White stool (ဝမ်းအရောင်ဖြူဖျော့ခြင်း)

White stool (ဝမ်းအရောင်ဖြူဖျော့ခြင်း)

ဝမ်းအရောင်ဖြူဖျော့ခြင်းဆိုသည်မှာ မိမိ၏ အစာခြေဖျက်သည့်စနစ်တွင် ပါဝင်သည့် သည်းခြေရည် (Bile) ချို့တဲ့ခြင်းကြောင့် ဖြစ်ပေါ်ရသော ရောဂါလက္ခဏာတစ်ခုဖြစ်သည်။ သည်းခြေရည်ကို အသည်းမှထုတ်လုပ်ပြီး သည်းခြေအိတ်ထဲတွင် သိုလှောင်ထားရှိသည်။ သည်းခြေရည်၏ အရောင်ကြောင့် ဝမ်း၏အရောင်ကို အဝါရောင်ဖြစ်စေသည်။ အဆိုပါ အဝါရောင်ဓာတ် ပါဝင်ခြင်းမရှိသောဝမ်းသည် ဖြူနေသည်။ ထို့ကြောင့် အသည်း သို့မဟုတ် သည်းခြေအိတ်တွင် ရောဂါတစ်ခုခုဖြစ်ပါက ဝမ်းအရောင် ဖြူဖျော့ခြင်းကို ဖြစ်ပေါ်စေနိုင်သည်။ သို့သော် အစားအသောက်နှင့် ရောဂါပိုးမွှားအချို့ကြောင့်လည်း ဝမ်းအရောင် ဖြူဖျော့ခြင်းကို ဖြစ်ပေါ်စေနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ဝမ်းအရောင်ဖြူဖျော့ခြင်းသည် သည်းခြေရည်ထုတ်လုပ်ခြင်း သို့မဟုတ် သိုလှောင်ခြင်း လုပ်ငန်းများ ချို့ယွင်းခြင်းကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်သည်။ ထိုသို့ ဖြစ်ပေါ်စေသော အကြောင်းရင်းများမှာ_

  1. အဆီများသော အစားအစာများ စားသုံးခြင်း
  2. ဝမ်းလျှောကပ်ပါးပိုးရောဂါဖြစ်ခြင်း (Giardiasis)
  3. သည်းခြေအိတ်ရောဂါများ (Gallbladder diseases)
    • သည်းခြေကျောက်တည်ခြင်း (Gall stone)
    • သည်းခြေပြွန်ကင်ဆာဖြစ်ခြင်း (Bile duct cancer)
    • သည်းခြေပြွန်ရောင်ခြင်း (Bile duct inflammation)
  4. အသည်းရောဂါဖြစ်ခြင်း (အသည်းအတွင်းရှိ ပြွန်ငယ်များ ပိတ်ဆို့ခြင်းကြောင့် ဖြစ်နိုင်သည်)
    • အသည်းရောင် အသားဝါရောဂါဖြစ်ခြင်း (အသည်းရောင် အသားဝါ အေ၊ ဘီ၊ စီ ရောဂါ)
    • အသည်းကင်ဆာဖြစ်ခြင်း
    • မျိုးရိုးလိုက်သည့် အသည်းရောဂါဖြစ်ခြင်း (Alpha-1 antitrypsin deficiency, haemochromatosis)
    • ကိုယ်ခံအားစနစ် မူမမှန်တုံ့ပြန်ခြင်းကြောင့် အသည်းထိခိုက်ခြင်း (Autoimmune hepatitis, primary biliary cirrhosis, primary sclerosing cholangitis)
    • အရက်ကြောင့် အသည်းပျက်စီးခြင်း
    • အသည်းခြောက်ရောဂါ (Cirrhosis)
    • အသည်းအဆီဖုံးခြင်း [Steatotic (fatty) liver disease]
  5. ပန်ကရိယ (Pancreas) ရောဂါဖြစ်ခြင်း
    • ပန်ကရိယရောင်ခြင်း (Pancreatitis)
    • ပန်ကရိယကင်ဆာဖြစ်ခြင်း (Pancreas cancer)
  6. ဆေးဝါးများသောက်သုံးခြင်း
    • အသည်းထိခိုက်ပျက်စီးသည့် ဆေးဝါးများကို ပမာဏများစွာ သောက်သုံးခြင်း (Paracetamol, Ibuprofen)
    • Aluminum hydroxide ပါဝင်သည့် အစာကြေဆေးများကို ပမာဏများစွာ သောက်သုံးခြင်း
    • ရောဂါရှာဖွေရာတွင် အသုံးပြုသည့် ဘေရီယမ် (Barium) ကို သောက်သုံးခြင်းတို့ဖြစ်သည်။
ယှဉ်တွဲလာတတ်သော လက္ခဏာများ

ဖြစ်ပေါ်ရသောအကြောင်းရင်းပေါ် မူတည်၍ ဝမ်းအရောင်ဖြူဖျော့ခြင်းအပြင် အခြားရောဂါလက္ခဏာများလည်း ခံစားရနိုင်သည်။

  1. သည်းခြေလမ်းကြောင်းပိတ်ခြင်း (Bile duct obstruction)
    • အသားဝါခြင်း
    • ဗိုက်အောင့်ခြင်း
    • ပျို့အန်ခြင်း
    • ကိုယ်ပူခြင်း၊ ချမ်းတုန်ခြင်း
    • ဆီးအရောင်ရင့်ခြင်း
  2. အသည်းရောဂါဖြစ်ခြင်း (Liver disease)
    • အသားဝါခြင်း
    • ဗိုက်အောင့်ခြင်း၊ ဗိုက်ပူခြင်း
    • ပျို့အန်ခြင်း
    • အားအင်ကုန်ခန်းခြင်း
    • ခြေထောက်များဖောခြင်း
    • ဆီးအရောင်ရင့်ခြင်း
    • အရေပြားယာယံခြင်း
    • အစာစားချင်စိတ်မရှိခြင်း
  3. ပန်ကရိယရောဂါဖြစ်ခြင်း
    • ဗိုက်အောင့်ခြင်း
    • အသားဝါခြင်း
    • ဝမ်းတွင် အဆီများပါခြင်း (Fatty stool)
    • ဆီးရောင်ရင့်ခြင်း
    • ပျို့အန်ခြင်းစသည့် ဆက်စပ်ရောဂါလက္ခဏာများ ခံစားရနိုင်သည်။

မွေးကင်းစကလေးငယ်များတွင် မွေးရာပါ သည်းခြေလမ်းကြောင်းပိတ်သော ပြဿနာများကြောင့်လည်း ဝမ်းအရောင် ဖြူဖျော့နိုင်သည်။ ထိုကလေးငယ်များသည် အလွန်အမင်း အသားဝါနေတတ်ပြီး စောစီးစွာ မကုသပါက နာတာရှည်အသည်းရောဂါဖြစ်နိုင်ပြီး အသက်အန္တရာယ် ရှိနိုင်သည်။

ဝမ်းအ‌ရောင်ဖြူဖျော့ခြင်းကို ဖြစ်ပေါ်စေနိုင်သော အခြေခံအကြောင်းရင်းများကို ကုသမှု မခံယူပါက အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။

  • အသည်းကင်ဆာဖြစ်ခြင်း
  • အသည်းလုပ်ငန်းများ ပျက်စီးခြင်း
  • နာတာရှည် ပန်ကရိယရောင်ခြင်း
  • သည်းခြေပြွန်ရောင်ခြင်း၊ ကင်ဆာဖြစ်ခြင်းတို့ ဖြစ်ပေါ်လာနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသခြင်း

ဝမ်းအရောင်ဖြူဖျော့ခြင်းသည် ပုံမှန်မဟုတ်သောကြောင့် မိမိ၏ မိသားစုဆရာဝန်နှင့် တိုင်ပင်ပြသသင့်သည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်းဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

လူနာ၏ ရောဂါရာဇဝင်မေးမြန်းခြင်း၊ စမ်းသပ်ခြင်းများ ဦးစွာပြုလုပ်လိမ့်မည်။ ထိုနောက် လူနာကို သွေးစစ်ခြင်း (Liver function test)၊ အာထရာဆောင်း ရိုက်ခြင်း (Ultrasound)၊ ကွန်ပျူတာဓာတ်မှန် ရိုက်ခြင်း (CT scan)၊ သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI)၊ အသည်း၊ သည်း​ခြေအိတ်၊ သည်း​ခြေပြွန်နှင့် ပန်ကရိယတို့အား မှန်​ပြောင်းဖြင့် ရောဂါရှာ​ဖွေခြင်း (ERCP) တို့ကို ပြုလုပ်ခြင်းဖြင့် ရောဂါရှာဖွေနိုင်သည်။

ကုသခြင်း

ဝမ်းအရောင်ဖြူဖျော့ခြင်းကို ကုသရာတွင် ဖြစ်ပေါ်စေသော ရောဂါအကြောင်းရင်းပေါ်မူတည်၍ အောက်ပါနည်းလမ်းများဖြင့် ကုသမှုခံယူနိုင်သည်။

  • အစားအသောက် အလေ့အထများကို ပြောင်းလဲခြင်း (ဥပမာ _ အရက်၊ အချိုရည်များကို လျှော့သောက်ခြင်း၊ အဆီများသော အစားများကို ရှောင်ကြဥ်ခြင်း)
  • ဆေးဝါးများဖြင့် ကုသခြင်း
  • အသည်းရောင်အသားဝါ ဗိုင်းရပ်စ်ပိုးများကို ဗိုင်းရပ်စ်ပိုးသတ်ဆေးများဖြင့် ကုသခြင်း
  • သည်းခြေပြွန်ပိတ်ဆို့ခြင်းကို ခွဲစိတ်ကုသခြင်း သို့မဟုတ် သည်းခြေအိတ်ကို ခွဲစိတ်ဖယ်ရှားခြင်း
  • အသည်းခွဲစိတ်ကုသခြင်းများ ပြုလုပ်ရနိုင်သည်။
ကာကွယ်ခြင်း

ဝမ်းအရောင်ဖြူဖျော့ခြင်းကို အပြည့်အဝ ကာကွယ်၍ မရသော်လည်း ဝမ်းအရောင်ဖြူဖျော့ခြင်း ဖြစ်ပေါ်စေသော အချို့ရောဂါများ၏ ဖြစ်နိုင်ခြေများကို အောက်ပါနည်းလမ်းများဖြင့် လျှော့ချပေးနိုင်သည်။

  • အာဟာရပြည့်ဝပြီး ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ စားသောက်ခြင်း
  • ကျန်းမာသော ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း
  • အသည်း‌ရောင် အသားဝါရောဂါ ကာကွယ်ဆေးများထိုးခြင်း (အသည်းအရောင်အသားဝါ အေပိုးနှင့် ဘီပိုး ကာကွယ်ဆေးများ)
  • အရက်အလွန်အကျွံသောက်ခြင်းမှ ‌ ရှောင်ကြဥ်ခြင်းတို့ ဖြစ်ကြသည်။

References:

  1. Mayo Clinic. (n.d.). White stool: Should I be concerned? Retrieved September 8, 2025, from https://www.mayoclinic.org/diseases-conditions/liver-problems/expert-answers/white-stool/faq-20058216#:~:text=A%20lack%20of%20bile%20causes,intestine%20during%20the%20digestive%20process
  2. Medical News Today. (n.d.). Everything you need to know about white stool. Retrieved September 8, 2025, from https://www.medicalnewstoday.com/articles/324582#summary
  3. Cleveland Clinic. (n.d.). Clay-colored or pale stool: Causes & when to see a doctor. Retrieved September 8, 2025, from https://my.clevelandclinic.org/health/symptoms/clay-colored-or-pale-stool

Published: 30 August 2024

Last updated: 17 November 2025

Share

Category

8 September 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.