Constipation in children (ကလေးများတွင် ဝမ်းချုပ်ခြင်း)

Constipation in children (ကလေးများတွင် ဝမ်းချုပ်ခြင်း)

ကလေးများတွင် ဝမ်းချုပ်ခြင်းသည် အဖြစ်များသည့် ကျန်းမာရေးပြဿနာတစ်ရပ်ဖြစ်သည်။ အထူးသဖြင့် ကလေးများ အိမ်သာတက် လေ့ကျင့်သည့်အချိန်နှင့် အစာအမာများ စတင်ကျွေးချိန်များတွင် မကြာခဏ တွေ့ရလေ့ရှိသည်။ ဝမ်းသွားသည့် အကြိမ်အရေအတွက်နှင့် ဝမ်းအမာအပျော့သည် ကလေးတစ်ဦးနှင့်တစ်ဦး ကွာခြားမှု ရှိသော်လည်း အောက်ပါအချက်များ ရှိပါက ဝမ်းချုပ်သည်ဟု သတ်မှတ်နိုင်သည်။

  • ကလေး၏ ဝမ်းသည် အလွန်မာကျစ်နေလျှင် သို့မဟုတ် ဝမ်းသွားရန် အလွန်ညှစ်ရလျှင်
  • ဝမ်းသွားချိန်၌ နာကျင်လျှင်
  • ဝမ်းသွားသည့် အကြိမ်ရေ အလွန်နည်းလျှင် (များသောအားဖြင့် တစ်ပတ်လျှင် သုံးကြိမ်ထက် နည်းလျှင်)

အချို့ဝမ်းချုပ်ခြင်းများသည် အလွယ်တကူ သက်သာနိုင်သော်လည်း အချို့တွင် အရေးကြီးသော ရောဂါအခံများကြောင့် ဖြစ်နိုင်သည်ကို သတိပြုသင့်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ကလေးများတွင် ဝမ်းချုပ်ခြင်း ဖြစ်စေနိုင်သော အခြေအနေများမှာ_

  1. အူလမ်းကြောင်း၏ သဘာဝနှင့် အလေ့အကျင့်ဆိုင်ရာ အကြောင်းရင်းများ
    • အူလှုပ်ရှားမှု နှေးကွေးခြင်း
      အချို့ကလေးများတွင် မွေးရာပါ အူလှုပ်ရှားမှု နှေးကွေးသောကြောင့် ဝမ်းချုပ်နိုင်သည်။
    • ဝမ်းသွားချင်စိတ်ကို လျစ်လျူရှုခြင်း
      ကလေးအများစုသည် ဆော့ကစားနေချိန်တွင် အိမ်သာသွားရန် အောင့်ထားတတ်ကြသည်။ ထိုအခါ ဝမ်းသည် အူမကြီးထဲတွင် ကြာကြာရှိ၍ ရေဓာတ်ပိုမိုစုပ်ယူကာ ပို၍မာလာပြီး ဝမ်းသွားရန် ပိုခက်ခဲလာသည်။
    • နာကျင်၍ အောင့်ထားခြင်း
      စအိုကွဲခြင်း (Anal Fissure) ကဲ့သို့သော အခြေအနေများရှိသောအခါ ဝမ်းသွားလျှင် နာကျင်မှုကို ခံစားရသောကြောင့် ကလေးများသည် ဝမ်းသွားရန် ကြောက်ရွံ့၍ အောင့်ထားခြင်းများ ဖြစ်လာသည်။
      ထိုအခါ ဝမ်းပိုမာလာပြီး နောက်တစ်ကြိမ် ဝမ်းသွားလျှင် ပို၍နာကျင်စေသော သံသရာလည်နေသည်။
    • ပတ်ဝန်းကျင် သို့မဟုတ် အိမ်သာ အပြောင်းအလဲဖြစ်ခြင်း
      ဥပမာ _ ခရီးထွက်ချိန်တွင် လမ်းခရီးများ၊ အိမ်သာများ အသုံးမပြုလိုခြင်း သို့မဟုတ် ကျောင်းစတက်ချိန်တွင် ကျောင်းအိမ်သာများ အသုံးပြုရန် အဆင်မပြေခြင်းတို့ကြောင့်ဖြစ်သည်။
  2. အစားအသောက်နှင့်နေထိုင်မှုပုံစံ
    • အမျှင်ဓာတ် နည်းပါးခြင်း – ပြုပြင်ထားသော အစားအစာများကို စားသုံးမှုများပြီး လတ်ဆတ်သော အသီးအနှံ၊ ဟင်းသီးဟင်းရွက် များ စားသုံးမှုနည်းခြင်း
    • အရည်ဓာတ် မလုံလောက်ခြင်း – ရေ သို့မဟုတ် အရည်ကို လုံလောက်စွာ မသောက်သုံးခြင်း
    • နွားနို့ အမြောက်အမြားသောက်ခြင်း – အချို့သော ကလေးများတွင် နွားနို့ အလွန်အကျွံ သောက်သုံးမှုနှင့် သက်ဆိုင်သည်ကို တွေ့ရခြင်း
    • လှုပ်ရှားမှု နည်းပါးခြင်း – အထိုင်များပြီး လှုပ်ရှားမှုနည်းလျှင်လည်း အူလှုပ်ရှားမှုကို နှေးစေပြီး ဝမ်းချုပ်နိုင်ခြင်း စသည်တို့ဖြစ်သည်။
  3. နောက်ခံရောဂါများနှင့် ဆေးဝါးများ
    • အာရုံကြောဆဲလ်များ မပါသောကြောင့်ဖြစ်သော မွေးရာပါ အူလမ်းကြောင်းအားနည်းသည့်ရောဂါ (Hirschsprung’s disease)
    • သိုင်းရွိုက်ဟော်မုန်း ချို့တဲ့ခြင်း (Hypothyroidism)
    • ကျောရိုးအာရုံကြောမကြီး ချို့ယွင်းချက်ရှိသော ကလေးများ
    • အချို့သောဆေးဝါးများ
      (ဥပမာ _ သံဓာတ်အားဖြည့်ဆေးများ၊ အချို့သော စိတ်ရောဂါကုဆေးများသည်လည်း ဝမ်းချုပ်ခြင်းကို ဖြစ်စေသည်)
ယှဥ်တွဲလာတတ်သော လက္ခဏာများ

ဝမ်းချုပ်တတ်သော ကလေးများတွင် အောက်ပါလက္ခဏာများကို တွေ့ရသည်။

  • ဝမ်းသွားခြင်း အကြိမ်ရေ – တစ်ပတ်လျှင် သုံးကြိမ်အောက်သာ ဝမ်းသွားခြင်း
  • ဝမ်းအနေအထား – ဝမ်းသွားရန် ခက်ခဲခြင်း၊ ဝမ်းသည် မာ၍ ကျစ်နေခြင်း (စမြင်းခံခြင်း)
  • နာကျင်မှု – ဝမ်းသွားလျှင် နာကျင်မှုကို ခံစားရခြင်း
  • အစာစားခြင်း – ပုံမှန်ထက် အစားနည်းသွားခြင်း
  • ဝမ်းဗိုက် – ဗိုက်အောင့်ခြင်း (ပေါ်လိုက်၊ ပျောက်လိုက်ဖြစ်ခြင်း)၊ ပုံမှန်ထက် ဗိုက်ဖောင်းနေခြင်း၊ ဗိုက်ကို ဖိကြည့်လျှင် စမြင်းတုံးများ စမ်းမိခြင်း
  • အခြားလက္ခဏာများ – စိတ်အလိုမကျသော အပြုအမူများ ဖြစ်ခြင်း
  • စအိုသွေးယိုခြင်း – ဝမ်းသွားစဉ် စအိုကွဲနာ (Anal Fissure) များ ဖြစ်ပေါ်ပြီး ဝမ်းတွင် သွေးစများပါခြင်း
သတိထားရမည့် အရေးကြီးသော လက္ခဏာများ (Red Flags)

ဝမ်းချုပ်သော ကလေးများတွင် အောက်ပါအချက်များ (Red flags) ရှိပါက အရေးကြီးသော ရောဂါအခြေအနေများ (ဥပမာ – Hirschsprung’s disease, အာရုံကြောဆိုင်ရာ ပြဿနာများ) ကြောင့် ဖြစ်နိုင်သောကြောင့် ဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်ပြသသင့်သည်။

  • ဝမ်းချုပ်ခြင်းသည် မွေးစကပင် စတင်ခြင်း သို့မဟုတ် မွေးပြီး အစောပိုင်းလများမှ စတင်ခြင်း
  • မွေးပြီး (၂၄) နာရီကျော်မှ ငယ်ချေး (Meconium) စသွားခြင်း
  • ဝမ်းချုပ်ခြင်းနှင့်တွဲ၍ အန်ခြင်း၊ ဗိုက်ဖောင်းခြင်း
  • မိသားစုတွင် Hirschsprung’s disease ရာဇဝင် ရှိခြင်း
  • ခြေထောက်အပါအဝင် ခန္ဓာကိုယ်အောက်ပိုင်း အားနည်းခြင်း သို့မဟုတ် ခြေ၊ လက် လှုပ်ရှားခြင်းဆိုင်ရာ ဖွံ့ဖြိုးမှု နှေးခြင်း
  • မွေးရာပါ စအိုအနေအထား မမှန်ခြင်း
  • ကျောရိုးနှင့် အာရုံကြောမကြီးတွင် မွေးရာပါ ချို့ယွင်းချက်ရှိခြင်း
  • ကလေး၏ ကြီးထွားဖွံ့ဖြိုးမှု နောက်ကျခြင်း
နောက်ဆက်တွဲပြဿနာများ

ကလေးများ ဝမ်းချုပ်လျှင် မသက်မသာဖြစ်စေသော်လည်း အများအားဖြင့် ပြင်းထန်မှုမရှိပေ။ သို့သော် ကာလကြာရှည်လာလျှင် အောက်ပါ ပြဿနာများ ဖြစ်လာနိုင်သည်။

  • စအိုကွဲနာ ဖြစ်ခြင်းကြောင့် ဝမ်းသွားလျှင် သွေးထွက်ခြင်း၊ နာကျင်ခြင်း၊ ယင်းကြောင့်ပင် ဝမ်းအောင့်ထားခြင်းများ ပိုမိုဖြစ်လာခြင်း
  • စအိုကျွံကျခြင်း (Rectal Prolapse)
    အူအစိတ်အပိုင်းတစ်ခုဖြစ်သော အစာဟောင်းအိမ် (Rectum) သည် စအိုဝမှ ကျွံကျခြင်း
  • ဝမ်းမထိန်းနိုင်ခြင်း (Encopresis)
    အစာဟောင်းအိမ်သည် မစင်အညစ်အကြေးများဖြင့် အမြဲတမ်း ပြည့်နေသောကြောင့် ဝမ်းသွားချင်သည့် စိတ်ခံစားမှု မသိရှိတော့ဘဲ ဝမ်းမာတုံးပတ်လည်မှ ဝမ်းအရည်များ အပြင်စိမ့်ထွက်လာပြီး ကလေး၏ အောက်ခံဘောင်းဘီတွင် ကပ်ခြင်း၊ အနံ့ထွက်ခြင်းတို့ ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

ဝမ်းချုပ်နေသော ကလေးတစ်ဦးသည် အစားအသောက်၊ နေထိုင်မှုပုံစံ ပြောင်းခြင်းဖြင့် အဆင်မပြေလျှင် သို့မဟုတ် အထက်ပါ အရေးကြီးသော လက္ခဏာများ (Red Flags) ရှိလျှင် မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်များ (ဥပမာ _ ကလေး အစာအိမ်နှင့် အူလမ်းကြောင်း အထူးကု) နှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

ဆရာဝန်မှ ရောဂါရာဇဝင် မေးမြန်းခြင်းနှင့် လိုအပ်သည့် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်သည်။ ကလေးဝမ်း၏ အနေအထားကို ဘရစ်စ်တိုလ် ဝမ်းအခြေအနေပြ ဇယား (Bristol Stool Chart) နှင့် တိုက်ဆိုင်ကြည့်ရှု၍ ပုံမှန်ဝမ်း ဟုတ်မဟုတ် သို့မဟုတ် ဝမ်းချုပ်သည့်အခါ တွေ့ရသော ဝမ်းအမျိုးအစား ဟုတ်မဟုတ် ခွဲခြားနိုင်သည်။

ဤဇယားသည် လူကြီး၊ ကလေးတို့၏ ဝမ်းအမျိုးအစားများကို အမျိုးအစား (၇) မျိုး ခွဲခြားပြသထားပြီး၊ ဝမ်းမာကျစ်ခြင်းမှ ဝမ်းအရည်သွားခြင်းအထိ ပြသသည်။ အမျိုးအစား (၁) နှင့် (၂) သည် ဝမ်းချုပ်ခြင်းဟု သတ်မှတ်ပြီး၊ အမျိုးအစား (၃) နှင့် (၄) သည် ပုံမှန်ဝမ်းဖြစ်သည်ဟု သတ်မှတ်သည်။

လိုအပ်ပါက အောက်ပါ စစ်ဆေးမှုများကိုပါ ထပ်မံပြုလုပ်နိုင်သည်။

  • သွေးစစ်ဆေးခြင်း – ဟော်မုန်းပမာဏ (ဥပမာ _ သိုင်းရွိုက်) အတွက် စစ်ဆေးခြင်း
  • ဝမ်းဗိုက်ဓာတ်မှန် (Abdominal X-ray) ရိုက်ခြင်း
  • စအိုအတွင်းသို့ ဆေးရည်ထည့်၍ ဆေးဓာတ်မှန်ရိုက်ခြင်း (Barium Enema X-ray)
  • အစာဟောင်းအိမ် နံရံမှ အသားစယူ၍ စစ်ဆေးခြင်း (Rectal Biopsy) – Hirschsprung’s disease ကို စစ်ဆေးရန်
  • အူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း (Colonoscopy)
CIC IMG1
ကုသခြင်း

ကုသမှုသည် ကလေး၏ အသက်အရွယ်နှင့် ရောဂါအခြေအနေပေါ် မူတည်ပြီး၊ အချို့တွင် အလွယ်တကူ သက်သာသော်လည်း အချို့တွင်မူ ရေရှည်ကုသမှု လိုအပ်နိုင်သည်။ ကုသမှုတွင် အစားအသောက်ပုံစံ ပြောင်းလဲခြင်း၊ နေထိုင်မှုပုံစံ ပြောင်းလဲခြင်းနှင့် ဆေးဝါးများ အသုံးပြုခြင်း စသည့်လုပ်ငန်းစဉ်များကို တစ်ပြိုင်တည်း ပြုလုပ်ရသည်။

  1. ကျန်းမာသော ဝမ်းအလေ့အကျင့် (Healthy Bowel Habits)
    • ပုံမှန်အိမ်သာထိုင်ခြင်း – ဝမ်းသွားချင်စိတ်မဖြစ်လျှင်လည်း တစ်နေ့တစ်ကြိမ် ပုံမှန်အချိန်တစ်ခုတွင် ကလေးကို အိမ်သာ သို့မဟုတ် အိမ်သာကုလားထိုင် (Potty Chair) ပေါ်တွင် ထိုင်ခိုင်းပြီး ချီးကျူးပေးပါ
    • ဝမ်းသွားချင်စိတ်ကို အားပေးခြင်း – ဝမ်းသွားချင်စိတ်ဖြစ်လာလျှင် ချက်ချင်းသွားရန် တိုက်တွန်းပါ
    • အိမ်သာကုလားထိုင် အသုံးပြုခြင်း – အသက်ငါးနှစ်အောက် ကလေးများအတွက် အိမ်သာကုလားထိုင်ကို သုံးနိုင်သည်၊ ကလေး၏ ခြေထောက်ကို ကြမ်းပြင် သို့မဟုတ် ခြေတင်ခုံ (Foot Stool) ပေါ်တွင် မြဲမြံစွာ ထားခြင်းဖြင့် ညှစ်အား ပိုကောင်းစေသည်
    • အိမ်သာကုလားထိုင်နှင့်ရင်းနှီးအောင် ပြုလုပ်ပေးခြင်း – ကလေးကို ထိုအိမ်သာကုလားထိုင်နှင့် ရင်းနှီးအောင် ပြုလုပ်ပေးပါ၊ ကလေးမှ ကြောက်ရွံ့နေလျှင် အသုံးပြုရန် အတင်းအကျပ် တွန်းအားမပေးသင့်ပေ
    • သင်ကြားပေးခြင်း – ကလေး၏ အညစ်အကြေးခံအဝတ်မှ မစင်ကိုယူ၍ အိမ်သာကုလားထိုင်အတွင်းသို့ ထည့်ပြခြင်းဖြင့် မစင် မည်သည့်နေရာသို့ ရောက်သွားသည်ကို သိလာစေရန် ပြုလုပ်ပေးခြင်းဖြစ်သည်
  2. အစားအသောက်ပုံစံ ပြောင်းလဲခြင်း
    • အမျှင်ဓာတ် – အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ပဲ၊ အစေ့အဆန်များကဲ့သို့သော အမျှင်ဓာတ်ကြွယ်ဝသည့် အစားအစာများ ကျွေးပါ
    • အရည်ဓာတ် – ရေများများတိုက်ပါ
    • နွားနို့လျှော့ချခြင်း – နွားနို့သောက်သုံးမှုကို လျှော့ချပါ
    • အသင့်စားစာများ လျှော့ချခြင်း – ပြုပြင်ထားသော အသင့်စား အစားအစာများ လျှော့ကျွေးပါ
    • ဖော်မြူလာ ပြောင်းလဲခြင်း – ဖော်မြူလာနို့တိုက်သော ကလေးများ ဝမ်းချုပ်ပါက ဖော်မြူလာပြောင်း၍ တိုက်ကြည့်နိုင်သည်
  3. ဆေးဝါးများ
    • ဝမ်းပျော့ဆေး (Laxatives) – ဝမ်းပျော့ဆေးများ အသုံးပြုရာတွင် ဆရာဝန်၏ ညွှန်ကြားချက်အတိုင်းသာ တိုက်ကျွေးရမည်၊ မိမိသဘောဖြင့် နှစ်ရှည်လများ စွဲမသောက်သင့်သော်လည်း ပုံမှန်ဝမ်းအလေ့အကျင့် ပြန်ရပြီးနောက်ပိုင်း လအနည်းငယ်အထိ ဆေးဆက်လက် တိုက်ပေးရန် လိုအပ်သည်ကို သတိပြုရမည်၊ ရုတ်တရက် ဆေးရပ်ခြင်း မပြုလုပ်သင့်ပေ
    • အခြားနည်းလမ်းများ – ဆေးသောက်ရန် ခက်ခဲသည့် ကလေးများတွင် စအိုထဲသို့ ဆေးတောင့်ထည့်ခြင်း၊ ဝမ်းချူ‌ဘောလုံးဖြင့် ဝမ်းချူပေးခြင်းနှင့် လိုအပ်ပါက ဆေးရုံတက်၍ ဝမ်းချူရခြင်းများလည်း ရှိနိုင်သည်။
  4. ခွဲစိတ်ကုသခြင်း
    ပုံမှန်အားဖြင့် ဝမ်းချုပ်ခြင်းသည် ခွဲစိတ်ကုသရန် မလိုအပ်ပေ။ သို့သော် Hirschsprung’s disease၊ အူလမ်းကြောင်းပိတ်ခြင်း၊ အူလမ်းကြောင်းကျဉ်းခြင်း သို့မဟုတ် မွေးရာပါ စအိုအနေအထား ပုံမမှန်ခြင်း စသည်တို့ ဖြစ်ပါက ခွဲစိတ်ကုသရန် လိုအပ်သည်။
ကာကွယ်ခြင်း

ကလေးများ ဝမ်းချုပ်ခြင်းကို ကာကွယ်ရန်

  • အမျှင်ဓာတ်ပါသော အစားအစာများ ကျွေးခြင်း
  • အရည်ကို လုံလောက်စွာ သောက်စေခြင်း
  • ကိုယ်လက်လှုပ်ရှားမှုများ ပုံမှန်လုပ်စေခြင်း
  • အိမ်သာ ပုံမှန်တက်စေခြင်း
  • ကလေးသောက်နေသော ဆေးဝါးများတွင် ဝမ်းချုပ်စေသောဆေးများ ပါနေပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်၍ ဆေးပြောင်းခြင်းတို့ ပြုလုပ်နိုင်သည်။
  • ကလေးများ ဝမ်းချုပ်ခြင်းနှင့် ပတ်သက်၍ မိဘများ စိုးရိမ်ပူပန်မှုများ ရှိနေပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် အသင့်တော်ဆုံးဖြစ်သည်။

References:

  1. NHS. (n.d.). Constipation in children. Retrieved July 22, 2025, from https://www.nhs.uk/conditions/baby/health/constipation-in-children/
  2. Mayo Clinic. (n.d.). Constipation in children – Symptoms & causes. Retrieved July 22, 2025, from https://www.mayoclinic.org/diseases-conditions/constipation-in-children/symptoms-causes/syc-20354242
  3. Royal Children’s Hospital Melbourne. (n.d.). Constipation. Retrieved July 22, 2025, from https://www.rch.org.au/kidsinfo/fact_sheets/constipation/
  4. National Institute for Health and Care Excellence. (2010). Constipation in children and young people: Management (Clinical guideline CG99). Retrieved July 22, 2025, from https://www.nice.org.uk/guidance/cg99/chapter/Recommendations#clinical-management

Published: 30 August 2024

Last updated: 11 November 2025

Share

26 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.