အသံဝင်ခြင်းသည် အသံအိုး (Larynx) နှင့် အသံကြိုး (Vocal cords) များတွင် ရောဂါခြေအနေတစ်ခုခုကြောင့် ချို့ယွင်းမှုများဖြစ်ပေါ်ပြီး ပင်ကိုယ်အသံ ပြောင်းလဲသွားခြင်းဖြစ်သည်။ ဤအခြေအနေသည် အသံကို အလွန်အကျွံ အသုံးပြုရသော ကျောင်းဆရာများ၊ အဆိုတော်များနှင့် အရောင်းကိုယ်စားလှယ်များ စသည်တို့တွင် ပိုမိုအဖြစ်များသည်။ အသံချို့ယွင်းခြင်းသည် ရိုးရှင်းသော အကြောင်းရင်းများမှစ၍ ကင်ဆာကဲ့သို့သော ပြင်းထန်သည့် ရောဂါများအထိ ဖြစ်နိုင်သောကြောင့် စနစ်တကျ ရောဂါရှာဖွေ ကုသရန် လိုအပ်သည်။
အသံဝင်ခြင်းသည် ဆေးပညာအရ အသံချို့ယွင်းခြင်း (Dysphonia) အမျိုးအစားတစ်ခုဖြစ်သည်။ ၎င်းတွင် အသံ၏ အသံနေအသံထား (pitch)၊ အသံအတိုးအကျယ် (volume)၊ အရည်အသွေး (quality) သို့မဟုတ် အသံထုတ်လုပ်ရာတွင် အသုံးပြုရသော အားထုတ်မှု (effort) တို့၌ ပြောင်းလဲမှုများ ပါဝင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အသံဝင်ခြင်းသည် အောက်ပါအကြောင်းရင်းများကြောင့် အသံအိုးနှင့် အသံကြိုးများ ထိခိုက်မှုမှ ဖြစ်ပေါ်လာနိုင်သည်။
- အသံကို အလွန်အကျွံ အသုံးပြုခြင်း – အချိန်ကြာမြင့်စွာ စကားပြောခြင်း၊ အော်ဟစ်ခြင်း သို့မဟုတ် အသံကို တင်းအားဖြင့် အသုံးပြုခြင်းတို့ကြောင့် အသံကြိုးများ ရောင်ရမ်းနိုင်ခြင်း
- အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးဝင်ရောက်ခြင်း – အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းတွင် ဗိုင်းရပ်စ် သို့မဟုတ် ဘက်တီးရီးယားပိုးများ ဝင်ရောက်မှုကြောင့် အသံအိုးနှင့် အသံကြိုးများ ရောင်ရမ်းလာခြင်း
- အသံကြိုးပေါ်ရှိ အကျိတ်များ – အသံကြိုးများပေါ်တွင် ကင်ဆာမဟုတ်သော အကျိတ်များ (polyps, nodules, cysts)၊ အသားပိုများ သို့မဟုတ် သွေးခဲများ ဖြစ်ပေါ်ခြင်းကြောင့် အသံကြိုးလှုပ်ရှားမှုကို အနှောင့်အယှက်ဖြစ်စေခြင်း
- အသံကြိုး လေဖြတ်ခြင်း (Vocal Cord Paralysis) – အသံကြိုးကို ထိန်းချုပ်သော အာရုံကြောများ ထိခိုက်မှုကြောင့် အသံကြိုးတစ်ခု သို့မဟုတ် နှစ်ခုလုံး လှုပ်ရှားနိုင်စွမ်း ဆုံးရှုံးသွားခြင်း (ဤအခြေအနေသည် အသံဝင်ခြင်း၊ အသက်ရှူရခက်ခဲခြင်းနှင့် အစာမျိုချရခက်ခဲခြင်းတို့ကို ဖြစ်စေနိုင်သည်)
- ပြင်းထန်သော ကျန်းမာရေးအခြေအနေများ – အသံအိုးကင်ဆာ၊ အဆုတ်ကင်ဆာ သို့မဟုတ် သိုင်းရွိုက်ကင်ဆာတို့ကဲ့သို့သော ရောဂါများသည် အသံအိုးသို့ အာရုံကြောထောက်ပံ့မှုကို ထိခိုက်စေနိုင်သည်၊ ထို့အပြင် လေဖြတ်ခြင်း (Stroke) နှင့် ပါကင်ဆန်ရောဂါ (Parkinson’s disease) ကဲ့သို့သော အာရုံကြောဆိုင်ရာ ရောဂါများသည် အသံထိန်းချုပ်မှုကို လျော့နည်းစေနိုင်သည်
- အစာအိမ်အက်ဆစ် အစာရေမျိုပြွန်သို့ ပြန်တက်ခြင်း (GERD) – အစာအိမ်မှ အက်ဆစ်များ ပြန်တက်ခြင်းကြောင့် အသံအိုးသည် နာတာရှည် ရောင်ရမ်းနိုင်သည်
- ဆေးလိပ်သောက်ခြင်း – ဆေးလိပ်ငွေ့သည် အသံအိုးကို ထိခိုက်စေပြီး နာတာရှည် အသံဝင်ခြင်းဖြစ်စေကာ အသံအိုးကင်ဆာ ဖြစ်နိုင်ခြေကိုလည်း တိုးစေသည်။
နောက်ဆက်တွဲပြဿနာများ
အသံဝင်ခြင်းသည် အသံလုံးဝမထွက်တော့ခြင်းအထိ ဖြစ်စေနိုင်သည်။ အကယ်၍ အသံဝင်ခြင်းသည် ကင်ဆာ သို့မဟုတ် အာရုံကြောဆိုင်ရာ ရောဂါများကြောင့် ဖြစ်ပွားခဲ့လျှင် ထိုမူလရောဂါများ၏ ပြင်းထန်သော နောက်ဆက်တွဲပြဿနာများကိုပါ ဆက်လက်ခံစားရနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အသံဝင်ခြင်းသည် ပုံမှန်အားဖြင့် (၇)ရက် မှ (၁၄)ရက်အတွင်း သက်သာပျောက်ကင်းလေ့ရှိသည်။ ထိုသို့မပျောက်ကင်းပါက သို့မဟုတ် ထိုကာလအတွင်း သိသိသာသာ ဆိုးဝါးလာပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓါတ်ခွဲစစ်ဆေးခြင်း၊ ဓါတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ နားနှာခေါင်းလည်ချောင်း အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
အောက်ပါ အရေးပေါ်လက္ခဏာများ (Red Flag Symptoms) တစ်ခုခုတွဲ ရှိနေလျှင် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန် (ENT) နှင့် ချက်ချင်းသွားရောက် ပြသသင့်သည်။
- လေးပတ်ကျော်ကြာသည်အထိ အသံဝင်နေခြင်း
- စကားပြောချိန် သို့မဟုတ် အစာမျိုချချိန်တွင် နာကျင်မှု ခံစားရခြင်း
- အသက်ရှူရခက်ခဲခြင်း သို့မဟုတ် အသက်ရှူတိုင်း အသံမြည်ခြင်း
- ချောင်းဆိုးလျှင် သွေးပါခြင်း
- လည်ပင်းတွင် အဖုအကျိတ်များ စမ်းမိခြင်း
- အသံ လုံးဝမထွက်တော့ခြင်း
ရောဂါရှာဖွေခြင်း
ဆရာဝန်သည် လူနာ၏ ရောဂါရာဇဝင် မေးမြန်းခြင်းနှင့် ကိုယ်ခန္ဓာစမ်းသပ်စစ်ဆေးခြင်းတို့ဖြင့် ကနဦးရောဂါရှာဖွေမည်ဖြစ်သည်။ လိုအပ်ပါက အောက်ပါစစ်ဆေးမှုများ ထပ်မံပြုလုပ်နိုင်သည်။
- မှန်ပြောင်းဖြင့် ကြည့်ခြင်း (Laryngoscopy) – အသံအိုးနှင့် အသံကြိုးများကို တိုက်ရိုက်ကြည့်ရှုရန် အထူးပြုလုပ်ထားသော မှန်ပြောင်းငယ်ကို အသုံးပြုခြင်း
- အသားစယူ ဓာတ်ခွဲစစ်ဆေးခြင်း (Biopsy) – အသံအိုး သို့မဟုတ် သံသယရှိသည့် အကျိတ်မှ အသားစနမူနာယူ၍ ရောဂါအမျိုးအစားကို အတည်ပြုရန် စစ်ဆေးခြင်း
- ပုံရိပ်ဖော်စစ်ဆေးခြင်း (Imaging) – ကွန်ပျူတာဓာတ်မှန် (CT scan) နှင့် သံလိုက်ဓာတ်မှန် (MRI) များဖြင့် အသံအိုးနှင့် အနီးတစ်ဝိုက်ရှိ အာရုံကြောများကို အသေးစိတ် ကြည့်ရှုစစ်ဆေးခြင်း
အခြားစမ်းသပ်စစ်ဆေးမှုများမှာ_
- အသံကြိုးတုန်ခါမှု မှန်ပြောင်းဖြင့် စစ်ဆေးခြင်း (Videostroboscopy & High-Speed Videoendoscopy)
မှန်ပြောင်းဖြင့် ပုံမှန်ကြည့်ရှုခြင်းထက် အသံကြိုးတုန်ခါမှုကို အသေးစိတ် ပိုမိုသိရှိနိုင်စေသည်။ - Narrow-band imaging (NBI)
အသံအိုး ကင်ဆာအစောပိုင်းအဆင့်နှင့် သွေးကြောဆိုင်ရာ ပြောင်းလဲမှုများကို ပိုမိုကောင်းမွန်စွာ ရှာဖွေတွေ့ရှိနိုင်သည်။ - အသံလှိုင်းနှင့် လေစီးဆင်းမှု ဆန်းစစ်ခြင်း (Acoustic and aerodynamic analysis)
အသံ၏ အသံနေအသံထား (pitch)၊ အသံအတိုးအကျယ် (volume)၊ တုန်ခါမှုအနည်းငယ် (jitter, shimmer) နှင့် လေစီးဆင်းမှုကို တိုင်းတာသည့် ဒစ်ဂျစ်တယ်စနစ်များဖြင့် အသံချို့ယွင်းမှုကို ပမာဏသတ်မှတ် ဆန်းစစ်နိုင်သည်။
ကုသခြင်း
အသံဝင်သည့်လူနာအား ကုသမှုသည် ဖြစ်ပေါ်ရသည့် အကြောင်းရင်းအပေါ် မူတည်သည်။
- ဆေးဝါးများဖြင့်ကုသခြင်း
အများအားဖြင့် ဗိုင်းရပ်စ်ပိုးကြောင့် အသံဝင်ခြင်းဖြစ်တတ်သောကြောင့် ပိုးသတ်ဆေး (Antibiotics) များ သို့မဟုတ် စတီးရွိုက် (Corticosteroids) ဆေးဝါးများ သုံးစွဲရန် မလိုအပ်ပေ။ ဘက်တီးရီးယားပိုးကူးစက်မှု အတည်ပြုမှသာ ပိုးသတ်ဆေးများ ပေးသင့်သည်။ - ခွဲစိတ်ကုသခြင်း – အသံကြိုးပေါ်ရှိ အကျိတ်များ၊ အသားပိုများ သို့မဟုတ် သွေးခဲများကို ဖယ်ရှားခြင်း
- အသံကုထုံး (Voice Therapy) – အသံကြိုးများကို မှန်ကန်စွာ အသုံးပြုနိုင်ရန်နှင့် အသံပြန်လည်ကောင်းမွန်စေရန် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း
- မူလရောဂါ ကုသခြင်း – ကင်ဆာ သို့မဟုတ် အာရုံကြောဆိုင်ရာ ရောဂါများကြောင့်ဖြစ်ပါက ထိုရောဂါများကို ကုသခြင်း
အခြားကုသမှုများမှာ_
- အကျိတ်အတွင်း စတီးရွိုက်ထိုးဆေးများထိုးခြင်း (Intralesional steroid injections)
- Injection laryngoplasty – အသံကြိုးလေဖြတ်ခြင်း (paralysis) သို့မဟုတ် ပါးလွှာခြင်း (atrophy) ကြောင့်ဖြစ်သော အသံချို့ယွင်းမှုအတွက် ခေတ်မီ ဇီဝပစ္စည်းများ (Biomaterials – hyalurnic acid, calcium hydroxyapatite) ထိုးသွင်းခြင်း
- Botulinum toxin (Botox) ထိုးဆေး အသုံးပြုကုသခြင်း
ယခုအခါ စကားပြောကုထုံးပညာရှင်၊ နားနှာခေါင်းလည်ချောင်း အထူးကု၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ အထူးကုနှင့် အာရုံကြောပညာရှင်တို့ကဲ့သို့သော ဆေးပညာရှင်များ ပူးပေါင်းပါဝင်၍ လူနာတစ်ဦးချင်းအလိုက် စုပေါင်းညှိုနှိုင်း ကုသမှုလမ်းကြောင်းများ (Personalized and integrated care pathways) ကို အသုံးပြုလာသည်။
ကာကွယ်ခြင်း
အသံဝင်ခြင်းကို အပြည့်အဝ ကာကွယ်ရန် ခက်ခဲသော်လည်း အောက်ပါအချက်များကို လိုက်နာခြင်းဖြင့် ဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်သည်။
- အသံကို အလွန်အကျွံ အသုံးပြုခြင်းမှ ရှောင်ပါ
- ရေဓာတ်လုံလောက်စွာ ရရှိစေရန် ရေများများသောက်ပါ
- ဆေးလိပ်သောက်ခြင်းနှင့် ဆေးလိပ်ငွေ့ရှူရှိုက်ခြင်းမှ ရှောင်ပါ
- အရက်နှင့် ကဖိန်းဓာတ်ပါဝင်သော အရည်များ သောက်သုံးခြင်းကို လျှော့ချပါ
- စကားအများကြီး ပြောရမည့် အခြေအနေများတွင် မိုက်ခရိုဖုန်း အသုံးပြုပါ
References:
- Cleveland Clinic. (n.d.). Hoarseness. Retrieved September 19, 2025, from https://my.clevelandclinic.org/health/diseases/17105-hoarseness
- WebMD. (n.d.). Why am I losing my voice? Retrieved September 19, 2025, from https://www.webmd.com/rheumatoid-arthritis/why-am-i-losing-my-voice
- Johns Hopkins Medicine. (n.d.). Hoarseness. Retrieved September 19, 2025, from https://www.hopkinsmedicine.org/health/conditions-and-diseases/hoarseness
- Healthline. (n.d.). Hoarseness. Retrieved September 19, 2025, from https://www.healthline.com/health/hoarseness
Published: 30 August 2024
Last updated: 30 November 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.