Nocturnal enuresis in children (ညအိပ်ချိန်အိပ်ရာထဲတွင် ဆီးသွားခြင်း)

Nocturnal enuresis in children (ညအိပ်ချိန်အိပ်ရာထဲတွင် ဆီးသွားခြင်း)

ညအိပ်ချိန် အိပ်ရာထဲတွင် ဆီးပေါက်ချတတ်‌သော ကလေးများကို အတွေ့ရများသည်။ အချို့အထက်တန်းကျောင်းသားအရွယ်အထိ အိပ်ရာထဲ ဆီးသွားနေဆဲ ကလေးများပင်ရှိသည်။ ယောကျာ်းလေးများတွင် ပိုမိုတွေ့ရတတ်ပြီး မိဘများအနေနှင့်လည်း ရောဂါအခံတစ်ခုခုရှိနေမည်ကို စိုးရိမ်‌လေ့ရှိကြသည်။

ပုံမှန်အားဖြင့် အသက် (၅) နှစ်အောက်ကလေးများတွင် ညဘက် အိပ်ရာထဲ ဆီးထိန်းနိုင်မှု အားနည်းတတ်သည်။ (၅)နှစ် နှင့် (၆)နှစ်ကြားရောက်လျှင် ပုံမှန်အားဖြင့် တစ်လတွင် နှစ်ကြိမ်ခန့်သာ ညဘက် ဆီးပေါက်ချတတ်သည်။ (၆) နှစ်ကျော်လျှင် တစ်လတွင် တစ်ကြိမ်လောက်သာ ဖြစ်သည်အထိ လျော့နည်းသွားတတ်သည်။

NEIC IMG1
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အသက် (၆) နှစ်အထက်တွင် တစ်ပတ်အတွင်း အနည်းဆုံး နှစ်ရက်နှင့်အထက်၌ ပုံမှန်ထက်ပို၍ ဆီးပေါက်ချနေပြီး ထိုသို့ဖြစ်ခြင်းသည် သုံးလဆက်တိုက်အထိ ဖြစ်နေပါက ပုံမှန်မဟုတ်သောကြောင့် ရောဂါအကြောင်းရင်းခံ ရှာဖွေကုသရန်လိုသည်။ ညဘက်ဆီးပေါက်ချခြင်းသည် အောက်ဖော်ပြပါ အကြောင်းရင်းများကြောင့် ဖြစ်နိုင်သည်။ ညဘက် အိပ်ရာထဲတွင် ဆီးပေါက်ချသော ကလေးများကို အုပ်စုနှစ်ခု ခွဲခြားနိုင်သည်။

  1. မွေးစကတည်းကပင် တောက်လျှောက် ဆီးပေါက်ချတတ်သောအုပ်စု (Primary enuresis)
  2. ပုံမှန် အနည်းဆုံးခြောက်လခန့် ညဘက်ဆီးပေါက်မချဘဲ ဆီးထိန်းနိုင်ပြီးနောက်ပိုင်းမှ ပြန်လည်၍ လက္ခဏာများပေါ်လာသောအုပ်စု (Secondary enuresis) ဟူ၍ဖြစ်သည်။

ညဘက်အိပ်ချိန်တွင် ဆီးပေါက်ချနိုင်သော အကြောင်းရင်းများစွာရှိသည်။ သို့သော် တိကျ‌သည့် အကြောင်းရင်းကိုရှာရန် ခက်ခဲသည်။ ညဘက်ဆီးပေါက်သော ဒုတိယအုပ်စုတွင် အကြောင်းရင်းများကို ပို၍တွေ့ရသည်။

  • အချို့ကလေးများတွင် မျိုးရိုးလိုက်တတ်သည်၊ မိဘနှင့် အခြားမောင်နှမများတွင် ဖြစ်ဖူးသည့် ရာဇဝင်ရှိခဲ့လျှင် ဖြစ်နိုင်ခြေ ပိုများသည်
  • အချို့ကလေးများတွင် ADH ဟုခေါ်သော ဟော်မုန်းနှင့် ဆက်နွယ်မှုရှိသည်၊ ပုံမှန်အားဖြင့် ADH ဟော်မုန်းသည် လူကို ဆီးသွားနည်း‌စေသော အာနိသင်ရှိသည်၊ ADH ဟော်မုန်း အာနိသင်နည်း‌သော ကလေးများတွင် ဆီးပိုသွားတတ်သည်
  • ဆီးအိမ်အနေအထား အပါအ၀င် ဆီးအိမ်ကြွက်သား၏ သဘာဝနှင့်လည်း သက်ဆိုင်သည်
  • အဝလွန်ခြင်းကြောင့် ညဘက် အသက်ရှူခေတ္တရပ်တတ်သော ကလေးများနှင့် မကြာခဏ ဝမ်းချုပ်တတ်သော ကလေးများတွင်လည်း ညဘက်ဆီးပေါက်ချခြင်းမျိုး တွေ့ရတတ်သည်
  • ကဖိန်း (Caffeine) ဓာတ်များသော အစားအသောက်များကြောင့်လည်းကောင်း၊ စိုးရိမ်သောကနှင့် ပူပန်မှုများ‌ (Stress) များကြောင့်လည်းကောင်း ညဘက်ဆီးပေါက်ချတတ်သော ကလေးများလည်းရှိသည်

ထို့ပြင် ဆီးပိုသွားစေ‌သော အခြားအကြောင်းရင်းများမှာ_

  • ဆီးလမ်းကြောင်းပိုးဝင်ခြင်း
  • ကျောရိုးအာရုံကြောမကြီး ထိခိုက်ဒဏ်ရာရခြင်း
  • ဆီးချိုရောဂါရှိခြင်းစသည့် ရောဂါများကြောင့်ဖြစ်သည်။
ယှဉ်တွဲလာတတ်သောလက္ခဏာများ

ညဘက် ဆီးပေါက်ချခြင်းသည် အထက်ပါရောဂါများကြောင့် ဖြစ်ပါက ထိုရောဂါများ၏ လက္ခဏာများလည်း တွေ့ရှိနိုင်သည်။

  1. ဆီးလမ်းကြောင်းပိုးဝင်ခြင်း – နေ့ညမရွေး ဆီးမကြာခဏသွားပြီး နာကျင်ခြင်း၊ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ဆီးအရောင်ပြောင်းခြင်း
  2. ကျောရိုး အာရုံကြောမကြီး ထိခိုက်ခြင်း – ခြေထောက် ထုံကျဉ်ခြင်း၊ ဆီး၊ ဝမ်းမထိန်းနိုင်သော လက္ခဏာများရှိခြင်း
  3. ဆီးချိုရောဂါဖြစ်ခြင်း – ဆီးသွားများခြင်း၊ ရေအလွန်အမင်းသောက်ခြင်း၊ ကိုယ်အလေးချိန် ကျဆင်းသွားခြင်းစသည့် လက္ခဏာများ တွဲ၍ဖြစ်တတ်သည်။
နောက်ဆက်တွဲပြဿနာများ

အများအားဖြင့် နောက်ဆက်တွဲပြဿနာများ မရှိပါ။ ညဘက်အိပ်ရာထဲ ဆီးပေါက်သော ကလေးအများစုသည် အချိန်တစ်ခုရောက်လျှင် ပုံမှန်အခြေအနေကို ပြန်ရောက်သွားတတ်သည်။ သို့ရာတွင် ကလေးများ၌ ဤပြဿနာကြောင့် စိတ်မလုံမခြုံဖြစ်ခြင်း၊ ရှက်ရွံ့ခြင်း၊ ကိုယ့်ကိုယ်ကိုယုံကြည်မှု ကျဆင်းခြင်းများ ခံစားရနိုင်သည်။ ထို့ပြင် ကျောင်းလေ့လာရေးခရီးကဲ့သို့ ညအိပ်ခရီးသွားခြင်း၊ camp ထွက်ခြင်းစသည့် အများနှင့် ပူးတွဲဆောင်ရွက်ရသည့်လုပ်ငန်းများကို လစ်ဟင်းနိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

ညဘက် အိပ်ရာထဲဆီးသွားခြင်းအပြင် အထက်ပါရောဂါလက္ခဏာများကို သတိပြုမိပါက ကလေးကို မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

ကလေးအများစုတွင် မည်သည့်ရောဂါအခံမျှ မရှိကြောင်း အများဆုံးတွေ့ရတတ်ပြီး အသက်ကြီးလာချိန်တွင် လက္ခဏာများ တဖြည်းဖြည်း လျော့နည်း သက်သာသွားတတ်သည်။ သို့သော် ညဘက်ဆီးပေါက်ချခြင်းနှင့် ယှဥ်တွဲ၍ ရောဂါလက္ခဏာများရှိပါက ဆီးစစ်ခြင်း၊ အခြားလိုအပ်သော သွေးစစ်ဆေးမှုများနှင့် ဟော်မုန်းပမာဏများ စစ်ဆေးခြင်းကို သက်ဆိုင်ရာ မိသားစုဆရာဝန်များမှ လိုအပ်သလို စစ်ဆေးနိုင်သည်။ အထူးသဖြင့် Secondary enuresis ရှိသောအုပ်စုတွင် အကြောင်းရင်းများကို အများဆုံး ရှာဖွေတွေ့ရှိနိုင်သည်။

ညအိပ်ချိန် အိပ်ရာထဲ၌ ဆီးသွားခြင်းနှင့် ဆက်စပ်နေသော ညအိပ်ချိန် အိပ်ရာထဲ၌ ဆီးသွားခြင်းနှင့် ဆက်စပ်နေသော ဟော်မုန်းများပရိုတင်းများနှင့် အခြားဓာတုဗေဒဆိုင်ရာပစ္စည်း (Biomarkers – Copeptin, Corticotropin-releasing factor) များ၏ ပမာဏကို ဆီး သို့မဟုတ် သွေးမှတစ်ဆင့် တိုင်းတာနိုင်ရန် သုတေသနများ ဆက်လက်လုပ်ဆောင်နေသည်။ ရောဂါ၏ အကြောင်းရင်းကို ပိုမိုတိကျစွာ ခွဲခြားနိုင်ပြီး ပစ်မှတ်ထားကုသမှုများ (Targeted therapy) တိုးတက်လာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။

ကုသခြင်းနှင့် ကာကွယ်ခြင်း

ညအိပ်ချိန်တွင် ဆီးပေါက်ခြင်းကို ဖြစ်စေသည့် အကြောင်းရင်းကို တွေ့ရှိပါက ရောဂါအလိုက် ကုသမှုများ ပေးရသည်။ အကယ်၍ အကြောင်းရင်းကို ရှာမတွေ့ပါက အမူအကျင့်၊ အစားအသောက်နှင့် စိတ်ပိုင်းဆိုင်ရာကုထုံးများဖြင့် ကုသနိုင်ပြီး လိုအပ်ပါက ဆေးဝါးများဖြင့်လည်း ကုသရသည်။

  1. အမူအကျင့်နှင့် အစားအသောက်ဆိုင်ရာ ကုထုံးများ
    ဤနည်းလမ်းများသည် ဘေးထွက်ဆိုးကျိုးနည်းပြီး အခြေခံကျသော ကုသမှုများဖြစ်သည်။
    • ညနေပိုင်း အရည်နှင့် အငန်ဓာတ် လျှော့ချခြင်း
      • ညအိပ်ရာမဝင်မီ ရေအပါအဝင် အရည်များများ သောက်သုံးခြင်းကို လျှော့ချရမည်
      • ကော်ဖီ၊ လက်ဖက်ရည်နှင့် အချိုရည်များသည် ဆီးပိုသွားစေသောကြောင့် ရှောင်သင့်သည်
    • ဆီးသွားချိန် လေ့ကျင့်ပေးခြင်း
      • ကလေးကို နေ့ခင်းဘက်တွင် ပုံမှန် (၂) နာရီ သို့မဟုတ် (၃) နာရီတစ်ကြိမ် ဆီးသွားစေပြီး၊ ညအိပ်ရာမဝင်မီ တစ်ကြိမ် ထပ်မံသွားစေရန် လေ့ကျင့်ပေးရမည်
    • ညလယ်တွင် ဆီးသွားရန် နှိုးပေးခြင်း
      • လိုအပ်ပါက ညလယ်တွင် တစ်ကြိမ်နှိုး၍ ဆီးသွားခိုင်းနိုင်သည်၊ သို့သော် ကလေး အိပ်ရေးမပျက်စေရန် တစ်ကြိမ်ထက်ပို၍ မနှိုးသင့်ပေ
      • ထိုသို့ပြုလုပ်ပေးခြင်းသည် ကလေးအတွက် အကျိုးရှိမှသာ (နောက်နေ့မနက်တွင် ကလေး အိပ်ငိုက်ခြင်းများ မရှိမှသာ) နောက်ရက်များတွင် ဆက်တိုက်လုပ်ဆောင်ပေးပါ
    • ဆုပေးစနစ် (Reward System)
      • ညဘက်တွင် ဆီးမပေါက်သည့်အခါ ချီးကျူးပေးခြင်း သို့မဟုတ် စတစ်ကာကပ်ခြင်းကဲ့သို့သော နည်းလမ်းများဖြင့် ကလေးကို စိတ်အားတက်ကြွစေပြီး မိမိကိုယ်ကိုယ် ယုံကြည်မှု တိုးစေနိုင်သည်
      • ညဘက် ဆီးပေါက်မချသည့်အတွက် ကလေး၏ စိတ်ချမ်းသာပျော်ရွှင်မှုနှင့် မိမိကိုယ်မိမိ ယုံကြည်မှုတို့ရှိလာ‌စေရန် လုပ်ဆောင်ပေးနိုင်သည်
      • ဥပမာ_ နေပူ၊ မိုးရွာပုံစံ စတစ်ကာလေးများကို ဆောင်ထားပြီး ညဘက်အိပ်ရာထဲ ဆီးပေါက်မချသည့်ရက်များတွင် မနက်ခင်း အိပ်ရာနိုးချိန်၌ နေပူစတစ်ကာ ကပ်စေပြီး၊ ဆီးပေါက်ချသည့်ရက်တွင်မူ မိုးရွာစတစ်ကာဟူ၍ သတ်မှတ်ကပ်စေခြင်း သို့မဟုတ် အရောင်ခြယ်စေခြင်းတို့ကို ပြုလုပ်နိုင်သည်၊ နေပူစတစ်ကာများကို ပြန်ကြည့်ရင်း ကလေးသည် ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးတက်လာပြီး ညဘက်ဆီးကို ပိုထိန်းလာနိုင်သည်၊ စတစ်ကာပုံလေးများ အတိုင်းအတာတစ်ခုထိ ရလာလျှင် ကလေးကို ဆုချပေးပါ
      • နောက်တစ်နည်းအနေဖြင့် အစက်ကလေးများဆက်ပြီး ပုံဆွဲနည်းကို အသုံးပြုခြင်း ဖြစ်သည်၊ ကလေး ညဘက်ဆီးပေါက်မချသော ရက်အတွက် အရုပ်ပုံတွင် အစက်နှစ်ခုကို ဆက်ခွင့်ပေးပါ၊ တဖြည်းဖြည်း ဆီးပေါက်မချသောညများ တိုးလာသည်နှင့်အမျှ နောက်ဆုံး ရုပ်ပုံတစ်ခုလုံး ပုံပေါ်လာပြီဆိုလျှင် ကလေးကို ဆုချပေးပါ
    • တာဝန်ယူမှု သင်ကြားပေးခြင်း
      • အသက်အရွယ်အလိုက် သင့်တော်သည့် အိပ်ရာခင်းများ သို့မဟုတ် အဝတ်များကို ကလေးကိုယ်တိုင် ပြန်လည်သန့်ရှင်းစေခြင်းဖြင့် တာဝန်ယူစိတ်ကို မွေးမြူပေးနိုင်သည်
  2. နည်းပညာအခြေပြု ကုထုံးများ
    • ဆီးသွားချိန် အချက်ပေးနိုင်သော နှိုးစက်များ (Enuresis Alarms)
      • ကလေးအိပ်ရာထဲတွင် ဆီးစတင်သွားသည်နှင့် ချက်ချင်းအချက်ပေးသံမြည်သော နှိုးစက်များကို ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် သုံးစွဲနိုင်သည်
      • အချက်ပေးသံကြောင့် ကလေးသည် နိုးလာပြီး ဆီးပေါက်ချနေသည်ကို သိရှိကာ အိမ်သာသို့ ချက်ချင်းထသွားရန် အလေ့အကျင့်ဖြစ်စေသည်
      • နောက်ပိုင်း ထွက်ရှိလာသော နှိုးစက်များသည် ကြိုးမဲ့စနစ်ဖြင့် အသုံးပြုနိုင်ပြီး မိုဘိုင်းအက်ပလီကေးရှင်းများ (Mobile apps) ဖြင့်လည်း အသုံးပြုနိုင်သောကြောင့် ပိုမိုထိရောက်မှုရှိပြီး မိဘများအတွက်လည်း ကလေး၏တိုးတက်မှုကို မှတ်တမ်းတင်နိုင်ရန် ကူညီပေးသည်
  3. ဆေးဝါးဖြင့် ကုသခြင်း
    အခြားနည်းလမ်းများဖြင့် မသက်သာပါက ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် ဆေးဝါးများသုံးစွဲရသည်။
    • ဟော်မုန်းဆေးများ – ADH (Antidiuretic Hormone)
      ဟော်မုန်း အာနိသင်နည်းနေသည့် ကလေးများအတွက် Desmopressin ကဲ့သို့သော ဆေးဝါးများကို သုံးစွဲနိုင်သည်၊ ၎င်းဆေးသည် ညဘက်ဆီးပမာဏကို လျှော့ချပေးပြီး ထိရောက်မှုရှိသည်။
    • အခြားဆေးဝါးများ
      ဆီးအိမ်၏ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေသည့် ဆေးဝါးများကိုလည်း လိုအပ်သလို အသုံးပြုနိုင်သည်၊ သို့သော် ကလေးတစ်ဦးနှင့်တစ်ဦး ဆေးပမာဏနှင့် အာနိသင်ကြာမြင့်ချိန် မတူညီသောကြောင့် ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သောက်သုံးရန် အရေးကြီးသည်။

References:

  1. Cleveland Clinic. (2023). Bedwetting (nocturnal enuresis). Retrieved August 1, 2025, from https://my.clevelandclinic.org/health/diseases/15075-bedwetting
  2. ERIC – The Children’s Bowel & Bladder Charity. (2022). Bedwetting – reasons and how to stop it. https://eric.org.uk/childrens-bladders/bedwetting/
  3. Mayo Clinic. (n.d.). Bed-wetting — Diagnosis & treatment. Retrieved August 1, 2025, from https://www.mayoclinic.org/diseases-conditions/bed-wetting/diagnosis-treatment/drc-20366711
  4. National Clinical Guideline Centre (UK). (2010). Nocturnal enuresis: The management of bedwetting in children and young people. Royal College of Physicians (UK). https://pubmed.ncbi.nlm.nih.gov/22031959/
  5. National Institute for Health and Care Excellence. (2010). Bedwetting in under 19s (Clinical guideline CG111). https://www.nice.org.uk/guidance/cg111
  6. The Royal Children’s Hospital Melbourne. (n.d.). Clinical practice guidelines: Enuresis — Bed wetting and monosymptomatic enuresis. Retrieved August 1, 2025, from https://www.rch.org.au/clinicalguide/guideline_index/Enuresis_-_Bed_wetting_and_Monosymptomatic_Enuresis/
  7. The Royal Children’s Hospital Melbourne. (n.d.). Bedwetting (Kids Health Info Fact Sheet). Retrieved August 1, 2025, from https://www.rch.org.au/kidsinfo/fact_sheets/bedwetting/

Published: 30 August 2024

Last updated: 26 October 2025

Share

26 August 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.