လူကြီးတစ်ယောက်၏ တစ်ရက်တာ ပုံမှန်ဆီးပမာဏမှာ (၈၀၀ -၂၀၀၀) မီလီလီတာရှိသည်။ တစ်နေ့လုံးသွားသော ဆီးစုစုပေါင်းပမာဏသည် (၄၀၀) မီလီလီတာအောက် နည်းလျှင် သို့မဟုတ် တစ်နာရီလျှင် ဆီး (၂၀) မီလီလီတာအောက် နည်းလျှင် ဆီးသွားနည်းခြင်း (Oliguria) ဟုခေါ်သည်။ ကလေးငယ်များတွင်မူ ကိုယ်အလေးချိန် အတိုင်းအတာပေါ် မူတည်သည်။ (၁) နှစ်အောက် ကလေးငယ်များတွင် ဆီးသွားသည့်ပမာဏသည် (1 ml/kg/hour) အောက်နည်းလျှင်၊ ကလေးကြီးများတွင် (0.5 ml/kg/hour) အောက်နည်းလျှင် ဆီးသွားနည်းသည်ဟုခေါ်သည်။ အလွယ်ပြောရသော် (၁၀) ကီလိုဂရမ် အလေးချိန်ရှိသော (၁) နှစ်အောက် ကလေးငယ်သည် (၁) နာရီအတွင်း ဆီးသွားသည့် ပမာဏ (၁၀) မီလီလီတာအောက်နည်းလျှင် ဆီးသွားနည်းသည်ဟုခေါ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ကျောက်ကပ်သည် ၎င်းအတွင်းသို့ စီးဝင်သော သွေးထဲမှ ခန္ဓာကိုယ်အတွက် လိုအပ်သည့်ဓာတ်များကို ပြန်လည်စုပ်ယူကာ အညစ်အကြေးများကို ဖယ်ရှားပြီး ဆီးအဖြစ် စွန့်ထုတ်ပေးသည့် ကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်သည်။ အောက်ပါအကြောင်းရင်းများသည် ဆီးသွားနည်းခြင်းကို ဖြစ်စေသည်။
အောက်ပါအကြောင်းရင်းများသည် ဆီးသွားနည်းခြင်းကို ဖြစ်စေသည်။
- ကျောက်ကပ်သို့ သွေးရောက်နည်းစေသော အကြောင်းရင်းများ (Pre-renal)
ဥပမာ_- ရေသောက်နည်းခြင်း၊ ချွေးထွက်များခြင်း
- သွေးတွင်း အရည်ဓာတ်ဆုံးရှုံးခြင်း (ဥပမာ _ ဝမ်းလျှောခြင်း၊ အလွန်အမင်းအန်ခြင်း၊ သွေးထွက်လွန်ခြင်း၊ မီးလောင်ခြင်း)
- နှလုံးလုပ်ငန်း ပျက်စီးခြင်း (Heart failure)
- သွေးဆိပ်တက်ခြင်း (Sepsis)
- ကျောက်ကပ်ကို တိုက်ရိုက်ထိခိုက်ပြီး ကျောက်ကပ်လုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေသော အကြောင်းရင်းများ (Renal)
ဥပမာ_- ကျောက်ကပ်ရောင်ခြင်း (Glomerulonephritis)
- ကျောက်ကပ်အတွင်းရှိ ပြွန်များ ထိခိုက်ပျက်စီးခြင်း (Acute tubular necrosis)
- ဆေးဝါးများ (ဥပမာ _ ပဋိဇီဝပိုးသတ်ဆေးအချို့၊ အကိုက်အခဲပျောက်ဆေးများ၊ ကင်ဆာဆေးများ၊ အချို့သစ်မြစ်သစ်ဥများမှ ထုတ်ဖော်သည့် ဆေးမြီးတိုများ)
- အဆိပ်များ (ဥပမာ _ တညင်းသီး၊ မြွေပွေးဆိပ်သင့်ခြင်း၊ ကိုကိန်းသုံးခြင်း၊ မသန့်စင်သည့် အရက်များ)
- ဆီးပို့ပြွန်၊ ဆီးအိမ်၊ ဆီးထွက်ပေါက်ထိ ဆီးသွားရာ လမ်းကြောင်းတစ်လျှောက် ပိတ်ဆို့မှု (Post-renal)
- ဆီးပို့ပြွန်တွင် ကျောက်တည်ခြင်း
- ဆီးအိမ်အထွက်တွင် ပိတ်ခြင်း (ဥပမာ _ ဆီးကျိတ်ရောင်ခြင်း၊ ဆီးကျိတ်ကင်ဆာ၊ ဆီးကျောက်ပိတ်ခြင်း)
ဖြစ်နိုင်ခြေများသူများ
အသက်အရွယ်မရွေး ဖြစ်ပွါးနိုင်သော ရောဂါလက္ခဏာတစ်ခုဖြစ်သော်လည်း အသက် (၅၀) နှင့်အထက်တွင် ပို၍ဖြစ်နိုင်ခြေများသည်။ အထူးသဖြင့် ကျောက်ကပ်ရောဂါအခံရှိသူများတွင် ပိုဖြစ်နိုင်သည်။ ဆေးရုံတက်နေသူများ၊ ကျောက်ကပ်ဆေးသူများ၊ အသက်ကြီးသူများတွင်လည်း ဖြစ်နိုင်ခြေပိုများသည်။
ယှဉ်တွဲလာတတ်သော လက္ခဏာများ
ဆီးသွားနည်းခြင်းသည် ဆီးအိမ်အထွက်တွင် ပိတ်နေခြင်းကြောင့် ဖြစ်ပွါးပါက လူနာသည် ဆီးအိမ်တင်းခြင်း၊ ဆီးစပ်အောင့်ခြင်း၊ ဆီးသွားချင်စိတ် ဖြစ်ပေါ်နေခြင်း ရှိနေနိုင်သည်။ ထိုသို့မဟုတ်ပါက ဆီးသွားနည်းခြင်းသည် ကျောက်ကပ်တွင် ဆီးမဖြစ်ပေါ်ခြင်းကြောင့် ဖြစ်ပွါးသည်။ ထိုအခါ အောက်ပါလက္ခဏာများနှင့် တွဲ၍တွေ့ရနိုင်သည်။
- သွေးပေါင်ကျခြင်းရှိလျှင် ခန္ဓာကိုယ်တွင်း အရည်ဆုံးရှုံးနေခြင်း ဖြစ်နိုင်သည်
- ဖျားနေလျှင် သွေးပိုးဝင်ခြင်း ဖြစ်နိုင်သည်
- မောနေလျှင် နှလုံးလုပ်ငန်းပျက်စီးခြင်း ဖြစ်နိုင်သည်
- ရေဖျဉ်းရှိလျှင် အသည်းရောဂါကြောင့် ဖြစ်နိုင်သည်
- ဆီးထဲ သွေးပါလျှင်၊ အမြှုပ်ပါလျှင် ကျောက်ကပ်ရောင်ခြင်း ဖြစ်နိုင်သည်
- ခါးနာလျှင် ကျောက်ကပ် ကျောက်တည်ခြင်း ဖြစ်နိုင်သည်
- ပျို့အန်ခြင်း၊ မအီမသာဖြစ်ခြင်း၊ နုံးချည့်နေခြင်းတို့သည် ဆိုဒီယမ်ဓာတ်နည်းသည့် လက္ခဏာများ ဖြစ်နိုင်သည်
- ရင်တုန်ခြင်း၊ အားမရှိခြင်းတို့သည် ပိုတက်ဆီယမ်ဓာတ် များနေခြင်းကြောင့် ဖြစ်နိုင်သည်။
နောက်ဆက်တွဲပြဿနာများ
လတ်တလော ဆီးသွားနည်းခြင်းကြောင့် ကျောက်ကပ်လုပ်ငန်း ထိခိုက်ပြီး သွေးထဲမှ အဆိပ်အတောက်နှင့် အညစ်အကြေးများ မစွန့်ထုတ်နိုင်ပါက လတ်တလော ကျောက်ကပ်လုပ်ငန်း ပျက်စီးခြင်း (Acute renal failure) ဖြစ်ပေါ်နိုင်သည်။ ထိုသို့ ကျောက်ကပ်လုပ်ငန်း ထိခိုက်ပါက အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။
- သွေးတွင်း သတ္တုဓာတ်များ မညီမျှခြင်း (ပိုတက်ဆီယမ်ဓာတ် အလွန်မြင့်တက်ခြင်း၊ သွေးတွင်း အက်ဆစ်ဓာတ်များခြင်း)
- ဦးနှောက်အာရုံကြောဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်ခြင်း (ကြွက်သား လှုံ့ဆော်တုန့်ပြန်မှု များခြင်း၊ တက်ခြင်း – Seizures၊ ပြန်လည်နိုးထရန်ခက်ခဲသော သတိလစ်ခြင်း – Coma)
- အစာခြေစနစ်ဆိုင်ရာ ပြဿနာများ (အစာအိမ်အူလမ်းကြောင်းတွင် သွေးထွက်ခြင်း၊ အစာအိမ်ရောင်ရမ်းခြင်း)
- နှလုံးနှင့် သွေးကြောဆိုင်ရာ ပြဿနာများ (နှလုံးခုန်စည်းချက် မမှန်ခြင်း၊ နှလုံးလုပ်ငန်းပျက်စီးခြင်း၊ သွေးပေါင်ချိန် မြင့်တက်ခြင်း)
- အသက်ရှူသည့် ပုံစံမူမမှန်ခြင်း (Kussmaul breathing) တို့ဖြစ်ပေါ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
ဆီးသွားနည်းခြင်းနှင့်အတူ အထက်ပါရောဂါလက္ခဏာများ ဖြစ်ပေါ်လာပါက အရေးပေါ်အခြေအနေ ဖြစ်နိုင်သဖြင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသကုသမှု ခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
ရောဂါရှာဖွေရန် ရောဂါရာဇ၀င်ကို သေချာစွာ မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်ရမည်။ ထို့နောက် ဖြစ်ပေါ်ရသော အခြေခံအကြောင်းရင်းကို ရှာဖွေနိုင်ရန် လိုအပ်သော သွေးစစ်ဆေးခြင်း၊ ဆီးစစ်ဆေးခြင်း၊ ကျောက်ကပ် သို့မဟုတ် ဆီးအိမ်ကို ဓာတ်မှန် (X-ray) ရိုက်ခြင်း၊ အာထရာဆောင်း (USG) ရိုက်ခြင်း၊ ကွန်ပြူတာဓာတ်မှန် (CT scan) ရိုက်ခြင်းတို့ကို ဆက်လက်ပြုလုပ်နိုင်သည်။
ကုသခြင်း
- သာမန်ရေဓာတ်နည်းခြင်းကြောင့် ဆီးနည်းပါက ရေဓာတ်ပြန်လည် ဖြည့်တင်းပေးလျှင် သက်သာနိုင်သည်
- ဆီးအိမ်ထွက်ပေါက် ပိတ်နေပါက ဆီးလမ်းကြောင်းခွဲစိတ်ဆရာဝန်နှင့် ပြသ၍ ဆီးပိုက်ထည့်ခြင်း၊ ဆီးလမ်းကြောင်းလွှဲခြင်းတို့ကို ပြုလုပ်ရနိုင်သည်
- ကျောက်ကပ်မှ ဆီးဖြစ်ပေါ်ခြင်းနည်းပါက ဖြစ်ပေါ်စေသောအကြောင်းရင်းပေါ် မူတည်၍ ကုသမှုပေးခြင်း (ဥပမာ _ ရောဂါပိုးရှိလျှင် ပဋိဇီဝပိုးသတ်ဆေးပေးခြင်း၊ ကျောက်ကပ်ထိစေသော ဆေးဝါးများ သောက်သုံးနေလျှင် သုံးစွဲမှုရပ်နားခြင်း၊ ဆီးလမ်းကြောင်းတွင် ပိတ်ဆို့မှုဖြစ်လျှင် ဖယ်ရှားခြင်း) များ ပြုလုပ်နိုင်သည်
- အချို့ကျောက်ကပ်ပျက်စီးသူများတွင် ကျောက်ကပ်ဆေးခြင်း လိုအပ်နိုင်သည်
- လိုအပ်ပါက တစ်နေ့တာအတွက် စားသုံးရမည့် အသားဓာတ်နှင့် ကယ်လိုရီပမာဏကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း တွက်ချက်၍ စားသုံးရန် လိုအပ်သည်
ကာကွယ်ခြင်း
- ဝမ်းလျှောခြင်း၊ အန်ခြင်းဖြစ်လျှင် အရည်ကို တတ်နိုင်သလောက်ဝင်အောင် သောက်သုံးပါ၊ ဆီးသွားနည်းခြင်း ရှိမရှိ ဂရုပြုစောင့်ကြည့်ပါ
- ကျောက်ကပ်၊ နှလုံးရောဂါအခံရှိလျှင် သက်ဆိုင်ရာဆရာဝန်၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ပါ
- ရောဂါပိုးဝင်ခြင်းမှ ကာကွယ်နိုင်ရန် တစ်ကိုယ်ရေသန့်ရှင်းမှုရှိအောင် နေထိုင်ပါ
- ရေဓာတ်ခမ်းခြောက်မှု မရှိစေရန် ရေများများသောက်ပါ
References:
- Cleveland Clinic. (n.d.). Oliguria. Retrieved August 26, 2025, from https://my.clevelandclinic.org/health/diseases/22271-oliguria
- WebMD. (n.d.). Oliguria: Facts & overview. Retrieved August 26, 2025, from https://www.webmd.com/a-to-z-guides/oliguria-facts
Published: 30 August 2024
Last updated: 17 November 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.