Heel pain (ခြေဖနောင့်နာခြင်း)

Heel pain (ခြေဖနောင့်နာခြင်း)

ခြေဖနောင့်နာကျင်ခြင်းသည် ခြေထောက်ပိုင်းတွင် အဖြစ်များသော နာကျင်မှုတစ်ခုဖြစ်သည်။ ကျား၊ မ နှင့် အသက်အရွယ်မရွေး ဖြစ်နိုင်သည်။ အနားယူရုံ၊ လေ့ကျင့်ခန်းလုပ်ရုံဖြင့် သက်သာနိုင်သော်လည်း ခြေဖနောင့်နာလျှင် ဖြစ်သည့် အကြောင်းရင်းကို ရှာဖွေပြီး ကုသသင့်သည်။ လျစ်လျူရှုထားပါက နာတာရှည် ခြေဖနောင့်နာခြင်း ဖြစ်လာပြီး ကုသရခက်တတ်သည်။ ဖနောင့်နာခြင်းကို ခွဲစိတ်ကုသရန် အများအားဖြင့် မလိုအပ်ပေ။

Heel pain image
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ခြေဖနောင့်နာသည့်အခါ ဖနောင့်၏ အောက်ဘက်၊ အနောက်ဘက်နှင့် အတွင်းဘက်မှ နာကျင်ခြင်းပေါ် မူတည်ပြီး ဖြစ်သည့်အကြောင်းရင်း ကွာခြားနိုင်သည်။ ထိခိုက်ဒဏ်ရာ၊ အရိုးပိုးဝင်ခြင်းတို့ကြောင့် ဖနောင့်နာခြင်း ဖြစ်နိုင်သော်လည်း အောက်ပါအကြောင်းရင်းများမှာ အဖြစ်အများဆုံးဖြစ်သည်။

  • ခြေဖဝါးအရွတ်ပြားရောင်ခြင်း (plantar fasciitis) _ ခြေဖနောင့်နာကျင်ခြင်း အဖြစ်အများဆုံး အခြေအနေတစ်ခုဖြစ်သည်၊ ခြေဖဝါးအောက်တွင် ဖနောင့်ရိုးမှ ခြေချောင်းကလေးများအရင်းအထိ ဆက်သွယ်ထားသည့် အရွတ်ပြားရောင်ခြင်းဖြစ်သည်၊ ခြေဖဝါးအောက်ဘက်မှ နာကျင်သည်၊ နံနက်အိပ်ရာထချိန်တွင် အလွန်နာကျင်ပြီး၊ လှုပ်ရှားသွားလာပြီးသွေးပူသည်နှင့် အနာသက်သာသွားတတ်သည်၊ အဝလွန်ခြင်း၊ ကြာရှည်မတ်တတ်ရပ်ရသည့်အလုပ်များ၊ ဆီးချိုရောဂါတို့နှင့် ဆက်စပ်မှုရှိသည်
  • အရိုးအတက်ထွက်ခြင်း(Bony spurs) _ ခြေဖဝါးအရွတ်ပြားရောင်ခြင်း တာရှည်လာသော် အရိုးမှ အတက်ထွက်လာတတ်သည်၊ အများစုတွင် အရိုးအတက်ကြောင့် နာကျင်မှုမရှိသော်လည်း အချို့တွင် ဖနောင့်နာခြင်းဖြစ်နိုင်သည်
  • ဖနောင့်ကြွက်သားကြောရောင်ခြင်း(Archillis tendinitis) _ ခြေသလုံးကြွက်သားစိုင်၏ အကြောသည် ဖနောင့်ရိုးတွင်တွယ်ဆက်နေသောကြောင့် ရောင်သည့်အခါ ဖနောင့်၏နောက်ဘက်တွင် နာကျင်စေသည်
  • ဖနောင့်ရိုးအက်ခြင်း _ မာသည့်ကြမ်းပြင်တွင် အားကစားလုပ်ခြင်း၊ ခုန်ပေါက်ခြင်း၊ ပြေးခြင်းကြောင့် ဖနောင့်ရိုးအက်နိုင်သည်
  • အရည်အိတ်ရောင်ခြင်း _ ဖိအားကိုခံနိုင်ရန် ဖနောင့်ရိုးအောက်တွင် ခံထားသည့် အရည်အိတ်ရောင်ခြင်းဖြစ်သည်
  • ထိခိုက်ဒဏ်ရာ _ အမြင့်မှ ပြုတ်ကျခြင်း၊ ခုန်ချခြင်းတို့ကြောင့် ခြေဖနောင့်ရိုးကွဲခြင်း ဖြစ်နိုင်သည်
  • ပိုးဝင်ခြင်း _ ခြေထောက်ပိုင်းတွင် ပြည်တည်နာတစ်ခုသည် ခြေဖနောင့်ရိုးသို့ကူးစက်ပြီး နာတာရှည် အရိုးပိုးဝင်ခြင်းဖြစ်နိုင်သည်
  • အခြားရောဂါများ _ ခါးကြောညပ်သောကြောင့် ဖနောင့်သို့သွားသည့် အာရုံကြောရောင်ခြင်း၊ ဆီးချိုရောဂါ၊ အရက်စွဲရောဂါ၊ ဗီတာမင်ချို့တဲ့ခြင်း စသည်တို့ကြောင့်ဖြစ်သည့် အာရုံကြောရောင်ခြင်း၊ လေးဘက်နာအဆစ်ရောင်ရောဂါ၊ ဖနောင့်တစ်ဝိုက်တွင် ဖြစ်သော အရေပြားအနာများသည်လည်း ဖနောင့်နာခြင်းကို ဖြစ်စေနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
  • ရုတ်တရက် ခြေဖနောင့်နာခြင်း
  • ခြေဖနောင့်ပတ်လည် နီရဲရောင်ရမ်းခြင်းနှင့် ဖျားခြင်း (ပိုးဝင်ခြင်းဖြစ်နိုင်သည်)
  • ထိခိုက်ဒဏ်ရာရပြီး ပြင်းထန်စွာ နာကျင်ခြင်း စသည့် အခြေအနေများသည် အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အရေးပေါ်ဆေးကုသမှု သို့မဟုတ် ခွဲစိတ်ကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ ကုသမှုခံယူရန်လိုသည်။

ခြေဖနောင့်နာခြင်းသည် နေ့စဉ်လုပ်ငန်းများကို ထိခိုက်စေလျှင်၊ ထုံကျဥ်ခြင်းနှင့် ယှဉ်တွဲလာလျှင် သင်၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။

ရောဂါရှာဖွေခြင်း

မိသားစုဆရာဝန်မှ လိုအပ်သည့်စစ်ဆေးစမ်းသပ်မှုများပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းစသည်တို့ဖြင့် ရောဂါရှာ‌ဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ကုသခြင်း

ခြေဖနောင့်နာခြင်းသည် ဖြစ်စေသည့် အကြောင်းရင်းကို လိုက်၍ ကုသရသည်။ အထက်ပါအရေးပေါ်အခြေအနေများမရှိလျှင်

  • အနားယူပါ
  • နာကျင်သည့်နေရာကို (၁၀) မိနစ်ခန့် ရေခဲကပ်ပါ
  • မိမိနှင့်သင့်တော်သည့်ဖိနပ်အပျော့ကိုသာဝတ်ဆင်ပါ
  • အလွန်နာနေပါက Paracetamol, Ibuprofen ကဲ့သို့ အကိုက်အခဲပျောက်ဆေးများ သောက်ပေးနိုင်သည်။

ယင်းသို့ပြုလုပ်ခြင်းဖြင့်မသက်သာပါက ခြေဖဝါးအရွတ်ရောင်ခြင်း၊ ခြေဖနောင့်ကြောရောင်ခြင်းများအတွက်

  • စတီးရွိုက်ဆေးထိုးခြင်း
  • ဖိနပ်ပုံစံပြောင်းစေခြင်း၊ ဖနောင့်ပျော့ကူရှင်ဝတ်စေခြင်း၊ ညဘက်တွင် ခြေဖဝါးထိန်း ကိရိယာ ဝတ်အိပ်စေခြင်း
  • လေ့ကျင့်ခန်းများလုပ်စေခြင်း
  • သားရေပလတ်စတာဖြင့် ကျပ်စည်းပေးခြင်းများကို ပြုလုပ်နိုင်သည်။

အရိုးကျိုးခြင်း၊ ပိုးဝင်ခြင်းများအတွက် ပဋိဇီဝပိုးသတ်ဆေးများပေးခြင်း၊ ခွဲစိတ်ခြင်းများ ပြုလုပ်ရနိုင်သည်။ သာမန်ခြေဖနောင့်နာခြင်းအတွက် ခွဲစိတ်ကုသရခြင်း အလွန်နည်းသည်။ ခြောက်လ မှ တစ်နှစ်ခန့်အထိ သက်သာ ပျောက်ကင်းမှုမရှိမှသာ ခွဲစိတ်မှုကိုပြုလုပ်လေ့ရှိသည်။

ကာကွယ်ခြင်း

ခြေဖနောင့်နာခြင်းကို ကြိုတင်ကာကွယ်ရန်အတွက်

  • ခန္ဓာကိုယ်အလေးချိန်လျှော့ချပါ
  • မိမိနှင့်သင့်တော်သည့် ဖိနပ်ကိုသာ ဝတ်ဆင်ပါ။ ဒေါက်မြင့်ဖိနပ် ကြာရှည်စီးခြင်းရှောင်ပါ
  • အားကစားမလုပ်မီ သွေးပူလေ့ကျင့်ခန်း ပြုလုပ်ပါ
  • မာကြောသည့်မျက်နှာပြင်ပေါ်တွင် ပြေးခြင်း၊ ကြာရှည်ရပ်ခြင်း၊ အားကစားပြုလုပ်ခြင်းမပြုရပါ။

ဆက်လက်ဖတ်ရှုရန်

References:

  1. Mayo Clinic. (n.d.). Heel pain: Causes. Retrieved October 11, 2025, from https://www.mayoclinic.org/symptoms/heel-pain/basics/causes/sym-20050788
  2. Cleveland Clinic. (2025). Heel pain. Retrieved October 11, 2025, from https://my.clevelandclinic.org/health/symptoms/heel-pain
  3. NHS. (2025). Heel pain. Retrieved October 11, 2025, from https://www.nhs.uk/conditions/foot-pain/heel-pain/
  4. Hoffman, M. (2024). Foot pain: Causes and treatment. WebMD. Retrieved October 11, 2025, from https://www.webmd.com/pain-management/foot-pain-causes-and-treatments

Published: 30 August 2024

Last updated: 4 November 2025

Share

Category

26 October 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.