Frothy urine (ဆီးအမြှုပ်ထခြင်း)

Frothy urine (ဆီးအမြှုပ်ထခြင်း)

ကျန်းမာသော လူတစ်ယောက်၏ တစ်နေ့တာ သွားထားသောဆီးတွင် အသားဓာတ် (protein) ပါဝင်မှုသည် (၁၅၀) မီလီဂရမ်အောက်တွင်သာရှိသည်။ အကယ်၍ အခြေအနေတစ်ခုခု၊ ရောဂါတစ်ခုခုကြောင့် ဆီးထဲတွင် အသားဓာတ် (Albumin) ပါဝင်မှု များလာလျှင် သွားသောဆီးထဲတွင် အမြှုပ်ပါဝင်မှု များလာတတ်သည်။ ရံဖန်ရံခါ ဆီးထဲအမြှုပ်ပါခြင်းသည် ဖြစ်လေ့ဖြစ်ထရှိသော လက္ခဏာတစ်ရပ်ဖြစ်သော်လည်း နေ့စဉ်ရက်ဆက် ဆီးအမြှုပ်ထခြင်း၊ အမြှပ်များ ပိုများလာခြင်းတို့ဖြစ်ပါက ဆရာဝန်နှင့်တိုင်ပင်၍ ရောဂါရှာဖွေ ကုသမှုခံယူရန် လိုအပ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ကျောက်ကပ်သည် ပုံမှန်အားဖြင့် အသားဓာတ်များကို ဆီးထဲသို့ မစွန့်ထုတ်ရန် ထိန်းသိမ်းပေးသည်။ ကျောက်ကပ်ရောဂါများ ဖြစ်ပွါးလာလျှင် အဆိုပါအသားဓာတ်ထိန်းသိမ်းမှု လျော့နည်းလာပြီး ဆီးတွင်းအသားဓာတ် များလာသည်။ တစ်ခါတစ်ရံ ရေဓာတ်ခန်းခြောက်သည့်အခါတွင်လည်း ဆီးပျစ်လာပြီး အမြှုပ်များပါလာနိုင်သည်။

ဆီးထဲတွင် အသားဓာတ် ပုံမှန်ထက်များနိုင်သော ရောဂါအခြေအနေများမှာ_

  1. ကျောက်ကပ်ရောင်ခြင်း
  2. နာတာရှည် ကျောက်ကပ်ရောဂါ (Chronic Kidney Disease)
  3. ဆီးပိုးဝင်ခြင်း
  4. သုက်လွှတ်ချိန်တွင် သုက်ရည်များ ဆီးအိမ်ထဲ ဆန်တက်ခြင်း (Retrograde ejaculation)
  5. ကိုယ်ဝန်ဆိပ်တက်ခြင်း
  6. ဆီးချိုရောဂါသွေးတိုးရောဂါကြောင့် ကျောက်ကပ်ထိခိုက်ခြင်း စသည်တို့ဖြစ်သည်။
ယှဉ်တွဲလာတတ်သောလက္ခဏာများ

ဆီးထဲအမြှုပ်ပါရသည့် အကြောင်းရင်းပေါ် မူတည်၍ အောက်ဖော်ပြပါ ရောဂါလက္ခဏာအမျိုးမျိုးနှင့် ယှဥ်တွဲ၍ တွေ့ရနိုင်သည်။

  • နာတာရှည်ကျောက်ကပ်ရောဂါ _ ပျို့ခြင်း၊ ယားယံခြင်း၊ မောခြင်း၊ နုံးခြင်း၊ ဖောရောင်ခြင်း
  • ဆီးပိုးဝင်ခြင်း _ ဆီးပူ၊ ဆီးကျဉ်၊ ဆီးခဏခဏသွားခြင်း
  • ဆီးချိုရောဂါ _ ရေငတ်ခြင်း၊ ဆီးခဏခဏသွားခြင်း၊ နုံးခြင်း
  • ကျောက်ကပ်ရောင်ခြင်း _ ဆီးနည်းခြင်း၊ ဆီးထဲ သွေးပါခြင်း၊ ဆီးအရောင် ပြောင်းခြင်း၊ သွေးတိုးခြင်း၊ မျက်နှာနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများ ဖောရောင်ခြင်း
  • အမျိုးသားများတွင် သုက်ရည်မထွက်ခြင်း၊ ကလေးရရန် ခက်ခဲခြင်း စသည်တို့နှင့် ယှဥ်တွဲတွေ့ရှိရနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသခြင်း

ဆီးထဲတွင် နေ့စဉ်ဆက်တိုက် အမြှုပ်ပါခြင်းနှင့် အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ခံစားရလျှင် မိမိ၏ မိသားစုဆရာဝန်နှင့် ဆွေးနွေးကုသမှု ခံယူပါ။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ထို့အပြင် အောက်ပါရောဂါအခံ သို့မဟုတ် အခြေအနေရှိသူများအနေနှင့် ဆီးထဲအမြှုပ်ပါလာပါက မိသားစုဆရာဝန်နှင့် ဆောလျင်စွာ တိုင်ပင်သင့်သည်။

  • ဆီးချိုရောဂါ
  • သွေးတိုးရောဂါ
  • မိသားစုတွင် ကျောက်ကပ်ရောဂါ ဖြစ်ဖူးခြင်း
  • မိမိတွင် ယခင်က ကျောက်ကပ်ရောဂါ ဖြစ်ဖူးခြင်း
ရောဂါရှာဖွေခြင်း

ရောဂါလက္ခဏာများကို အသေးစိတ် မေးမြန်းစမ်းသပ်ပြီး ခန္ဓာကိုယ် စမ်းသပ်စစ်ဆေးခြင်းများကို ဦးစွာပြုလုပ်ရန် လိုအပ်သည်။ ဆီးအမြှပ်ထခြင်း၏ ဖြစ်ပေါ်ရသောအကြောင်းရင်းကို သိရှိနိုင်ရန် လိုအပ်သော သွေးစစ်ဆေးခြင်း (ဥပမာ _ သွေးတွင်း သကြားဓာတ်၊ ကျောက်ကပ်ဓာတ်)၊ ဆီးစစ်ဆေးခြင်း (ဥပမာ _ ဆီးတွင်း အသားဓာတ်၊ ကျောက်ကပ်ဓာတ်)၊ အာထရာဆောင်း (USG) ရိုက်ခြင်း အစရှိသည်တို့ ပြုလုပ်၍ ရောဂါရှာဖွေနိုင်သည်။

ကုသခြင်း

ဆီးအမြှပ်ထခြင်း သက်သာစေရန် ဖြစ်ပေါ်စေသော အကြောင်းရင်းပေါ် မူတည်၍ အောက်ဖော်ပြပါ နည်းလမ်းများဖြင့် ကုသမှု ပေးနိုင်သည်။

  • ရေဓာတ်ခမ်းခြောက်မှုကို သက်သာစေရန် ရေများများသောက်ခြင်း
  • ဆီးချိုရောဂါ၊ သွေးတိုးရောဂါများကို ထိရောက်သော ကုသမှုခံယူခြင်း
  • ဆီးပိုးဝင်လျှင် ပဋိဇီဝပိုးသတ်ဆေးပေးခြင်း
  • ဆီးထဲအသားဓာတ်ပါဝင်မှု လျော့ကျစေသော ဆေးဝါးများဖြင့်ကုသခြင်း (ဥပမာ – ACEI, ARB, SGLT2i)
  • နာတာရှည် ကျောက်ကပ်ရောဂါ နောက်ဆုံးအဆင့်ဖြစ်ပါက ကျောက်ကပ်ဆေးခြင်း (Dialysis)၊ ကျောက်ကပ်အစားထိုးကုသခြင်း (Kidney transplant) တို့ဖြစ်ကြသည်။
ကာကွယ်ခြင်း

အခြေခံ ကျန်းမာရေးအခြေအနေ တစ်ခုခုကြောင့် ဖြစ်ပေါ်ရသည့် ဆီးအမြှုပ်ထခြင်းကို အပြည့်အဝကာကွယ်၍ မရသော်လည်း အောက်ဖော်ပြပါ နေထိုင်စားသောက်မှုပုံစံသို့ ပြောင်းလဲနေထိုင်ခြင်းဖြင့် ဖြစ်ပေါ်စေနိုင်သော အကြောင်းရင်းများကို လျှော့ချနိုင်သည်။

  • ရေဓာတ်ပြည့်ဝမှုရရှိနိုင်စေရန် ရေများများသောက်ပါ
  • ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များကိုသာ စားသုံးပါ
  • အငန်ပါဝင်မှုများသော အစားအသောက်များကို ရှောင်ကြဥ်ပါ
  • သွေးတိုးရောဂါကို ထိရောက်စွာကုသမှုခံယူပြီး သွေးပေါင်ချိန် ထိန်းသိမ်းပါ
  • ဆီးချို‌ရောဂါကို ထိရောက်စွာကုသမှုခံယူပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းပါ
  • လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပါ
  • ဆေးလိပ်ဖြတ်ပါ

References:

  1. Cleveland Clinic. (2024). Foamy urine. Retrieved September 9, 2025, from https://my.clevelandclinic.org/health/symptoms/foamy-urine
  2. Khitan, Z. J., & Glassock, R. J. (2019). Foamy urine: Is this a sign of kidney disease? Clinical Journal of the American Society of Nephrology, 14(11), 1664–1666. https://doi.org/10.2215/CJN.06840619
  3. Mayo Clinic. (n.d.). Foamy urine: What does it mean? Retrieved September 9, 2025, from https://www.mayoclinic.org/foamy-urine/expert-answers/faq-20057871
  4. Medical News Today. (2024). Foamy urine: Causes, treatments, and more. Retrieved September 9, 2025, from https://www.medicalnewstoday.com/articles/322171#treatment

Published: 30 August 2024

Last updated: 17 November 2025

Share

Category

9 September 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.