Neck pain (လည်ပင်းဇက်ကြောနာခြင်း)

Neck pain (လည်ပင်းဇက်ကြောနာခြင်း)

လည်ပင်းဇက်ကြောနာခြင်းသည် နေထိုင်ပုံ၊ အလုပ်လုပ်ပုံအနေအထား၊ အာရုံစူးစိုက်ခြင်း၊ အိပ်စက်ပုံ မူမမှန်ခြင်းများကြောင့် အဖြစ်များသည်။ အချို့တွင် ရက်ပိုင်းမျှသာခံစားရသော်လည်း အချို့တွင် ကာလတာရှည် ခံစားရနိုင်သည်။ လည်ပင်းဇက်ကြောနာခြင်းသည် သာမန်ကြွက်သားနာကျင်မှုမှသည် လည်ပင်းအရိုးဆစ်များအတွင်း ပြင်းထန်သည့်ရောဂါများအထိ ဖြစ်နိုင်သဖြင့် အချိန်တစ်ခုအတွင်း သက်သာမှုမရှိပါက ဆရာဝန်နှင့် ပြသရန်လိုသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ
  • ကြွက်သားဝန်ပိခြင်း၊ တင်းခြင်း _ အဖြစ်အများဆုံးအကြောင်းရင်းဖြစ်သည်
    • ခန္ဓာကိုယ်အနေအထားမမှန်ခြင်း
    • ကြာရှည် ခေါင်းငုံ့အာရုံစိုက်ခြင်း (ကွန်ပျူတာ၊ ဖုန်းကြည့်ခြင်း၊ စာဖတ်ခြင်း)
    • ခေါင်းအုံး မြင့်လွန်း၊ နိမ့်လွန်းခြင်း
  • လည်ပင်းလှုပ်ရှားမှုများသည့် အားကစားလုပ်ခြင်း
  • ထိခိုက်ဒဏ်ရာ _ လည်ပင်းသည် ထိခိုက်မှု လွယ်ကူစွာရနိုင်သောနေရာဖြစ်သည်၊ ယာဉ်မတော်တဆ ဖြစ်ခြင်း၊ အမြင့်မှပြုတ်ကျခြင်း၊ အားကစား ပြုလုပ်စဉ် ထိခိုက်မိခြင်းတို့ကြောင့် ဖြစ်တတ်သည်၊ လည်ပင်းအရိုးဆစ်များကျိုးပဲ့လျှင် အတွင်းရှိအာရုံကြောမကြီးကို ထိခိုက်နိုင်သည်
  • လည်ပင်းကျီးပေါင်းရောဂါ _ လည်ပင်းအရိုးဆစ်များကြားတွင် ကျီးပေါင်းတက်ခြင်းနှင့် အဆစ်နှစ်ခုကြားရှိ အရည်အိတ်ပေါက်ခြင်း၊ အာရုံကြောထွက်ပေါက် ကျဉ်းခြင်းတို့ကြောင့် လည်ပင်းဇက်ကြောနာခြင်းနှင့် အာရုံကြောဆိုင်ရာလက္ခဏာများ ခံစားရနိုင်သည်
  • အဆစ်ရောင်ရောဂါများ _ လေးဘက်နာ၊ အရိုးကျီးပေါင်းနှင့် အဆစ်ရောင်ရောဂါများသည်လည်း လည်ပင်းဇက်ကြောနာခြင်း ဖြစ်နိုင်သည်
  • နှလုံးသွေးကြောကျဉ်းရောဂါ _ အထူးသဖြင့် လက်ဝဲဘက်အခြမ်း လည်ပင်း၊ ပခုံးနှင့် လက်မောင်း နာကျင်မှုများသည် နှလုံးသွေးကြောကျဉ်းခြင်းနှင့် ပတ်သက်နေနိုင်သည်
  • ဦးနှောက်အမြှေးပါးရောင်ခြင်း _ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ပင်းခိုင်ခြင်းများသည် ဦးနှောက်အမြှေးပါးရောင်ခြင်း ဖြစ်နေနိုင်သည်
  • လည်ပင်းဇက်ကြောနာခြင်းသည် ပြည်တည်နာ၊ ကင်ဆာကျိတ်၊ အရိုးကင်ဆာ၊ တီဘီရောဂါ၊ မွေးရာပါ လည်ပင်းအရိုးဆစ်များ ချွတ်ယွင်းမှုတို့ကြောင့်လည်း ဖြစ်နိုင်သည်
ယှဉ်တွဲလာတတ်သောလက္ခဏာများ

လည်ပင်းနာခြင်းနှင့်တွဲဖက်၍ အောက်ပါလက္ခဏာများကို တွေ့နိုင်သည်။

  • ခေါင်းကိုက်ခြင်း၊ ဖျားခြင်း
  • ဇက်ကြောတောင့်တင်းခြင်း _ လှုပ်ရှား၍မရလောက်အောင် တင်းနေတတ်သည်
  • ထုံခြင်း၊ ကျဥ်ခြင်း _ လက်မောင်းမှတစ်ဆင့် လက်ချောင်းများအထိလည်းကောင်း၊ ဦးခေါင်း၊ ခန္ဓာကိုယ် အောက်ပိုင်းသို့လည်းကောင်း ကျဥ်ခြင်း၊ ထုံခြင်းများပျံ့နှံ့တတ်သည်
  • လှုပ်ရှားလျှင်နာခြင်း – အပေါ်အောက်၊ ဘေးဘယ်ညာလှည့်လျှင် နာကျင်ခြင်းရှိတတ်သည်
  • ခြေ၊ လက် အားပျော့ခြင်း၊ လမ်းမလျှောက်နိုင်ခြင်း _ ထုံကျဥ်ခြင်း၊ အားပျော့ခြင်းများသည် အာရုံကြောပိခြင်းနှင့် သက်ဆိုင်နေသည်
ဆေးရုံ၊ ဆေးခန်းပြသရန်

လည်ပင်းဇက်ကြောနာခြင်း တစ်ပတ်ခန့်ကြာသည်အထိ ပျောက်ကင်းမှုမရှိလျှင် မိမိ၏မိသားစုဆရာဝန်နှင့် တိုင်ပင်ကုသမှုခံယူပါ။ အောက်ပါအခြေအနေများတွင် ဆေးရုံဆေးခန်းသို့ ပြသပါ။

  • ဖြစ်သည့်အကြောင်းရင်းမသိရှိလျှင်
  • ထိခိုက်ဒဏ်ရာရရှိလျှင်
  • ဖျားလျှင်၊ ခေါင်းကိုက်လျှင်၊ အန်လျှင်
  • လည်ပင်းအကျိတ်ပေါ်လျှင်
  • ခြေ၊ လက်ထုံကျဥ်လျှင်
  • ခြေ၊ လက် အားပျော့လျှင်၊ လှုပ်ရှား၍မရလျှင်
  • ဆီးဝမ်း မထိန်းနိုင်လျှင်
  • ရင်ဘတ်အောင့်ခြင်း၊ မောခြင်းများရှိလျှင် ပြသသင့်သည်။
ရောဂါရှာဖွေခြင်း

မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးနိုင်သည်။

ကုသခြင်း

အထက်ပါလက္ခဏာများမရှိလျှင် မိမိကိုယ်တိုင်ကုသနိုင်ရန် လည်ပင်းဇက်ကြော သာမန်နာကျင်မှုအတွက် ကနဦး စဖြစ်သည့်ရက်တွင် ရေခဲအိတ်ကပ်ပါ။ နောက်ရက်များတွင် ရေနွေးအိတ် ကပ်နိုင်သည်။ ပါရာစီတမော၊ အိုင်ဗျူပရိုဖဲင်စသော အကိုက်အခဲပျောက်ဆေးများ သောက်နိုင်သည်။ အားကစားလုပ်ခြင်း၊ အလေးအပင်မခြင်း၊ လည်ပင်းဇက်ကြောနာခြင်းကို ပိုဆိုးစေသည့်လှုပ်ရှားမှုများကို ရက်အနည်းငယ်မျှ ရှောင်ပါ။ လည်ပင်းလေ့ကျင့်ခန်း (ဘယ်၊ ညာ၊ အပေါ်၊ အောက်)ကို တဖြည်းဖြည်းလုပ်ပါ။ အိပ်သည့်အခါ အလယ်အလတ်မြင့်သည့် ခေါင်းအုံးသုံးပါ။ ဆရာဝန် ညွှန်ကြားချက်မရှိပဲ လည်ပင်းကော်လာကို မသုံးပါနှင့်။ အချို့အခြေအနေများတွင် ပိုဆိုးသွားနိုင်သည်။

လည်ပင်းဇက်ကြောနာခြင်းသည် ဖြစ်သည့်အကြောင်းရင်းပေါ်မူတည်ပြီး ကုသမှု ပေးရသည်။ ဆရာဝန်နှင့် ပြသသည့်အခါတွင် ရောဂါရာဇဝင်စစ်ဆေးခြင်း၊ စမ်းသပ်ခြင်းပြုလုပ်လိမ့်မည်။ လိုအပ်လျှင် သွေးစစ်ခြင်း၊ ဓာတ်မှန် (X-ray) ရိုက်ခြင်း၊ ကွန်ပျူတာဓာတ်မှန် (CT scan)၊ သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်း၊ ကြွက်သား လျှပ်စစ်စီးဆင်းမှု စစ်ဆေးခြင်းများ ပြုလုပ်လိမ့်မည်။ ရောဂါအကြောင်းရင်းကိုလိုက်၍ အကိုက်အခဲပျောက်ဆေးပေးခြင်း၊ ကြွက်သားပျော့ဆေးပေးခြင်း၊ လေ့ကျင့်ခန်းများပြုလုပ်စေခြင်း၊ လည်ပင်းကော်လာတပ်စေခြင်း၊ လည်ပင်းအရိုးဆစ် ခဲဆွဲကုသခြင်း၊ အပူလှိုင်းကုထုံး၊ အနီအောက်ရောင်ခြည်ကုထုံးများ ပြုလုပ်စေလိမ့်မည်။ အာရုံကြောမကြီးနှင့် အာရုံကြောပိခြင်းရှိလျှင် လိုအပ်ပါက ခွဲစိတ်မှုပြုလုပ်လိမ့်မည်။ လည်ပင်းဇက်ကြောနာကျင်ခြင်း အများစုသည် ခွဲစိတ်ရန် မလိုအပ်တတ်ပေ။

Neck Pain IMG2
ကာကွယ်ခြင်း

လည်ပင်းဇက်ကြောနာခြင်းမဖြစ်အောင် ကြိုတင်ကာကွယ်ရန် နည်းလမ်းများမှာ_

  • လည်ပင်းအားဝန်ပိစေသည့် ကားမောင်းခြင်း၊ ကွန်ပျူတာ၊ ဖုန်းသုံးခြင်း၊ စာဖတ်ခြင်းများ လုပ်သည့်အခါ ခါးကိုမတ်မတ်ထိုင်ပါ၊ ဦးခေါင်းရှေ့ငုံ့သည့်ပုံစံဖြင့် ကြာရှည်စွာမနေရ၊ မကြာခဏဆိုသလို အလုပ်ကိုရပ်တန့်ပြီး ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးပါ
  • ပခုံးပေါ်တွင် လေးလံသောပစ္စည်းများ ထမ်းခြင်းမပြုလုပ်ရ
  • အိပ်သည့်အခါတွင် ဦးခေါင်းနှင့်ခန္ဓာကိုယ်တစ်တန်းတည်းဖြစ်စေသည့်အနေအထားအတိုင်း ခေါင်းအုံးကိုပြုပြင်ပါ
  • ကိုယ်လက်လှုပ်ရှားအားကစား ပုံမှန်ပြုလုပ်ပါ၊ ကျန်းမာရေးနှင့် ညီညွတ်အောင်စားသောက်ပါ

ဆက်လက်ဖတ်ရှုရန်

References:

  1. Cleveland Clinic. (2025). Neck pain. Retrieved October 11, 2025, from https://my.clevelandclinic.org/health/symptoms/21179-neck-pain
  2. Mayo Clinic. (n.d.). Neck pain: Symptoms and causes. Retrieved October 11, 2025, from https://www.mayoclinic.org/diseases-conditions/neck-pain/symptoms-causes/syc-20375581
  3. Mayo Clinic. (n.d.). Neck pain: Diagnosis and treatment. Retrieved October 11, 2025, from https://www.mayoclinic.org/diseases-conditions/neck-pain/diagnosis-treatment/drc-20375587
  4. NHS. (2025). Neck pain. Retrieved October 11, 2025, from https://www.nhs.uk/conditions/neck-pain-and-stiff-neck/

Published: 30 August 2024

Last updated: 4 November 2025

Share

Category

26 October 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.