Back pain (ခါးနာခြင်း)

Back pain (ခါးနာခြင်း)

ခါးနာခြင်းသည် ကမ္ဘာတစ်ဝန်းရှိ လူများစွာ ရင်ဆိုင်နေရသော အဖြစ်အများဆုံး ကျန်းမာရေးပြဿနာများထဲမှ တစ်ခုဖြစ်သည်။ စာရင်းများအရ လူတစ်ဦးသည် ဘဝတစ်လျှောက်လုံးတွင် အအေးမိခြင်း (Common Cold) ပြီးနောက် မိသားစုဆရာဝန်နှင့် ဒုတိယအများဆုံး ပြသရသည့် ရောဂါလက္ခဏာမှာ ခါးနာခြင်းပင် ဖြစ်သည်။ လူဦးရေ၏ (၈၀%) မှ (၉၀%) နီးပါးသည် တစ်ချိန်ချိန်တွင် ခါးနာခြင်းကို ခံစားဖူးကြပြီး၊ နေ့စဥ် နေထိုင်မှုဘဝ၊ အလုပ်အကိုင်ကို အနှောင့်အယှက်အပေးဆုံး ရောဂါလက္ခဏာတစ်ခုဖြစ်သည်။

ခါးနာခြင်း၏ အကြောင်းရင်းခံများသည် အလွန်ကျယ်ပြန့်ပြီး၊ အသေးအဖွဲ ကြွက်သားနာကျင်မှုမှသည် အာရုံကြောဖိမိခြင်း၊ အဆစ်ရောင်ရမ်းခြင်း သို့မဟုတ် ပြင်းထန်သော ကင်ဆာပျံ့နှံ့မှုအထိ ဖြစ်နိုင်သည်။ ခါးနာခြင်းအများစုသည် များသောအားဖြင့် မိမိကိုယ်တိုင် ပြုစုကုသမှုဖြင့် အချိန်တိုအတွင်း သက်သာပျောက်ကင်းလေ့ရှိသော်လည်း နာကျင်မှုသည် ရက်ရှည်ကြာမြင့်နေလျှင်၊ ပြင်းထန်လာလျှင် သို့မဟုတ် ခြေလက်များ ထုံကျဉ်ခြင်း၊ အားနည်းခြင်းတို့နှင့် တွဲပါလာလျှင်မူ အရင်းခံအကြောင်းရင်းကို တိကျစွာသိရှိနိုင်ရန်နှင့် သင့်လျော်သော ကုသမှုခံယူနိုင်ရန် ဆရာဝန်နှင့် ပြသ၍ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်သည်။

Back pain image1
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ခါးနာခြင်း (Back Pain) ကို နာကျင်သည့်နေရာ၊ နာကျင်မှု ခံစားရသည့်ကြာချိန်နှင့် ပြင်းထန်မှုအလိုက် ခွဲခြားနိုင်သည်။ ခါးနာခြင်းကို နာကျင်သည့်နေရာပေါ်မူတည်၍ (ခါးအပေါ်ပိုင်း၊ အလယ်ပိုင်း၊ အောက်ပိုင်းတွင် နာခြင်းဟု) အမျိုးအစား ခွဲခြားနိုင်သည်။ ခါးအောက်ပိုင်းနာခြင်း (Low Back Pain) သည်အဖြစ်အများဆုံး ဖြစ်သည်။ ခံစားရသည့်ကြာချိန်ပေါ်မူတည်၍ ရုတ်တရက် ခါးနာခြင်း (Acute) နှင့် (၃) လထက် ပိုကြာမြင့်သည့် နာတာရှည် ခါးနာခြင်း (Chronic) ဟူ၍လည်းခွဲခြားနိုင်သည်။ ခါးနာခြင်းတိုင်းသည် ကျောရိုးမကြီး (Spine) ကြောင့် မဟုတ်ဘဲ၊ ခန္ဓာကိုယ်တွင်းရှိ အခြားကိုယ်အင်္ဂါအစိတ်အပိုင်းများမှလာသော နာကျင်မှု (Referred Pain) ကြောင့်လည်းဖြစ်ပေါ်နိုင်သည်။

  1. ကျောရိုးမကြီးဆိုင်ရာ အကြောင်းရင်းများ (Spinal/Musculoskeletal Causes)
    ဤအကြောင်းရင်းများသည် ခါးနာခြင်း၏ အဓိက အဖြစ်အများဆုံး အုပ်စုဖြစ်သည်။
    • ကြွက်သားနှင့် အရွတ်ကြောများ ဒဏ်ပိခြင်း (Muscle and Ligament Strains/Sprains)
      အလေးအပင် မခြင်း၊ ရုတ်တရက် လှုပ်ရှားလိုက်ခြင်း သို့မဟုတ် မတော်တဆ ထိခိုက်မှုများကြောင့် ဖြစ်ပေါ်သည်။
    • ကျောရိုးဆစ်ပြား ရွေ့လျားခြင်း/အပြင်ရောက်ခြင်း (Herniated or Bulging Disc) – ကျောရိုးဆစ်များကြားရှိ အရည်အိတ် (Disc) များ ယိုစီးကျွံထွက်လာပြီး အနီးရှိ အာရုံကြောများကို ဖိမိခြင်း
    • အဆစ်ရောင်ရမ်းမှုများ (Arthritis/Degenerative Joint Disease)
      • ကျောရိုးဆစ်ရောင်ခြင်း (Osteoarthritis of the Spine) – အရိုးနုများ ဟောင်းနွမ်း ပျက်စီးလာခြင်း
      • အဆစ်ခိုင်ခါးကုန်းရောဂါ (Ankylosing Spondylitis – AS) – နာတာရှည် ရောင်ရမ်းသောရောဂါကြောင့် ကျောရိုးဆစ်များ တဖြည်းဖြည်း ခိုင်မာလာခြင်း
    • အာရုံကြောဖိမိခြင်း/ညပ်ခြင်း (Nerve Impingement)
      • ခါးရိုးအပေါက်ကျဉ်းခြင်း (Spinal Stenosis) – ကျောရိုးမကြီးရှိ အာရုံကြောများ ဖြတ်သန်းသွားရာ လမ်းကြောင်း (Canal) ကျဉ်းမြောင်းလာခြင်း
      • ခါးအာရုံကြောနာခြင်း (Radiculopathy/Sciatica) – ကျောရိုးဆစ်ပြားကျွံခြင်း သို့မဟုတ် အရိုးထွက်ခြင်းကြောင့် ခြေထောက်အထိ နာကျင်မှုပျံ့နှံ့သွားခြင်း
    • အရိုးတည်ဆောက်မှုဆိုင်ရာ ပြဿနာများ
      • အရိုးပွ၊ အရိုးပါးရောဂါ (Osteoporosis) – အရိုးများ ကြွပ်ဆတ်လာပြီး ကျောရိုးဆစ်များ ကျိုးကျခြင်း (Compression Fracture)
      • ကျောရိုးရွေ့လျားခြင်း (Spondylolisthesis) – ကျောရိုးဆစ်တစ်ခုသည် နောက်တစ်ခုပေါ်မှ ရှေ့သို့ ရွေ့လျားသွားခြင်း
    • ပြင်းထန်သော အခြေအနေများ (Red Flags)
      • ကင်ဆာကျိတ်များ (Spinal Tumours) သို့မဟုတ် ကင်ဆာပျံ့နှံ့ခြင်း (Spinal Metastasis)
      • ပိုးဝင်ရောင်ရမ်းခြင်း (Spinal Infection) – ဥပမာ – ခါးရိုးတီဘီရောဂါ (Tuberculosis of Spine) သို့မဟုတ် Pyogenic Spondylitis
  2. ခန္ဓာကိုယ်တွင်း ကိုယ်တွင်းအင်္ဂါဆိုင်ရာ အကြောင်းရင်းများ (Referred Pain from Visceral Organs)
    ကိုယ်တွင်းအင်္ဂါ ရောဂါဝေဒနာများ၏ နာကျင်မှုသည် ကျောဘက်သို့ ရွေ့လျားပျံ့နှံ့လာပြီး ခါးနာခြင်းနှင့် ဆင်တူသော လက္ခဏာကို ဖြစ်စေသည်။
    • ကျောက်ကပ်/ဆီးလမ်းကြောင်း – ကျောက်ကပ်ကျောက်တည်ခြင်း (Renal Stones)၊ ကျောက်ကပ်ပိုးဝင်ရောင်ရမ်းခြင်း၊ ဆီးပိုးဝင်ခြင်း (Urinary Tract Infections – UTI)
    • အစာအိမ်နှင့် အူလမ်းကြောင်း – နာတာရှည် ပန်ကရိယ‌ရောင်ခြင်း (Chronic Pancreatitis)၊ အစာအိမ်ပေါက်ခြင်း၊ အူအတက်ရောင်ခြင်း (Appendicitis)၊ သည်းခြေအိတ်ရောင်ခြင်း
    • သွေးကြောဆိုင်ရာ – ဝမ်းဗိုက်သွေးလွှတ်ကြောမကြီးဖောင်းခြင်း သို့မဟုတ် နံရံစုတ်ပြဲခြင်း (Abdominal Aortic Aneurysm – AAA)
  3. အမျိုးသမီးများဆိုင်ရာ အကြောင်းရင်းများ (Gynecological Causes)
    အမျိုးသမီးများတွင် အောက်ပါကဲ့သို့သော မီးယပ်ဆိုင်ရာ ပြဿနာများသည်လည်း ခါးနာခြင်းကို ဖြစ်စေနိုင်သည်။
    • သားအိမ်အသားလုံးတည်ခြင်း (Uterine Fibroids)
    • သားအိမ်ပြင်ပတွင် သွေးလုံးဖြစ်ခြင်း (Endometriosis)
    • ကိုယ်ဝန်ဆောင်ခြင်း (Pregnancy) – အလေးချိန်နှင့် ဟော်မုန်းပြောင်းလဲမှုကြောင့်ဖြစ်သည်
    • တင်ပါးဆုံရိုးကွင်းအတွင်းအင်္ဂါများ ပိုးဝင်ရောင်ရမ်းခြင်းရောဂါ (Pelvic Inflammatory Diseases – PID)
  4. ကလေးများနှင့် ဆယ်ကျော်သက်များဆိုင်ရာ အကြောင်းရင်းများ
    လူကြီးများတွင် ဖြစ်လေ့မရှိသော သို့မဟုတ် အများစုမှာ နေထိုင်မှုပုံစံနှင့် သက်ဆိုင်သည့် အကြောင်းရင်းများ ဖြစ်သည်။
    • ကြွက်သားအရွတ်ဒဏ်ပိခြင်း – မသင့်လျော်သော ထိုင်ပုံ (Poor Posture)၊ လေးလံလွန်းသည့် ကျောပိုးအိတ်များ လွယ်ခြင်း သို့မဟုတ် အားကစားပြုလုပ်ခြင်း
    • မွေးရာပါ ကျောရိုးပုံပျက်ခြင်းများ
      • ကျောရိုးကွေးကောက်ခြင်း (Scoliosis)
      • ကျောရိုးကုန်းခြင်း (Kyphosis)
    • အာရုံကြောဆိုင်ရာ ပျက်စီးခြင်း (Spondylolysis/Spondylolisthesis) – အားကစားသမား ကလေးများတွင် အဖြစ်များသော ခါးရိုးဆစ် ကွဲအက်ခြင်း သို့မဟုတ် ရွေ့လျားခြင်း
    • ကိုယ်အလေးချိန်နှင့် လှုပ်ရှားမှု – အဝလွန်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း (ဥပမာ – ကွန်ပျူတာ/ဂိမ်း အချိန်ကြာမြင့်စွာ ကစားခြင်း)
    • ကိုယ်တွင်းအင်္ဂါနာကျင်ခြင်းသည် လူကြီးများကဲ့သို့ ကလေးများတွင်လည်း ဖြစ်ပေါ်နိုင်သည်။
ယှဉ်တွဲလာတတ်သော လက္ခဏာများ

ခါးနာခြင်းကို စစ်ဆေးရာတွင် ရောဂါရှာဖွေမှု ပိုမိုတိကျစေရန်အတွက် နာကျင်မှုပုံစံနှင့် တွဲဖက်လက္ခဏာများကို မိမိကိုယ်တိုင် သတိပြုမှတ်သားထားရန် အရေးကြီးသည်။

  1. နာကျင်မှု၏ ပုံစံနှင့် သွင်ပြင်လက္ခဏာများ (Pain Characteristics)
    နာကျင်သည့်နေရာနှင့် ပုံစံကို တိကျစွာ ခွဲခြားသတ်မှတ်နိုင်ခြင်းသည် အရင်းခံအကြောင်းရင်းကို ခန့်မှန်းရာတွင် အထောက်အကူပြုသည်။
    • နာကျင်သည့် နေရာသတ်မှတ်ခြင်း
      • ခါး၏ အပေါ်ပိုင်း၊ အလယ်ပိုင်း သို့မဟုတ် အဖြစ်အများဆုံးဖြစ်သော ခါးအောက်ပိုင်း (Lumbar/Sacral Region) ကို တိကျစွာ ဖော်ပြနိုင်ရမည်
      • နာကျင်မှုသည် ခါးမှ တင်ပါး၊ ခြေထောက်၊ သို့မဟုတ် ခြေဖျားအထိ ပျံ့နှံ့သွားခြင်း (Radiation) ရှိမရှိ
    • နာကျင်မှု အမျိုးအစားနှင့် ကြာချိန်
      • ရုတ်တရက်နာခြင်း (Acute) သို့မဟုတ် နာတာရှည်နာခြင်း (Chronic)
      • စူး၍နာခြင်း (Sharp)၊ အောင့်ခြင်း (Dull/Aching)၊ ပူလောင်သကဲ့သို့ နာခြင်း (Burning) သို့မဟုတ် လျှပ်စီးစီးသကဲ့သို့ နာကျင်ခြင်း (Electric shock-like)
      • နာကျင်မှုသည် ဆက်တိုက်နာခြင်း၊ နာလိုက်ပျောက်လိုက်ဖြစ်ခြင်း သို့မဟုတ် နေရာရွှေ့လျားခြင်း ရှိမရှိ
    • လှုပ်ရှားမှုနှင့် ဆက်နွှယ်မှု
      • လှုပ်ရှားမှု ပြုလုပ်လျှင် ပိုနာခြင်း သို့မဟုတ် အနားယူလျှင် သက်သာခြင်း
      • လဲလျောင်းနေစဥ်တွင်ပင် နာခြင်း သို့မဟုတ် အိပ်ပျော်နေစဥ် နာ၍ လန့်နိုးခြင်း (ယင်းလက္ခဏာသည် ပြင်းထန်သော ရောဂါများကို ညွှန်ပြနိုင်သည်)။
  2. တွဲဖက်လက္ခဏာများ (Associated Symptoms)
    ခါးနာခြင်းနှင့်အတူ အောက်ပါလက္ခဏာများ တွဲဖက်ပေါ်ပေါက်လာပါက ဆေးရုံအရေးပေါ်ပြသရန် လိုအပ်သည့် “အရေးကြီးလက္ခဏာများ” (Red Flags) ဟုသတ်မှတ်သည်။
    • အာရုံကြောနှင့်ဆိုင်သော လက္ခဏာများ (Neurological Deficits)
      • ခြေထောက်ထုံကျဉ်ခြင်း (Numbness)
      • ခြေထောက်ကြွက်သားများ အားပျော့ခြင်း (Muscle Weakness) သို့မဟုတ် ခြေထောက်ကို မထောင်နိုင်၊ မကန်နိုင်ခြင်း
      • မတ်တတ်မရပ်နိုင်ခြင်း၊ လမ်းမလျှောက်နိုင်ခြင်း၊ လမ်းလျှောက်ပုံ ပုံမှန်မဟုတ်ခြင်း
    • ခန္ဓာကိုယ် လက္ခဏာများ (Systemic Symptoms)
      • ဖျားခြင်း၊ ချမ်းတုန်ခြင်း (သို့မဟုတ်) အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန် ကျဆင်းခြင်း
      • ညဘက်တွင် ပြင်းထန်စွာ နာကျင်ခြင်း (Night Pain)
    • အူနှင့် ဆီးအိမ်လက္ခဏာများ (Bowel/Bladder Dysfunction)
      • ဆီးဝမ်း မထိန်းနိုင်ခြင်း (Incontinence) သို့မဟုတ် ဆီးသွားရခက်ခဲခြင်း (Urinary Retention)
      • ရုတ်တရက် ထိခိုက်ဒဏ်ရာရဖူးခြင်း (History of Trauma) ပြုတ်ကျခြင်း၊ မတော်တဆ ထိခိုက်မှု ဖြစ်ပွါးဖူးခြင်း
    • ခါးနာခြင်းသည် အချိန်ကြာလာသည်နှင့်အမျှ ပိုဆိုးလာပြီး မည်သည့် အနားယူမှုဖြင့်မှ မသက်သာခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်

ခါးနာလျှင် အနားယူခြင်း၊ အကိုက်အခဲပျောက်ဆေးသောက်ခြင်းဖြင့် မိမိကိုယ်တိုင် ဦးစွာကုသနိုင်သည်။ ကြွက်သား၊ အရွတ်များ ဒဏ်ပိခြင်းတွင် လဲလျောင်းအနားယူရုံဖြင့် အများအားဖြင့် သက်သာနိုင်သည်။

သို့သော်လည်း အောက်ပါ “သတိပြုစရာ လက္ခဏာများ” ပေါ်ပေါက်လာပါက မိသားစုဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်ဆွေးနွေးကုသမှု ခံယူသင့်ပါသည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အရိုး၊ အာရုံကြော သို့မဟုတ် အခြား အထူးကုဆရာဝန်များနှင့် လွှဲပြောင်းကုသမှု ပေးလိမ့်မည်။

  1. သာမန်အားဖြင့် ပြသသင့်သော အခြေအနေများ
    • ရက်သတ္တပတ်အနည်းငယ်အထိ မသက်သာခြင်း (Persistence) – အိမ်တွင် မိမိဘာသာ ကုသသော်လည်း ခါးနာခြင်းသည် (၄)ပတ် မှ (၆)ပတ်အထိ ဆက်လက်ရှိနေခြင်း
    • နာကျင်မှု မသက်သာခြင်း – နာကျင်မှုသည် ကောင်းစွာအနားယူသော်လည်း မသက်သာဘဲ ဆက်လက်ဖြစ်နေခြင်း သို့မဟုတ် ပိုမိုဆိုးရွားလာခြင်း
    • အာရုံကြောဆိုင်ရာ လက္ခဏာအစပျိုးခြင်း – ခြေထောက်တစ်ဖက် (သို့မဟုတ်) နှစ်ဖက်လုံးတွင် နာကျင်ခြင်း၊ ထုံခြင်း သို့မဟုတ် အားနည်းခြင်းတို့ စတင်ခံစားလာရခြင်း
    • အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်ကျဆင်းခြင်း
  2. အရေးပေါ် အမြန်ဆုံး ပြသရမည့် အခြေအနေများ (Red Flags – Emergency)
    အထက်တွင်ဖော်ပြခဲ့သော “အရေးကြီးလက္ခဏာများ” (Red Flags) ရှိလာပါက ဆေးရုံအရေးပေါ်ဌာနသို့ အမြန်ဆုံး ပြသကုသမှု ခံယူရမည်။
ရောဂါရှာဖွေခြင်း

ခါးနာခြင်းအား ဖြစ်စေသည့်အကြောင်းရင်းကိုသိရှိနိုင်ရန် လူနာအား ရောဂါရာဇဝင်မေးမြန်းခြင်း၊ ခါးကို စမ်းသပ်စစ်ဆေးခြင်းများပြုလုပ်ပြီးလျှင်

  • ဓာတ်မှန်ရိုက်ခြင်း (X ray)
  • ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (CT Scan)
  • သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI)
  • ဆေးသွင်းအရိုးဓာတ်မှန်ရိုက်ခြင်း (Bone Scan)
  • အရိုးသိပ်သည်းမှုစစ်ဆေးခြင်း (Bone Density tests)
  • ကြွက်သားလျှပ်စစ်စီးဆင်းမှုစစ်ဆေးခြင်း (EMG)
  • သွေးစစ်ခြင်း စသည်တို့ဖြင့် အကြောင်းရင်းကို ရှာဖွေနိုင်သည်။
ကုသခြင်း

ခါးနာခြင်းကို ကုသရာတွင် အဓိကအားဖြင့် ခါးနာရသည့် အရင်းခံအကြောင်းရင်းကို တိကျစွာ ရှာဖွေဖော်ထုတ်ပြီးမှသာ သက်ဆိုင်ရာ ရောဂါအလိုက် ကုသမှုပေးရမည်။ ခါးရိုးပြဿနာကြောင့် မဟုတ်ဘဲ အခြားကိုယ်တွင်းအင်္ဂါများကြောင့် နာကျင်ပါက သက်ဆိုင်ရာ ရောဂါအလိုက် ကုသရမည်။

  1. ပထမအဆင့် ကုသမှုနှင့် ရုပ်ပိုင်းဆိုင်ရာ ပြန်လည်သန်စွမ်းမှု
    ရုတ်တရက် ခါးနာခြင်း (Acute Low Back Pain) ခံစားရသူများအတွက် အောက်ပါအတိုင်း စတင်ကုသလေ့ရှိသည်။
    • အနားယူခြင်းနှင့် လှုပ်ရှားမှု ပြောင်းလဲခြင်း – အလွန်အကျွံ အိပ်ရာထဲတွင် လဲလျောင်းအနားယူခြင်းကို ရှောင်ကြဉ်ပြီး နေထိုင်မှုပုံစံနှင့် လှုပ်ရှားမှုများကို ပြုပြင်ပြောင်းလဲရန် အကြံပြုသည်
    • ဆေးဝါးကုသမှု (Pharmacological Treatment)
      • အကိုက်အခဲပျောက်ဆေးများ (NSAIDs) – သောက်ဆေး၊ လိမ်းဆေး သို့မဟုတ် ကပ်ခွာများ
      • ကြွက်သားပြေလျော့ဆေးများ (Muscle Relaxants) – ပြင်းထန်သော ကြွက်သားနာကျင်မှုအတွက် ကာလတို ပေးလေ့ရှိသည်
      • အာရုံကြောနာကျင်မှု ထိန်းချုပ်ဆေးများ (Neuropathic Agents) – ခါးကြောညှပ် ခြေထောက်ထုံကျဉ်နာကျင်ခြင်း (Sciatica) အတွက် အသုံးပြုသည်
    • ပြန်လည်သန်စွမ်းရေးလေ့ကျင့်မှုများ (Physiotherapy/Rehabilitation) – အကောင်းဆုံးနှင့် အထိရောက်ဆုံးသော ကုသမှုဖြစ်သည်
      • လေ့ကျင့်ခန်းကုထုံး (Therapeutic Exercise) – ခါးနှင့် ဗိုက်ကြွက်သားများ ခိုင်မာစေရန်နှင့် အဆစ်များ ပျော့ပြောင်းမှုရှိစေရန် (Core Strengthening) လေ့ကျင့်ခန်းများ
      • ရုပ်ပိုင်းဆိုင်ရာ ကုထုံးများ – အပူပေးကုထုံး၊ ရေခဲကပ်ခြင်း၊ TENS (လျှပ်စစ်ကုထုံး)၊ လေဆာကုထုံး သို့မဟုတ် အပ်စိုက်ကုထုံး (Acupuncture) တို့ဖြင့် ကုသခြင်း
    • အထောက်အကူပြုပစ္စည်းများ – လိုအပ်ပါက ခါးထိန်းခါးပတ် (Brace/Support) ဝတ်ဆင်ခြင်း။
  2. အထူးကုဆရာဝန်များနှင့် ဆက်လက်ကုသမှု
    အထက်ပါ ပထမအဆင့် ကုသမှုများ အောင်မြင်မှုမရသည့်အခါ အရိုးအကြောအထူးကုဆရာဝန် (Orthopedic Surgeon) သို့မဟုတ် အာရုံကြောခွဲစိတ်ဆရာဝန် (Neurosurgeon) တို့နှင့် ပြသကုသမှု ခံယူရသည်။
    • ဆေးထိုးကုသမှု (Injections)
      နာကျင်သည့်နေရာ (သို့မဟုတ်) အာရုံကြောအနီးသို့ တိကျစွာ ထုံဆေးနှင့် စတီးရွိုက်ဆေးများ (Epidural Steroid Injections) ထိုးသွင်းခြင်းဖြင့် ရောင်ရမ်းမှုကို လျှော့ချ၍ နာကျင်မှုကို သက်သာစေသည်။
    • ရေဒီယိုကြိမ်နှုန်းဖြင့် ကုသခြင်း (Radiofrequency Ablation – RFA) – ခါးနာစေသည့် အာရုံကြောငယ်များကို အပူပေးပြီး နာကျင်မှု ခံစားရခြင်းကို ရပ်တန့်စေခြင်း
  3. ခွဲစိတ်ကုသမှု
    • ရုတ်တရက် ခါးနာခြင်း ခံစားရသူများတွင် အများအားဖြင့် ခွဲစိတ်ကုသရခြင်း မလိုအပ်ပါ
    • သို့သော် အခြားကုသမှုများ အောင်မြင်မှုမရသည့်အခါ သို့မဟုတ် အရင်းခံအကြောင်းရင်းကို တိကျစွာ ဖော်ထုတ်ပြီးသည့်အခါမှသာ ခွဲစိတ်မှုပြုလုပ်ရန် ဆုံးဖြတ်သည်
    • ခွဲစိတ်မှု နည်းလမ်းများတွင် အာရုံကြောဖိအားလျှော့ချခြင်း (Decompression)၊ ကျောရိုးဆစ်ပြား အစားထိုးခြင်း (Disc Replacement)၊ သို့မဟုတ် ကျောရိုးတစ်ခုနှင့်တစ်ခု ပူးဆက်၍ တည့်မတ်စေရန်ခွဲစိတ်ခြင်း (Spinal Fusion) စသည်တို့ ပါဝင်သည်
      ခါးနာခြင်းနှင့် ယှဉ်တွဲ၍ အောက်ပါပြင်းထန်သော အရေးပေါ်လက္ခဏာများ ရှိလျှင်မူ ခွဲစိတ်မှုကို အမြန်ဆုံး ပြုလုပ်ရန် လိုအပ်သည်။
      • Cauda Equina Syndrome (CES) လက္ခဏာများ
        • ဆီး၊ ဝမ်း မထိန်းနိုင်ခြင်း သို့မဟုတ် ဆီးမသွားနိုင်ခြင်း
        • ပေါင်ခြံအတွင်းပိုင်းနှင့် တင်ပါးပတ်လည် ထုံကျဉ်ခြင်း (Saddle Anesthesia)
      • ပြင်းထန်သော အာရုံကြောအားနည်းမှု – ခြေထောက်ကြွက်သားများ အားပျော့ခြင်း သို့မဟုတ် မလှုပ်ရှားနိုင်ခြင်း
ကာကွယ်ခြင်း

အရိုးအဆစ်၊ ကြွက်သားနှင့် သက်ဆိုင်သော ခါးနာခြင်းများကို ကာကွယ်ရန် အကောင်းဆုံးနည်းမှာ နေ့စဉ် နေထိုင်မှုပုံစံ၊ အလုပ်လုပ်ပုံနှင့် ကိုယ်ခန္ဓာအနေအထား (Ergonomics) များကို စနစ်တကျ ပြုပြင်ပြောင်းလဲခြင်းပင်ဖြစ်သည်။

  1. ကိုယ်လက်လှုပ်ရှားမှုနှင့် ကြွက်သားသန်မာရေး
    • ပုံမှန် လေ့ကျင့်ခန်း ပြုလုပ်ပါ
      စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊ သွက်လက်စွာ လမ်းလျှောက်ခြင်းကဲ့သို့သော လှုပ်ရှားမှုများသည် ခါးရိုးပေါ် ဖိအားနည်းပြီး ခါးနာခြင်းကို ကာကွယ်ရန် အလွန်သင့်တော်သည့် လေ့ကျင့်ခန်းများ ဖြစ်သည်။
    • ကြွက်သားများ သန်မာစေရန် လေ့ကျင့်ပါ
      ဝမ်းဗိုက် (Abdominal) နှင့် ကျောရိုးပတ်လည်ရှိ ကြွက်သားများ (Core Muscles) ကို လေ့ကျင့်ခန်းများဖြင့် သန်မာအောင် ပြုလုပ်ခြင်းဖြင့် ကျောရိုးကို ကောင်းစွာ ထောက်ပံ့နိုင်ပြီး ခါးနာခြင်း ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သည်။
    • ဆန့်ထုတ်လေ့ကျင့်ခန်း (Stretching) များ ပြုလုပ်ပါ
      အထူးသဖြင့် တင်ပါးနှင့် ပေါင်ကြွက်သားများကို ဆန့်ထုတ်ပေးခြင်းဖြင့် ခါးရိုးပေါ် ဖိအားသက်ရောက်မှုကို လျှော့ချနိုင်သည်။
  2. နေ့စဉ် ကိုယ်ခန္ဓာအနေအထား (Posture) စနစ်တကျ ထိန်းသိမ်းခြင်း
    • စနစ်တကျ ထိုင်ပါ (Sitting Ergonomics)
      • ကျောမှီနှင့် လက်တင်ပါသော ဆုံလည်ကုလားထိုင် (Ergonomic Chair) ကို ရွေးချယ်ပါ
      • မတ်မတ်ထိုင်ပါ၊ ခါးနောက်ဘက်တွင် သေးငယ်သော ခေါင်းအုံး သို့မဟုတ် ခါးခုအခံ (Lumbar Support) ကို ထည့်သွင်းခုထားခြင်းဖြင့် ခါး၏ သဘာဝ မျဉ်းကွေး (Natural Curve) ကို ထိန်းသိမ်းပါ
      • ထိုင်သည့် ပုံစံကို နာရီဝက်လျှင် တစ်ကြိမ်ခန့် ပြောင်းလဲပေးပါ၊ မကြာခဏ ထ၍ လမ်းထလျှောက်ခြင်း၊ ခါးဆန့်ခြင်းများ ပြုလုပ်ပါ
        Back pain image2
      • စနစ်တကျ မတ်တတ်ရပ်ပါ
        ခါးကိုင်း၍ မရပ်ဘဲ ခန္ဓာကိုယ် အလေးချိန်ကို ခြေထောက်နှစ်ဖက်ပေါ် မျှတစွာ ဖြန့်ခွဲရပ်ပါ။ ကြာရှည်ရပ်ရမည်ဆိုလျှင် ခြေတစ်ဖက်ကို အနည်းငယ် မြင့်သည့် ခုံ သို့မဟုတ် အရာဝတ္ထုတစ်ခုပေါ်တွင် ခဏတင်ထားပြီး ဘယ် ညာ ခြေထောက်များကို ပြောင်းလဲ၍ ရပ်ပါ။
      • စနစ်တကျ ပစ္စည်းများ “မ”ခြင်း (Proper Lifting Technique)
        • လေးလံသော ပစ္စည်းများကို “မ”ရန် ဖြစ်နိုင်လျှင် ရှောင်ကြဉ်ပါ
        • “မ”မည်ဆိုလျှင် ခါးကို မတ်မတ်ထားပါ၊ ဒူးနှစ်ဖက်ကို ကွေး၍ ထိုင်ချပါ၊ ထို့နောက် ခြေထောက်နှင့် တင်ပါးကြွက်သားများ၏ အားကို အသုံးပြုကာ ထ မယူပါ၊ ခါးအားသက်သက်ဖြင့် ကုန်း၍ မရွှေ့ရ
        • အလွန်လေးလံသော ပစ္စည်းများအတွက် အခြားသူတစ်ဦးအား အကူအညီတောင်းပါ
          Back pain image3
  3. နေထိုင်မှုပုံစံ ပြုပြင်ပြောင်းလဲခြင်း (Lifestyle Modification)
    • ကျန်းမာသော ကိုယ်အလေးချိန် ထိန်းသိမ်းပါ
      ကိုယ်အလေးချိန် များခြင်းသည် ခါးရိုးအောက်ပိုင်းနှင့် အဆစ်များပေါ် ဖိအားပိုဖြစ်စေသဖြင့် ကိုယ်အလေးချိန် လျှော့ချပါ။
    • ဆေးလိပ်လုံးဝ မသောက်ရ
      ဆေးလိပ်သောက်ခြင်းသည် ကျောရိုးဆစ်ပြားများ (Discs) သို့ သွေးစီးဆင်းမှုနှင့် အာဟာရ ရရှိမှုကို လျှော့ချစေပြီး ကျိုးပဲ့ပျက်စီးခြင်းနှင့် နာကျင်မှုကို ပိုဖြစ်စေသည်။
    • ဖိနပ်ရွေးချယ်မှု
      ခါးရိုးအနေအထားကို ပုံပျက်စေနိုင်သည့် ဒေါက်မြင့်ဖိနပ်များ (High Heels) စီးနင်းခြင်းကို ရှောင်ကြဉ်ပါ။
    • အိပ်ရာ
      ခါးရိုး၏ သဘာဝအနေအထားကို ထောက်ပံ့နိုင်သော သင့်လျော်သည့် မွေ့ရာ (Mattress) ကို အသုံးပြု၍ အိပ်စက်ပါ။

ဆက်လက်ဖတ်ရှုရန်

References:

  1. Mayo Clinic. (n.d.). Back pain: Symptoms and causes. Retrieved October 12, 2025, from https://www.mayoclinic.org/diseases-conditions/back-pain/symptoms-causes/syc-20369906
  2. Mayo Clinic. (n.d.). Back pain: Diagnosis and treatment. Retrieved October 12, 2025, from https://www.mayoclinic.org/diseases-conditions/back-pain/diagnosis-treatment/drc-20369911
  3. Cleveland Clinic. (2025). Back pain. Retrieved October 12, 2025, from https://my.clevelandclinic.org/health/symptoms/back-pain
  4. NHS. (2025). Back pain. Retrieved October 12, 2025, from https://www.nhs.uk/conditions/back-pain/

Published: 30 August 2024

Last updated: 4 November 2025

Share

Category

26 October 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.