Drooling in children (သွားရည်ကျသောကလေးများ)

Drooling in children (သွားရည်ကျသောကလေးများ)

ကလေးများတွင် တံတွေးအထွက်များ၍ သွားရည်ကျခြင်းသည် ပုံမှန်အားဖြင့် အသက်တစ်နှစ် မှ တစ်နှစ်ခွဲကြားအရွယ်များတွင် အဖြစ်များသည်။ အိပ်ပျော်နေစဥ်အတွင်းလည်း သွားရည်ကျနိုင်သည်။ အသက်နှစ်နှစ်အထိ သွားရည်ကျခြင်းသည် ပုံမှန်ဖြစ်ပြီး တစ်ခါတစ်ရံ အသက်လေးနှစ်တိုင်အောင် သွားရည်ကျနိုင်သည်။ သို့သော် အသက်လေးနှစ်ကျော်သည်အထိ သွားရည်ကျနေပါက ကလေးတွင် နောက်ခံရောဂါ အခြေအနေတစ်ခုခု ရှိနေနိုင်သည်။ သို့ဖြစ်၍ ထိုအကြောင်းရင်းများကို ရှာဖွေကုသရန် လိုအပ်သည်။

Drooling IMG1
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ကလေးများတွင် သွားရည်ကျများစေသည့် အကြောင်းရင်းများမှာ_

  1. တံတွေးမျိုချရခက်သော ရောဂါအခြေအနေများ
    • ဦးနှောက်အာရုံကြောပိုင်းဆိုင်ရာ ရောဂါအခြေအနေများတွင် ပါးစပ်နှင့် လည်ချောင်းတဝိုက်ရှိ ကြွက်သားများ အားနည်းသောကြောင့် တံတွေးမျိုချရခက်ပြီး သွားရည်ကျများလာသည်၊ စီပီရောဂါ (Cerebral palsy) ရှိသောကလေးများတွင် အများဆုံးတွေ့ရသည်
    • လေဖြတ်ခြင်း၊ ဦးခေါင်း ထိခိုက်ဒဏ်ရာရခြင်းနှင့် ဦးနှောက်ဖွံ့ဖြိုးမှု ပုံမမှန်ခြင်း စသည့် အခြေအနေများတွင်လည်း လည်ပင်းကြွက်သားများကို ကောင်းစွာ မထိန်းချုပ်နိုင်သောကြောင့် သွားရည်ကျ များတတ်သည်၊ တံတွေးမျိုချရမှန်းမသိသော၊ အသိဉာဏ်ဖွံ့ဖြိုးမှုအားနည်းသည့် ကလေးများတွင်လည်း သွားရည်ကျ များနိုင်သည်
    • တစ်ခါတစ်ရံ ဦးနှောက်ထိခိုက်မှုကြောင့် မဟုတ်ဘဲ အစာမျိုချခြင်းပြုလုပ်သည့် ပါးစပ်နှင့် လည်ချောင်းတဝိုက်ရှိ အင်္ဂါအစိတ်အပိုင်းများ ပုံမမှန်သော ကလေးများတွင်လည်း ဖြစ်နိုင်သည်
    • ဥပမာ_
      • လျှာကြီးခြင်း
      • မေးရိုး၊ လည်ချောင်းနှင့် သွားများ ပုံမမှန်ခြင်း
      • နှုတ်ခမ်းနှင့် အာခေါင်များ ကွဲနေခြင်း စသည့် အခြေအနေများတွင် တံတွေးမျိုချခြင်းဆိုင်ရာ ပြဿနာရှိသောကြောင့် သွားရည်ကျနိုင်သည်
  2. တံတွေး အလွန်အကျွံထွက်သောကြောင့် သွားရည်ကျခြင်း
    ဤအခြေအနေကို ပါးစပ်တွင်းပေါက်နေသော အနာများ၊ အာရုံကြောဆိုင်ရာ ရောဂါများ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများနှင့် ဆေးဝါးအချို့၏ ဘေးထွက်ဆိုးကျိုးအနေဖြင့် တွေ့ရနိုင်သည်။
ရောဂါလက္ခဏာများနှင့် နောက်ဆက်တွဲပြဿနာများ

အဓိကလက္ခဏာအုပ်စု နှစ်စုရှိသည်။

ပါးစပ်ရှေ့မှ သွားရည်များစီးကျခြင်းကြောင့် ဖြစ်သော လက္ခဏာများမှာ_

  • ပါးစပ်နှင့် မေးစေ့တဝိုက်ရှိ အရေပြားများ နီရဲခြင်း၊ ယားယံခြင်း၊ နာကျင်ခြင်း၊ ကွဲအက်ခြင်း
  • ရေဓာတ် အနည်းငယ် ခန်းခြောက်ခြင်း
  • စကားပြောဆိုရာတွင် ခက်ခဲခြင်း
  • အစားအသောက်စားချိန်တွင် ခက်ခဲခြင်း
  • အဝတ်အစားနှင့် အိပ်ယာခင်းများ စိုစွတ်နေတတ်ခြင်း
  • ပါးစပ်အနံ့ထွက်ခြင်း စသည်တို့ဖြစ်သည်။

လည်ချောင်းအနောက်ဘက်သို့ ပြန်ကျခြင်းကြောင့် တွေ့ရသော လက္ခဏာများမှာ_

  • အစာ၊ ရေ သီးခြင်း
  • ချောင်းဆိုးခြင်း
  • အော့အန်ခြင်း
  • အသက်ရှူရ ခက်ခဲခြင်း
  • ချွဲပိတ်၍ အဆုတ်ရောင်ခြင်း စသည့် လေပြွန်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ နာတာရှည်ပြဿနာများဖြစ်သည်။

ထို့ပြင် သွားရည်ကျခြင်းကို ဖြစ်စေသည့် ရောဂါအခြေအနေများ၏ လက္ခဏာများကိုလည်း ယှဥ်တွဲ၍တွေ့ရနိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက၊ အသက်လေးနှစ်ကျော်သည်အထိ သွားရည်ကျနေပါက သို့မဟုတ် ကလေးအတွက် နေ့စဥ်လုပ်ငန်းဆောင်တာများနှင့် ပြောဆိုဆက်သွယ်ရာတွင် အခက်အခဲဖြစ်လာပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

ကလေးများတွင် သွားရည်ကျခြင်းကို ရောဂါရှာဖွေရာ၌ ဆရာဝန်သည် ရောဂါရာဇဝင်ကို အသေးစိတ်မေးမြန်းခြင်းနှင့် ခန္ဓာကိုယ်ကို စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်၍ ရောဂါအကြောင်းရင်းများကို ဆုံးဖြတ်သည်။

  • ကနဦးစစ်ဆေးခြင်း
    ကလေး၏ အထွေထွေကျန်းမာရေး၊ ဖွံ့ဖြိုးမှုအခြေအနေ၊ အခြားတွဲဖက်ပါလာသော ရောဂါလက္ခဏာများနှင့် နေ့စဉ်ဘဝအပေါ် သက်ရောက်မှုများကို အဓိကထား၍ စစ်ဆေးမည်။
  • ထပ်မံလိုအပ်သော စစ်ဆေးမှုများ
    အကြောင်းရင်းကို ပိုမိုတိကျစွာသိရှိနိုင်ရန် လိုအပ်ပါက အောက်ပါစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နိုင်သည်။
    • အစာမျိုချခြင်းကို စစ်ဆေးခြင်း – အစာမျိုချခြင်းနှင့် စကားပြောခြင်းဖြစ်စဉ်တို့တွင် ပါဝင်သော ကြွက်သားများ၏ လှုပ်ရှားမှုကို စစ်ဆေးသည့် fluoroscopy ကဲ့သို့သော အထူးဓာတ်မှန်များ ရိုက်၍ ရောဂါရှာဖွေနိုင်သည်
    • ဓာတ်ခွဲစမ်းသပ်မှုများ – သွားရည်ကျခြင်းကို ဖြစ်စေနိုင်သည့် နောက်ခံရောဂါများ (ဥပမာ- ရောဂါပိုးဝင်ခြင်း သို့မဟုတ် ဟော်မုန်းဆိုင်ရာ ပြဿနာများ) ရှိမရှိ သိရှိနိုင်ရန် သွေး သို့မဟုတ် အခြားဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်နိုင်သည်

ဤစစ်ဆေးမှုများမှ ရရှိသော အချက်အလက်များပေါ် မူတည်၍ ဆရာဝန်သည် သက်ဆိုင်ရာ အထူးကုဆရာဝန်များ (ဥပမာ _ အာရုံကြောအထူးကု၊ သွားနှင့်ခံတွင်းဆိုင်ရာ ခွဲစိတ်အထူးကု) ထံသို့ လွှဲပြောင်းပေးမည်။

ကုသခြင်း

သွားရည်ကျခြင်းအတွက် ကုသမှုသည် ပြင်းထန်မှုနှင့် အကြောင်းရင်းအပေါ် မူတည်သည်။ သွားရည်ကျခြင်းသည် မပြင်းထန်ပါက ဆေးဝါးများဖြင့် ကုသရန်မလိုဘဲ အောက်ပါနည်းလမ်းများဖြင့် လျော့နည်းအောင်ပြုလုပ်နိုင်သည်။

  • သွားရည်ခံများ အသုံးပြုပေးခြင်း သို့မဟုတ် မျက်နှာသုတ်ပဝါဖြင့် သုတ်ပေးခြင်း
  • ပါးစပ်တစ်ဝိုက်ရှိ နီရဲယားယံသောနေရာများကို အပူသက်သာစေသော cream များ လိမ်းပေးခြင်း
  • ပါးစပ်အတွင်းသို့ သွားရည်စီးကျခြင်းကို ထိန်းချုပ်ရန် Oral appliance ဟုခေါ်သော ကိရိယာများကို ယာယီထည့်ပေးခြင်း
  • ကလေးများ၏ သွားနှင့်ခံတွင်းကို တစ်နေ့နှစ်ကြိမ် သွားတိုက်ပေးခြင်း
  • အစာစားပြီးတိုင်း ပလုတ်ကျင်းစေခြင်းနှင့် သွားပွတ်ကြိုး သုံးစေခြင်း
  • သွားဆရာဝန်နှင့် ပုံမှန်ပြသ၍ သွားကျောက်ခြစ်ခြင်း၊ သွားပိုးပေါက်များ ဖာခြင်း
  • ချိုသော၊ အက်ဆစ်ဓာတ်များသော အစားအစာများကို လျှော့စား၍ အာဟာရပြည့်ဝအောင် ကျွေးခြင်း စသည်တို့ဖြစ်သည်။

လေ့ကျင့်ခန်းများ
သွားရည်ကျလွန်သော ကလေးများအတွက် ပါးစပ်နှင့် လည်ပင်းရှိ ကြွက်သားများ သန်မာလာစေရန် လေ့ကျင့်ခန်းများ လုပ်ဆောင်ပေးခြင်းသည် အလွန်အရေးကြီးသည်။ ထိုလေ့ကျင့်ခန်းများသည် အစာမျိုချခြင်းနှင့် စကားပြောဆိုခြင်းကို ပိုမိုကောင်းမွန်လာစေပြီး သွားရည်ကျခြင်းကို ထိန်းချုပ်နိုင်ရန် ကူညီပေးသည်။ Speech and language therapist ကဲ့သို့သော စကားပြောနှင့် ပါးစပ်၊ လည်ချောင်းပိုင်းဆိုင်ရာလေ့ကျင့်ရေးပညာရှင်များနှင့် တိုင်ပင်၍ လေ့ကျင့်နိုင်သည်။

  • အစားအသောက် စားသုံးမှုဆိုင်ရာ လေ့ကျင့်ခန်းများ – ပါးစပ်ပိတ်၍ ဖြည်းဖြည်းမှန်မှန် အချိန်ယူဝါးစေခြင်းဖြင့် သွားရည်ကျခြင်းကို ထိန်းတတ်အောင် လေ့ကျင့်ပေးနိုင်သည်
  • ပါးစပ်ကြွက်သား လေ့ကျင့်ခန်းများ – မှန်ကြည့်၍ ပြုံးခြင်း၊ မျက်မှောင်ကြုံ့ခြင်း၊ နှုတ်ခမ်းစူခြင်း၊ “မ”၊ “ဖ”၊ “ဘ” စသည့် နှုတ်ခမ်းအသုံးပြု၍ အသံထွက်ရသည့် စကားလုံးများကို ထပ်တလဲလဲ ရွတ်ဆိုခြင်းတို့ကို လေ့ကျင့်ပေးနိုင်သည်၊ စက္ကူ သို့မဟုတ် တစ်ရှူးစကို နှုတ်ခမ်းနှစ်ခုကြား ထည့်၍ တင်းနေအောင် ဖိထားခြင်း၊ ဝီစီ သို့မဟုတ် ဘာဂျာကဲ့သို့ လေမှုတ်တူရိယာများ မှုတ်စေခြင်း၊ သောက်ရေပိုက်ဖြင့် ပျစ်သောအရည်များ (ဥပမာ _ ဒိန်ချဉ်၊ milkshake) ကို အားဖြင့် စုပ်သောက်စေခြင်းတို့ကို ပြုလုပ်နိုင်သည်
  • အပြုအမူဆိုင်ရာ လေ့ကျင့်ခန်းများ – လက်ဖြင့် ကစားရသော လှုပ်ရှားမှုများ (ဥပမာ- ဆေးခြယ်ခြင်း၊ အရုပ်ဆက်ခြင်း) ပြုလုပ်ပေးခြင်းဖြင့် ပါးစပ်ထဲ လက်ထည့်သည့် အလေ့အကျင့်မှ အာရုံပြောင်းစေနိုင်သည်၊ သွားရည်ကျတိုင်း လက်ကိုင်ပဝါ သို့မဟုတ် တစ်ရှူးဖြင့် သုတ်တတ်စေရန်လည်း လေ့ကျင့်ပေးနိုင်သည်

ဆေးဝါးများဖြင့်ကုသခြင်း
တံတွေးအထွက်များခြင်းကို လျှော့ချပေးသော anticholinergic medications များကို ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သောက်သုံးသင့်သည်။

  • သောက်ဆေးများGlycopyrrolate, Hyoscine, Trihexyphenidyl
  • ကပ်ခွာဆေးများ – နားရွက်နောက်တွင် ကပ်၍ အသုံးပြုနိုင်သော Hyoscine patch
  • လျှာအောက်ငုံဆေး – Atropine (1%)

ဆေးဝါးများကို ရေရှည်သုံးစွဲပါက ပါးစပ်ခြောက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ တံတွေးများ အလွန်ပျစ်လာ၍ အသက်ရှူလမ်းကြောင်းပိတ်နိုင်ခြင်း စသည့် ဘေးထွက်ဆိုးကျိုးများ ရှိသောကြောင့် သတိထား၍ အသုံးပြုသင့်သည်။

ဆေးထိုးခြင်းနှင့် ခွဲစိတ်ကုသခြင်း
အခြားကုသနည်းများ အောင်မြင်မှုမရပါက တံတွေးဂလင်းများအတွင်းသို့ Botox ထိုးဆေး ထိုးပေးခြင်း၊ သို့မဟုတ် တံတွေးဂလင်းအချို့ကို ခွဲစိတ်ဖယ်ရှားခြင်းဖြင့်လည်း သွားရည်ကျခြင်းကို သက်သာစေနိုင်သည်။

ကာကွယ်ခြင်း

သွားရည်ကျခြင်းကို ဖြစ်စေသောအကြောင်းရင်းများစွာ ရှိသောကြောင့် အများအားဖြင့် ကြိုတင်ကာကွယ်၍ မရပေ။

References:

  1. WebMD. (n.d.). What to know about excessive drooling in children. Retrieved July 29, 2025, from https://www.webmd.com/children/what-to-know-excessive-drooling-children
  2. The Royal Children’s Hospital Melbourne. (n.d.). Saliva control in children (SalivaBook) [PDF]. Retrieved July 29, 2025, from https://www.rch.org.au/uploadedFiles/Main/Content/plastic/salivabook.pdf#:~:text=Drooling%20%28also%20known%20as%20poor%20saliva%20control,%20%E2%80%98sialorrhoea%E2%80%99%20or%20%E2%80%98dribbling%E2%80%99%29
  3. Cleveland Clinic. (n.d.). Drooling: Definition & causes. Retrieved July 29, 2025, from https://my.clevelandclinic.org/health/symptoms/22384-drooling
  4. Healthline. (n.d.). Drooling: Causes, risk factors, and treatments. Retrieved July 29, 2025, from https://www.healthline.com/health/drooling#:~:text=In%20children,%20drooling%20is%20a%20normal%20part%20of%20development.%20But

Published: 30 August 2024

Last updated: 26 October 2025

Share

26 August 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.