထောက်နှင့် လက်တို့ရှိ ကြွက်သားများ တောင့်တင်းခြင်းကို ဖြစ်ပေါ်စေသည်
- သတိလစ်ပြီး ပြုတ်ကျခြင်းများ ဖြစ်ပေါ်နိုင်သည်
- Atonic seizures
- ကြွက်သားထိန်းချုပ်မှု မရှိသောကြောင့် ရုတ်တရက် ပြုတ်ကျပြီး ဦးခေါင်းကို ထိခိုက်ဒဏ်ရာရနိုင်သည်
- Clonic seizures
- ကြွက်သားလှုပ်ရှားမှုများ ကွေးခြင်း၊ ဆန့်ခြင်း တစ်လှည့်စီဖြစ်သောကြောင့် ဆန့်ငင်ဆန့်ငင်ပုံစံဖြင့် တက်ခြင်းဖြစ်ပြီး လည်ပင်း၊ မျက်နှာနှင့် လက်နှစ်ဖက်လုံးတွင် ဖြစ်ပေါ်နိုင်သည်
- Myoclonic seizures
- လည်ပင်း၊ မျက်နှာ၊ လက်မောင်း နှင့် ခြေထောက်တို့ ရုတ်တရက် သိသာထင်ရှားသော တုန်ခါလှုပ်ရှားမှု တစ်ချက်ချင်း ထပ်ခါထပ်ခါ ဖြစ်ပေါ်နိုင်သည်
- Tonic-clonic seizures
- အတက်ရောဂါ (epilepsy) တွင် တွေ့ရလေ့ရှိပြီး ရုတ်တရက် သတိလစ်ခြင်း၊ ခန္ဓာကိုယ် တောင့်တင်းခြင်း၊ တုန်ခါခြင်းများ ဖြစ်နိုင်သည်
- တက်ခြင်းမှာ မိနစ်အနည်းငယ် ကြာနိုင်ပြီး ဆီး၊ ဝမ်း မထိန်းနိုင်ခြင်း၊ လျှာကိုက်မိခြင်းတို့လည်း ဖြစ်ပေါ်နိုင်သည်
- Absence seizures
တက်ပြီးအချိန် (Postictal)
တက်ပြီးနောက် သက်သာလာသောအချိန်ကို ဆိုလိုခြင်းဖြစ်ပြီး မိနစ်ပိုင်း သို့မဟုတ် နာရီပိုင်းခန့် ကြာနိုင်သည်။ အချို့သူများမှာ လျင်မြန်စွာ သက်သာနိုင်သည်။ တက်ခြင်းအမျိုးအစားနှင့် ပါဝင်သည့် ဦးနှောက် အစိတ်အပိုင်းပေါ် မူတည်၍ ကြာချိန်မှာ ကွာခြားနိုင်သည်။ ထိုအချိန်တွင် တုန့်ပြန်မှုနှေးခြင်း၊ မှတ်ဉာဏ်အားနည်းခြင်း၊ စကားပြောရန်ခက်ခဲခြင်း သို့မဟုတ် စာရေးရန်ခက်ခဲခြင်းတို့ ဖြစ်ပေါ်နိုင်သည်။ ထို့အပြင် အိပ်ငိုက်ခြင်း၊ မူးဝေခြင်း၊ နုံးနယ်ခြင်း၊ ဝမ်းနည်းခြင်း၊ စိတ်လှုပ်ရှားခြင်း၊ ကြောက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ ခန္ဓာကိုယ် အစိတ်အပိုင်းများ အားနည်းခြင်း၊ ရေငတ်ခြင်း၊ ဆီးမထိန်းနိုင်ခြင်း အစရှိသည့် လက္ခဏာများ ဖြစ်ပေါ်နိုင်သည်။ တက်ခြင်းကြောင့် ပြုတ်ကျပြီး ဦးခေါင်းကို ထိခိုက်ဒဏ်ရာရခြင်း၊ အရိုးကျိုးခြင်းများ ဖြစ်ပေါ်နိုင်သည်။
နောက်ဆက်တွဲပြဿနာများ
တက်ခြင်းကြောင့် လူနာကိုယ်တိုင် သို့မဟုတ် ပတ်ဝန်းကျင်ရှိလူများကို အန္တရာယ် ဖြစ်စေနိုင်သည့် နောက်ဆက်တွဲပြဿနာများမှာ အောက်ပါအတိုင်းဖြစ်သည်။
- တက်ပြီး ပြုတ်ကျသောကြောင့် ဦးခေါင်းကို ထိခိုက်ဒဏ်ရာရခြင်း၊ အရိုးကျိုးခြင်း (Falling)
- ရေကူးနေစဥ် သို့မဟုတ် ရေချိုးနေစဥ် တက်ပါက မတော်တဆ ရေနစ်ခြင်း (Drowning)
- ယာဥ်မောင်းစဥ် တက်လျှင် ယာဥ်တိုက်မှုများဖြစ်နိုင်ခြင်း (Car accidents)
- ကိုယ်ဝန်ဆောင်စဥ်တက်လျှင် မိခင်ရော ကလေးပါ အန္တရာယ်ရှိနိုင်ခြင်း (Pregnancy complications)
- မကြာခဏ တက်ခြင်းကြောင့် စိတ်ဖိစီးမှုများခြင်း၊ စိတ်ကြွခြင်း၊ စိတ်ကျခြင်း စသည့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်ခြင်း (Mental health issues)
- အတက်ရောဂါသည် နာတာရှည်ရောဂါတစ်ခု ဖြစ်သောကြောင့် လူနာကိုယ်တိုင်သာမက မိသားစု၏လူနေမှု ဘဝအဆင့်အတန်းကိုပါ ထိခိုက်နိုင်ခြင်း
- ရုတ်တရက်သေဆုံးနိုင်ခြေရှိခြင်း (Sudden unexpected death in epilepsy – SUDEP)
- ကလေးများတွင် ဖွံ့ဖြိုးမှုဆိုင်ရာ/ အပြုအမူဆိုင်ရာ/ လေ့လာသင်ယူခြင်းဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်နိုင်ခြင်း
ဆေးရုံ၊ ဆေးခန်းပြသခြင်း
အတက်လက္ခဏာပေါ်လျှင် သို့မဟုတ် သံသယရှိလျှင် ဆရာဝန်နှင့်တိုင်ပင်၍ ချက်ချင်း ကုသမှုခံယူရန်နှင့် တက်စေသော အကြောင်းရင်းများကို ရှာဖွေ၍ ကုသရန် လိုအပ်သည်။ ထို့အပြင် အောက်ဖော်ပြပါ လက္ခဏာများ ဖြစ်ပေါ်လျှင် အသက်အန္တရာယ် ရှိနိုင်သောကြောင့် ဆေးရုံ အရေးပေါ်ဆေးကုဌာနသို့ အမြန်ဆုံးသွားရောက် ဆေးကုသမှု ခံယူရန် အရေးကြီးသည်။
- တက်ချိန် မှာ (၅) မိနစ်ထက်ပိုခြင်း
- အတက်ရပ်သော်လည်း အသက်မရှူနိုင်ခြင်း
- အတက်ရပ်ပြီးနောက် ပြန်သတိမရခင် နောက်တစ်ကြိမ် ချက်ချင်း ထပ်တက်ခြင်း
- အဖျားကြီးခြင်းနှင့် အတူ တက်ခြင်း
- အပူရှပ်ခြင်းနှင့် အတူ တက်ခြင်း
- ကိုယ်ဝန်ဆောင်စဥ် တက်ခြင်း
- ရောဂါအခံရှိသူများ တက်ခြင်း
- တက်ခြင်းကြောင့် ထိခိုက်ဒဏ်ရာရခြင်း
ရောဂါရှာဖွေခြင်း
တက်ခြင်းကို ဖြစ်ပေါ်စေသော အကြောင်းရင်းကို ရှာဖွေရန် ရောဂါလက္ခဏာများ၊ ရောဂါရာဇဝင်များကို မေးမြန်းခြင်း၊ လူနာကို အထွေထွေစမ်းသပ်ခြင်းနှင့် ဦးနှောက်အာရုံကြောစနစ်ကို အသေးစိတ်စမ်းသပ်ခြင်းများ ပြုလုပ်ရမည်။ သွေးတွင်းသကြားဓာတ်၊ သွေးတွင်း ဆိုဒီယမ်နှင့် သတ္တုဓာတ်များ၊ သွေးတွင်းရောဂါပိုးများ စစ်ဆေးခြင်း အပါအဝင် လိုအပ်သော သွေးစစ်ဆေးခြင်းများ ပြုလုပ်ရန် လိုအပ်နိုင်သည်။ ရောဂါပိုးကြောင့် တက်သည်ဟု သံသယရှိလျှင် ခါးဆစ်ရိုးကြားမှ အရည်ထုတ်ယူ စစ်ဆေးခြင်း (lumbar puncture) ပြုလုပ်ရန် လိုအပ်သည်။ ထို့ပြင် နောက်တစ်ကြိမ် တက်နိုင်ခြေ ရှိမရှိကို သိရှိနိုင်ရန်နှင့် အတက်အမျိုးအစား ခွဲနိုင်ရန် ဦးနှောက်အတွင်းရှိ လျှပ်စီးကြောင်းကို မှတ်တမ်းယူစစ်ဆေးခြင်း (အီးအီးဂျီရိုက်ခြင်း – EEG) ပြုလုပ်နိုင်သည်။ ထို့အပြင် လိုအပ်လျှင် စီတီဓာတ်မှန် (CT scan)၊ သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI) တို့ကိုလည်း ပြုလုပ်နိုင်သည်။ တစ်ခါတစ်ရံ ရောဂါရှာဖွေမှု ပိုမိုတိကျရန် PET စီတီဓာတ်မှန်၊ SPECT စီတီဓာတ်မှန်ရိုက်ခြင်းတို့ ပြုလုပ်သည်။
ကုသခြင်း
တက်ခြင်းကို ကုသရန် အောက်ပါနည်းလမ်းများဖြင့် ကုသနိုင်သည်။
- ရှေးဦးကုသခြင်း (First aid treatment)
လူတစ်ဦး တက်နေသည်ကို တွေ့ပါက စတင်တွေ့ရှိသည့်သူသည် စတင်တွေ့ရှိသည့် နေရာ၌ပင် ရှေးဦးကုသမှုများကို အောက်ပါအတိုင်း ချက်ချင်းပြုလုပ်ပေးရမည်။- စတက်သည့် အချိန်ကို မှတ်သားထားရမည်
- တက်နေသည့် လူနာကို အန္တရာယ်မရှိနိုင်သည့်နေရာတွင် ထားပါ
- ပတ်ဝန်းကျင်၌ အန္တရာယ်ရှိနိုင်သော၊ အပူလောင်နိုင်သော၊ အနာတရဖြစ်နိုင်သော အရာများကို ဖယ်ရှားပေးပါ
- ဦးခေါင်းအောက်တွင် ပျော့ပျောင်းသော ခပ်ပါးပါး အဝတ်ခေါက်တစ်ခု ခံထားပေးပါ
- လူနာကို အသက်ရှူလမ်းကြောင်းမပိတ်စေရန် ဘယ် သို့မဟုတ် ညာဘက်သို့ ဖြည်းညင်းစွာလှည့်၍ ဘေးတစ်စောင်းအနေအထားဖြင့် ထားပါ (recovery position)
- လည်ပင်း သို့မဟုတ် ရင်ဘတ်တွင် တင်းကျပ်သော အဝတ်အထည်များ ရှိပါက ဖယ်ရှားပါ
- ဖြစ်နိုင်လျှင် တက်သည့်ပုံကို ဗီဒီယို ရိုက်ထားပေးပါ
- အတက်ကျပြီးလျှင် ဘေးတစ်စောင်းအနေအထားအတိုင်းထား၍ အသက်ရှူခြင်း စစ်ဆေးပါ၊ ခေတ္တစောင့်ကြည့်ပါ၊ ပါးစပ်တွင်ပေနေသော တံတွေးစသည်တို့ကို သုတ်ပေးပါ
- တက်နေသောလူနာအား မပြုလုပ်ရမည့် အချက်များမှာ_
- တက်လျှင် ကြောက်လန့်တကြား စိုးရိမ်လွန်ကဲစွာဖြင့် ဟိုလုပ်ဒီလုပ် မလုပ်မိပါစေနှင့်။ ဥပမာ_ခြေလက်များဖိနှိပ်ချုပ်ခြင်း၊ လူများဝိုင်းအုံကြည့်ခြင်း စသည်တို့ကို ရှောင်သင့်သည်
- လျှာကိုက်မိမည်ကို စိုးရိမ်၍ ပါးစပ်အတွင်း ဇွန်း သို့မဟုတ် အဝတ်စ ထည့်ခြင်းမျိုးကို ရှောင်ကြဥ်ပါ
- နှုတ်ခမ်းချင်းတေ့ပြီး မှုတ်ရန်မလိုပါ၊ အတက်ကျသွားသည့်အခါတွင် သူ့အလိုအလျောက် အသက်ပြန်ရှူနိုင်သည်
- ကောင်းစွာ သတိပြန်မရမချင်း ရေ၊ အစားအသောက်၊ ဆေးစသည်တို့ မတိုက်မကျွေးပါနှင့်
- လတ်တလော တက်နေသော လူနာကို အရေးပေါ်ကုသခြင်း (Emergency treatment of acute symptomatic seizures)
- ရှေးဦးကုသမှုကို ပြုလုပ်ပြီးနောက် အရေးပေါ်ဆေးကုသမှုများ ဆက်လက်ခံယူရန် ဆေးရုံအရေးပေါ် ဆေးကုဌာနသို့ ပို့ဆောင်ပေးရမည်၊ အသက်ရှူလမ်းကြောင်းပိတ်ဆို့မှု မရှိစေရန် ချွဲများရှိလျှင် စုပ်ထုတ်ခြင်း (suction)နှင့် အောက်ဆီဂျင်ပေးခြင်းများ ပြုလုပ်ပြီး အရေးပေါ်အတက်ကျဆေးများကို သွေးကြောမှတစ်ဆင့် သွင်းပေးခြင်းများ ပြုလုပ်ပေးရမည်၊ တက်ချိန် (၅) မိနစ်ကျော်လျှင် အတက်ကျဆေး ထိုးဆေးများ ပေးရန်လိုသည်။
- ထို့နောက် လူနာ၏အခြေအနေကို စောင့်ကြည့်၍ ဖြစ်ပေါ်ရသော အကြောင်းရင်းများကို ရှာဖွေပြီး ဆက်လက်ကုသမှု ခံယူရမည်ဖြစ်သည်၊ ထို့ပြင် လူနာတွင် ထိခိုက်ဒဏ်ရာရခြင်း ရှိမရှိကိုလည်း သေချာစွာရှာဖွေ၍ လိုအပ်လျှင် အရေးပေါ်ဆေးကုသမှုများ ပေးရမည်
- အတက်ရောဂါကို ဆေးဖြင့် ကုသခြင်း (Medications)
အတက်ရောဂါ (Epilepsy) ဟု သတ်မှတ်ပြီဆိုလျှင် အတက်ကျဆေးများ (Anti-seizure drugs) ပေးခြင်းဖြင့် ကုသနိုင်သည်။ အတက်ကျဆေး အမျိုးအစား အမျိုးမျိုးရှိသောကြောင့် မိမိနှင့် အသင့်တော်ဆုံးဆေးနှင့် ဘေးထွက်ဆိုးကျိုး အနည်းဆုံးဖြစ်မည့်ဆေးများကို နားလည်တတ်ကျွမ်းသော ဆရာဝန်များ ညွှန်ကြားသည့်အတိုင်း သောက်သုံးရန် အရေးကြီးသည်။ အတက်ကျဆေးများကို လူနာ၏အသက်အရွယ်၊ တက်သည့် အကြိမ်အရေအတွက်နှင့် ရောဂါအခံများပေါ်မူတည်၍ တတ်ကျွမ်းသော ဆရာဝန်များမှ ရွေးချယ်ပေးခြင်းဖြစ်သည်။ တက်ခြင်းကို ထိန်းချုပ်နိုင်ရန် အတက်ကျဆေး တစ်မျိုးထက်ပို၍လည်း လိုအပ်နိုင်သည့်အပြင် နှစ်ရှည်လများ နေ့စဥ်ပုံမှန်သောက်ရန် အရေးကြီးသည်။- အသုံးများသော အတက်ကျဆေး အမျိုးအစားများမှာ_
- Sodium valproate
- Carbamazepine
- Lamotrigine
- Levetiracetam
- Topiramate တို့ဖြစ်ကြသည်။
- အတက်ကျဆေးများ၏ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများအနေနှင့် ကိုယ်အလေးချိန် ပြောင်းလဲခြင်း၊ ခေါင်းမူးခြင်း၊ နုံးနယ်ခြင်း၊ စိတ်အပြောင်းအလဲဖြစ်ခြင်းတို့ ဖြစ်ပေါ် နိုင်သကဲ့သို့ အသည်းနှင့် ရိုးတွင်းခြင်ဆီ ထိခိုက်ခြင်း ကဲ့သို့သော ပြင်းထန်သည့် ဘေးထွက်ဆိုးကျိုးများလည်း ရှားပါးစွာ ဖြစ်ပေါ်တတ်သည်
- အတက်ကျဆေးများပေးရာတွင် ဘေးထွက်ဆိုးကျိုး နည်းပါးအောင် တဖြည်းဖြည်း ဆေးပမာဏတိုး၍ ပေးရသဖြင့် အစပိုင်းတွင် အတက်လက္ခဏာများ ကျန်ရှိနေနိုင်သည်၊ တက်သည့်အခါ တက်သည့်ပုံစံနှင့် နေ့ရက်၊ အချိန်များကို စာအုပ်ဖြင့် သေချာစွာမှတ်သားထားရန် လိုအပ်သည်
- ဆရာဝန်နှင့် ရက်ချိန်းပုံမှန်ပြန်ပြ၍ စိတ်ရှည်စွာဖြင့် ကုသမှုခံယူရမည်။
- သောက်နေသော အတက်ကျဆေးများကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ မိမိသဘောနှင့် ရုတ်တရက်ရပ်ခြင်းမျိုး မပြုလုပ်ရပါ၊ ဆေးရပ်ရန် လိုအပ်ပါက ဆရာဝန်ညွှန်ကြားသည့်အတိုင်းသာ ဆေးပမာဏကို တဖြည်းဖြည်းလျှော့၍ ရပ်ရန်လိုအပ်သည်
- အချို့အတက်ကျဆေးများသည် ကိုယ်ဝန်ဆောင်အမျိုးသမီးများ သောက်သုံးပါက မွေးလာမည့်ကလေးတွင် မွေးရာပါချို့ယွင်းချက်များ ရှိနိုင်သောကြောင့် ဆေးပေးရာတွင် ကိုယ်ဝန်အတွက် စိတ်အချရဆုံးသောဆေးကို အနိမ့်ဆုံးပမာဏနှင့် ပေးရန်လိုအပ်သည်၊ ဖောလစ်အက်ဆစ် (folic acid) ပေးခြင်းဖြင့် အတက်ကျဆေးများကြောင့် ဖြစ်ပေါ်နိုင်သော မွေးရာပါ ချို့ယွင်းချက်အချို့ကို ကာကွယ်နိုင်သဖြင့် အတက်ရောဂါရှိသော အမျိုးသမီးများတွင် ဖောလစ်အက်ဆစ် သောက်ထားရန် လိုအပ်သည်
- အသုံးများသော အတက်ကျဆေး အမျိုးအစားများမှာ_
- ခွဲစိတ်ကုသခြင်း (Surgical treatment)
အတက်ကျဆေး အနည်းဆုံး (၂) မျိုးဖြင့် မသက်သာလျှင် ဦးနှောက်အတွင်း ပြဿနာ ဖြစ်ပေါ်စေသည့် နေရာကို ဖယ်ရှားခြင်း သို့မဟုတ် ဆက်သွယ်မှုလမ်းကြောင်းများကို ဖြတ်တောက်ခြင်း အစရှိသည့် ခွဲစိတ်ကုသသော နည်းလမ်းများကို ရွေးချယ်နိုင်သည်။ - စက်ထည့်၍ ကုသခြင်း (Brain stimulation)
ခွဲစိတ်ကုသခြင်း ပြုလုပ်ရန် မသင့်တော်သည့် သူများတွင် ဦးနှောက်အတွင်း လျှပ်စီးကြောင်း ထုတ်လွှတ်ပေးသောစက်ကို ထည့်၍ တက်ခြင်းကို ဖြစ်ပေါ်စေသော လျှပ်စီးကြောင်းကို ရပ်စေရန် ပြုလုပ်ခြင်းဖြစ်သည်။ - အစားအသောက်ပုံစံပြောင်းလဲခြင်း (Diet changes)
ဆေးဖြင့်ကုသခြင်းနှင့် မသက်သာသူများနှင့် ခွဲစိတ်ကုသရန် မသင့်တော်သူများတွင် အစားအသောက်ပြောင်းလဲခြင်း ပြုလုပ်ခြင်းဖြင့် သက်သာစေနိုင်သည်။ အဆီများပြီး အသားဓာတ် အလုံအလောက် ပါဝင်သော၊ ကာဘိုဟိုက်ဒရိတ် အလွန်နည်းသော ကီတိုအစားအစာ (Ketogenic diet) ကို ပြောင်းလဲစားသုံးရန် လိုအပ်သည်။
ကာကွယ်ခြင်း
တက်ခြင်းကို ကာကွယ်နိုင်ရန် အတက်ကျဆေးများကို ဆရာဝန်ညွှန်ကြားသည့် ဆေးအမျိုးအစား၊ သောက်ရမည့် ပမာဏ၊ အကြိမ်အရေအတွက်နှင့် အချိန်ကာလကို တိကျမှန်ကန်စွာ သောက်သုံးရန် အရေးကြီးသည်။ အိပ်ရေးဝအောင် အိပ်ခြင်း၊ စိတ်ဖိစီးမှုကို လျှော့ချခြင်း၊ အရက်လျှော့သောက်ခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ ကီတိုအစာစားခြင်းတို့ကို ပြုလုပ်ခြင်းဖြင့်လည်း တက်ခြင်းကို ကာကွယ်နိုင်သည်။
အောက်ဖော်ပြပါနည်းလမ်းများကိုလိုက်နာခြင်းဖြင့် တက်လျှင် ထိခိုက်ဒဏ်ရာရခြင်းကို လျော့ချနိုင်သည်။
- တစ်ယောက်တည်း ရေမကူးရန်၊ မီးဖိုမသုံးရန် သို့မဟုတ် လှေမစီးရန်၊ မော်တော်ဆိုင်ကယ်စီးလျှင် သို့မဟုတ် အားကစားပြုလုပ်လျှင် ဦးထုပ်ဆောင်းပါ
- တခြားသူများ မိမိကို အလွယ်တကူ မြင်တွေ့နိုင်သည့် နေရာတွင် နေပါ၊ သို့မှသာ တက်သည့်အချိန်တွင် ရှေးဦးပြုစုခြင်းကို ပြုလုပ်ပေးနိုင်မည်ဖြစ်သည်
References:
- Mayo Clinic. (n.d.). Seizure: Symptoms and causes. Retrieved October 21, 2025, from https://www.mayoclinic.org/diseases-conditions/seizure/symptoms-causes/syc-20365711
- Cleveland Clinic. (n.d.). Seizure. Retrieved October 21, 2025, from https://my.clevelandclinic.org/health/diseases/22789-seizure
- WebMD. (n.d.). Seizures: First aid, emergencies, and treatment. Retrieved October 21, 2025, from https://www.webmd.com/first-aid/seizures-emergencies-treatment
- Centers for Disease Control and Prevention. (n.d.). Sudden unexpected death in epilepsy (SUDEP). Retrieved October 21, 2025, from https://www.cdc.gov/epilepsy/sudep/index.html
Published: 31 October 2024
Last updated: 3 January 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.