ကြို့ထိုးခြင်းသည် စိတ်အနှောက်အယှက်ဖြစ်စရာ ပြဿနာတစ်ခု ဖြစ်သည်။ အစာလျင်မြန်စွာ စားခြင်း (သို့မဟုတ်) ရေသောက်ခြင်း၊ ဂတ်စ်ပါသောအရည်များ သောက်မိပါက ရုတ်တရက်ကြို့ထိုးခြင်း ဖြစ်နိုင်သည်။ ကြို့ထိုးခြင်းများသည် များသောအားဖြင့် ကုသမှုမလိုဘဲ သူ့အလိုလိုပျောက်သွားတတ်သည်။ သို့သော် အချို့သော ဆေးဘက်ဆိုင်ရာအခြေအနေများ၊ ဆေးဝါးများနှင့် ခွဲစိတ်ကုသမှုများသည် ကြာရှည်စွာကြို့ထိုးခြင်းကို ဖြစ်စေနိုင်သည်။ ထိုသို့သော အခြေအနေမျိုးတွင် ကြို့ထိုးခြင်းကို ဖြစ်စေသော အကြောင်းရင်းခံကို စနစ်တကျ ရှာဖွေ ကုသဖယ်ရှားရန် လိုအပ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ကြို့ထိုးခြင်းသည် ခန္ဓာကိုယ်အတွင်းရှိ ရင်ဝမ်းခေါင်းခြား ကြွက်သား (diaphragm)သည် ၎င်းကြွက်သားရှိ အာရုံကြောများ လှုံ့ဆော်ခံရမှုကြောင့် ကြွက်သား ဆက်တိုက်လှုပ်ရှားသောအခါ ပါးစပ်မှ “ဟစ်” “ဟစ်” ဖြင့် အသံမြည်ခြင်း ဖြစ်သည်။
ခဏတာ ကြို့ထိုးခြင်းနှင့် ကာလရှည် ကြို့ထိုးခြင်း ဟူ၍ (၂) မျိုး ပိုင်းခြားထားသည်။
ခဏတာ ကြို့ထိုးခြင်း (Transient Hiccough)
- အစာကို လျင်မြန်စွာစားခြင်း သို့မဟုတ် အစာကို အများအပြား ပြည့်အင့်အောင် စားခြင်း
- အလွန်အေးသော၊ ပူသော၊ စပ်သော အစားအစာများကိုစားခြင်း
- လေများ မြိုချခြင်း (aerophagia)
- ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် ဆေးခြောက်များ သုံးစွဲခြင်း
- ဂတ်စ်ပါသော ဖျော်ရည်များ သောက်ခြင်း
- အရက်ပါဝင်သော အဖျော်ယမကာများ သောက်ခြင်း စသည်တို့ကြောင့် ဖြစ်နိုင်သည်။
ကာလရှည် ကြို့ထိုးခြင်း (Persistent Hiccough)
- အစာအိမ်အူလမ်းကြောင်းရောဂါများ
- ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါများ (ဥပမာ – လေဖြတ်ခြင်း၊ ပါကင်ဆန်ရောဂါ)
- အဆုတ်ရောဂါများ (နမိုးနီးယား အဆုတ်ရောင်ရောဂါ၊ အဆုတ်အမြှေးရောင်ခြင်း)
- အလုံးအကျိတ် ကင်ဆာရောဂါများ
- ခန္ဓာကိုယ် အာရုံကြောအချက်ပြမှုများကို အနှောင့်အယှက်ပေးသော ရောဂါများ
- အာရုံကြောကို သက်ရောက်စေသော ဗိုင်းရပ်စ်ရောဂါများ (ရာသီတုပ်ကွေးရောဂါ၊ ရေယုန်ရောဂါ) စသည်တို့ကြောင့် ဖြစ်နိုင်သည်။
ယှဉ်တွဲလာတတ်သောလက္ခဏာများ
ကြို့ထိုးသည့်အခါတွင် ပါးစပ်မှ တဟစ်ဟစ်ဖြင့် အသံမြည်ခြင်းသာ ရှိပါသည်။ ကြို့ထိုးခြင်းကို ဖြစ်စေသော အကြောင်းရင်း၏ လက္ခဏာများကိုလည်းတွဲတွေ့နိုင်ပါသည်။
နောက်ဆက်တွဲပြဿနာများ
ဆိုးရွားကြာရှည်သော ကြို့ထိုးခြင်းများကြောင့်
- အသက်ရှူရခက်ခဲခြင်း
- အစာမျိုရခက်ခဲခြင်း
- စကားပြောရခက်ခဲခြင်း
- အဆက်မပြတ် ကြို့ထိုးနေရသဖြင့် ပင်ပန်းနွမ်းနယ်ခြင်း
- ကြို့ထိုးနေရသဖြင့် အိပ်မပျော်ခြင်း၊ အိပ်၍မရခြင်း
- ကိုယ်အလေးချိန် ကျဆင်းခြင်း တို့ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အကယ်၍ နှစ်ရက်ထက် ပိုကြာမြင့်အောင် ကြို့ထိုးနေလျှင် မိမိ၏ မိသားစုဆရာဝန်နှင့် တိုင်ပင်ပြသပါ။ နောက်ဆက်တွဲပြဿနာများ ခံစားရပါက နီးစပ်ရာ အရေးပေါ်ဌာနသို့ အမြန်ဆုံး သွားရောက်ပြသပါ။
ရောဂါရှာဖွေခြင်း
ကာလရှည်ကြို့ထိုးခြင်း ရောဂါလက္ခဏာများ ဖြစ်ပေါ်ခံစားနေရပါက နောက်ခံရောဂါများကို ရှာဖွေစစ်ဆေးရမည်။ မိသားစုဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း၊ လူနာအား စမ်းသပ်စစ်ဆေးခြင်းနှင့် နောက်ဆက်တွဲ ပြဿနာအခြေအနေများကို သိနိုင်ရန် သွေးစစ်ခြင်း၊ အစာအိမ်မှန်ပြောင်းကြည့်ခြင်း၊ ကွန်ပြူတာဓာတ်မှန်၊ သံလိုက်ဓာတ်မှန်နှင့် အခြားလိုအပ်သော စစ်ဆေးမှုများ ပြုလုပ်နိုင်သည်။
ကုသခြင်း
ကြို့ထိုးခြင်းများသည် များသောအားဖြင့် ကုသစရာမလိုဘဲ သူ့အလိုလို ပျောက်သွားတတ်သည်။ ခဏတာကြို့ထိုးခြင်း ဖြစ်ပေါ်လာပါက အောက်ပါနည်းလမ်းများမှ အဆင်ပြေရာ နည်းလမ်းတစ်ခုခုကို အသုံးပြု၍ ကြို့ထိုးခြင်း သက်သာပျောက်ကင်းအောင် ဆောင်ရွက်နိုင်ပါသည်။
- ခေတ္တမျှ အသက်ရှူ အောင့်ပါ။
- သင့်မျက်လုံးကိုမှိတ်၍ မျက်လုံးပေါ်မှ လက်ဖြင့် ညင်သာစွာ နှိပ်ပါ။
- လျှာကိုထုတ်ပါ။
- သံပုရာသီးတစ်လုံးကို ကိုက်လိုက်ပါ။
- စက္ကူအိတ် (ပလပ်စတစ်အိတ် မဟုတ်) ထဲသို့ လေရှူသွင်း ရှူထုတ်လုပ်ပါ။
- သကြားတစ်ဇွန်း မျိုချပါ။
- ရေခဲရေ အေးအေးသောက်ပါ သို့မဟုတ် ရေအေးဖြင့် ပလုတ်ကျင်းပေးပါ။
ကာလရှည် ကြို့ထိုးခြင်းအတွက် မဖြစ်မနေ ဆေးဝါးကုသမှု ခံယူရန်လိုအပ်သည်။
ကာကွယ်ခြင်း
ကြို့ထိုးခြင်း မဖြစ်စေရန်အတွက် အောက်ပါနည်းလမ်းများကို အသုံးပြု၍ ကာကွယ်နိုင်ပါသည်။
- အစာကို အလုတ်သေးသေးစားပါ
- အစာကို ကြေညက်အောင် အချိန်ပေး၍ ဖြည်းညင်းစွာ ဝါးစားပါ
- အလွန်အေးသော၊ ပူသော၊ စပ်သော အစားအစာများကို ရှောင်ပါ
- ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် ဆေးခြောက်များ ရှောင်ပါ
- ဂတ်စ်ပါသော၊ အရက်ပါသော ဖျော်ရည်များ ရှောင်ပါ
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.