အရေပြားအောက်ရှိ သွေးကြောမျှင်များ (Capillaries) မှ သွေးများ စိမ့်ထွက်သောအခါ အရေပြားတွင် ပင်အပ်ထိပ်အရွယ်အစားရှိသော အနီစက်များ (petechiae) နှင့် ထိုအရွယ်ထက် အနည်းငယ်ပိုကြီးသော အနီစက်များ (purpura) ထွက်လာသည်။ ထိုအနီစက်များသည် ဖုထွက်မနေဘဲ အရေပြားမျက်နှာပြင်နှင့် တစ်ညီတည်းဖြစ်နေကာ တစ်ခါတစ်ရံ ခရမ်းရောင် သို့မဟုတ် အညိုရောင်လည်း ရှိနိုင်သည်။ ထိုအနီစက်များသည် အရေပြားတွင်သာမက ခန္ဓာကိုယ် နေရာအနှံ့အပြားတွင် ဖြစ်ပေါ်နိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ
သွေးကြောမျှင်များတွင် ဖိအားများခြင်း၊ သွေးကြောရောင်ရမ်းခြင်းနှင့် သွေးဥမွှားပမာဏ (platelet) နည်းခြင်းတို့ကြောင့် သွေးစိမ့်ထွက်လာပြီး အရေပြားတွင် အနီစက်များ ထွက်လာခြင်းဖြစ်သည်။ သွေးကြောမျှင်ဆိုသည်မှာ သွေးလွှတ်ကြောနှင့် သွေးပြန်ကြောကို ဆက်ထားပေးသည့် အသေးငယ်ဆုံးသော သွေးကြောများဖြစ်သည်။ အရေပြားအောက် သွေးယိုစိမ့်ခြင်း ဖြစ်ပေါ်ရသော အကြောင်းရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
- ဖိအားများများဖြင့် ကာလရှည်ကြာစွာ ညှစ်ခြင်းကြောင့် သွေးကြောမျှင်များတွင် ဖိအားများခြင်း (Pressure effects on capillaries due to prolonged straining)
ချောင်းဆိုးခြင်း၊ အန်ခြင်း၊ ကလေးမွေးခြင်း၊ အလေးမခြင်း အစရှိသော အခြေအနေများတွင် ခန္ဓာကိုယ်အတွင်း ဖိအားများများဖြင့် ကြာရှည်စွာ ညှစ်မိသည့်အတွက် ထိုနေရာများမှ သွေးကြောမျှင်များ ပေါက်ထွက်ပြီး အနီစက်များ ပေါ်လာသည် (ဥပမာ _ ချောင်းဆိုးလွန်းလျှင်၊ အန်လျှင် အနီစက်များသည် မျက်နှာနှင့် လည်ပင်းတို့တွင် ပေါ်လာနိုင်သည်)။ - သွေးကြောရောင်ရမ်းခြင်းကြောင့် ဖြစ်ပေါ် ခြင်း (Vascular cause)
- ရောဂါပိုးဝင်ခြင်း
- ဘက်တီးရီးယားပိုးများ (ဥပမာ _ လည်ချောင်းနာစေသော ဘက်တီးရီးယား (Strep throat)၊ Meningococcemia၊ Rocky Mountain spotted fever)
- ဗိုင်းရပ်စ်ပိုးများ (ဥပမာ _ သွေးလွန်တုပ်ကွေးရောဂါပိုး – Dengue Haemorrhagic Virus, CMV)
- နှလုံးအတွင်းနံရံနှင့် အဆို့ရှင်ပိုးဝင်ခြင်း (Infective endocarditis)
- ပိုးဆိပ်ပျံ့နှံ့ခြင်း (Sepsis)
- ကိုယ်ခံအားစနစ် မူမမှန်တုံ့ပြန်ခြင်းနှင့် ဆိုင်သော ရောဂါများ (ဥပမာ – SLE ရောဂါ)
- အချို့သော ဆေးဝါးများ
- Penicillin (ပင်နစလင် ပဋိဇီဝပိုးသတ်ဆေး)
- Quinine (ငှက်ဖျားဆေး)
- Phenytoin and valproic acid (အတက်ကျဆေး)
- Warfarin and heparin (သွေးမခဲဆေး)
- Sedatives and anti-depressant (စိတ်ငြိမ်ဆေး)
- Naproxen and Indomethacin (အကိုက်အခဲပျောက်ဆေး)
- ဗီတာမင် စီ (vitamin C) နှင့် ဗီတာမင် ကေ (vitamin K) ဓာတ်ချို့တဲ့ခြင်း
- ရောဂါပိုးဝင်ခြင်း
- သွေးဥမွှားပမာဏ နည်းခြင်းကြောင့် ဖြစ်ပေါ် ခြင်း (Platelet cause)
- ကိုယ်ခံအား မူမမှန်တုံ့ပြန်ခြင်းကြောင့် သွေးဥမွှားနည်းရောဂါ (Idiopathic thrombocytopenic purpura)
- ကိုယ်ခံအား မူမမှန်တုံ့ပြန်ခြင်းကြောင့် သွေးဆဲလ်များနှင့် ကျောက်ကပ်ထိခိုက်သောရောဂါ (Haemolytic Uraemic Syndrome)
- သွေးကင်ဆာရောဂါ (Leukaemia)
- ရိုးတွင်းခြင်ဆီ အားနည်းခြင်းကြောင့် သွေးအားနည်းခြင်း (Aplastic anaemia)
ယှဉ်တွဲလာတတ်သောလက္ခဏာများ
အနီစက်ထွက်ခြင်းနှင့်အတူ ဖြစ်ပေါ်ရသောအကြောင်းရင်းများ၏ အခြေခံရောဂါလက္ခဏာများကို အောက်ပါအတိုင်း ယှဥ်တွဲတွေ့ရတတ်သည်။
- ရောဂါပိုးဝင်လျှင် ဖျားခြင်း၊ လည်ပင်းနာခြင်း၊ ကိုယ်လက်နာကျင်ခြင်း၊ ပြန်ရည်ကျိတ်ရောင်ခြင်း၊ နုံးနယ်ခြင်းတို့ကိုပါ ခံစားရသည်၊ ပိုးဆိပ်ပျံ့နှံ့လျှင် အဖျားကြီးခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အသက်ရှူကျပ်ခြင်းတို့ ဖြစ်နိုင်သည်
- သွေးကင်ဆာရောဂါများတွင် အလွယ်တကူ သွေးထွက်ခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ညဘက်တွင် ချွေးထွက်ခြင်း၊ ပြန်ရည်ကျိတ်ကြီးခြင်း၊ အသည်းနှင့် ဘေလုံးကြီးခြင်းတို့ ဖြစ်နိုင်သည်
- သွေးကြောရောင်လျှင် ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်းနှင့် အာရုံကြောပြဿနာများ (အားနည်းခြင်း၊ ထုံကျဥ်ခြင်း) တို့ကို ပူးတွဲခံစားရနိုင်သည်
- ဗီတာမင် စီ ချို့တဲ့လျှင် သွားဖုံးရောင်ခြင်း၊ အဆစ်နာခြင်း၊ မောခြင်းတို့ကို ခံစားရနိုင်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်
များသောအားဖြင့် အနီစက်ထွက်ခြင်းသည် စိုးရိမ်စရာမရှိသော်လည်း အချို့သည် ပြင်းထန်ဆိုးရွားသော ရောဂါအခြေအနေများ ဖြစ်နိုင်သဖြင့် မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန် (X-ray) ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
အထူးသဖြင့် အဖျားကြီးခြင်း၊ အနီစက်များ လျင်မြန်စွာ ပျံ့နှံ့လာခြင်း၊ သွေးအားနည်း၍ ဖြူဖတ်ဖြူလျော်ဖြစ်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ သတိလစ်ခြင်း အစရှိသည့် ပြင်းထန်သော လက္ခဏာများရှိလျှင် ဆေးရုံအရေးပေါ်ဆေးကုဌာနသို့ အမြန်ဆုံးသွားရာက်၍ ချက်ချင်းကုသမှု ခံယူရန် လိုအပ်သည်။
ရောဂါရှာဖွေခြင်း
အနီစက်ထွက်ခြင်း ဖြစ်ပေါ်ရသောအကြောင်းရင်းကို ရှာဖွေရန် ရောဂါရာဇဝင်များ သေချာစွာ မေးမြန်းခြင်း၊ အစက်များကို ခန္ဓာကိုယ် အနှံ့အပြားတွင် ရှာဖွေစစ်ဆေးခြင်း၊ အထွေထွေစမ်းသပ်ခြင်းနှင့် လိုအပ်လျှင် သွေးစစ်ခြင်း၊ ဓာတ်မှန် (X-ray) ရိုက်ခြင်း၊ အာထရာဆောင်း (USG) ရိုက်ခြင်းတို့ကို ပြုလုပ်ပြီး ရောဂါရှာဖွေနိုင်သည်။
ကုသခြင်း
အနီစက်ထွက်ခြင်းကို ဖြစ်ပေါ်စေသည့် အခြေခံအကြောင်းရင်းများကို အောက်ပါအတိုင်း ကုသနိုင်သည်။
- အထက်တွင် ဖော်ပြထားသော ဆေးများသောက်ပြီးနောက် အနီစက်ထွက်လျှင် ဖြစ်စေသောဆေးကို ရပ်လိုက်ပါက ပျောက်ကင်းနိုင်သည်
- ဘက်တီးရီးယားပိုးဝင်လျှင် ပဋိဇီဝပိုးသတ်ဆေးကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်ရမည်
- သွေးကြောများရောင်လျှင် စတီးရွိုက်နှင့် ကိုယ်ခံအားချသည့် ဆေးများဖြင့် ကုသနိုင်သည်
- သွေးကင်ဆာရောဂါကြောင့်ဖြစ်လျှင် ကင်ဆာဆေးဖြင့် ကုသခြင်း (Chemotherapy)၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation therapy)၊ ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်း (Bone marrow transplant) တို့ဖြင့် ကုသနိုင်သည်
- ဗီတာမင် စီ ဓာတ် ချို့တဲ့လျှင် ဗီတာမင် စီ ဓာတ် ဖြည့်ပေးခြင်းဖြင့် သက်သာနိုင်သည်
- အထက်တွင်ဖော်ပြထားသော ပြင်းထန်သည့် အကြောင်းရင်းများကြောင့် မဟုတ်ဘဲ သာမန်အနီစက်ထွက်ခြင်းဖြစ်ပါက အနားယူခြင်း၊ အရည်များများ သောက်ခြင်း၊ နာကျင်ကိုက်ခဲလျှင် ပါရာစီတမောသောက်ခြင်းဖြင့် သက်သာနိုင်သည်
ကာကွယ်ခြင်း
အနီစက်ထွက်ခြင်း ကာကွယ်ရန် ဖြစ်ပေါ်စေသော အကြောင်းရင်းများကို ရှောင်ကြဥ်ရန် လိုအပ်သည်။
- ဆေးသောက်ပြီး အနီစက်ထွက်ဖူးလျှင် ထိုဆေးကို မှတ်သားထားပြီး ဆေးရုံ၊ ဆေးခန်းပြတိုင်း ဆရာဝန်ကို အသိပေးရမည်
- ရောဂါပိုးဝင်ခြင်းမှ ကာကွယ်ရန် လက်ဆေးခြင်း အပါအဝင် တစ်ကိုယ်ရေသန့်ရှင်းမှုရှိအောင် နေထိုင်ခြင်း၊ ကိုယ်ခံအားကောင်းစေရန် အာဟာရပြည့်ဝအောင် စားခြင်းနှင့် အိပ်ရေးဝအောင် အိပ်ခြင်း၊ ခြင်နှင့် ပိုးမွှားများ အကိုက်မခံရစေရန် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ခြင်း၊ အင်းဆက်ကာကွယ်ဆေးများ လိမ်းပေးခြင်းဖြင့် ကာကွယ်နိုင်သည်
References:
- Cleveland Clinic. (n.d.). Petechiae. Retrieved September 10, 2025, from https://my.clevelandclinic.org/health/symptoms/21636-petechiae#:~:text=Petechiae
- Healthline. (n.d.). Petechiae. Retrieved September 10, 2025, from https://www.healthline.com/health/petechiae
- Mayo Clinic. (n.d.). Petechiae — Causes. Retrieved September 10, 2025, from https://www.mayoclinic.org/symptoms/petechiae/basics/causes/sym-20050724
- WebMD. (n.d.). What are petechiae? Retrieved September 10, 2025, from https://www.webmd.com/skin-problems-and-treatments/what-are-petechiae
Published: 30 August 2024
Last updated: 20 November 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.