သာမန်အားဖြင့် ကလေးတစ်ဦးသည် အသက်တစ်နှစ်အရွယ်ခန့်တွင် “ဖေဖေ”၊ “မေမေ” စသော စကားလုံး တစ်လုံး၊ နှစ်လုံးခန့် စတင်ပြောနိုင်လေ့ရှိသည်။ ထိုမှတစ်ဆင့် တဖြည်းဖြည်း တိုးတက်လာပြီး အသက် (၂) နှစ်ခန့်တွင် စကားလုံး (၅၀) မှ (၁၀၀) ခန့်ထိ ပြောနိုင်လာရုံသာမက စကားလုံးများ၊ ပြောဆိုခိုင်းစေမှုများကို နားလည်လာသည်။
ကလေးတစ်ဦးနှင့်တစ်ဦး စကားပြောဆိုမှု၊ နားလ ည်မှုတို့၏ အချိန်အတိအကျ မတူညီနိုင်သော်လည်း သိသိသာသာ နောက်ကျခြင်း (ဥပမာ _ အသက်နှစ်နှစ်အထိ စကားလုံး လုံးဝမပြောခြင်း) သို့မဟုတ် ပြောပြီးသား၊ တတ်ပြီးသား စကားများ ပြန်ပျောက်သွားခြင်း စသည်တို့ရှိလာပါက အရေးကြီးသောအခြေအနေများ ဖြစ်နိုင်သဖြင့် ဖြစ်ရသောအကြောင်းရင်းကို စစ်ဆေးရှာဖွေပြီး စောစီးစွာ ကုသမှုခံယူရန် အရေးကြီးသည်။
စကားပြောနောက်ကျခြင်း လက္ခဏာများ
စကားပြောနောက်ကျသောကလေးများတွင် အောက်ပါလက္ခဏာများကို တွေ့ရလေ့ရှိသည်။
- ၁၂ လသားအရွယ်
- ဆက်သွယ်ပြောဆိုရန် လက်ညှိုးထိုးခြင်း သို့မဟုတ် တာ့တာပြခြင်းကဲ့သို့ လက်ဟန်ခြေဟန်များကို အသုံးမပြုခြင်း
- ၁၈ လသားအရွယ်
- စကားပြောဆိုရခြင်းထက် လက်ဟန်ခြေဟန်များ အသုံးပြုခြင်းကို ပိုမိုနှစ်သက်ခြင်း
- အသံများကို အတုယူပြောဆိုရာတွင် အခက်အခဲရှိခြင်း
- နှုတ်ဖြင့်ပြောသော ရိုးရှင်းသည့် တောင်းဆိုမှုများကို နားမလည်ပါခြင်း
- ၂ နှစ်သားအရွယ်
- စကားပြောသံ သို့မဟုတ် လုပ်ဆောင်မှုများကိုသာ အတုယူနိုင်ပြီး စကားလုံး သို့မဟုတ် စကားစုများကို အလိုအလျောက် ထုတ်ဖော်မပြောဆိုနိုင်ခြင်း
- အချို့သော အသံထွက်နှင့် စကားလုံးများကိုသာ ထပ်တလဲလဲ ပြောဆိုပြီး လိုအပ်ချက်များကို စကားဖြင့် ဆက်သွယ်ပြောဆိုခြင်း မပြုလုပ်နိုင်ခြင်း
- ရိုးရှင်းသော ညွှန်ကြားချက်များကို မလိုက်နာနိုင်ခြင်း
- ၃ နှစ်သားအရွယ်
- စာကြောင်းအပြည့် မပြောနိုင်ခြင်း
- စာလုံးပေါင်းများ စု၍ စာကြောင်းဖြစ်အောင် ပြောဆိုရန် ခက်ခဲခြင်း
- အသံထွက် သို့မဟုတ် စကားပြောသံ မပီသခြင်း
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ကလေးများတွင် စကားပြောနှင့် ဘာသာစကားဖွံ့ဖြိုးမှု နောက်ကျခြင်းသည် အောက်ပါအကြောင်းရင်းများကြောင့် ဖြစ်စေနိုင်သည်။
- အကြားအာရုံ ချို့တဲ့ခြင်း (Hearing impairment)
ဘာသာစကားတစ်ခု စတင်ဖွံ့ဖြိုးရန်အတွက် အကြားအာရုံဖွံ့ဖြိုးမှုသည် အခြေခံလိုအပ်ချက်ဖြစ်သည်။ မျိုးဗီဇ၊ ကိုယ်ဝန်ဆောင်စဉ် မိခင်ထံမှ ပိုးမွှားကူးစက်ခြင်း၊ ဆေးဝါးများ သုံးစွဲခြင်း၊ မွေးဖွားစဉ် ခက်ခဲခြင်း၊ အလွန်အမင်း အသားဝါခြင်း၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ ထိခိုက်ဒဏ်ရာရခြင်း စသည်တို့ကြောင့် အကြားအာရုံချို့တဲ့နိုင်သည်။ အကြားအာရုံချို့တဲ့သော ကလေးများသည် စကားပြောဆိုဆက်သွယ်မှု အားနည်းသော်လည်း ကိုယ်ခန္ဓာနှင့် မျက်နှာအမူအရာတို့ကို ကောင်းစွာနားလည် အသုံးပြုနိုင်သည်။ ပါးစပ်လှုပ်ရှားမှုကို ကြည့်ပြီး ပြောစကားကို ခန့်မှန်းနိုင်သည်။ - အထွေထွေဖွံ့ဖြိုးမှု နောက်ကျခြင်း (Global developmental delay – GDD) နှင့် အသိဉာဏ်ဖွံ့ဖြိုးမှုနောက်ကျခြင်း (Intellectual disability – ID)
ရောဂါအခြေအနေတစ်ခုခုကြောင့် အထွေထွေဖွံ့ဖြိုးမှု နောက်ကျသောကလေးများသည် အထိုင်၊ အထ၊ လမ်းလျှောက်၊ စကားပြော အားလုံး နောက်ကျလေ့ရှိသည်။ အသိဉာဏ်ဖွံ့ဖြိုးမှု နည်းပါးသော ကလေးများတွင်လည်း စကားပြောနောက်ကျနိုင်သည်။ မျိုးဗီဇ၊ ကိုယ်ဝန်ဆောင်စဉ်နှင့် မွေးဖွားစဉ် ဖြစ်ပွားသော ရောဂါအခြေအနေများကြောင့် အသိဉာဏ်နှင့် အထွေထွေဖွံ့ဖြိုးမှုတို့ နောက်ကျနိုင်သည်။ - အော်တစ်ဇင် (Autism Spectrum Disorder – ASD)
အော်တစ်ဇင်ကလေးများသည် ဘာသာစကားဖွံ့ဖြိုးမှု၊ အပြန်အလှန် ပေါင်းသင်းဆက်ဆံမှု၊ အမူအရာ၊ စွဲလမ်းမှု၊ အာရုံခံစားမှု စသည်တို့ ပုံမမှန်ဖြစ်လေ့ရှိသည်။ စကားပြောနောက်ကျခြင်း၊ ပြောပြီးစကားများ ပြန်ပျောက်သွားခြင်း၊ အပြန်အလှန် ပြောဆိုဆက်သွယ်မှု မရှိခြင်းစသည်တို့ တွေ့ရသည်။ အော်တစ်ဇင် ဖြစ်ရသည့်အကြောင်းရင်းကို ခိုင်ခိုင်မာမာ သက်သေမပြနိုင်သေးသော်လည်း မျိုးဗီဇ၊ ကိုယ်ဝန်ဆောင်ချိန်နှင့် ကလေးမီးဖွားချိန် ပြဿနာများ၊ မွေးပြီးနောက်ပိုင်း ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်သော အခြေအနေတချို့နှင့် ဆက်စပ်ကြောင်း တွေ့ရှိရသည်။ - ဘာသာစကားဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာများနှင့် ပေါင်းသင်းဆက်ဆံမှု နောက်ကျသော အခြေအနေများ (Developmental language disorder, Social communication disorder)
- Developmental Language Disorder (DLD)
ကလေးသည် စကားပြောနောက်ကျသော်လည်း ပေါင်းသင်းဆက်ဆံရေး၊ အပြန်အလှန်တုံ့ပြန်ခြင်း၊ မျက်နှာနှင့် ခန္ဓာကိုယ်အမူအရာ စသော အခြားနယ်ပယ်များမှာ ပုံမှန်ဖြစ်သည်။ အမူအကျင့်နှင့် စိတ်ဝင်စားမှု၊ စွဲလမ်းမှု၊ အာရုံခံစားမှု ပြဿနာများလည်း မရှိနိုင်။ - Social Communication Disorder (SCD)
အော်တစ်ဇင်နှင့် တူသောအချက်မှာ ပေါင်းသင်းဆက်ဆံမှုနှင့် အပြန်အလှန် တုံ့ပြန်မှုနယ်ပယ် နောက်ကျခြင်း၊ ပုံမမှန်ခြင်းများဖြစ်သည်။ သို့သော် အော်တစ်ဇင်၏ အခြားလက္ခဏာများဖြစ်သော အမူအကျင့်၊ စွဲလမ်းမှုနှင့် အာရုံခံစားမှု ပြဿနာများ မရှိပေ။ ဤအခြေအနေနှစ်ခုသည် အော်တစ်ဇင်နှင့် မှားနိုင်သော အခြေအနေများဖြစ်သည်။
- Developmental Language Disorder (DLD)
- မွေးရာပါ ဦးနှောက်ဖွဲ့စည်းပုံ ပုံမှန်မဟုတ်ခြင်း (Congenital bilateral perisylvian syndrome)
ဦးနှောက်၏ ဘာသာစကားဖွံ့ဖြိုးမှုနှင့် သက်ဆိုင်သောနေရာ ကောင်းစွာ ဖွံ့ဖြိုးမှုမရှိသည့်အတွက် စကားပြောနောက်ကျသည်။ အတက်ရောဂါ၊ ဦးခေါင်းပိုင်းဆိုင်ရာ အာရုံကြောများ အားနည်းခြင်း စသည်တို့နှင့် တွဲပြီးတွေ့ရတတ်သည်။ - စိတ်ပိုင်းဆိုင်ရာနှင့် ပတ်ဝန်းကျင်အခြေအနေများ (Deprivation, Anxiety, etc.)
မိဘမှ ပစ်ပယ်ထားခြင်းခံရသော၊ မိဘနှင့်ဝေးနေသော၊ မိဘနှင့် အထိအတွေ့ အလွန်နည်းသော ကလေးများ၊ ပတ်ဝန်းကျင်တွင် စိတ်မချမ်းသာစရာ၊ စိုးရိမ်သောကများစရာများ ရှိနေသော ကလေးများတွင် ဘာသာစကားဖွံ့ဖြိုးမှုနှင့် လူမှုဆက်ဆံရေးပိုင်း နောက်ကျခြင်း ဖြစ်နိုင်သည်။ - အခြားသော ပတ်ဝန်းကျင်အခြေအနေများ
Screen time (ဖန်သားပြင် ကြည့်ရှုသည့် အချိန်) များခြင်း၊ ကစားဖော်မရှိခြင်း၊ ကလေးတစ်ဦးတည်းသာ နေရခြင်း သို့မဟုတ် ပြုစုစောင့်ရှောက်သူနှင့်သာ နေစေခြင်း စသည့်အခြေအနေများသည် ကလေးတစ်ဦး၏ စကားပြောဆိုမှုကို နှောင့်နှေးစေသည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ဖော်ပြပါ လက္ခဏာများ သို့မဟုတ် စိုးရိမ်စရာ အခြေအနေများကို သတိပြုမိပါက မိသားစုဆရာဝန် သို့မဟုတ် ကလေးအထူးကုဆရာဝန်များနှင့် အမြန်ဆုံး ပြသတိုင်ပင်သင့်သည်။ အထူးသဖြင့်_
- ပြောပြီးသားစကားများ ပြန်ပျောက်သွားသော (မပြောတတ်တော့သော) ကလေးများ
- သိသိသာသာ စကားပြောနောက်ကျနေသော ကလေးများ
- အခြားသော ဦးနှောက်အာရုံကြော ပြဿနာများနှင့် တွဲနေသော ကလေးများကို ပို၍စောစီးစွာ ပြသသင့်သည်။
အကောင်းဆုံးမှာ ကလေးငယ်များကို သတ်မှတ်ထားသော အချိန်ဇယားအတိုင်း ပုံမှန် ဖွံ့ဖြိုးမှုစစ်ဆေးခြင်း (Routine Developmental Screening) များ ပြုလုပ်ပေးရန်ဖြစ်သည်။ ပုံမှန်စစ်ဆေးမှုများ ပြုလုပ်ခြင်းဖြင့် စကားပြောနောက်ကျခြင်း သို့မဟုတ် အခြားဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာများကို စောစီးစွာ သိရှိနိုင်ပြီး၊ လိုအပ်သည့် ကုသမှုနှင့် လေ့ကျင့်ပေးမှုများ (Early Intervention) ကို အချိန်မီပေးနိုင်သောကြောင့် ကလေး၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အရေးပါသည်။
ဆရာဝန်များက လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ပြီး သက်ဆိုင်ရာ အထူးကုဆရာဝန်များ (ဥပမာ_ ကလေးဦးနှောက်နှင့် အာရုံကြောအထူးကု၊ နားနှာခေါင်းလည်ချောင်း အထူးကု သို့မဟုတ် စကားပြောခြင်းဆိုင်ရာနှင့် ဘာသာစကားဆိုင်ရာ ပညာရှင်များ) နှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်ဖြစ်သည်။
ရောဂါရှာဖွေခြင်း
ဆရာဝန်များမှ ရောဂါရာဇဝင် မေးမြန်းခြင်း၊ ဦးနှောက်အာရုံကြောလက္ခဏာများ စစ်ဆေးခြင်း၊ ကလေးဖွံ့ဖြိုးမှု စစ်ဆေးခြင်းများ ပြုလုပ်မည်။ စကားပြောနောက်ကျသော ကလေးတိုင်းကို နားကြားမကြား စမ်းသပ်သင့်သည်။ လိုအပ်ပါက အော်တစ်ဇင် လက္ခဏာများ ရှိမရှိ စစ်ဆေးခြင်း၊ သံလိုက်ဓာတ်မှန် (MRI)၊ ကွန်ပျူတာဓာတ်မှန် (CT scan) စသည်တို့ ရိုက်ကူးခြင်းများ လိုအပ်နိုင်သည်။
ကုသခြင်း
စကားပြောနောက်ကျရသည့် အကြောင်းရင်းပေါ် မူတည်ပြီး နားနှာခေါင်းလည်ချောင်း အထူးကုများ၊ ကလေးဦးနှောက်နှင့် အာရုံကြောအထူးကုများ၊ စကားပြောခြင်းဆိုင်ရာနှင့် ဘာသာစကားဆိုင်ရာပညာရှင်များ (Speech and Language Therapist) နှင့် အခြားဖွံ့ဖြိုးမှုဆိုင်ရာ လေ့ကျင့်ပေးသော ပညာရှင်များ အတူပူးပေါင်း၍ ရောဂါရှာဖွေ ကုသပေးရန် လိုအပ်သည်။
စကားပြောခြင်းဆိုင်ရာ ပညာရှင်များက စကားပြောလေ့ကျင့်ခန်းများ၊ အမူအကျင့်ဆိုင်ရာ လေ့ကျင့်ခန်းများ သင်ကြားပေးမည်။ အကြားအာရုံချို့တဲ့ခြင်း၊ အော်တစ်ဇင်နှင့် အခြားဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာများအတွက်လည်း သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် ကုသမှုများ ခံယူသင့်သည်။
ကာကွယ်ခြင်း
ကလေး စကားပြောနောက်မကျစေရန် အပြည့်အဝ ကာကွယ်၍ မရနိုင်သော်လည်း အောက်ပါတို့ကို လိုက်နာခြင်းဖြင့် ကူညီပေးနိုင်သည်။
- မိဘများသည် မိမိကလေးနှင့် အချိန်များများများ နေပေးပါ
- ကလေးကို စကားပြောပါ၊ စာဖတ်ပြပါ
- ကလေးနှင့် ကစားပါ၊ အမူအရာများလည်း သင်ပေးပါ
- ကလေး စူးစမ်းမေးမြန်းလာလျှင် စိတ်ရှည်စွာဖြင့် တုံ့ပြန်ပါ၊ စကားဖြင့် ပြန်လည်ရှင်းပြပါ
- ကလေး စူးစမ်းခွင့်ရရှိနိုင်ရန် ကစားစရာများ၊ ပုံစာအုပ်များ၊ အိပ်ရာဝင်ပုံပြင်များ၊ ကလေးချော့တေးများ၊ ကဗျာများနှင့် ထိတွေ့ပေးပါ
- Screen time ကိုလျှော့ချပါ
- ကလေးစကားပြောရာတွင် အမှားများပါလျှင် အပြစ်တင်ခြင်းမပြုဘဲ စိတ်ရှည်စွာဖြင့် အမှန်ပြောနိုင်သည်အထိ သင်ပေးပါ
- စကားပြောသွက်လက်သော ကလေးများနှင့် အတူဆော့ကစားစေရန် လုပ်ဆောင်ပေးပါ
ကလေးများ၏ စကားပြောဖွံ့ဖြိုးမှုနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်းသည် အကောင်းဆုံး နည်းလမ်းဖြစ်သည်။
References:
- Healthline. (n.d.). Language delay: Types, symptoms, and causes. Retrieved July 21, 2025, from https://www.healthline.com/health/language-delay Healthline
- Healthline. (n.d.). Language and speech delays in toddlers. Retrieved July 21, 2025, from https://www.healthline.com/health/speech-delay-3-year-old-2 Healthline
- KidsHealth. (n.d.). Delayed speech or language development (for parents). Retrieved July 21, 2025, from https://kidshealth.org/en/parents/not-talk.html KidsHealth+1
- THINK Kids. (n.d.). 4 causes of speech delays in children. Retrieved July 21, 2025, from https://www.thinkkids.com/post/4-causes-of-speech-delays-in-children
Published: 30 August 2024
Last updated: 11 November 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.