ကလေးများတွင် လေထိုးလေအောင့်ခြင်း၊ ဗိုက်အောင့်ဗိုက်နာခြင်း စသည့်လက္ခဏာများသည် အလွန်အတွေ့ရများပြီး ဆေးရုံ၊ ဆေးခန်းများသို့လည်း မကြာခဏပြသရသည်။ သို့ရာတွင် ဗိုက်နာသော ကလေးအများစုသည် အလိုလိုပြန်သက်သာသွားလေ့ရှိကြသည်။ ဗိုက်အောင့်ဗိုက်နာခြင်းတစ်မျိုးတည်းသာ ဖြစ်လေ့ရှိသလို တစ်ခါတစ်ရံ အခြားလက္ခဏာများ (ဥပမာ_ဖျားခြင်း၊ အန်ခြင်း၊ ဝမ်းပျက်ခြင်း) စသည်တို့နှင့်လည်း တွဲ၍တွေ့ရတတ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ကလေးများ ဗိုက်နာစေသော အကြောင်းရင်းများကို အောက်ပါအတိုင်း သုံးမျိုးခွဲခြားထားနိုင်သည်။
- ဝမ်းဗိုက်အတွင်းရှိအင်္ဂါများ (ဥပမာ_အသည်း၊ အစာအိမ်၊ အူလမ်းကြောင်း) ၏ ရောဂါများ
- အစာအိမ်နှင့်အူလမ်းကြောင်းတစ်လျှောက် ရောင်ရမ်းခြင်း၊ ပိုးဝင်ခြင်း၊ အနာဖြစ်ခြင်း
- အူအတက်ရောင်ခြင်း၊ အူပိတ်ခြင်းနှင့် အူခေါက်ခြင်း
- ဝမ်းချုပ်ခြင်း၊ ဝမ်းပျက် ဝမ်းလျှောခြင်း၊ ဝမ်းကိုက်ခြင်း၊ သန်ထိုးခြင်း
- အစားမှားခြင်း၊ အစာအဆိပ်သင့်ခြင်း၊ အစာနှင့် ဓာတ်မတည့်ခြင်း
- ဗိုင်းရပ်စ်ပိုးများကြောင့် ဝမ်းဗိုက်တွင်းအကျိတ်ငယ်လေးများ ရောင်ရမ်းခြင်း
- ပဋိဇီဝပိုးသတ်ဆေးများကြောင့် ဗိုက်နာခြင်း
- အသည်း၊ သည်းခြေ၊ ပန်ကရိယ၊ ကျောက်ကပ်စသည့် ကိုယ်တွင်းအင်္ဂါများရောင်ရမ်းခြင်း
- ကျောက်ကပ် ကျောက်တည်ခြင်း
- ဆီးလမ်းကြောင်း ပိုးဝင်ခြင်း
- အပျိုဖေါ် ဝင်ခါစအရွယ် မိန်းကလေးများတွင် ရာသီလာစဥ် နာကျင်ခြင်း၊ သားဥအိမ် အရည်အိတ်တည်ခြင်း စသည့်အမျိုးသမီးရောဂါများ
- စားစရာမဟုတ်သော အန္တရာယ်ရှိနိုင်သည့် ပြင်ပအရာဝတ္ထုများကို မျိုချမိခြင်း (ဥပမာ _ ဘက်ထရီတုံးလေးများ၊ ဓာတ်ခဲများ၊ အကြွေစေ့များစသည်)
- ဝမ်းဗိုက်ထိခိုက်ဒဏ်ရာရခြင်းအပြင်
- တစ်ခါတစ်ရံ ဝမ်းဗိုက်အတွင်းရှိ အကျိတ်ကင်ဆာများ (ဥပမာ _ Neuroblastoma, Wilms tumour) များကြောင့်လည်း ဗိုက်နာနိုင်သည်။
- ဝမ်းဗိုက်ပြင်ပမှ ရောဂါများ
- အဆုတ်ရောင်ခြင်း (Pneumonia)
- ဆီးချိုဆိပ်တက်ခြင်း (Diabetic Ketoacidosis)
- ခဲဆိပ်သင့်ခြင်း (Lead poisoning)
- သွေးကြောငယ်များ ရောင်ရမ်းသော ဟီးနော့ရှောလိုင်း သွေးကြောရောင်ရောဂါ (HSP)
- ခေါင်းတစ်ခြမ်းကိုက်ခြင်း (Migraine) နှင့်
- တင်ပါးဆုံရိုးတွင်ဖြစ်သော ရောဂါအခြေအနေများကြောင့်အပြင် အခြားရှားပါးသော ရောဂါများကြောင့်လည်း ဖြစ်နိုင်သည်။
- အကြောင်းရင်း ရှာမရသောဗိုက်နာခြင်းများ (Non-specific or Functional abdominal pain)
အထက်ပါအကြောင်းရင်းရှာမရသော ဗိုက်နာရောဂါကို အသက် (၃) နှစ်အထက်ကလေးများတွင် တွေ့ရတတ်သည်။ အနည်းဆုံး (၃) လခန့် နာလိုက်ပျောက်လိုက် ဖြစ်နေတတ်သည်။ ထိုကလေးများတွင် ပုံမှန်ကြီးထွားမှု ရှိနေပြီး အစားအသောက်ပျက်ခြင်း၊ ကိုယ်အလေးချိန် ကျဆင်းခြင်းများ မရှိပါ။ စမ်းသပ်စစ်ဆေးမှုများ အားလုံးပုံမှန်ဖြစ်လေ့ရှိပြီး စိုးရိမ်သောကများသော ကလေးများတွင် ပိုမိုတွေ့ရသည်။
အထက်ပါအကြောင်းရင်းများစွာအနက် အချို့ရောဂါများ (ဥပမာ _ အူအတက်ရောင်ခြင်း၊ အူပိတ်ခြင်း နှင့် အူခေါက်ခြင်း) စသည်တို့သည် အရေးပေါ်ခွဲစိတ်ကုသရန် လိုအပ်သည်။
ယှဉ်တွဲလာတတ်သော လက္ခဏာများ
ကလေးများတွင် ဗိုက်နာခြင်းသာမက အခြားအရေးကြီးလက္ခဏာများ တွဲ၍ပေါ်လာပါက ဆေးရုံ၊ ဆေးခန်းများသို့ ချက်ချင်း ပြသသင့်သည်။ သတိထားသင့်သည့် အရေးကြီးလက္ခဏာများမှာ_
- နာကျင်မှု အလွန်ပြင်းထန်သောကြောင့် ပုံမှန်အမူအရာမျိုးမဟုတ်ဘဲ အလွန်ငြိမ်နေခြင်း သို့မဟုတ် အော်ဟစ်လူးလှိမ့်နေခြင်း၊ ဖြူဖပ်ဖြူရော်ဖြစ်နေပြီး ချွေးစေးပြန်နေခြင်း၊ ဝမ်းဗိုက်ကို အထိမခံနိုင်အောင်နာခြင်း
- ဗိုက်နာသောနေရာသည် ချက်ပတ်ပတ်လည်မဟုတ်ဘဲ ချက်နှင့်ဝေးရာနေရာမျိုးတွင် ပြင်းထန်စွာ နာနေခြင်း
- အဖျားကြီးခြင်း
- အစာ၊ အရည် မဝင်ခြင်း၊ ဆီးသွားသည့် အကြိမ် သိသိသာသာနည်းခြင်း
- အဆက်မပြတ် အန်ခြင်း
- ဝမ်းထဲ သွေးပါခြင်း
- ဝမ်းဗိုက်ဖောင်း၍ ရောင်ရမ်းခြင်း
- လတ်တလော ဝမ်းဗိုက်နှင့် ကိုယ်ခန္ဓာကို ထိခိုက်ထားမိခြင်း
- အဆစ်များရောင်ခြင်း၊ အနီစက်၊ အနီကွက်များ ထွက်ခြင်း စသည်တို့ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
ဗိုက်နာသောကလေးအများစုသည် နာရီပိုင်းအတွင်း အလိုအလျောက် သက်သာသွားတတ်သောကြောင့် ဆေးရုံ၊ ဆေးခန်း ပြသရန်မလိုတတ်ပါ။ သို့သော် အရေးကြီးလက္ခဏာများ ပေါ်လာလျှင်ဖြစ်စေ၊ ဗိုက်နာသည့် အချိန်ကာလသည် (၂၄) နာရီကျော်လာလျှင်ဖြစ်စေ၊ ကလေးအခြေအနေကို စိုးရိမ်လျှင်ဖြစ်စေ၊ လိုအပ်ပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
အထက်တွင်ဖော်ပြထားသော အရေးကြီးလက္ခဏာများရှိလာပါက အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အရေးပေါ် ဆေးကုသမှု သို့မဟုတ် ခွဲစိတ်ကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ ကုသမှုခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
ကလေးအများစုသည် အလိုအလျောက် သက်သာပျောက်ကင်းတတ်သောကြောင့် ရောဂါရှာဖွေရန်၊ ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်ရန် များသောအားဖြင့် မလိုအပ်ပေ။ သို့သော် အခြားလက္ခဏာများပါ တွဲ၍ရှိနေပါက ရောဂါအနေအထားပေါ် မူတည်၍ ဆရာဝန်မှ_
- သွေးကို ဓာတ်ခွဲစစ်ဆေးခြင်း
- အသည်းနှင့် ကျောက်ကပ်ဓာတ်များ စစ်ဆေးခြင်း
- ဆီးစစ်ခြင်း၊ ဝမ်းစစ်ခြင်း
- ဝမ်းဗိုက်ဓာတ်မှန်၊ အာထရာဆောင်း (USG)၊ ကွန်ပျူတာဓာတ်မှန် (CT Scan) များ ရိုက်ခြင်းတို့ကို ပြုလုပ်နိုင်သည်။
ကုသခြင်း
ဗိုက်နာခြင်းဖြစ်စေသော အကြောင်းရင်းကို ရှာဖွေတွေ့ရှိပါက ပျောက်ကင်းသက်သာစေရန် သက်ဆိုင်သော ကုသမှုများ လိုအပ်သည်။ ပြင်းထန်ခြင်းမရှိသော၊ အကြောင်းရင်းရှာမရသော ဗိုက်နာခြင်းများအတွက် အိမ်၌ပင် ပြုစုစောင့်ရှောက်နိုင်သည်။
လိုက်နာသင့်သောအချက်များမှာ_
- အရည်များများ တိုက်ပေးပါ၊ ရေဓာတ်ခန်းခြောက်ခြင်းသည် ဗိုက်နာခြင်းကို ပိုမိုဆိုးရွားစေနိုင်သည်
- ကလေးကို အဆာမခံစေဘဲ အစားအသောက်ပုံမှန် ကျွေးပေးပါ၊ သန့်ရှင်းလတ်ဆတ်သော အစားအစာများသာ ကျွေးပေးပါ၊ အထူးသဖြင့် ထမင်းပျော့ပျော့၊ ပေါင်မုန့်၊ ကိတ်မုန့် စသည်တို့ကို ကျွေးပါ၊ တပြိုင်နက် အများကြီး မစားစေဘဲ ပမာဏနည်းနည်းနှင့် မကြာခဏ ကျွေးပေးပါ
- ဗိုက်နာနေသော ကလေးများအား အဆီအစိမ့်များလွန်းသော အစားအစာများ၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊ ကော်ဖီကဲ့သို့ ကဖိန်းဓာတ်ပါသော သောက်စရာများ၊ ဂတ်စ်ပါသောအချိုရည်များ လျှော့ကျွေး၊ လျှော့တိုက်ပေးပါ
- ကလေးကို အနားပေးပါ၊ ဗိုက်နာနေစဥ်အတွင်း ပြင်းထန်သော ကိုယ်လက်လှုပ်ရှား အားကစားများ ပြုလုပ်ခြင်း၊ စိတ်ဖိစီးမှုများသော အလုပ်များ ပြုလုပ်ခြင်းကို လျှော့ပေးပါ
- ကလေးကို ဝမ်းချုပ်မခံပါနှင့်၊ ပုံမှန်ဝမ်းသွားစေသောအကျင့်ကို ပြုစုပျိုးထောင်ပေးပါ၊ ဝမ်းအလွန်ချုပ်လျှင် ရေများများ တိုက်ပေးခြင်း၊ အမျှင်ဓာတ်ပါသော အစားအစာများကို ကျွေးပေးခြင်းတို့အပြင် ဝမ်းပျော့ဆေးများကိုလည်း ဆရာဝန် ညွှန်ကြားချက်ဖြင့် တိုက်ပေးနိုင်သည်
- အသက် (၂) နှစ်နှင့်အထက် ကလေးများတွင် သန်ထခြင်းကို ကာကွယ်ကုသရန် သန်ချဆေးကိုလည်း (၆) လ သို့မဟုတ် တစ်နှစ်လျှင် တစ်ကြိမ် တိုက်ပေးရန် လိုအပ်သည်
- ဗိုက်နာနေချိန်တွင် ကလေးဝမ်းဗိုက်ကို ဖွဖွ ပွတ်သပ်ပေးခြင်းမျိုး ပြုလုပ်ပေးနိုင်သည်၊ (သို့သော် နှိပ်နယ်ခြင်း မပြုရ) ခပ်နွေးနွေး ရေနွေးအိတ် သို့မဟုတ် ရေနွေးအဝတ်လေးကို ဝမ်းဗိုက်ပေါ် ကပ်ပေးခြင်း၊ ကလေးအား အာရုံပြောင်းပေး၍ စာအုပ်လေးများ ဖတ်ပြခြင်း၊ အရုပ်များနှင့် ဆော့ကစားစေခြင်း စသည်တို့ကို ပြုလုပ်ပေးပါ
- ဗိုက်နာနေချိန်တွင် အဖျားရှိပါက သို့မဟုတ် မအီမသာဖြစ်ခြင်းများ ရှိပါက ပါရာစီတမော တိုက်ပေးပါ
- ဗိုက်အောင့်ဗိုက်နာခြင်း မကြာခဏဖြစ်နေသော ကလေးအချို့တွင်မူ အပြုအမူဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကုထုံးများကို ခံယူရန်လည်း လိုအပ်တတ်သည်
ကာကွယ်ခြင်း
ဗိုက်အောင့်ဗိုက်နာခြင်းကို ဖြစ်စေသောအကြောင်းရင်းများစွာရှိသောကြောင့် ကြိုတင်ကာကွယ်ရန် မဖြစ်နိုင်ပေ။ သို့သော် တစ်ကိုယ်ရေသန့်ရှင်းရေး ကောင်းမွန်စွာ ထိန်းသိမ်းခြင်း၊ အစားအသောက်သန့်ရှင်းရေးကို ဂရုစိုက်ခြင်းနှင့် ရောဂါပိုးကူးစက်မှုမှ ကာကွယ်ခြင်းဖြင့် ဗိုက်နာခြင်းအချို့ကို လျှော့ချနိုင်သည်။
ဆက်လက်ဖတ်ရှုရန်
References:
- Royal Children’s Hospital Melbourne. (2024). Clinical practice guideline: Abdominal pain — acute. Retrieved July 30, 2025, from https://www.rch.org.au/clinicalguide/guideline_index/Abdominal_pain_-_acute/
- Mayo Clinic. (n.d.). Abdominal pain — causes. Retrieved July 30, 2025, from https://www.mayoclinic.org/symptoms/abdominal-pain/basics/causes/sym-20050728
- Mayo Clinic. (n.d.). Abdominal pain in children [Symptom Checker]. Retrieved July 30, 2025, from https://www.mayoclinic.org/symptom-checker/abdominal-pain-in-children-child/related-factors/itt-20009075
- MedlinePlus. (n.d.). Abdominal pain. Retrieved July 30, 2025, from https://medlineplus.gov/ency/article/007504.htm
Published: 30 August 2024
Last updated: 22 October 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.